Monday, June 30, 2008

Euro 08 Champion - Spain



ပွဲအစကနေ ဗိုလ်လုပွဲရောက်သည်အထိ တည်ငြိမ်တဲ့ခြေစွမ်း၊ တောင့်တင်းတဲ့ ကစားသမားအင်အားတွေနဲ့ ခြေစွမ်းပြခဲ့တာပါ။ အထူးသဖြင့် အီတလီကို quarter final တွင် အနိုင်ယူခဲ့ခြင်း၊ နံမည်ကြီးပြီး ခြေစွာလှသော နယ်သာလန်ကို အပြုတ်ဖြုတ်လာခဲ့တဲ့ ရုရှားအသင်းကို ဒုတိယအကြိမ် ဂိုးပြတ်ဖြင့် အနိုင်ယူလိုက်နိုင်ခြင်း တို့ဟာ ချန်ပီယံဖြစ်စေခဲ့တဲ့ အဓိကအချက်တွေလို့ ဆိုရမှာပါ။


ပွဲစဉ်တောက်လျောက်မှာ Toressနဲ့ David Villar တို့ရဲ့ တိုက်စစ်အတွဲ၊ တောင်ပံကစားသမားလေး David Silva ၊ အများအားဖြင့် အရန်အနေသာ ဒုတိယပိုင်းလောက်မှ ကစားခဲ့ရသော်လည်း အသင်းကို မောင်းနှင်ပဲကိုင်ပြီး ရှေ့တန်း တိုက်စစ်ကို ပံ့ပိုးပေးနိုင်တဲ့ Fabricas တို့ကို ကျွန်တော်သဘောအကျဆုံးပါ။ သို့သော်လည်း တစ်သင်းလုံးက ကစားသမားတွေ ကောင်းကြပြီး အသင်းလိုက်နားလည်မှုရော ကစားအားရော ခြေစွမ်း တည်ငြိမ်မှှုပါ တခြားအသင်းတွေထက် သာပါတယ်။ အနားယူတော့မဲ့ နည်းပြကြီးအတွက် အကောင်းဆုံး လက်ဆောင်လဲဖြစ်ပါတယ်။

Saturday, June 28, 2008

Pressure took Ana out...













မနေ့က ကမ္ဘာ့ နံပါတ်၂ Sharapova တစ်ယောက် Wimbledon က ထွက်ခွာခဲ့ရပြီး ဒီနေ့မှာလည်း နံပါတ်၁ Ana Ivanovic တစ်ယောက် 3rd round ကနေ ရှုံးနိမ့်ပြီး ထွက်ခွာသွားရပြန်ပါပြီ။ သူ့ကို အနိုင်ယူ သွားတာကတော့ အသက် ၂၄နှစ်အရွယ် တရုတ် တင်းနစ်မယ် Jie Zheng ပဲဖြစ်ပါတယ်။ Zheng အနေနဲ့ ကမ္ဘာ့ နံပါတ်၁ကို ယှဉ်ရိုက် ရတယ်ဆိုပေမဲ့ စိတ်လှုပ်ရှား ကြောက်လန့်ပုံ မပြခဲ့ပါဘူး။ သပ်ရပ် တိကျတဲ့ ရိုက်ချက်တွေနဲ့ တည်တည် ငြိမ်ငြိမ် ကစားခဲ့တာပါ။

Ana အနေနဲ့ ဆိုးဆိုးဝါးဝါးကို ရှုံးနိမ့်ခဲ့တာပါ။ ပထမ set မှာ 6-1နဲ့ ရှုံးပြီး ဒုတိယ setကို 6-4 နဲ့ ထပ်ရှုံးပြီး ကမ္ဘာ့အဆင့် ၁၃၃သာရှိတဲ့ တရုတ်တင်းနစ်မယ်ရဲ့ straight set နဲ့ အနိုင်ယူခြင်းကို ခံလိုက်ရ ပါတယ်။ ပြီးခဲ့တဲ့ 2nd round တုန်းကလည်း 1st set ရှုံုးခဲ့ပြီး 2nd set မှာ 4-5 (30-40) ဖြစ်နေချိန်မှာ ပိုက်ထိပ်နှုတ်ခမ်းသားကိုထိပြီး တစ်ဖက်ကို ကျသွားတဲ့ ရိုက်ချက်ကြောင့် Duece ဖြစ်သွားပြီးနောက် အဲဒီ setကို အနိုင်ရ တတိယ set ကို ထပ်မံ အနိုင်ရပြီး ပြင်သစ် တင်းနစ်မယ် Dechy ကို ကံကောင်းထောက်မစွာ ဖြတ်ကျော် လာခဲ့ တာပါ။ ဒါပေမဲ့ ကံကြမ္မာက နှစ်ခါတော့ မျက်နှာသာ မပေးတော့ပါဘူး။

အခု Wimbledon ပွဲစဉ်များမှာ Ana တစ်ယောက် ပုံမှန်လက်ရည်မျိုးနဲ့ မကစားနိုင်ခဲ့ပါဘူး။ အလွဲလွဲ အချော်ချော် ဖြစ်နေခဲ့တာပါ။ ပြီးခဲ့တဲ့ ပြင်သစ်အိုးပင်းမှာ ချန်ပီယံဖြစ်ခဲ့တဲ့ လက်ရည်မျိုးနဲ့ တခြားစီကို ဖြစ်နေတာပါ။တကယ်လို့ ကမ္ဘာ့အဆင့် ၃ Jankovic နဲ့ အဆင့်၄ Kuzentsova တို့ တစ်ဦးဦး Wimbledon မှာ final ရောက်ခဲ့ရင် Ana အနေနဲ့ အဆင့်၂ နေရာကို ဆင်းပေးရမှာပါ။ သူတို့နှစ်ဦး Final မှာတွေ့ခဲ့ရင်တော့ Ana အနေနဲ့ အဆင့် ၃ အထိ ရောက်သွားမှာပါ။



Sony WTA Ranking

Friday, June 27, 2008

Sharpie's early drop-out


 
 
 
 


 





Wimbledon tennis 2008 ခုနစ်ပြိုင်ပွဲရဲ့ စတုထ္ထနေ့မှာ နံမည်ကြီး ရုရှား တင်းနစ်မယ် Maria Sharapova တစ်ယောက် 2nd Round ကနေပဲ ရှုံုးနိမ့်ပြီး ပြိုင်ပွဲက ထွက်သွားရပါပြီ။ သူ့ကို အနိုင်ယူသွားတာကတော့ အသက် ၂၀ အရွယ်ရှိ တစ်နိုင်ငံတည်းသား Alla Kudryavtseva ပဲဖြစ်ပါတယ်။ ကမ္ဘာ့အဆင့် သတ်မှတ်ချက် ၁၅၄သာ ရှိသူပါ။ ဒါပေမဲ့ သူမက Sharapova ကို 6-2, 6-4 နဲ့ နှစ်ပွဲပြတ် Straight Set ရိုက်ပြီး အနိုင်ယူသွားတာပါ။

ဒီနေ့ ပြိုင်ပွဲမှာ ဖက်ရှင်ကျကျ ဝတ်စား ထားတဲ့ Shapie တစ်ယောက် စိတ်လှုပ်ရှား နေပုံရပြီး ဆိုးဆိုးဝါးဝါးကို လက်ရည် ပျက်နေခဲ့တာပါ။ Double-fault လဲ သုံးခါလောက် ဖြစ်ပြီး စိတ်ပျက်စရာ ကောင်းလောက် အောင် unforced error တွေ အများကြီး ပြုလုပ်ခဲ့ ပါတယ်။ ကမ္ဘာ့ အဆင့် ၃ပါလို့ ဘယ်လိုမှ မယုံနိုင်စရာကို ဖြစ်နေပါတယ်။ Sharapova အနေနဲ့ ယခု Wimbledon Championship ကို ၂၀၀၄ခုနှစ် တုန်းက တစ်ကြိမ် ရဖူးပါတယ်။

ကမ္ဘာ့အဆင့်၁ ဟင်းနင်းတစ်ယောက် ရုတ်တရက် အနားယူသွားတဲ့အချိန်မှာ သူဟာ အလိုအလျောက် ကမ္ဘာ့အဆင့်၁ ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ ဒီအဆင့်နဲ့ ထိုက်တန်ကြောင်းကို သက်သေမပြနိုင်ခဲ့ပါဘူး။ ပြင်သစ်အိုးပင်းပြိုင်ပွဲမှာ quarter final က ရှုံးနိမ့် ထွက်ခွာခဲ့ရပြီးတဲ့ နောက်မှာ Ana Ivanovic က အဆင့် ၁ ဖြစ်သွားပြီး သူက အဆင့်၂ ကို ဆင်းပေးခဲ့ရပါတယ်။ Jankovic က အဆင့်၃ပါ။ အခု Wimbledon ပြိုင်ပွဲမှာလည်း စောစီးစွာ ထွက်ခွာခဲ့ရလို့ အဆင့်ထပ်နိမ့်သွားဖို့ အလားအလာတွေ ရှိနေပေါတယ်။ တင်းနစ် ကိုပဲ အာရုံစိုက်ရိုက်မှာလား ကော်နီကိုဗာ လိုပဲ ဖက်ရှင်ဒီဇိုင်းနဲ့ ကြော်ငြာကဏ္ဍဖက်ကိုပြောင်းပြီး အာရုံစိုက် မှာလားဆိုတာ ကွဲပြားဖို့ လိုပြီထင်ပါတ
ယ်။

Thursday, June 26, 2008

အားကစားပဒေသာနဲ့ ကျွန်တော်

၂၅ ဇွန်၊ မနေ့ညက ..ညဦးပိုင်းကစလို့ Wimbledon Tennis ပွဲတွေ ကြည့်ဖြစ်တယ်။ Ana Ivanovic ရဲ့ပွဲကို စကြည့်တယ်။ ကံသီပေလို့ ကမ္ဘာ့နံပါတ်၁ ကြီး မရှုံးတာ။ ပွဲချိန် သုံးနာရီ ၂၄မိနစ်တဲ့။ Tiebreak နှစ်ခါရိုက်လိုက်ရတယ်။ Deuce တွေလဲ အများကြီး ဖြစ်တယ်။ Ana တစ်ယောက် အမှားတွေ အများကြီး လုပ်တယ်။ စိတ်လောနေတယ်။ Frustrated တော်တော်ဖြစ်နေတယ်။ World no.1 ဆိုတဲ့ pressureက တော်တော် ဖိစီးပုံရတယ်။

ပြီးတော့ Djokovic နဲ့ Safin ရဲ့ပွဲကိုကြည့်တယ်။ ကမ္ဘာ့နံပါတ်၃ Djokovic တစ်ယောက် စောစောစီးစီး Wimbledonက ထွက်သွားရပြီ။ မိန်းမ ကိုးရီးယား စီးရီး ကြည့်ပြီးတဲ့ နောက်မှာ Federer နဲ့ Soderlin ရဲ့ပွဲကို ဆက်ကြည့်တယ်။ Federer ကစားတာ ဒီနေ့ တော်တော် ကောင်းတယ်။

ပြီးတဲ့အချိန်မှာ Euro2008 Germany နဲ့ Turkey ပွဲလာဖို့ အချိန် နည်းနည်း လိုနေသေးလို့ ESPN က live ပြနေတဲ့ US Open Ladies Golf ကို ကြည့်တယ်။ ပြီးတော့ Euro ပွဲဆက်ကြည့်တယ်။ ဒုတိယပိုင်း ပြီးခါနီးမှာ Thai TV7 က ဘာဖြစ်သွားသည်မသိရ.... ပြတ်တောင်း ပြတ်တောင်းနဲ့ ... မနက်လေးနာရီခွဲခါနီးဝင်အိပ်တယ်။ မနက်နိုးတော့ ရှစ်နာရီခွဲ။ နိုးတာ မဟုတ်ဘူး မိန်းမက နှိုးတာ။ အခုရုံးမှာ အိပ်ငိုက်ပြီး ခေါင်းတွေကိုက်နေပြီ။ ဒီညလည်း Nadal နဲ့ Shapie တို့ရိုက်မဲ့ပွဲတွေ ကြည့်ချင်သေးတယ်။ Spainနဲ့ Russia ပွဲကလည်း အလွတ်ခံလို့မဖြစ်ဘူး။ ဒုတ်ခ ဒုတ်ခ။

Wednesday, June 25, 2008

နောနော်ရဲ့ မျဉ်း















ရှေ့ဆက်နှစ်ပါးသွားကြဖို့တော့..... အိုးနိုး မဖြစ်နိုင် ....... ငါနဲ့မင်းနဲ့ အိုမျဉ်းနှစ်ကြောင်းလို ဆုံဆည်းဖို့ရာမရှိ ......

လွန်ခဲ့တဲ့ တစ်လလောက်ကပေါ့။ ညခုနစ်နာရီလောက် တိုက်အောက်ဖက် လမ်းမပေါ်က သီချင်းသံလေး ပြန့်လွင့် တက်လာတယ်။ နောက်ခံ စည်းချက်လိုက်နေတဲ့ ၀ါးဆစ်ပိတ်ခေါက်သံလေးနဲ့တွဲရက်ပေါ့။ ဆိုနေကြတာက သူတောင်းစား သားအမိလေးတွေ။ ဘာရယ်မဟုတ် သီချင်းလေးကို တစ်ပိုင်းတစ်စ တစ်ခါကြားတာနဲ့ တော်တော်လေးကို နှစ်သက်သွားမိတယ်။ ဒါပေမဲ့ ဘယ်သူဆိုမှန်း ဘာသီချင်းမှန်းမသိဘူး။ အသက်လေး ရလာတော့ နောက်ထွက်တဲ့ သီချင်းအသစ်တွေ အကုန်မသိတော့ဘူး။ သူ့အရင်တစ်ပုဒ်ကိုတော့ စိုင်းစိုင်းခမ်းလှိုင် ရဲ့ တောဂေါ်လီ သီချင်းမှန်း မှတ်မိလိုက်တယ်၊ ဒါတောင် သင်္ကြန်မှာ တော်တော်နံမည်ကြီးသွားလို့ သူများ ပြောလို့ သိထားတာ။

ထားတော့။ နောက်ရက်တွေမှာလဲ အဲဒီသီချင်းနံမည်နဲ့ ဆိုတဲ့သူကို သိချင်ပေမဲ့ မသိခဲ့ဘူး။ ရုံးက ကလေးတွေ ဖွင့်တဲ့သီချင်းတွေမှာလဲမပါဘူး။ တစ်ပိုင်းတစ်ကြားခဲ့တာကို ဆိုပြပြီးလဲမပေးချင်။ ဒါနဲ့ပဲ မကြာသေးခင်က ညနေတစ်ခုမှာ အိမ်နားကဘီယာဆိုင် ထိုင်နေတဲ့အချိန်မှာ တိုက်တိုက်ဆိုင်ဆိုင် အဲဒီသီချင်း VCD ကို သူတို့ဖွင့်နေတယ်။ ဒါနဲ့ စားပွဲထိုးကောင်လေးကို ခေါ်မေးရတယ်။ သူက.. နောနော်လေ အကိုကြီးရဲ့တဲ့။ ကိုယ်ကလည်း သိမှမသိတာ။ သီချင်းနံမည်က မျဉ်း ဆိုတာမှတ်ထားလိုက်တယ်။

ဘော်ဒါကြီးကိုဇော်မိုးနဲ့ သီချင်းသွားဆိုကြတုန်းကတောင် မဆိုတတ် ဆိုတတ်နဲ့ သူ့ကို ဆိုပြလိုက်သေးတယ်။ သူကတောင် ခေတ်သီချင်းသစ်တွေ သိတယ်ဆိုပြီး တအံတသြနဲ့ .. :D အခုတော့ လမ်းဘေးက သုံးခွေ တစ်ထောင်နဲ့ VCD ဝယ်တဲ့အထဲမှာ အဲဒီအခွေပါဝယ်ခဲ့တယ်။ (pirate အားပေးတာ ဘိုင်ပြတ်နေလို့ပါဗျာ) အိမ်မှာ အပျင်းပြေ ဟဲရအောင်ပေါ့။ ကျွန်တော်ဆိုတာက ဟိုသူတောင်းစားသားအမိ ဆိုသလောက်တောင် ကောင်းပါ့မလားမသိ :P

Tuesday, June 24, 2008

Arsenal Squard Numbers - 2008

Arsenal အသင်းက အခုလာမဲ့ ၂၀၀၈-၀၉ ဘောလုံးရာသီအတွက် ကျောနံပါတ်များကို ထုတ်ပြန်လိုက်ပြီ ဖြစ်ပါတယ်။ Lehmann အသင်းပြောင်းသွားပြီဖြစ်လို့ Almunia အနေနဲ့ ကျောနံပါတ် 1 ကို ဝတ်ဆင်မှာ ဖြစ်ပါတယ်။
Gallas ကတော့ နံပါတ် 10 ကိုပဲဆက်ယူထားပါတယ်။ ဒီနှစ်အသင်းခေါင်းဆောင် အဖြစ် ဆက်ရှိဦးမလား ဆိုတာတော့ မသေချာသေးပါဘူး။ စပိန်ကလပ်ကနေ ပြန်ရောက်လာတဲ့ Carlos Vela က 12 နဲ့ အသစ်ဝယ်ထားတဲ့ Ramsey က 16 ပါ။

နံပါတ် 8 ကလွတ်နေသေးသော်လည်း စာချုပ်ချုပ်ပြီးရင် Nasri ကို ပေးမယ်လို့ ယူဆရတယ်။ အသင်းပြောင်းမယ်လို့ နံမည်ထွက်နေတဲ့ Hleb ကိုလည်း နံပါတ် 13 ပေးထားပါသေးတယ်။ ခြေတောက်ကျိုးသွားတဲ့ Eduardo အတွက်လဲ 9 ကို ပေးထားဆဲပါ။

ကျန်တဲ့သူအများစုကတော့ လက်ရှိနံပါတ်တွေအတိုင်းပါပဲ။ 14, 18 23, 28, 29 နံပါတ်တွေလွတ်နေဆဲပါ။ Carling နဲ့ FA ပွဲတွေစခါနီးရင်တော့ လူငယ်အသင်းက ကစားသမားတစ်ချို့ အသင်းကြီးကို ရောက်လာမယ်လို့ ခန့်မှန်းရပါတယ်။ Nasri ကိုဝယ်ပြီး နောက်ထပ် လူအသစ်လဲ ဝယ်ချင်ဝယ်ဦးမှာပေါ့။

Saturday, June 21, 2008

Ten commandments for translators

ဘာသာပြန်ခြင်း - 

လွယ်မရောင်နဲ့ခက်တဲ့ပညာရပ်တစ်ခုပါ။ ကျွန်တော့်အနေနဲ့ စာရေးဆရာ၊ ဘာသာပြန်ဆရာ မဟုတ်သည့်တိုင် နေ့စဉ်လုပ်ငန်းခွင်တွေမှာ အနည်းနဲ့ အများဆိုသလိုဘာသာပြန်ဆိုမှုကို ဆောင်ရွက်နေရ ပါတယ်။ တစ်ခါတစ်ခါ ဂွတီးဂွကျနဲ့ စိတ်ကျေနပ်လောက်တဲ့ ရှင်းလင်းတဲ့ စာပိုဒ် စကားလုံးတွေ ရွေးရ ခက်နေတာမျိုး စဉ်းစားလို့မထွက်တာမျိုုး ကြုံဖူးမှာပါ။

ပြီးခဲ့တဲ့ ရက်ပိုင်းက ဆရာအံ့မောင် ဘာသာပြန်ထားတဲ့ အင်ဒါးဆင်းပုံဝထ္ထုတွေကို ပြန်ဖတ်စဉ်က ဘာသာပြန်ကောင်းကောင်း ဆိုတာ ဒီလိုပါလားလို့ စဉ်းစားမိတယ်။ တချိန်တုန်းက ဆရာကြီးမြသန်းတင့် ပြန်ဆိုထားတဲ့လေရူးသုန်သုန်ကို မူရင်းစာအုပ်နဲ့တိုက်ပြီး တစ်လိုင်းချင်း တစ်လိုင်းချင်း ယှဉ်ဖတ်ကြည့်၊ အင်္ဂလိပ်စာကြောင်းကို အရင်ဖတ်ပြီး ငါဆိုရင်ဘယ်လိုပြန်မလဲ စဉ်းစားလိုက် ဆရာကြီး ပြန်ဆိုထားတာကို ကြည့်လိုက်နဲ့ ပညာယူခဲ့ဖူးတယ်။

သို့သော်လည်း ခပ်ညံ့ညံ့ ဘာသာပြန် အဆင့်ကနေ ကျွန်တော် တက်မလာသေးပါ။ ဒီနေ့ ဆရာမြသန်းတင့်ရဲ့ လမင်းကို ထရံပေါက်မှကြည့်ခြင်း စာအုပ်လေးပြန်လှန်ရင်း ဘာသာပြန်ဆိုခြင်းနဲ့ ဆိုင်တဲ့စာပိုဒ်တစ်ချို့ကို ဘလော့မှာကူးတင်လိုက်ပါတယ်။ မဖတ်ဖူးသေးသော သူငယ်ချင်းများ အထိုက်အလျောက် အသုံးဝင်မယ်လို့ မျှော်လင့်ပါတယ်။

ဘာသာပြန်သမားကောင်း တစ်ယောက်၏ အရည်အချင်းများသည် အဘယ်နည်း?
စာပေလောကတွင် ထိုပြဿနာလောက် အငြင်းအခုန်ဖြစ်သော ပြဿနာရှိမည်မထင်ပါ။ ... ထိုပြဿနာနှင့် ပတ်သက်၍ လက်တွေ့လည်းကျ၍ တိုတိုနှင့်လိုရင်းရောက်သော နည်းတစ်နည်းကို ၁၉၆၂ခုနစ် မတ်လထုတ် ပညာရေးနှင့် လူမှုရေးလောကဂျာနယ် တွင်တွေ့ရပါသည်။ ထိုဆောင်းပါးမှာ ဘာသာပြန်ဆရာတို့၏ ပညတ်တော် ၁ဝပါး ဟုခေါင်းစဉ်တပ်ထားပြီး အမည်မသိ ဂျာမန်အမျိုးသား ဆေင်းပါးရှင်တစ်ဦးက ရေးသား ထားခြင်းဖြစ်ပါသည်။ ထိုဆောင်းပါး၏ စာကိုယ်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။

၁။ စာရေးဆရာ၏ အယူအဆအတိုင်း အတွေးအခေါ်တိုင်းကို တိကျမှန်ကန်စွာ ပြန်ဆိုခြင်းသည် အရေးကြီးဆုံး ဥပဒေသ ဖြစ်သည်။ မူရင်းစာကို နောက်ထပ် ဖြည့်စွက်ခြင်း၊ ချန်လှပ်ပစ်ခဲ့ခြင်း တို့သည် ဘာသာပြန်ဆိုသည့် ရည်ရွယ်ချက်ကို ပျက်စီးစေသည်။ ပေါ့လျော့မှုသည် တမင်ကြံစည်ပြုလုပ်ခြင်းထက် အပြစ်ကြီးသည်။

၂။ သင်သည် သင့်ဘာသာပြန်ကို မူရင်းစာကိုယ်ပုံသဏ္ဍာန်မျိုး၊ မူရင်းစာကိုယ်၏ နရီမျိုး၊ မူရင်းစာကိုယ်၏ အသံမျိုး၊ မူရင်းစာကိုယ်၏ စီးဆင်းမှုမျိုး ပေးနိုင်ရန် ကြိုစားအားထုတ်ရမည်။ မိမိ၏ ရေးဟန်၊ အဖွဲ့အနွဲ့များကို ဘေးဖယ်ထုတ်ထားရမည်။ မူရင်းစာရေးဆရာနှင့် စာဖတ်ပရိသတ်ကြားတွင် သစ္စာရှိသော ဆက်သွယ်သူဖြစ်ရမည်။

၃။ သင်သည် မူရင်းစာကိုယ်၏ ၀ါကျ တည်ဆောက်ပုံမျိုးကို ကျိုးနွံစွာ လိုက်နာခြင်း မပြုရ။ မိမိ၏ ပုံသဏ္ဍာန် မိမိ၏ဘာသာစကားနျင့် လိုက်လျောညီထွေ ဖြစ်အောင် ထိုဝါကျများကို ဖြတ်တောက်ပစ်ရမည်။ ပြန်၍ ဖွဲ့စည်းယူရမည်။ သို့ရာတွင် ၀ါကျတည်ဆောက်ပုံ သဘောကို ကောင်းစွာ ဂရုစိုက်ရမည်။

၄။ မူရင်းစာရေးဆရာ၏ စာထဲတွင် အဓိပ္ပါယ်မရှိသည့် အရေးအသားများ ပါသည့်တိုင် မူရင်းစာရေးဆရာ၏ စာကို ပြင်ဆင်ခြင်း မပြုရ။ အမှားသည် သူ့တာဝန်သာဖြစ်သည်။

၅။ သင်၏ ဘာသာပြန်ဆိုချက်ကို အသံထွက်၍ ဖတ်ရမည်။ သင်၏ မျက်လုံးသည် ဝေဖန်သူ မဖြစ်ပါစေနှင့် သင်၏ နားသာလျှင် ဝေဖန်သူဖြစ်ပါစေ။

၆။ သက်ဆိုင်ရာ အဓိပ္ပါယ်များကို ရေလည်စွာနားလည်စေရန်အတွက် မူရင်းစာရေးဆရာ၏ ဘာသာစကားကို ပိုင်နိုင်စွာ နားလည်ပြီးဖြစ်ရမည်။

၇။ ခက်ခဲကြီးကျယ်သော နိုင်ငံခြားစာပိုဒ်များကို တစ်လုံးပြီး တစ်လုံး၊ လုံးချင်း ပြန်ဆိုခြင်းမပြုရ။ ဘာသာစကားတိုင်းတွင် ထောင်ချောက်များ၊ ပိုက်ကွန်များ၊ လေသေနတ်များ ရှိတတ်သည်။

၈။ မိမိ၏ မိခင်ဘာသာစကားကို အမြဲတစ်စေ လေ့လာနေရမည်။ နိုင်ငံခြား ဘာသာစကား ဆိုသည်မှာ အတော်အတန် လေ့လာလိုက်စားရုံဖြင့် ဘာသာပြန်သမားကောင်းတစ်ယောက် ဖြစ်လာနိုင်သည်။ မိခင် ဘာသာစကားမှာ မည်သည့်အခါမျှ လေ့လာ၍ မကုန်ဆုံးနိုင်။

၉။ ‘ဘာသာပြန်၍မရ’ ဆိုသည့် စကားလုံးကို သင့်ဝေါဟာရမှ အပြီးအတိုင် ထုတ်ပယ်ပစ်ရမည်။

၁၀။ သင်၏ ဘာသာပြန်သည် သင်၏ ပင်ကိုယ်ရေးဖြစ်သည်ဟု အားလုံးကထင်မှတ်အောင် အပတ်တကုတ် ကြိုးစားအားထုတ်ရမည်။ ဘာသာပြန် တစ်ပုဒ်သည် ဘာသာပြန်ထားခြင်းမဟုတ်ဟု ထင်ရမှသာလျှင် ဘာသာပြန်ကောင်းတစ်ပုဒ် ဖြစ်လာနိုင်သည်။ ဘာသာပြန်ကောင်းတစ်ယောက် ဖြစ်ရန်မှာ အဘိဓာန်စာအုပ် တစ်အုပ် ရှိရုံဖြင့် မလုံလောက်။ ဘာသာပြန်တစ်ခုတွင်လည်း ခံစားချက်နှင့် အတွေးအခေါ်တို့ လိုအပ်သည်။

မြသန်းတင့် - ချိုးဖျက်၍ မရသော သမိုင်းမှတ်တိုင်များ - ၁၉၉၄၊ ဖေဖော်ဝါရီ၊ မဟေသီ
(လမင်းကို ထရံပေါက်မှကြည့်ခြင်း)

Turkey wins .... amazing

တူရကီအသင်းဟာ ရိုအေးရှားကို ဖြတ်ကျော် လို့ အကြိုဗိုလ်လုပွဲကို ရောက်ရှိ သွားပြီ ဖြစ်ပါတယ်။ ဗိုလ်လုပွဲ ကို ရောက်ရှိဖို့ ကတော့ ဂျာမနီကို ကြိုးစားအနိုင်ယူ ရဦး မှာပါ။ အုပ်စုA မှာ ပေါ်တူကီကို စပြီးရှုံုးတော့ ဒီနှစ် ယူရိုမှာ တူရကီကို လူတွေက အိမ်ဖြည့် အသင်းသာသာ ပဲသဘောထားကြတာပါ။
ဒါပေမဲ့ ဆွစ်စလန်ကို နောက်ဆုံးမိနစ် ဂိုးနဲ့ အနိုင်ယူ၊ အဲဒီနောက်မှာ ချက် ကို နှစ်ဂိုးပြတ် ရှုံးနေရာကနေ သုံးဂိုး ပြန်သွင်းပြီး အနိုင်ယူခဲ့ပါတယ်။ အဲဒီပွဲမှာ တူရကီ ဘောလုံးတစ်သင်းလုံးရဲ့ စိတ်ဓါတ်အပြည့်နဲ့ ကျားကုတ် ကျားခဲကြိုးစားမှုကို အထင်းသား တွေ့ခဲ့ရပါတယ်။ အရမ်းကို လေးစားဖို့ကောင်းတာပေါ့။

ညကပွဲမှာလဲ အများက ခရိုအေးရှားပဲ နိုင်သွားဖို့များတယ်လို့ တွက်ဆထားကြပေမဲ့ တူရကီကတော့ အကြိုဗိုလ်လုပွဲကို တက်လှမ်းသွားပါပြီ။ ဗိုလ်လုပွဲအထိရောက်ပြီး ပြီးခဲ့တဲ့ ယူရိုတုန်းက ဂရိအသင်းလို ဖလားကြီးကိို သိမ်းသွားဦးမလား ဆိုတာကိုတော့ ဆက်ပြီး ကြည့်ကြတာပေါ့။

Friday, June 20, 2008

Anderson ပုံဝထ္ထုများ

လွန်ခဲ့တဲ့ တစ်ပတ်လောက်က စာအုပ်တွေပြန်ရှင်းရင်း အံ့မောင််ရဲ့ အရုပ်မပါတဲ့ အရုပ်စာအုပ်ဆိုတဲ့ အင်ဒါဆင်း ပုံပြင်စာအုပ် တစ်အုပ်ပြန်တွေ့လို့ ပြန်ဖတ်ဖြစ်တယ်။ ကိုယ့်ဆီမှာ ဒီစာအုပ်ရယ်၊ ခင်စိတ္တရယ်၊ အဖွားအို ယောဟန်နာပြောသော ပုံပြင် ဆိုတာရယ် သုံးအုပ်ရှိတယ်။ အားလုံး ဆရာအံ့မောင် ဘာသာပြန်တဲ့ အင်ဒါဆင် း ပုံပြင်တွေပဲ။
ဒီစာအုပ်တွေကို စတင်မိတ်ဆက်ပေးတဲ့သူကတော့ RedEmotion ဆိုတဲ့ စာချစ်သူတစ်ယောက်ပါ။ လွန်ခဲ့တဲ့ ငါးနှစ်ခြောက်နှစ်လောက်က ပုံဂံဖိုရမ်မှာ ရေးကြဆွေးနွေးခဲ့ကြစဉ် သူညွှန်းခဲ့လို့ ဖတ်ဖြစ်တာပါ။ သူက နှစ်ပုဒ် သုံးပုဒ်လောက် ဖိုရမ်ရဲ့ စာအုပ် ကဏ္ဍမှာ တင်ပေးထားတယ်။ အဲဒါလေးတွေကို ဖတ်ကြည့်ရင်း အရမ်းကို ကြိုက်သွားလို့ ဝယ်ဖြစ်သွားတာ။ အခုနောက်ပိုင်းမှာ ဆရာအံ့မောင် ဘာသာပြန်သမျှ အင်ဒါဆင် ပုံဝထ္ထုတွေ အားလုံးကို စုပေါင်းပြီး တစ်အုပ်ပြန်ထုတ်တယ်။ မဝယ်ရသေးဘူးဗျ။ စာအုပ်ဆိုင်ရောက်တုန်းက ကုန်နေလို့ဆိုပြီး မရလိုက်သေးဘူး။
--------------------------
အင်ဒါးဆင် ပုံဝထ္ထုတို့ကား ရွရွကလေးလှသော ပန်းများ၊ သင်းသင်းကလေး စွဲနေအောင်မွှေးသော ပန်းများဟု ခံစားမိပါသည်။ ပြည်သူတို့သည် ဤအလှများ မွှေးရနံ့များကို ခံစားကြရုံမက အင်ဒါးဆင်း ဝထ္ထုများမှ ဖွင့်ပေးလိုက်သော စိတ်ကောင်းကင်ကျယ်ကြီးဆီအထိ လှမ်းတက်နိုင်ကြမည် ဟုလည်း မျှော်လင့်ချင်မိသည်။ သူကား လွတ်လပ်ခြင်း၊ တရားမျှှတခြင်းတို့ကို မြတ်နိုးလှသူဖြစ်ပေသည် တကား။ ထို့ပြင် သူသည် လောကကို သိသူ၊ အသင့်အတင့် နှလုံးသွင်းတတ်သူလည်း ဖြစ်ပေသည် တကား။ အားလုံးတို့ထက် သူကား ကောင်းရာ လှရာကို ညွှန်ချင် ပြချင်သူ၊ ပုံဝထ္ထုလေးတွေလို အလှဖြင့် ဝန်းဖွဲ့ထားသော မေတ္တာသက်ဖွယ် လူဝထ္ထု အစစ်တွေကိုလည်း ကြည့်ချင် မြင်ချင် ဖတ်ချင် ခံစားချင်သူ အဖြစ်ကြီး ဖြစ်ပေသည် တကား။ သူ့ရင်ခုန်သံကား လူ့ဘဝ လူ့လောက၏ နှလုံးသားပြင်ပေါ်တွင် လှုပ်လာသော အလှဆုံး ရင်ခုံသံ ဆိုချင်တော့၏။
------------------------------------
ဒါက ဘာသာပြန်သူ ဆရာအံ့မောင်ရဲ့ အမှာစာလေးပါ။ အင်ဒါဆင်းနဲ့ သူ့ရဲ့ ပုံဝထ္ထုတွေကို အကောင်းဆုံးဖွင့်ဆို ပြနေလို့ ဒါလေးကိုပဲ ဖော်ပြလိုက်ပါတယ်။ တကယ့်ကို ကောင်းလွန်းလို့ ဖတ်စေချင်လွန်းလို့ ညွှန်းရခြင်း ဖြစ်ပါတယ်။ အင်တာနက်ပေါ်မှာ အင်္ဂလိပ်လိုပြန်ထားတာတွေရှိပါတယ်။ (မူရင်းက ဒိန်းမတ်ပါ။) ဆရာအံ့မောင် မြန်မာပြန်ထားတာလဲ အရမ်းအရမ်းကို ကောင်းပါတယ်။ ကျွန်တော်ဝယ်ထားတဲ့ စာအုပ်လေးတွေကတော့ မုံရွေးက ထုတ်တာပါ။ Hans Christian Anderson

ရွံရှာစက်ဆုပ်မိသူများ

ဒီမနက် ကိုမောင်လှဘလော့မှာ ကြည်ညိုပါရစေဆိုပြီး ကိုညီလင်းဆက်တို့အုပ်စုကို ချီးမွမ်းထားတာ ဖတ်ရပါတယ်။ ကိုယ်စိတ်ထဲလည်း သူပြောတာနဲ့ ထပ်တူမို့ အထူးအတွေထပ်မပြောတော့ပါဘူး။ ဒါပေမဲ့ ဒီပို့စ်လေးကို ဖတ်ပြီး ရေးချင်တာလေးတွေ ပေါ်လာလို့။ လွန်ခဲ့တဲ့ နှစ်ရက် သုံးရက်ကပဲ ညီလင်းဆက်ရဲ့ဘလော့မှာ comment ဝင်ရေးခဲ့သေးတယ်။

ပြောခဲ့တဲ့အကြောင်းက သူများဘလော့တွေရဲ့ cbox တွေမှာ comment တွေမှာ နိုင်ငံရေးလိုလို ဘမ်းပြပြီး ပုဂ္ဂိုလ်ရေး ပုတ်ခတ်မှုတွေ မိုက်မိုက်ရိုင်းရိုင်း လိုက်ရေးနေတဲ့ ဖြုတ်ကောင်ရဲ့ ဦးနှောက်လောက်နဲ့ သူတွေရဲ့အကြောင်းပါ။ သူတို့သူတို့တွေဟာ နိုင်ငံခြားမှာကောင်းကောင်းနေ ကောင်းကောင်းစားပြီး အားယားနေချိန်လေးမှာ အခုလို အောက်တန်းကျတဲ့ အပြုအမူတွေကို ဆောင်ရွက်နေတာကိုပဲ တော်လှန်ရေးကြီးဆင်နွဲနေသလို မြန်မာပြည်ကြီး လွတ်မြောက်အောင် အားထုတ်နေသလိုဟန်ချီ နေကြတယ်။

သူများတွေတကယ်အလုပ်လုပ် ကူညီပေးတဲ့ကိစ္စတွေ ရေးနေတဲ့ ဘလော့မှာတောင် ဒါမျိုးဝင်လုပ်ကြတယ်။ ခွေးနဲ့ နှိုင်းရင်တောင် ခွေးသိက္ခာကျမှာစိုးလို့ မနှိုင်းတော့ပါဘူး။ ဒီလိုလူမျိုးတွေ လက်တွေ့ ဘာတွေလုပ်ခဲ့ဖူးလဲ ယုတ်စွအဆုံး ဒုက္ခသည်တွေကို ဆန်တစ်ဆုတ် ရေတစ်မှုတ် ပေးဖူးလား။ ဟိုးအဝေးကြီးမှာနေပြီး အကူအညီ မပေးနိုင်ကြရင်တောင် မနှောင့်ယှက်သင့်ဘူး။ အရမ်းအောက်တန်းကျတယ်။ ကိုယ့်ဘာသာ ဘာလုပ်နေကြတယ်ဆိုတာရော သိပုံမပေါ်ဘူးထင်ပါ့။ ရှက်တတ်လို့ မျက်နှာကို ဓါးနဲ့လှီးရမယ်ဆိုရင် နောက်စိကိုတောင် ရောက်ရောပေါ့။

Thursday, June 19, 2008

Oğuzhan Özyakup to Arsenal


အာဆင်နယ်အသင်းက Holland နိုင်ငံ AZ Alkmaar အသင်းရဲ့ လူငယ် ကွင်းလယ်ကစားသမားလေး Oğuzhan Özyakup Oğuzhan Özyakup ခေါ်ယူလိုက် ပြန်ပါပြီ။

။ သူက အခုလက်ရှိမှာ အသက် ၁၅နှစ်ပဲ ရှိပါသေးတယ်။ ဟော်လန်နိုင်ငံမှာ မွေးဖွားခဲ့ပေမဲ့ မိဘ တွေကတော့ တူရကီအနွယ်ဖွားတွေပါ။ လက်ရှိ ဟော်လန် (၁ရ)နှစ်အောက် လူငယ် လက်ရွေးစင်အသင်းမှာ အရွေးခံ ထားရသူပါ။ သူဟာ central midfielder အဖြစ် အပြောင်မြောက်ဆုံး ကစားနိုင်ပြီး တောင်ပံ နေရာတွေမှာလည်း ဝင်ကစားနိုင်ပါတယ်။

အာဆင်နယ်ကသူ့ကို ၂နှစ် scholarship contract နဲ့ ပြီးရင်နောက်ထပ် professional contract ၃နှစ်ဆိုပြီး စာချုပ်ချုပ် ခေါ်ယူလိုက်တာပါ။ ဟော်လန်နိုင်ငံက ကလပ်အသင်းတွေ အနေနဲ့ လူငယ်ကစားသမားများကို အသက် ၁ရနှစ် မပြည့်သေးရင် professional စာချုပ်ချုပ်ဆိုခွင့်မရှိပါဘူး။ ဒီအချက်ကို အခွင့်ကောင်းယူပြီး အာဆင်နယ်က လက်ဦးမှုယူကာ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

Özyakup အနေနဲ့ ဒီနွေရာသီမှာ ကလပ်အသင်းအသစ်က ကစားဖော်များနဲ့အတူ London ကိုလာပြီး training ဆင်းမှာဖြစ်ပါတယ်။ ဒါပေမဲ့ သူအသက် ၁၆နှစ်ပြည့်တဲ့ September 2008 ကြမှာသာ အာဆင်နယ်ကို တရားဝင်ကစားသမား အနေနဲ့ လာရောက်ကစားမှာဖြစ်ပါတယ်။ ပထမဆုံးအနေနဲ့ အာဆင်နယ် လူငယ် အသင်းမှာပဲ ကစားစေဦးမယ်လို့ထင်ပါတယ်။

အနာဂါတ်မှာ အားထားရမဲ့ ကွင်းလယ်ဖန်တီးရှင်တစ်ယောက်ကို အချိန်ယူပြီး ပျိုးထောင်မယ့်သဘောပါ။ အာဆင်နယ် အနေနဲ့ နံမည်ကြီး ကစားသမားတွေကို စျေးကြီးပေး ဝယ်ယူတာထက် ဘယ်သူမှ သတိမထားမိ သေးတဲ့ လူငယ်ခြေတက် ပါရမီရှင်လေးတွေကို လိုက်ရှာ စျေးနည်းနည်းနဲ့ခေါ်ယူပြီး အသင်းမှာ အသုံးဝင်အောင် လေ့ကျင့်ပျိုးထောင်ပေးတဲ့ လမ်းစဉ်ကိုပဲ ဆက်လက် ကျင့်သုံးမဲ့ပုံပါပဲ။

မြို့ရိုးပေါ်ကရှုခင်း

ဆောင်းဦးပေါက်ပြီ။ ကျုပ်တို့လဲ ရဲတိုက် မြို့ရိုးပေါ်မှာ ရပ်ပြီး ဆေင်းရေလက်ကြားထဲမှာ ရွက်လွှင့် သွားနေကြတဲ့သဘောင်္တွေကို ကြည်နေကြတယ်။ ညနေရီဝင်းလဲလဲမှာ ကြည်ကြည်လင်လင် မြင်နေရတဲ့ တစ်ဘက်က ဆွီဒင်ပြည်ကမ်းခြေကိုလည်း လှမ်းကြည့်နေကြတယ်။ မြို့ရိုးကြီးကတော့ မတ်စောက်နေတာပါပဲ။ အနီးအနားတဝိုက်မှာ ပင်ကြီးပင်ခိုင်တွေပေါ်က ညောင်ရွက် ရွှေဝါတွေဟာ လေလာရာ လွင့်ကျနေကြတယ်။ ကျုပ်တို့ အောက်မှာတော့ ညို့ညို့မှိုင်းမှိုင်း အဆောက်အအုံတွေကို တွေရတယ်။ သစ်တပ်စည်းရိုးတွေကာလို့။ ဒီဝင်းကြီးတွေထဲမှာ အစောင့် စစ်သာတွေ ခေါက်တုံ့ခေါက်ပြန် လျှောက်နေကြတယ်။

အဲဒီနေရာက တော်တော် မှောင်နေပြီ။ ဒါပေမဲ့ ဟိုသံတိုင်တွေ ကာထားတဲ့ နေရာလောက်တော့ မမှောင်သေးဘူး။ အဲဒီနေရာက အဆိုးဆုံး ထောင်သားတွေ ထားတဲ့နေရာလေ။ ဘာမှမရှိတဲ့ အခန်းထဲကို ညနေရီ နေရာင်ထိုးနေတယ်။ နေမင်းကတော့ လူကောင်းကိုပဲဖြစ်ဖြစ် လူဆိုး ကိုပဲဖြစ်ဖြစ် သာတူညီမျှ အလင်းရောင်ပေးတာပါပဲ။ စိတ်ထဲမှာ ခံပြင်း ဒေါသထွက်နေတဲ့ အကျဉ်းသားက နေမင်းရောင်ခြည် ကိုပဲ မုန်းမုန်းတည်းတည်း ကြည့်လိုက်တယ်။ ငှက်ကလေးတစ်ကောင်က သံတိုင်တွေနားကို လာပြီး သီချင်းဆိုတယ်။ ငှက်ကလေးဟာလည်း လူကောင်းကိုပဲဖြစ်ဖြစ် လူဆိုးကိုပဲဖြစ်ဖြစ် သာတူညီမျှ တေးသံ ပေးတာပါပဲ။ ငှက်ကလေးဟာ တစ်ခဏ တီတီတာတာဆိုနေရှာပြီးတော့ အတောင်ကလေးတွေ တဖျတ်ဖျတ်ခတ်၊ သူ့ရင်ဘတ်က အမွှေးကလေး တစ်မွှေးကို ကောက်ရှင်းပြီး၊ အမွှေးအတောင် သေသပ်အောင် လုပ်နေတယ်။

သံခြေချင်းခတ်ထားတဲ့ အကျဉ်းသားဟာ ငှက်ကလေးကို ကြည့်ပြီး အိုဆိုးကြမ်းတမ်းတဲ့ သူ့မျက်နှာပေါ်မှာ အတန်ငယ် နူးညံ့တဲ့ အသွင်ကလေး ပေါ်လာတယ်။ သူ့ရင်ထဲမှာ သူကိုယ်တိုင် ကောင်းကောင်း မရှင်းတတ်တဲ့ အတွေးတစ်မျိုး စိမ့်ဝင်လာတယ်။ ဒီအတွေးက သံတိုင်ကြားက ထိုးလာတဲ့ နေရောင်နဲ့လဲ တွဲယှက်နေတာပဲ။ ခါနွေဆန်းစ ပြူတင်းပေါက်ပြင်ဖက်မှာ အပြိုင်းအရိုင်းပွင့်နေကြတဲ့ ခရမ်းရောင် မြင်းခွာပန်းလေးတွေရဲ့ သင်းရန့ံနဲ့လဲ တွဲယှက်နေတာပဲ။ အိမ်ပြန်တဲ့ အမဲလိုက်သမားရဲ့ ကျွဲချိုမှုတ်သံကို ကြည်ကြည်လင်လင် ချိုချိုနွဲ့နွဲ့ ကြားရပြန်တယ်။

ငှက်ကလေးဟာလဲ သံတိုင်းကြားမှာ နားနေရာက ပျံသွားပြီ။ နေရောင်လဲ ကွယ်သွားပြီ။ အကျဉ်းခန်းလေးထဲမှာ အမှောင်စိုးမိုးသွားပြန်တော့တယ်။ လူဆိုးရဲ့ အသည်းနှလုံးမှာလဲ မှောင်နဲ့မည်းမည်း ဖြစ်သွားပြန်တော့တယ်။ ဘာဖြစ်ဖြစ်လေ ဒီအခန်းကလေးထဲကို နေမင်းရောင်ခြည် ရောက်ခဲ့ဖူးပြီ။ ငှက်ကလေးရဲ့တေးသံလဲ တစ်ခဏဖြစ်ဖြစ် ဒီမှာ သာခဲ့ဖူးပြီ။ ကြည်လင်ချိုနွဲ့တဲ့ ကျွဲချိုမှုတ်သံရယ်၊ အမြန်ပျောက်ကွယ်မသွားပါနဲ့ဦး။ ညနေခင်းကလဲ သင်းပျံ့ပျံ့၊ ပင်လယ်ပြင်ကလဲ ညင်းညံ့ည့ံ၊ ပြီးတော့ ကြေးမုံပြင်လို ဝင်းသန့်သန့်ပါကလား။

A picture from the Ramparts by Hans Christian Andersen အံမောင် - အရုပ်မပါတဲ့အရုပ်စာအုပ် ( မြို့ရိုးပေါ်ကရှုခင်း)

Saturday, June 14, 2008

ဟော်လန်ရဲ့ လက်ခုပ်ထဲက ပြင်သစ်နဲ့ အီတလီ

















မနေ့ညက ပြင်သစ်တော့ ရှုံးတာမှ ခွက်ခွက်ကို လန်ရောပဲ။ ဒီလောက်ခြေစွမ်းလောက်နဲ့တော့ နောက်အဆင့် တွေ တက်ဖို့တောင် မထိုက်တန်ပါဘူး။ အုပ်စုမှာကျန်ခဲ့တာပဲကောင်းမယ်။ နည်းပြကြီးရဲ့ လူစားလဲပုံတွေကလည်း မထိရောက်သလိုပဲ ဂိုဗူးကို ထုတ်ပြီး ထည့်လိုက်တဲ့ ဂိုမစ်ကလည်း ဟိုယောင်ယောင် ဒီယောင်ယောင်နဲ့ သုံးစား လို့ကို မရဘူး။ ခြေကျလာတဲ့ မာလူဒါကို ထုတ်ပြီး ဝင်လာတဲ့ အနယ်လ်ကာကြီးလဲ သိပ် မစွံဘူး။ ဆစ်ညော်က တိုက်စစ်ကို အရမ်းတက်လိုက်တော့ counter ပြန်ပေါက်ရင် ဂိုးဆီကို တန်းနေတာပဲ။

အီတလီကလည်း ရူမေးနီးယား နောက်တန်းကို ကောင်းကောင်း မခြိမ်းချောက်နိုင်ခဲ့ဘူး။ ရူမေးနီးယား ဂိုးသမား ကလည်းအပိုင်အလုံး ၂လုံး ၃လုံးလောက်ကယ်သွားတယ်။ အီတလီကံကောင်းသွားပါတယ်။ မူတူးရဲ့ ပင်နာတီ မဝင်လို့။ မဟုတ်ရင် ၂ပွဲရှုံး သုညအမှတ်နဲ့ ဖြစ်သွားမှာ။

လက်ရှိမှာတော့ တစ်ဦးချင်း စွမ်းရည်ရော အသင်းလိုက်ကစားပုံပါ ဟော်လန်က အကောင်းဆုံး ဖြစ်နေတယ်။ လက်ရှိ ၆မှတ်ရနေပြီဆိုတော့ နောက်ဆုံးပွဲ ရှုံးရင်တောင် အုပ်စုဗိုလ်ပဲ။ ဒါကြောင့် နောက်ဆုံးပွဲမှာ အဓိက ကစားသမား တွေကို အနားပေးပြီး အရန်တွေနဲ့ ပွဲထွက်လာနိုင်တယ်။ အဲဒီလိုဆိုရင် ရူမေးနီးယားက အနိုင်ကစားနိုင်ရင် ၅မှတ်နဲ့ အုပ်စု ဒုတိယရမှာ။ အဲဒီလိုဆိုရင်တော့ ပြင်သစ်နဲ့ အီတလီတို့ အိမ်ပြန်ကြရုံပေါ့။

ဟော်လန်က နောက်ဆုံးပွဲမှာ သရေကစားပေးရင် ပြင်သစ်နဲ့ အီတလီ တစ်သင်းသင်း နောက်တစ်ဆင့် တက်ဖို့ မျှော်လင့်နိုင်မယ်။ ဒါတောင် သူတို့နှစ်သင်း နောက်ဆုံးပွဲမှာ သရေကျသွားရင် ရူမေးနီးယား တက်သွားမယ်။

ဟော်လန်က ရူမေးနီးယားကို အနိုင်ကန်ခဲ့ရင် ... ပြင်သစ်နဲ့ အီတလီ နိုင်တဲ့သူ တက်မယ်။ ဒါပေမဲ့ သူတို့နှစ်သင်း သရေဆိုရင် ပြင်သစ်တက်သွားမယ်။

ကမ္ဘာ့ဖလား ချန်ပီယံနဲ့ ဒုတိယရတဲ့ အသင်းတွေဆိုပြီး ဒီလောက်ချာတူးလန်နေတာ အုပ်စုမှာ ကျန်ခဲ့တာပဲ ကောင်းမယ်။




Friday, June 13, 2008

Aaron Ramsey to Arsenal

ဇွန်လ (၁၀)ရက်နေ့မှာ Arsenal အသင်း အနေဖြင့် Cardiff City အသင်းမှ အသက် ၁ရနှစ်အရွယ် Wales လူငယ် ကွင်းလယ် ကစားသမား Aaron Ramsey ကို ခေါ်ယူ နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ မန်နေဂျာကြီး Arsène Wenger က
Ramsey ကို အပြိုင် စိတ်ဝင်စား နေကြတဲ့ မန်ယူနဲ့ အဲဗာတန် အသင်းတို့ကို ကျော်ပြီး ခေါ်ယူ နိုင်ခဲ့တာ ဖြစ်ပါတယ်။

ပြောင်းရွှေ့ကြေးကတော့ £5million ဖြစ်ပြီး contract ကာလကတော့ ၃နှစ်ဖြစ်ပါတယ်။ Ramsey ဟာ မနှစ်က FA Cup ပိုင်ပွဲ တစ်လျှောက်မှာ Cardiff City နှင့်အတူ ခြေစွမ်းပြခဲ့လို့ ဖာဂူဆင်ကြီး ကိုယ်တိုင်က စိတ်ဝင်တစားနဲ့ ခေါ်ယူဖို့ စောင့်ကြည့်ခြင်း ခံခဲရသူလဲ ဖြစ်ပါတယ်။

Ramsey က သူ့ကို ကမ်းလှမ်း ခဲ့တဲ့ ကလပ် အသင်းတွေ ထဲကမှ လူငယ် ပျိုးထောင်မှု ကောင်းတဲ့ Arsenal အသင်းကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ ဝင်းဂါးက သူ့ကို ဘယ်လို တောက်ပြောင် လာအောင် ပျိုးထောင် လေ့ကျင့်ပေးမယ်၊ အသင်း အတွက် ဘယ်လောက် အသုံးဝင် လာမယ်၊ လက်ရှိ ကွင်းလယ် ဗိုလ်ချုပ်ကလေး Fabrigas နဲ့ ဘယ်လို တွဲကစားမယ် ဆိုတာတွေကတော့ စောင့်ကြည့်ရ ဦးမှာပါ။

မနှစ်က အဓိက ကစားသမားတွေ ထိခိုက်ဒဏ်ရာ ရကုန်လို့ ဆုဖလားများနဲ့ လွဲခဲ့တဲ့ Arsenal အနေနဲ့ အတွေ့အကြုံ ရှိတဲ့ ကစားသမားများ ဖြည့်တင်း လိမ့်မယ်လို့ ပရိသတ်များက မျှော်လင့်နေကြပေမဲ့ အခု စတင် ခေါ်ယူတဲ့ ကစားသမားက စျေးနိမ့်တဲ့ လူငယ် ကစားသမား ဖြစ်နေပါတယ်။ လိုင်ယွန်က ပြင်သစ်လူငယ် ကြယ်ပွင့် Nasari ကို ခေါ်ယူဖို့ကလည်း မရေမရာနဲ့ နှောင့်နှေး နေဆဲ ဖြစ်ပါတယ်။

မနှစ်က စပိန်ကလပ် Celta de Vigo ကို အငှား ချထားတဲ့ မက္ကဆီကန် လူငယ်ကစားသမား Carlos Vela ကိုလည်း ပြန်ခေါ်ထားပါတယ်။ Flamini ထွက်ခွာသွားပြီးနောက်မှာ လက်ရှိမှာက Eduardo ကခြေတောက်ကျိုးနေ၊ Hlub ကလည်း ဘာစီလိုနာကို ပြောင်းရွှေ့မလိုဖြစ်နေ၊ Adebayor ကလည်း လစာငွေတိုးလိုချင်သလို အသင်းပြောင်းမလို လေသံပစ်နေချိန်မှာ ဝင်းဂါးအနေနဲ့ သူ့ policy အတိုင်း ငွေကြေးကို အနည်းဆုံး သုံးစွဲပြီး ဘယ်လိုလူတွေ ခေါ်ယူပြီး အသင်းကို ပြန်လည်အင်အား တောင့်တင်း လာအောင် တည်ဆောက်မည်ဆိုတာက စိတ်ဝင်စားစရာပါ။

One_Missed_Call Virus

One_Missed_Call Virus =========================================================================== This is a worm from Myanmar Student. Not from SG, made at Yangon. Myanmar has many Hackers and Programmers. That is example number two. Happy birthday is my first virus. Have a nice day admin. =========================================================================== (C) 26 MARCH 2008, by O.X အဲဒီ virus ဝင်ပြီးတဲ့စက်မှာ အထက်က စာသားတွေပါတဲ့ text file လေးတစ်ခုကျန်ခဲ့တယ်။ ကျွန်တော်တွေ့လိုက်တဲ့ စက်မှာတော့ One_Missed_Call_#9.txt ဆိုတဲ့ နံမည်နဲ့ဗျ။ သူက svchost.exe ဆိုတဲ့ file နဲ့ virus ကိုတင်ပုံရတယ်။ အဲဒီ file ကို system32 အောက်က restore အောက်ထဲမှာသွားသိမ်းထားတယ်။ မသိရင်တော့ system file လိုလိုဘာလိိုလိုပေါ့။

သူ trigger လုပ်ပုံက blood window ဆိုပြီး screen က အနီရောင်တွေ ဖြစ်သွားပြီးချိန််မှာ task manager တို့ folder option တို့ မရတော့ဘူး။ လောလောဆယ်အထိ Anti-Virus program တွေ မသိသေးဘူး။ Text file လေးမှာပါတဲ့ စာသားတွေကို ဖတ်ပြီး တော်တော်စိတ်လေသွားတယ်။ သူများတွေ အလုပ်ပျက် အကိုင်ပျက် ဆုံးရှုံးမှုတွေပေါ်အောင်လုပ်ရတာကို ရန်ကုန်က မြန်မာ programmer ကွ ဆိုပြီး တလွဲဆံပင်ကောင်း ဂုဏ်ယူနေပုံရတယ်။ Happy birthday virus တုန်းကလည်း လုပ်ငန်းတွေ ကွန်ပျူတာသုံးသူတွေ Windows တွေပျက်စီးသွားတို့ တော်တော် ဒုက္ခရောက်ခဲ့ကြတာကို ပြန်သတိရမိသေးတယ်။ အားကျချင်ရင် စံထားချင်ရင် computer professional တွေ programmer တွေအများကြီးပါ။

Google ရေးခဲ့တဲ့လူတွေ၊ YouTube ကို ဖန်တီးသူတွေ ... လူသားတွေအကျိုးရှိအောင် တိုးတက်အောင် ဆောင်ရွက်မှုတွေကို ဂုဏ်ယူကြစမ်းပါ စံထားကြစမ်းပါ အားကျကြစမ်းပါ။ Worm program လောက်လေးရေးပြီး လူတွေ ဒုက္ခရောက်နေတာကို ဂုဏ်ယူနေရင်တော့ အဲဒီလိုလူမျိုးကို Myanmar computer professionals, programmer အသိုင်းအဝိုင်းက ပယ်ထုတ်ပြီး ဖြစ်နိုင်ရင် အရေးတောင် ယူသင့်တယ်။ ဇကောလောက်မှ စောက်မနက်တဲ့ အကောင်။

Tuesday, June 10, 2008

တာထွက်မကောင်းတဲ့ ပြင်သစ်

မနေ့ညက ပြင်သစ်ရဲ့ Euro ပွဲဦးထွက် ဟာ မလှမပနဲ့ တာထွက် မကောင်းခဲ့ဘူး။ နံမည်ကြီးတွေ ကစားသမားကောင်းတွေ အများကြီး ပါခဲ့ပေမဲ့ ရိုမေးနီးယားရဲ့ အပိတ်အဆို့ အဖြတ်အတောက် ကောင်းတဲ့ ခံစစ် ကစားကွက်ကို မကျော်ဖြတ်နိုင်ခဲ့ဘူး။ နောက်တန်းမှာ အဘီဒယ်၊ သူရမ်၊ ဂါးလက်စ်နဲ့ ဆစ်ညော်၊ အလယ်တန်း အလယ် နှစ်ယောက် အဖြစ် မက်ခ်လီလီနဲ့ တူလာလန်၊ တောင်ပံတစ်စုံ ကတော့ ထုံးစံအတိုင်း ရီဘာရီနဲ့ မာလူဒါပေါ့။ တိုက်စစ်မျှားဦး နှစ်ယောက်အဖြစ် ဘန်ဇီမာနဲ့ အနယ်လ်ကာကို တွဲပေးထားတယ်။

အစောပိုင်းမှာ ပြင်သစ်က ဘောလုံးပိုင်ဆိုင်မှုနဲ့ ခပ်ဖြေးဖြေးပဲကစားတယ်။ ရိုမေးနီးယားက နောက်တန်းလေးယောက်ရဲ့ ရှေ့မှာ အလယ်တန်းခံစစ် သုံးယောက်လောက်သုံးထားတယ်။ ဒါ့အပြင် မူတူးတစ်ယောက်ကိုပဲအထောင်ထားပြီး ပြင်သစ်တွေ သူတို့ကွင်းဖက်ရောက်လာတာနဲ့ တစ်သင်းလုံးနီးပါး ပြန်ဆင်းပြီး ပိတ်ဆို့ဖျက်ထုတ်တော့တာပဲ။ အလယ်တန်းနှစ်ယောက်ဖြစ်တဲ့ မက်ခ်လီလီနဲ့ တူလာလန်တို့ဆီကနေ တောင်ပံနှစ်ဖက်ကို ဘောလုံးပေးပို့ချိန်မှာ ဖျက်ထုတ်ခံရတာများတယ်။ ရိုမေးနီးယားတွေက သူတို့ကွင်းဖက် သုံးပုံတစ်ပုံလောက် ရောက်တာနဲ့ ကစားစရာ နေရာလွတ်မရှိအောင် ပိတ်ဆို့ လူကပ်ပြီး ဘောလုံးကို အတင်းလိုက်ဖျက်ထုတ်တော့တာပဲ။ ပထမပိုင်းမှာ မာလူဒါရဲ့ ဖက်က ပိုဖောက်တယ်။ တစ်ဖက်က အဖျက်နဲ့ ခံစစ်သိပ်ကောင်းတော့ ဂိုးသွင့်ခွင့်တောင် သိပ်အများကြီးမရလိုက်ဘူး။ အနယ်လ်ကာကြီး အပိုင်နီးပါးတစ်လုံးကို ထောင်သွားအောင် ခေါင်းတိုက်ပစ်လိုက်တယ်။ ဘန်ဇီမာက ဂိုးသမား တည့်တည့် တစ်လုံးကန်ထည့်လိုက်တယ်။

ဒုတိယပိုင်းမှာ ရီဘာရီပိုပြီးခြေစွမ်းပြလာတယ်။ ဒုတိယပိုင်းမှာ ခြေစွမ်းမပြနိုင်တဲ့အနယ်လ်ကာကို ထုတ်တာမှန်ပေမဲ့ နည်းနည်းများနောက်ကျနေသလားလို့ (သူကနည်းပြပဲလေ ပိုသိမှာပေါ့ :P) ဘာလို့ အွန်နရီကို မသုံးလဲမသိဘူး။ ဂိုမက်က ခြေစမ်းပွဲတုန်းက ၂ဂိုးသွင်းပြီး ခြေစွမ်းပြခဲ့ပေမဲ့ ဒီပွဲမှာ သူဝင်လာပြီးတော့လည်း တိုက်စစ်အားက သိသာအောင်တက်မလာဘူး။ နာဆရီကို ထည့်တဲ့အချိန်မှာ ဘာလို့ ဘန်ဇီမာကို ထုတ်လိုက်လဲမသိဘူး။ တိုက်စစ်အား တိုးအားလျှော့သွားတယ်။ ဂိုမက်တစ်ယောက်ထဲ အထောင်ကစားသလိုဖြစ်ပြီး ထိထိရောက်ရောက်လဲ မထိုးဖောက်နိုင်တော့ဘူး။ နာဆရီက ကစားပုံလေး မဆိုးပါဘူး။ ဒါပေမဲ့ တစ်သင်းလုံးနီးပါးဆင်းပိတ်ပြီး ဖျက်ထုတ်ကြတဲ့ ရိုမေးနီးယားအသင်းကို မွှေနှောက်ပြီး တိုက်စစ်မှူးတွေအတွက် ကန်ခွင့်ရအောင် လုပ်မပေး နိုင်ခဲ့ဘူး။

အလွဲများနဲ့ တစ်ညနေ

မနေ့က နေ့လည် ၂နာရီခွဲလောက်မှာ ရုံးကပြန်လာပြီး ၃လမ်းထဲက စလောင်းဆင်တဲ့သူကို သွားရှာတယ်။ အရင်က လုပ်ပေးနေကြလူက ဘယ်လိုမှခေါ်လို့မရဘူး လက်ခံထားတာတွေ များနေလို့တဲ့။ ဒါနဲ့ ၃လမ်းထဲကို ရေပိုက်ပြင်ဖို့ လူသွားခေါ်ရင်း သူတို့ကစလောင်းပါ ဆင်တယ်ဆိုတာနဲ့ လုပ်ခိုင်းလိုက်တယ်။ ဒီညအတွက် လိုင်းတွေ သွင်းလို့ မပြီးရင်တောင် Euro2008 လာမဲ့ position တစ်ခုကို ယာယီချိန်ပေးခဲ့မယ်တဲ့။ အိုကေပေါ့။ ၃နာရီ ကျော်က စလုပ်လိုက်တာ အောက်အထိုင် wall plug စုတ်ထားတဲ့ အင်္ဂတေက ကွဲထွက်၊ ခေါင်မိုးပေါ်မှာ လိုင်းတွေ ဖမ်းဖို့ monitor ကိုကလည်း သူတို့ရဲ့ နောက်တစ်ဖွဲကယူသွားလို့ ခေါင်မိုးပေါ်မှာ စလောင်းဗန်းကို နေရာချရင်း ကြည့်စရာ monitor မရှိဘူးပေါ့ ...

ဒါနဲ့ အပေါ်ကလူက လက်နဲ့ ဖြေးဖြေးခြင်း လှည့်တာကို အောက်က မိတဲ့ signal strength ကို လှမ်းအော်ပေး .... နောက်ဆုံး ညရှစ်နာရီ သာခွဲသွားတယ် ဘာလိုင်းမှ မမိဘူး။ နေပါစေပေါ့ ဒီညတော့ ဆိုင်မှာပဲသွားကြည့်လိုက်ဦးမယ်ပေါ့။ ဒါနဲ့ စားသောက်ပြီး ည ၉နာရီခွဲလောက်မှာ အိမ်ကထွက်ပြီး Hurricane 2 ကိုသွားတယ်။ (ရွှေဂုံတိုင် ကျော်ကျော်လေးမှာ။ ယုဇနဟော်တယ်နဲ့ မျက်စောင်းထိုးလောက်ပေါ့) ကိုယ်အကြိုက်ဆုံး ပြင်သစ် ကန်မှာကိုး။ အပီအပြင် အားပေးလိုက်မယ်ပေါ့။ ထင်တာက တစ်ဂိုးလောက်နဲ့ နိုင်မယ်ပေါ့။ ပွဲအစပိုင်းမှာ ဆရာကြီးစတိုင်နဲ့ ဟိုပေးဒီပေး ခပ်လေးလေး ကစားနေရာက တစ်ကယ်ညှစ်ပြီးလဲ ထိုးဖောက်ရော ရူမေးနီးယား နောက်တန်းတွေကို မကျော်နိုင် အနယ်ကာကြီးကညံ့ .... နောက်ဆုံး သရေပွဲပေါ့။

ခြေစွမ်းအရ နိုင်မယ်ထင်တဲ့ အသင်းတွေပဲ နိုင်ခဲ့တာ ဒီနေ့မှ ကမောက်ကမ အဖြေတွေစတော့တယ်လို့ ကောက်ချက်ချမိတယ်။ အဟုတ်ပဲ နောက်တစ်ပွဲမှာလဲ ကမ္ဘာ့ ဖလားချန်ပီယံကြီး ခွက်ခွက်လန်အောင် ရှုံးပါလေရောလား။ ပြင်သစ်ပွဲကြည့်နေတုန်း သူငယ်ချင်းနှစ်ယောက်က ဖုန်းဆက်တယ်။ Family TV မှာ အခုပွဲ လာနေတယ်တဲ့။ ဂွတ်တာပေါ့။ ဒါနဲ့ ပြင်သစ်ပွဲလည်းပြီးရော အိမ်ပြန်လိုက်တာပေါ့။

ဆိုက်ကား မတွေ့တာနဲ့ 9693 ကိုယ့်ခြေတောက်ကိုယ်သုံး ပေါ့။ အိမ်ရောက်တော့ ကျကျနန အမြည်းတွေပြင် လက်ကျန် High Commissioner လေးကိုထုတ် ကြည့်မယ်ဆိုပြီး TVကိုဖွင့် ..အဲ.. ကိုယ့်ရဲ့ Family TV မှာက ဘာမှမလာဘူး။ ဒါနဲ့ ဖုန်းဆက် အကြောင်းကြားပေးတဲ့ သူငယ်ချင်းကို ပြန်ဆက်ပြီးမေးတော့ သူတို့အခု ကြည့်နေတယ်တဲ့ ဟော်လန် အီတလီပွဲစတော့မှာတဲ့။ ကောင်းရော။

ဒါနဲ့ လိုင်းတွေကို auto search, manual search နည်းလမ်းအစုံနဲ့ install ဲပြန်လုပ်ကြည့်တယ်။ မရဘူး။ စိတ်တွေတိုလိုက်တာ။ ဆိုင်က ထမလာပဲ ဆက်ကြည့်နေရင် ကောင်းသား ဟာကို။ အခုတော့ ပွဲကောင်းတစ်ပွဲ လွတ်ပြီပေါ့။ ဒါနဲ့ စိတ်လျှော့လိုက်ပြီး မအိပ်ခင် ခုနက သူငယ်ချင်းကို ဖုန်းဆက်ပြီး အခြေအနေ မေးကြည့် လိုက်တယ်။ ဟော်လန်က နှစ်ဂိုးထည့်ပြီးပြီတဲ့ မည်သို့မည်ဖုံကောင်းကြောင်းသူက ပြောပြနေတယ်။ အော် .. ပိုပြီး စိတ်မချမ်းမသာဖြစ်သွားတယ်။ ရှိစေတာ့ ရှိစေတော့ ... လွဲတဲ့အခါတွေလဲ လွဲပေမပေါ့။

Saturday, June 7, 2008

Good luck Ana !

ဆားဗီးယား တင်းနစ်မယ်လေး Ana Ivanovic တစ်ယောက် First-time Grand Slam winner ဖြစ်လာဖို့ လက်တကမ်း အလိုကို ရောက်ရှိ နေပါပြီ။ ယခင် ကမ္ဘာ့အဆင့်-၁ Justine Henin အနားယူသွားပြီး နောက် အဆင့်-၁ နေရာကို အလိုလို ရောက်သွားခဲ့တဲ့ Sharapova ကလည်း လက်ရှိ ပြင်သစ်အိုးပင်း တင်းနစ် ပြိုင်ပွဲရဲ့ quarter final ပွဲမှာ ရှုံးနိမ့်သွားခဲ့ပါတယ်။ Ana အနေနဲ့ကတော့ နိုင်ငံတူက တင်းနစ်မယ် Jankovic ကို အနိုင်ယူပြီး ဗိုလ်လုပွဲကို ရောက်ရှိ လာခဲ့ပါပြီ။ ဒါကြောင့်မို့လို့ Sharapova ကို ကျော်ဖြတ်ပြီး Sony WTA Tour Ranking မှာ No-1 ဖြစ်လာတော့မှာပါ။

Ana တစ်ယောက် မနစ်က ဒီပြိုင်ပွဲမှာ Henin ကို ရှုံးနိမ့်ပြီး ဒုတိယသာ ရရှိခဲ့ပါတယ်။ ဒီနှစ်လဲ ဗိုလ်လုပွဲကို ထပ်မံ ရောက်ရှိ လာပြန်ပါပြီ။

ဗိုလ်လုပွဲမှာ Ana နဲ့ ယှဉ်ပြိုင်ရမှာကတော့ ရုရှားက Dinara Safina ဖြစ်ပါတယ်။ လက်ရှိ ကမ္ဘာ့အဆင့် ၁၄ပါ။ လက်ရှိ ပြင်သစ် အိုးပင်းပြိုင်ပွဲ ပွဲစဉ်တစ်လျှောက်မှာ top 10 player သုံးယောက်ကို အနိုင်ယူပြီး ဗိုလ်လုပွဲကို တက်လှမ်းလာသူမို့ လျှော့တွက်လို့ မရပါဘူး။ ၁၂ပွဲဆက်တိုက် ရှုံးပွဲမရှိသေးဘူးလို့ဆိုထားပါတယ်။ Ana နဲ့ Safina တို့ လွန်ခဲ့တဲ့ ၃နှစ်က Berlin Open ပြိုင်ပွဲမှာ ရွှ့ံစေးမြေကစားကွင်းမှာ ဆုံခဲ့ဖူးပါတယ်။ အဲဒီတုန်းကတော့ Safina က နိုင်ခဲ့ပါတယ်။ အခုအခြေအနေကတော့ လွန်ခဲ့တဲ့သုံးနှစ်က အခြေအနေမျိုး မဟုတ်တော့ပါဘူး။

တကယ်လို့ ပြင်သစ်အိုးပင်း ချန်ပီယံဆုကို ရခဲ့မယ်ဆိုရင်တော့ Ana တစ်ယောက် ကမ္ဘာ့ အဆင့်-၁ နေရာမှာ ဆက်လက်နေနိုင်ဖို့ အခွင့်ကောင်းပါပဲ။ Grand Slam winner က အမှတ် 1000 ရပါတယ်။ လက်ရှိမှာ Sharapova က4116 မှတ် နဲ့ Ana က 3922 မှတ်။ ဗိုလ်လုပွဲမှာ Anna နိုင်ခဲ့ရင် သူက 4922 မှတ်ရရှိမှာ ဖြစ်ပြီး ဒုတိယပဲ ရခဲ့ရင်တော့ အမှတ် 700ပဲရလို့ 4622မှတ် ရရှိပါမယ်။ Sharapova က quarter final အထိရောက်လို့ အမှတ် 250 ရရှိပြီး 4366 မှတ်မှာပဲရှိနေမှာပါ။

ပြင်သစ်အိုးပင်း အမျိုးသမီးတစ်ဦးချင်းဗိုလ်လုပွဲက ဒီည မြန်မာစံတော်ချိန် ၉နာရီခွဲလောက် ကစားမှာပါ။

Ana တစ်ယောက်အနိုင်ရပါစေလို့ ဆုတောင်းရင်း ...

Friday, June 6, 2008

မိုးတစိမ့်စိမ့်

ထိုနေ့ကား မိုးတစိမ့်စိမ့်။ ယာထွန်သူသည် မြေပဲခင်းကို မှုန်းရန် တောသို့လာ၏။ ကလေးငယ်သည် မိုးတစိမ့်စိမ့်တွင် ကျောင်းသွားပျင်း၍ မိခင်၏ နို့အုံကြားဝယ် ဦးခေါင်းဖြင့် ဝှေ့လျက်ရှိ၏။ စာကလေးများသည် အတောင်ပံရေစိုသဖြင့် မပျံသန်းလိုသော်လည်း ငါ့ဝမ်းပူဆာ မနေသာ၍ ပျံသန်းရရှာ၏။ မြက်ရိုင်းတို့လည်း မိုးတစိမ့်စိမ့်တွင် ကိုယ်ကို ယိမ်းကြလေ၏။ နွားကျောင်းသားသည် ဇရပ်အိုတွင် မိုးခိုလျက် မိုးရေထဲတွင် နွားများကို ကျောင်းလျက်ရှိသည်။

ပဲပြုတ်သည်မသည် လင်ယောက်ျား၏ လုံချည်နွမ်းကို ခြုံ၍ စျေးရောင်းထွက်လေသည်။ ကျောင်းဆရာသည် ထီးတစ်လက်ကို ဆောင်း၍ ကျောင်းချိန်အမီ သွားလေသည်။ မိုးလည်းမတိတ်။ တိမ်တို့သည်လည်း အပြေးအလွှား။ မိုးသားတို့သည် အလုအယက် တက်လာကြ၏။ မှိုင်းညို့ညို့ အရောင်သာလျှင် ဤလောကကို မင်းမူ၏။ သဘာဝသည် အဆက်အစပ်မရှိ။ အလိုအလျောက် စိတ်ထင်ရာစိုင်း၏။ လူတို့၏လုပ်ငန်းကို သူတို့အရေးမစိုက်။ မိမိစွမ်းအင်ကိုသာ ငဲ့ကြ၏။ လွတ်လပ်ပေ၏။

သတ္တဝါတို့မှာမူ မိုးချိန်၊ လေချိန်၊ နှင်းကျချိန်၊ နေပူချိန် စသော သဘာဝ၏ အရိပ်အကဲကို အမြဲခတ်လျက် မိမိလုပ်ငန်းဆောင်တာကို အချိန်ရာသီညှိ၍ လုပ်ဆောင်ကြရပေသည်။ ဉာဏ်ရှိပါပေသည်။ သို့သော် ... ထိုနေ့ကား မိုးတစိမ့်စိမ့်ပင်။

စံပယ်ရူး

စံပယ်ကုံးလက်ဆောင်ကို မည်သူ့အား ပေးရမည်မသိဘဲ ယောင်ချာချာ ဖြစ်လျက်ရှိစဉ် ကဗျာဆရာ့ထံမှ စံပယ်ကုံးကို သူတောင်းစားမကလေးတစ်ဦးက တောင်းယူလိုက်လေသည်။ သူလည်း စံပယ်ကို ပန်ချင်ရှာပေမည် ဟူသော ကရုဏာသွေးနှင့် မဆိုင်းမတွပင် ပေးလိုက်မိသည်။

ထို့နောက်ကား ဤစံပယ်ကုံးလက်ဆောင်ကို ကဗျာဆရာသည် မေ့မေ့ပျောက်ပျောက် နေခဲ့လေသည်။ နှစ်အတန်ကြာခဲ့ပြီ။ ကဗျာဆရာသည်ပင် အိမ်ထောင်ရက်သားကျ၍ စိတ်ကူးယဉ်ကဗျာများ မသီကုံးနိုင်တော့ပြီ။ အသက်မွေးမှုအတွက် တဖားဖားလုပ်ကိုင်နေရပြီ။

မိုးညိုသောနေ့တစ်နေ့တွင် လူငယ်တစ်ဦးသည် ကဗျာဆရာ၏ အလုပ်ခွင်သို့ ဝင်ရောက်လာခဲ့သည်။ ကဗျာဆရာအား အားကိုးအားထားနှင့် ဤသို့တောင်းပန်လေသည်။ "မှော်ဆရာကြီးငဲ့ မှော်ဆရာကြီး ပေးလိုက်သော စံပယ်ကုံးလက်ဆောင်ကြောင့် ကျွန်တော့် ရည်းစားသည်မှာ ရူးသွပ်ခဲ့ပါပြီ။ စံပယ်ကုံးလေးကို နေ့တကြည့်ကြည့် ညတကြည့်ကြည့်နှင့် မစားမသောက် မအိပ်မစက်နိုင်အောင် ဖြစ်ခဲ့ပါပြီ။ ပြုစားသမျှ အစွဲချွတ်ပေးပါရန် တဆိတ်တောင်းပန်ပါရစေ ဆရာကြီးငဲ့"

ပိတောက်မှသရဖီသို့ (တင်မိုး)

နယုန်လ

ပန်းစံပယ်
နန်းလယ်မှာ မပေါ်ခိုက်ဟာမို့
အလိုက် တော်တန်သင့်ရုံပ
ခံပွင့်ကို ကုံး။
 

နန်းရဝေ
မန်းမြေမှာ စံပယ်လှိုင်တော့
ခံပန်းခိုင် ယာယီရွေ့တယ်
တောလေ့ရွာသုံး။

(ဦးပုည)

Wednesday, June 4, 2008

No Euro2008 on Family TV5

ဒီမနက်ပိုင်းမှာ Family Entertainment က ကြေငြာတယ် (ESPN လိုင်းအောက်နားမှာ စာထိုးတာ တွေ့လိုက်တယ်) Euro 2008 ဘောလုံးပွဲတွေ မပြဖြစ်တော့လို့ ငွေသွင်းထားသော Customer များ ပြန်လည်ထုတ်ယူနိုင်ကြပါပြီတဲ့။ အဲဒီစာတမ်းကို ဖတ်ပြီး မနက်စောစောစီးစီး အီလည်လည်ကြီးဖြစ်သွားတယ်။ Euro ပွဲတွေကြည့်ချင်လို့ Family က Receiver နဲ့ Card ဝယ်လိုက်တာ တစ်ပတ်လောက်ပဲရှိသေးတယ်။

တော်သေးတာက မနေ့ကပဲ သူငယ်ချင်းတစ်ယောက်ကလည်း Family ကစက်နဲ့ ကဒ် ဝယ်ထားပေးပါတဲ့။ Family showroom က ကျွန်တော်ရုံးနဲ့ နီးတာကိုး။ သူလဲ Euro ပွဲတွေကြည့်ချင်လို့ ဝယ်မှာ။ မနေ့ကသာ ဆုံးဖြတ်ပြီး ဝယ်လိုက်မိရင် Euro မကြည့်ရပဲ စက်ပဲအဖတ်တင်နေဦးမယ်။ ဒုတ်ခ။ ကိုယ့်လိုပဲ Euroကြည့်ချင်လို့ အချိန်မီလေး စက်နဲ့ ကဒ် ဝယ်လိုက်သူတွေလဲ နည်းမှာမဟုတ်ဘူး။ သူလို့တွေလဲ ကိုယ့်လိုပဲ အီလည်လည်ကြီးဖြစ်နေမှာပဲ။

အရင်မိဘအိမ်မှာနေတုန်းကတော့ ရှစ်ပေစလောင်းလေးတစ်ခုရှိတယ်။ အိမ်နှစ်ခါပြောင်းပြီးတော့ ဖြုတ်ထားတာ ပစ္စည်းတွေတောင်စုံသေးရဲ့လားမသိဘူး။ အဲဒါလေးပဲသွားပြန်ယူပြီး ဆင်လိုက်ရင်ကောင်းမလား စဉ်းစားနေမိတယ်။ နောက်တစ်ခုမျှှော်လင့်ရတာက မြဝတီ TVက ပြမလားဆိုတာပဲ။ ဘာပဲဖြစ်ဖြစ် တစ်ချို့ ပွဲတွေကိုတော့ မဖြစ်ဖြစ်အောင် အပြင်ထွက် ကြည့်ရတော့မှာပဲ။