Friday, February 20, 2009

လူကြုံပါးတာတွေ ...

နေရာဒေသတစ်ခုကို တစ်ယောက်ယောက်ကသွားတော့မယ်ဆိုရင် (ပြည်တွင်းပဲဖြစ်ဖြစ်၊ ပြည်ပပဲဖြစ်ဖြစ်) လူကြုံ ပါးလေ့ရှိကြတယ်။ ဘယ်သူဘယ်ဝါအတွက် ဘာပစ္စည်းလေးတွေ သယ်သွားပေးပါ။ အပြန်မှာ ဘာလေး ပြန်သယ်ခဲ့ပါ စသည်ဖြင့်ပေါ့။ ကိုယ်ကိုယ်တိုင် ခရီးသွားတဲ့အခါ တော်တော်များများမှာလဲ လူကြုံသယ်ပေးလေ့ ရှိပါတယ်။ အထူးသဖြင့် ပြည်ပမှာ မိဝေးဖဝေးရောက်နေသူများအတွက် ကိုယ့်ဒေသက အစားအစာလေးတွေ ပစ္စည်းအသုံးအဆောင်လေးတွေမျိုးကို ကိုယ်ချင်းစာစိတ်နဲ့ သယ်ပေးလေ့ရှိတယ်။ 
.
လူကြုံပါးကြရာမှာ တစ်ချို့တွေက သိတတ်အားနာမှုနဲ့ လိုအပ်တာလောက်ကိုပဲ အနည်းဆုံး ပေးလေ့ရှိကြသလို တစ်ချို့ကြတော့လည်း အားမနာလျှာမကျိုး တနင့်တပိုးကြီးတွေကို သယ်ခိုင်းလေ့ရှိကြတယ်။ တစ်ဖက်နိုင်ငံမှာ မရှိတဲ့ ပစ္စည်းမျိုးတွေဆိုရင်လည်း ဟုတ်သေး။ တစ်ခါတစ်လေ ဟိုမှာလဲ ဝယ်သုံးလို့ရတာတွေကိုတောင် လူကြုံရှိလို့ မှာကြတယ်။ 
.
လူကြုံပါးတာနဲ့ ပတ်သက်လို့ ကြာတော့ကြာပြီ ခပ်ငယ်ငယ်ကပေါ့။ မော်လမြိုင်က အဖိုးအဖွားတွေအိမ်ကို သွားလည်တာ။ အပြန်မှာ အဖွားနဲ့အဒေါ်တွေက အိမ်နောက်ဖေးက ဒန့်ဒလွန်ပင်ကနေ ခူးပြီး ဒန့်ဒလွန်သီးတွေကို မြွေခွံအိတ်နဲ့ တစ်အိတ်အပြည့် လူကြုံပေးလိုက်တယ်။ တစ်နေရာထဲ ပို့ရမှာမဟုတ်ဘူး စာရင်းနဲ့။ ကျောက်ကုန်းအိမ်က ဘယ်နှစ်တောင့် တာမွေအိမ်ကဘယ်နှစ်တောင့် စသည်ဖြင့် ... ကျွန်တော်က အတင်းငြင်းပါတယ် ရန်ကုန်ကစျေးတွေမှာလဲ ဒန့်ဒလွန်သီးရောင်းတဲ့အကြောင်း ဘာညာပေါ့။ မရပါဘူး နောက်ဆုံးတော့ သယ်ခဲ့ရတယ်။ စိတ်တိုတာနဲ့ ဒန့်ဒလွန်သီးနဲ့အတူ အခြားလူကြုံပေးလိုက်တဲ့ ကြက်မောက်သီး နှစ်ခိုင်ကို မီးရထားလမ်းခရီးတလျှောက်ကုန်အောင်စားပစ်လိုက်တယ်။ (ဒန့်ဒလွန်သီးက စားလို့မှမရတာကို) နောက်ပိုင်း မော်လမြိုင်ကနေ ကိုယ့်ကို သိပ်လူကြုံမပါးတော့ဘူး :D 
.
မနေ့ညနေက ဒူဘိုင်းပြန်သွားမဲ့ လူကြုံကောင်လေးက ဖုန်းဆက်မေးရှာတယ်။ အကိုတို့ဘာထည့်ပေးဦးမလဲတဲ့။ သူအလာတုန်းကလဲ မိန်းမရဲ့ ညီမက ပေးလိုက်တဲ့ ပစ္စည်းလေးတွေ လာပို့ရှာတယ်။ သူ့ကို ဒီနေ့မနက် ၉နာရီလောက် လာပို့ပေးမယ်လို့ပြောထားတယ်။ မနက်ရောက်တော့ ၉နာရီတောင် ထိုးတော့မယ် ပို့မဲ့ ပစ္စည်းတွေက မစုံသေးလို့တဲ့။ ဘာလိုနေတာလဲဆိုတော့ သွားပွတ်တံ ၁၂ချောင်းတဲ့။ ဒီကောင်မလေးက သွားပွတ်တံ ၁၂ချောင်းတောင် ဘာလုပ်မှာလဲလို့မေးတော့ သူ့ရဲ့ သူငယ်ချင်းတွေအတွက်ပါတဲ့။ သောက်မြင်ကပ်တာနဲ့မေးလိုက်သေးတယ် ဒူဘိုင်းကလူတွေ သွားမတိုက်ကြဘူးလားလို့ ... ဒါတောင် ဂျင်းဘောင်ဘီမှာထားသေးသတဲ့ မဝယ်ရသေးလို့တဲ့။ စေတနာနဲ့ သယ်ပေးမဲ့ လူကြုံကို စော်ကားသလို ဖြစ်မနေဘူးလား။ မြေပဲဆီပုလင်းကြီး တစ်ပုလင်း ထည့်ပေးကြဦးမလို့ လုပ်နေကြတာ ကျွန်တော်ပဲ ထားခဲ့ခိုင်းလိုက်ရသေးတယ်။ ငါးခြောက်ကြော်လေးရယ်၊ ပုဇွန်ခြောက်ရယ် တော်ပြီပေါ့။ တော်တော်ခက်ကြတယ် ...

8 comments:

  1. တချို့များ အတွှုင်းပစည်း တောင် မှာကြသေးတယ။်
    (အဲဒါ တို့မဟုတ်ဘူး။ )

    ReplyDelete
  2. ရိုး... ဟိုး ဟိုး....နေပါပြီကွယ်။

    ReplyDelete
  3. စလုံးလာရင် ပြောပါနော်။
    ခင်တယ်ဆိုရင်။

    ReplyDelete
  4. သို့
    ချစ်ဦးမေ
    အတွင်းပစ္စည်းဆိုတော့လက်ဝတ်ရတနာတွေပေါ့နော်

    ReplyDelete
  5. ပို့စ်ကိုဖတ်၊ ကောမန့်တွေက ရယ်နေရတယ်..။

    sin dan lar

    ReplyDelete
  6. လူကြုံပစ္စည်း ကိုယ်တော့ ဘယ်တော့မှ သူများကို မမှာဘူး.. အားနာလို့။ မရှိရင် မစားဘူး မသုံးဘူး။

    ReplyDelete
  7. ဘာမှ မပါဘူး ဘာမှ မပါဘူး ဆိုပြီး အထုတ်ကြီးနဲ့ ရောက်လာ.. လေးလွန်းလို့ ဖေါက် ပြီး စစ်လိုက်မှ ထန်းလျက်တွေ ပါ ပါနေတာ မျိုး ကြုံရသေးတယ်..။

    ခုတစ်ခေါက်ပြန်တော့လည်း လင်မယား၂ ယောက်ပဲ ဆိုပြီ အိပ်ယာခင်းခေါင်းအုံးစွပ်တွေ ပါးလိုက်တယ်..

    ကိုယ်တွေတောင်.. လက်ဖွဲ့ရတာတွေ မသယ်ခဲ့ရဘူး။

    ReplyDelete
  8. I have no idea most of the Burmese do like that. Everything can buy everywhere arround the world.

    ReplyDelete