Tuesday, October 16, 2007

EMBA Term Paper

အခုအချိန်မှာ EMBA သင်တန်းရဲ့ Term Paper အတွက် ဘာရေးရမလဲဆိုတာ စဉ်းစားနေပါတယ်။ အဓိကရွေးစရာနှစ်ခုရှိတယ်။ Business or Industry area တစ်ခုခုကိုရွေးပြီး လုပ်ငန်းတစ်ခုအကြောင်းကို အသေးစိတ်ရေး။ Comfar software နဲ့ အသေးစိတ် financial and accounting data တွေထည့် run ... တွေ့ရှိချက်တွေကို analysis လုပ် .... ဒါက ရွေးစရာတစ်ခုပေါ့။ အတန်းသားတော်တော်များများက ဒါကိုပဲရွေးကြတယ်။ ရေးရမဲ့ ပုံစံ Frame ကကြပြီးသားဖြစ်နေတာကိုး။

နောက်ထပ်ရွေးစရာတစ်ခုက Marketing ခါင်းစဉ်အောက်က Market Research, Survery, Consumer Behavior အဲဒါမျိုးတွေရွေးလို့ရတယ်။ ဒီအပိုင်းကိုက အတန်းသား လေးပုံတစ်ပုံလောက်ရွေးကြတယ်။ အပြင်လောကမှာ marketing field အောက်မှာ အလုပ်လုပ်နေသူတွေက ဒီအပိုင်းကို ရွေးကြတာများတယ်။

ကျန်တဲ့ အနည်းစု (သုံးလေးယောက်လောက်)က Organizational Design and Development, HR သို့မဟုတ် Business Ethics ကို ရွေးလေ့ရှိတယ်။ ဒါပေမဲ့ ဒီနှစ်မှာ Business Ethics ရေးလို့မရဘူး။ Supervise လုပ်ပေးမဲ့ ဒေါက်တာဒေါ်မိုးမိုးခိုင်က နယ်ပြောင်းရမှာမို့လို့။

ကိုယ်ရေးမဲ့ paper ကို ဘွဲ့တစ်ခုအတွက် တာဝန်ကျေ လုပ်လိုက်မဲ့အစား အခုကိုယ်လုပ်နေတဲ့ Field နဲ့ Organization အတွက် တစ်ခုခုအကျိုးရှိမှာမျိုးလေး လုပ်ချင်တယ်။ ကိုယ်တို့က software တွေရောင်းနေတာဆိုတော့ မြန်မာနိုင်ငံရဲ့ software စျေးကွက်အကြောင်းပေါ့။ အဲဒီမှာ ထပ်ပြီးအသေးစိတ်လိုက်ရင် post purchase evaluation, customer satisfaction ပေါ့။ အဲဒီအပိုင်းလေး လုပ်မလားလို့။

တစ်ချို့ အဖွဲ့အစည်းတွေ software ကို ဝယ်ပြီးတော့မှ အသုံးမပြုနိုင်ပဲ ရပ်သွားတာတွေရှိတယ်။ ဘယ်အချက်တွေက သူတို့လုပ်ငန်းမှာ computer software မသုံးနိုင်အောင် တားဆီးနေတာလဲ။

လူတွေက စီးပွားရေးအဖွဲ့အစည်းတွေက ဘာလို့ ကိုယ်တို့ဆီက software တွဝယ်လဲ။ ဘာတွေမျှော်လင့်လဲ။ သူ့တို့ အလုပ်ခွင်မှာ software ကို ဝယ်ပြီးနောက်ပိုင်း အောင်အောင် မြင်မြင် ဆက်သုံးသွားနိုင်ဖို့ ဘယ်လို အချက်တွေက ဘယ်လောက်အရေးပါလဲ အရေးပါသလဲ -

၁) software product ရဲ့ အသုံးပြုရလွယ်ကူမှု၊ ပါဝင်သော feature များ၊ အမှား ကင်းစင်မှု၊

၂) After sales service and maintenance - မြန်မာပြည်မှာက software ကို off the shelf ဝယ်လာပြီး တစ်ခါတည်း ကိုယ့်ဘာသာ သုံးနိုင်ဖို့ ခက်မယ်။ start up and running က စလို့ software ရာင်းတဲ့ အဖွဲ့အစည်းရဲ့ service and support အများကြီးလိုတယ်။

၃) ဝယ်သူဖက်က အချက်အလက်တွေ - ပိုင်ရှင် / Management ရဲ့ ပညာရေးအဆင့်အတန်း၊ IT Experience၊ မိမိလုပ်ငန်းရဲ့ requirement နဲ့ software အသုံးပြုမဲ့ scope and boundary ကို ပိုင်းဖြတ်နိုင်မှု၊ Software အသုံးပြုမဲ့ ကျွမ်းကျင်ဝန်ထမ်းများရဲ့ turnover rate

၄) လျှပ်စစ်မီးရရှိမှု၊ မီးပျက်ချိန်တွင် computer သုံးနိုင်အောင် စီစဉ်ထားနိုင်မှု

စသည်ဖြင့် အဓိကအချက် လေးငါးခုနဲ့ Questionaire လုပ်ပြီး ကိုယ့်ရဲ့ လက်ရှိ customer တွေကို survery ကောက်ကြည့်မယ်။ ဘယ်အချက်တွေထည့်မေးမယ် ဆိုတာတော့ အပြီးသတ်မလုပ်ရသေးဘူး။ ေတွေ့ရှိချက််လေးတွေနဲ့ analysis လုပ်မှာပေါ့။ Post purchase evaluation ပေါ်အခြေခံပြီး software house တစ်ခုအနေနဲ့ ဘယ်အချက်တွေကို ဘယ်လောက် ဂရုစိုက်ရမယ်ဆိုတာမျိုးလေး သိချင်လို့။

စာတမ်းကတော့ နိုဝင်ဘာအကုန်လောက်အပြီးတင်ရမှာလေ။

Tuesday, September 25, 2007

Iwo Jima

ပြီးခဲ့တဲ့ စနေက ရုံးမသွားဖြစ်ဘူး။ နှာတွေစီးပြီး ခေါင်းတွေအရမ်းကိုက်နေလို့ ဆေးသောက်ပြီး အိမ်မှာပဲနားနေဖြစ်တယ်။ မိုးတွေကလည်း တအားရွာနေတယ်လေ။ နေ့လည်ပိုင်းလောက်ကြတော့ နည်းနည်းသက်သာလာတော့ ပျင်းပျင်းရှိတာနဲ့ ဝယ်ထားပြီး မကြည့်ရသေးတဲ့ အခွေတွေကို လျှောက်ဖွနေမိတယ်။ ပြီးတော့ တစ်ခွေရွေးပြီး စကြည့်ဖြစ်တယ်။ Flag of our Fathers ဆိုတဲ့ စစ်ကားလေးပါ။ ကလင့်အိစဝုဒ်ရိုက်တဲ့ကားလေးပေါ့။ ဒုတိယ ကမ္ဘာစစ်ပြိးခါနီး အမေရိကန်က ဂျပန်ရဲ့ Home Islandတွေထဲက တစ်ခုကို စတိုက်တဲ့တိုက်ပွဲအကြောင်းပါ။ ဂျပန်ကျွန်းတွေကို ဝင်သိမ်းဖြစ်ခဲ့ရင် စစ်ရေးအရ အချက်အချာဖြစ်တဲ့ ဒီကျွန်းကို သိမ်းမှဖြစ်မှာလေ။

လေကြောင်းက အကြီးအကျယ်ဗုံးမိုးတွေရွာ ပြီးတော့ စစ်သင်္ဘောတွေပေါ်ကနေ လက်နက်ကြီးတွေနဲ့ စိန်ပြေနပြေ ပစ်ခတ်ပြီးမှ ကျွန်းပေါ်တက်သိမ်းကြတာပါ။ အမေရိကန်စစ်သားတွေရဲ့စိတ်ထဲမှာတော့ ဂျပန်တွေ စိစိညက်ညက်ကြေနေလောက်ပြေီပေါ့။ သူတို့မသိလိုက်တာက ကျွန်းရဲ့အမြင့်ပိုင်း စူရီဘာချီတောင်ပေါ်က တူးထားတဲ့ လှိုဏ်ဂူခံတပ်တွေထဲက သူတို့ကို ချိန်ရွယ်ထားတဲ့ လက်နက်ကြီးတွေနဲ့ အသင့်စောင့်ဆိုင်းနေတဲ့ ဂျပန်တပ်သားတွေပါပဲ။ ကမ်းခြေကို အမေရိကန်တပ်သားတွေ ဖွေးနေအောင်ရောက်လာပြီဆိုတဲ့ချိန်လောက်မှာ ဂျပန်က စတိုက်ပါတယ်။ အမေရိကန်တွေသေလိုက်ကြတာမှ သောက်သောက်လဲပဲ။

လေးရက်မြောက်မှာ စူနာဘာချီတောင်ကို တက်သိမ်းပြီး အလံစိုက်ပါတယ်။ အင်မတန် နံမည်ကြီးသွားတဲ့ ဓါတ်ပုံပေါ့။ ဒါပေမဲ့ ဒီအလံစိုက်နေတဲ့ပုံက ဒုတိယအကြိမ်ရိုက်ထားတာပါ။ ပထမစိုက်ခဲ့တဲ့အလံကို Navy Secretary ကအမှတ်တရလိုချင်တယ်ဆိုတာနဲ့ ဒုတိယအကြိမ်ပြန်စိုက်ရင်း ဓါတ်ပုံကိုပါဆင်ပြီးရိုက်လိုက်တာပါ။ ဒီဓါတ်ပုံဟာ အမေရိကားက သတင်းစာတွေမှာ မျက်နှာဖုံးမှာပါလာပါတယ်။ စစ်ဒါဏ်နဲ့ နွမ်းနယ် ငြီးငွေ့နေတဲ့ ပြည်သူကို တစ်ဖက်လှည့် နှစ်သိမ့်ပေးတာပါ။ အဲဒီကျွန်းကို ရက်လေးဆယ်လောက်တိုက်လိုက်ရပါတယ်။ အနုမြူဗုံးကြဲဖို့ ဆုံးဖြတ်ချက်ချတဲ့ အထဲမှာ ဒီတိုက်ပွဲကြောင့်လဲပါတယ်လို့ဆိုပါတယ်။ ဒီကျွန်းလေးကိုတောင် ဒီလောက်သိမ်းနေရရင် ဂျပန် ပင်မကျွန်းတွေကို တက်သိမ်းရင် ဘယ်လိုဖြစ်မယ်ဆိုတာ မမှန်းရဲတော့ဘူး။

ဒီဇာတ်ကားထဲမှာ အကြိုက်ဆုံးစကားလုံးက သူရဲကောင်းဆိုတာကို လိုအပ်တဲ့အချိန်မှာ ဖန်တီးယူရတယ်တဲ့ .... အလံစိုက်တဲ့ ဓါတ်ပုံမှာပါတဲ့ မသေပဲကျန်ခဲ့တဲ့ သုံးယောက်ကို အမေရိကား ပြန်ခေါ်ပြီး အကြီးအကျယ်ဂုဏ်ပြုပါတယ်။

တစ်ဖက်မှာလဲ စစ်စရိတ်တွေနဲ့ ငွေကျပ်တည်းနေတဲ့ အစိုးရပြေလည်စေကြောင်း အဲဒီသူရဲကောင်းသုံးယောက်ကို အရင်းပြုလို့ war bonds တေွရောင်းပါတယ်။ လုပ်သွားတဲ့အကွက်ကလေးတွေက တကယ်ကိုလှပါတယ်။ နိုင်ငံရေးလှည့်ကွက်ဆိုတာ အချိန်အခါ နေရာဒေသမရွေး ရှိပါလားဆိုတဲ့ အတွေးတစ်ခုပေါက်သွားတယ်။

Flag of our Fathers ကြည့်ပြီးတော့ တနင်္ဂနွေနေ့မှာ Letters from Iwo Jima ကို ဆက်ကြည့်ဖြစ်ပါတယ်။ ဒီအဖြစ်အပျက်ကိုပဲ ဂျပန်ဖက်ကပြန်ရိုက်ထားတာပါ။ ကျွန်းမှာတာဝန်ကျတဲ့ ဂျပန်ဗိုလ်ချုပ် Kuribayashi က ရောက်တဲ့နေ့မှာပဲ ကျွန်းကို လမ်းလျှောက်ပြီး လှည့်ပတ်ကြည့်ပါတယ်။ သဲသောင်ပြင်မှာ ကတုတ်ကျွင်းတူးနေတဲ့ အဖွဲ့ကို ရပ်ခိုင်းပါတယ်။ အမေရိကန်ကို ဒါလောက်နဲ့ ခုခံလို့မရဘူးတဲ့။ သူက အမေရိကားကိုလဲရောက်ဖူးတယ်။ အမေရိကန်တွေရဲ့ တိုးတက်နေတဲ့ Technology တွေကိုလဲသိတယ်လေ။ သုံးလေးရက် လျှောက်လေ့လာပြီး အမြင့်ပိုင်းဖြစ်တဲ့ စူနာဘာချီတောင်မှာ ကျောက်လှိုဏ်ဂူတွေထွင်းခိုင်းပြီး လက်နက်ကြီးတွေကို ရွှေ့တင်စေပါတယ်။ ဂျပန်ပြည်မက အကူအညီထပ်မရတော့ဘူး။ ရှိတဲ့လူ လက်နက်နဲ့ အမေရိကန်ကို အတတ်နိုင်ဆုံး အချိန်ဆွဲခုခံဖို့ဟာ သူ့ရဲ့ နောက်ဆုံးတာဝန်ပဲဆိုတာကို သဘောပေါက်ထားပုံရတယ်။ နောက်ဆုံး ရှိတဲ့ လက်နက် လူအင်အားနဲ့ ရက်လေးဆယ် ခုခံသွားတယ်။

အခုဒီအကြောင်းပြန်ရေးရင်းတွေးနေမိတာက ကျွန်တော်တို့ရဲ့ လက်ရှိအခြေအနေပါ။ ဂျပန်တွေ သေကုန်ရောပေါ့ဆိုတဲံ အတွေးနဲ့ ကမ်းတက်လာတဲ့ အမေရိကန်တွေကို လက်နက်ကြီးတွေနဲ့ အသင့် ချိန်ရွယ်ထားပြီး ကမ်းလုံးပြည့်အောင် ဂျပန်တွေစောင့်နေသလိုများ ဖြစ်နေသလားလို့ တွေးနေမိတယ်။ ရှစ်ဆယ့်ရှစ်ကတည်းက နေတောက်လျှောက် ကိုင်တွယ် ဖြေရှင်းလာတာဆိုတော့ စာလည်းတော်တော်တတ်နေပြီလေ။ ဒီဖက်ကလူတွေ ဟုတ်ပြီကွဆိုတဲ့ စိတ်နဲ့ တစ်ဖက်က ဆင်ထားတဲ့အကွက်ထဲဝင်သွားမှာကို အရမ်းစိုးရိမ်မိတယ်။

သူငယ်ချင်းတစ်ယောက်ပြောဖူးသလို ကျားထိုးတဲ့ဆီမှာလို နှစ်ကောင်စားပြီး ကင်းပေါက်ရိုက်သွားတယ် ဆိုတဲ့ အကွက်မျိုးများ ရှိနိုင်မလားလို့ အမျိုးမျိုး လှည့်တွေးနေမိတယ်။

Thursday, September 20, 2007

DVD ဇာတ်လမ်းတွဲတွေ

အခုရန်ကုန်မှာ ပေါက်ဖော်ကြီးတွေရဲ့ကျေးဇူးနဲ့ ဇတ်လမ်းတွဲအသစ်တွေကြည့်နေရတယ်။ တစ်ခွေ တစ်ထောင့်လေးရာ ထောင့်ငါးရာလောက်ဆိုတော့ ပစ်စလက်ခတ်ကို တန်ပါတယ်။ အခုတလော Series တွေပဲဝယ်ကြည့်ဖြစ်တယ်။ ဆက်တိုက်ကြည့်မိလို့ အိပ်ရေးတောင်အတော်ပျက်နေပြီ်။ ငှားကြည့်တဲ့ သူငယ်ချင်းတွေလဲ ဒီလိုပဲဖြစ်ကြတယ်။ :D ဝယ်ပြီးတော့ မြည်းရုံသာ မြည်းကြည့်ပြီး မကြည့်ရသေးတဲ့ဇာတ်လမ်းအတွဲတွေလဲအများကြီးပဲ။ 

  Hero - လူ့မျိုးရိုးဗီဇတွေတိုးတက်ပြောင်းလဲလာပြီး အရင်ကမရဘူးမရှိဘူးတဲ့ super power တွေရလာတဲ့ လူတစ်စုအကြောင်း.... လေထဲပျံနိုင်တဲ့ နေသန်၊ ဘယ်လိုဒဏ်ရာရရ Heal ပြန်ဖြစ်သွားတဲ့ cheer leader ကလဲရာ၊ အနာဂါတ်ကာလက အဖြစ်အပျက်တွေကို မသိစိတ်နဲ့ ပန်းချီတွေဆွဲတဲ့ပန်းချီဆရာ၊ ဒီလူစုအကြောင်းကို သုသေသနပြုတဲ့ အသတ်ခံလိုက်ရတဲ့ ပညာရှင်ဒေါက်တာကြီးနဲ့ သူ့အဖေအကြောင်းစုံစမ်းဖို့အမေရိကားရောက်လာတဲ့သူသား ...... စသည် စသည်ဖြင့် ဆက်တိုက်ဆက်တိုက် မထပဲကြည့်ချင်သွားလောက်အောင်ကို ဆွဲဆောင်နိုင်ပါတယ်။ 

 

  Prison Break 1, 2 - သေဒဏ်ကြနေတဲ့ အကိုကိုကယ်ဖို့ ရှာကြံအမှုလုပ်ပြီး ထောင်ထဲဝင်သွားတဲ့structural engineer လေး စကိုးဖီလ်း ၊ အမျိုးသမီး ဒုသမတ၊ ထောင်ဆရာဝန်မလေး၊ ထောင်မှူးကြီးနဲ့ သူ့ရဲ့လက်ထောက်၊ စကိုးဖီးလ်နဲ့အတူထောင်ဖောက်ပြေးကြမဲ့ ဘဝစုံက ထောင်သားတစ်စု ...... (စာတန်းမှန်တယ်) အခုထိ ဝယ်ကြည့်ခဲ့တဲ့ DVD ဇာတ်လမ်းတွဲတွေထဲမှာ ဒါကို အကြိုက်ဆုံးပဲ။ 

 

  Unit - Delta Forceလိုအထူးတပ်ဖွဲ့တစ်ခုရဲ့ ဆောင်ရွက်မှုတွေ (ဥပမာ လေယာဉ်ပြန်ပေးဆွဲတာကိုဝင်ကယ်တာ) ၊ သူတို့ရဲ့ မိသားစုဘဝတွေ .... (အင်္ဂလိပ်စာမထိုးဘူး) Season 1 ပဲရသေးတယ်။ Season 2 တစ်သုတ်ရန်ကုန်ကိုရောက်လာသေးတယ်တဲ့။ အခုတော့ ကုန်နေတယ်။ Criminal 

 

Criminal Minds - FBI ရဲ့ အဖွဲခွဲတစ်ခုဖြစ်တဲ့ BAU (Behavioral Analysis Unit)ရဲ့ အမှုလိုက်တဲ့ဇာတ်လမ်းတွေ၊ Crime Scene က သဲလွန်စတွေကိုကြည့်ပြီး အမှုကျူးလွန်သူတွေရဲ့ အမူအကျင့် စိတ်နေသဘောထားတွေကို Analysis လုပ်ပြီး လှုပ်ရှားဆောင်ရွက်ကြတာ။ Team Work နဲ့အလုပ်လုပ်တာသိပ်ကောင်းတယ်။ အလုပ်ခွဲဝေပုံ ပူးပေါင်းဆောင်ရွက်ကြပုံတွေ လက်တွေ့အလုပ်အတွက်တောင် အတုယူမိတာတွေရှိတယ်။ အရမ်းစိတ်ဝင်စားဖို့ကောင်းတယ် (တစ်ပိုင်းကို ဇာတ်လမ်းတစ်ခု ... ခွဲကြည့်လို့ရတယ်) (စာတန်းမှားတယ် - စာတန်းမပါတော့ အတော့်ကို နားစိုက်ထောင်ရတယ်။)  
Without Trace - FBI ရဲ့ လူပျောက်ရှာတဲ့အဖွဲ့ရဲ့ဇာတ်လမ်းတွေ (တစ်ပိုင်းကို ဇာတ်လမ်းတစ်ခု ... ခွဲကြည့်လို့ရတယ်) သူလဲ Criminal Minds လိုပဲ အဖွဲ့လိုက်အလုပ်လုပ်ကြပုံလေးကို လေ့လာာကြည့်လို့ရတယ်။ (စာတန်းမှန်တယ်)  
 
 
Supernaturals - ထူးထူးဆန်းဆန်း သေသွားတဲ့မိခင်နဲ့ ကျန်ခဲ့တဲ့ ညီအစ်ကိုနှစ်
ယောက် .... သရဲကားလိုလို လျှို့ဝှက်ဆန်းကြယ်လိုလို ...ဂမ္ဘီရလိုလို. (အင်္ဂလိပ်စာ မ
ထိုးဘူး) Amazonမှာ Second Season ကြော်ငြာထားပြီ။ အဲဒီမှာတွေ့ပြီးရင် မကြာခင်ပဲ ရန်ကုန်ကိုရောက်လာတာ သတိထားမိတယ်။ 
 
 
 ပေါက်ဖော်ကြီးတွေက အလုပ်လုပ်တာ သိပ်မြန်တာပဲ။ Lost 1, 2, 3 လေယာဉ်ပျက်ကျပြီး ကျွန်းတစ်ခုပေါ်ရောက်သွားတဲ့ မသေပဲကျန်ခဲ့တဲ့ခရီးသည်တွေ ..... လူတွေရဲ့အကြောင်းကို တော်တော်သရုပ်ဖော်နိုင်တဲ့ကားပဲ. (စာတန်းမှန်တယ်) 
 
 
 
  24 Hours 1 to 6 Seanson တစ်ခုကို ဇာတ်လမ်းတစ်ခု။ သူ့ကို တုပြီးရိုက်ထားတဲ့ တရုတ်ကား မြဝတီမှာ ပြဖူးတယ်။ Season1 ပဲကြည့်ရသေးတယ်။ လောလောဆယ်တော့ သူငယ်ချင်းတစ်ယောက်ဆီမှာရောက်နေတယ်။ (စာတန်းမှန်တယ်။)


Friday, September 7, 2007

နှစ်ကျိတ်ရှစ်ဆူ

ကျိုက်ပတိုင်းရွာလေး ကိုးနဝင်းအေးစေတီဝင်းထဲက နှစ်ကျိပ်ရှစ်ဆူဘုရားတွေပါ။ ပဲခူးမြို့က ပစ်တိုင်းထောင် ဒေါ်တင်ရီ မိသားစုက ဆောက်လုပ်လှူတန်းတဲ့ ကိုးပေးဆယ်ခန်းကျောင်းဆောင်ထဲမှာ စံပါယ်တော် မူနေကြ တာပါ။ ဘုရားတစ်ဆူခြင်းကတော့ ဓမ္မာ့မိတ်ဆွေ မိသားစုတွေ အသီးသီးက လှူတန်းထားကြတာပါ။ နောက်ခံ ဗနိုင်းနဲ့ ဘုရားသမိုင်းစာတွေက ကျွန်တော့်ရဲ့အလှူပါ။




































အဲဒီ ဗနိုင်းကားချပ်တွေပေါ်က စာသားတွေကို သိမ်းထားတဲ့သဘောနဲ့ ဒီမှာပဲတင်ထားလိုက်ပါတယ်။ ...............

မတူ (၈) မျိုး

မြတ်စွာဘုရားရှင်တို့သည်အလုံးစုံသောဘုန်းတန်ခိုးအာနုဘော် ကျေးဇူးတော်၊ဂုဏ်တော်တို့မှာ တစ်စုံတစ်ရာ ထူးထွေခြင်းမရှိ၊ ပကတိမခြား၊ အားလုံးအတူတူပင်ဖြစ်သည်။ ခေတ်၊အချိန်အခါ မတူ၍ကွဲပြားခြားနားသော မတူ(၈)မျိုးသာရှိသည်။ ၄င်းတို့မှာ-

၁။ အသက်တမ်းပမာ (အာယုဝေမတ္တ)

၂။ လုံးရပ်ပမာဏ (ပမာဏဝေမတ္တ)

၃။ အမျိုးအနွယ် (ကုလဝေမတ္တ)

၄။ တောထွက်သောအခါစီးသည့်ယာဉ် (ယာနုဝေမတ္တ)

၅။ ဗောဓိပင် (ဗောဓိဝမတ္တ)

၆။ ပလ္လင်တော်ပမာဏ (ပလ္လင်္ကဝေမတ္တ)

၇။ ဒုက္ကရစရိယာကျင့်ရာကာလ (ပဓာနဝေမတ္တ)

၈။ ရောင်ခြည်တော်ပမာဏ(ရသ္ဓိဝေမတ္တ)

ဤ(၈)မျိုးမှလွဲရင် ဗုဒ္ဓမြတ်စွာဘုရားကိုယ်တော်၏ လက္ခဏာတော်ကြီးငယ်အားလုံး အတူတူဖြစ်သလို ဟောကြားသော တရားအနှစ်သည်လည်း အတူတူပင်ဖြစ်သည်။သက်တမ်းတစ်သိန်းတန်းမှာ ပွင့်တော်မူသည့် ဗုဒ္ဓဟောကြားခဲ့သော တရားနှင် ့သက်တမ်းတစ်ရာမှာ ပွင့်ခဲ့ရသည့် ဂေါတမမြတ်စွာဘုရား ဟောကြားသော တရားအတူတူပင်ဖြစ်သည်။ အသက်တစ်သိန်းတန်း မှာပွင့်ခဲ့ရသောကြောင့်တစ်လမှာ တစ်ဂါထာ၊ တစ်နှစ်မှာ တစ်ဂါထာ ဟောခဲ့ရခြင်းရှိကောင်းရှိမည်။

ဂေါတမမြတ်စွာဘုရားမှာနှစ်တစ်ရာတန်း၊၀ါတော်မှာ(၄၅)၀ါ သာရှိသည့်အတွက် နှစ်တစ်သိန်းတန်းမှာ ပွင့်ခဲ့ရ သည့် မြတ်စွာဘုရားများ ဟောကြားခဲ့ရသည့် တရားအလုံးစုံပြီးပြည့်စုံအောင် နေ့နေ့ညည၊ ညဉ့်ဦး၊ ညဉ့်လယ်၊ အရုဏ်တက်စသည်ဖြင့် ခေတ္တခဏသာနားပြီး (၄၅)၀ါပတ်လုံး မနားမနေ ဟောကြားခဲ့ရသည်။


မဟာကပ်နှစ်မျိုး
၁။ သုညကပ်= သုညကမ္ဘာ (မြတ်စွာဘုရားမပွင့်သောကပ်)

သို့သော် ပစ္စေပဗုဒ္ဓါနှင့်စကြာမင်းတို့ဖြစ်ပေါ်နိုင်ကြောင်း

အပဒါန်ပါဠိတော်၊ပဌမဝဂ်၊ပါလိထေရသုတ်တို့၌ပါရှိ၏။

၂။ အသုညကပ် = အသုညကမ္ဘာ (မြတ်စွာဘုရားပွင့်တော်မူသောကပ်)

တစ်ဖန်မြတ်စွာဘုရားနှင့်တော်မူသောကပ်ပေါင်းငါးမျိုး ရှိပြန်သည်။

(က) ဘုရားတစ်ဆူပွင့်လျှင် - သာရကမ္ဘာ

(ခ) နှစ်ဆူပွင့်လျှင် - မဏ္ဍကမ္ဘာ

(ဂ) သုံးဆူပွင့်လျှင် - ဝရကမ္ဘာ

(ဃ) လေးဆူပွင့်လျှင် - သာရမဏ္ဍကမ္ဘာ

(င) ငါးဆူပွင့်လျှင် - ဘဒ္ဒကမ္ဘာ

ကပ်တစ်ကပ်၏အချိန်ကာလကိုသင်္ချာဂဏန်းဖြင့်ရေတွက်၍ မရနိုင်ပါ။ သို့သော်မှန်းဆ၍ကြည့်လိုလျှင် အလျား၊ အနံ၊ အမြင့် တစ်ယူဇနာစီရှိသောတိုက်ခန်း(ဂိုဒေါင်)ကြီးအတွင်း၌အလွန်သေးငယ် လှသော မုန်ညင်းဖြူစေ့တို့ကို အပြည့်ထည့်ထားပြီး အနှစ်တစ်ရာ ပြည့်လျှင်တစ်စေ့ယူ၍ပစ်။ ထိုဂိုဒေါင်ကြီးထဲမှမုန်ညင်းစေ့သာ ကုန်ဆုံး သွားမယ်။ကပ်တစ်ခုအချိန်ကာလတစ်ခုမကုန်ဆုံးသေးပါ။

မှန်းဆကြည့်ရန်-

တစ်ယူဇနာ = မိုင်ပေါင်း(၁၃)မိုင် (အယူအဆအမျိုးမျိုးရှိပါသည်)

ဂိုဒေါင်၏ထုထည် = 13 x 13 x 13 x (5280)3 x (12)3 cubic inches


မုန်ညင်းစေ့တစ်စေ့(ခန်မှန်း)အချင်းဝက် မ = 0.01 inch


ဘုရားလောင်း (၃)မျိုး
ဘုရားသုံးမျိုးမကွဲပြားပါ။ပါရမီဖြည့်ကျင့်ပုံချင်းမတူသောကြောင့် ဘုရားလောင်း (၃)မျိုးကွဲပြားရသည်။ ဗျာဒိတ် ရရန် အင်္ဂါ(၈)ပါး မပြည့်စုံမီအချိန်ကာလကိုအသင်္ချေနှင့်ပင်ရေတွက်၍မရနိုင်သည့် အတွက် ဘုရားဟော ကျမ်းစာမှာ လုံးဝမပါရှိပါ။ သို့သော်ဗျာဒိတ်ရခြင်းအင်္ဂါ (၈)ပါးပြီးပြည့်စုံချိန်မှာဘုရား တစ်ဆူက ၄င်း ဘုရားလောင်း၏ ဉာဏ်ရည် (ယခုခေတ်အခေါ် IQ = intelligent quotient)ကို ကြည့်ပြီး-

(၁) ပညာဉာဏ်ကိုအဓိကထားမည့် ဘုရားလောင်းအား
(ပညာဓိကဘုရားလောင်း)ဟုဗျာဒိတ်ပေးပြီး (၄)သချေင်္နှင့် ကမ္ဘာတစ်သိန်းပါရမီဖြည့်ရ၏။

(၂) ယုံကြည်ခြင်းသဒ္ဒါလွန်ကဲသည့် ဘုရားလောင်းအား
(သဒ္ဒါဓိကဘုရားလောင်း)ဟုဗျာဒိတ်ပေးပြီး (၈)သချေင်္နှင့် ကမ္ဘာတစ်သိန်းပါရမီဖြည့်ရ၏။

(၃) ဝီရိယကိုသာအားကိုးအားထားပြုသည့်ဘုရားလောင်းအား
(ဝီရိယဓိကဘုရားလောင်း)ဟုဗျာဒိတ်ပေးပြီး (၁၆)သချေင်္နှင် ကမ္ဘာတစ်သိန်းပါရမီဖြည့်ရ၏။

နောင်ပွင့်လတ္တံသောအရိမေတ္တယျမြတ်စွာဘုရားသည် ဘုရားလောင်းဘဝက (၁၆)သင်္ချေ နှင့်ကမ္ဘာတစ်သိန်း ပါရမီဖြည့်ခဲ့ ရသည့် ဝီရိယဓိကဘုရားလောင်းဖြစ်သည်။ ဂေါတမမြတ်စွာဘုရားလက်ထက််မှာ အဇိတဟူ၍ မထင်မရှားရဟန်းဖြစ်ခဲ့သည်။ ထိုအဇိကရဟန်းသည် ဗိမ္မိသာရ၏မြေးဖြစ်ပြီးအဇာတသတ်မင်း၏ သားတော် ဖြစ်သည်။


ဒုက္ခစရိယာ(၆)နှစ်ကျင့်ရခြင်း၏အကြောင်းအရင်း
ဂေါတမမြတ်စွာဘုရားလောင်းသည် ဒီပင်္ကရာမြတ်စွာဘုရား ထံမှဗျာဒိတ်ရရှိခဲ့သော်လည်း ဒုက္ကရ စရိယာ (၆)နှစ် ဟူ၍မပါ ရှိသေးပေ။ ပါရမီဖြည့်စဉ် (၄)သင်္ချေနှင့်ကမ္ဘာတစ်သိန်း ပြည့်နေပြီဖြစ်သည့် ယခုဘဒ္ဒါကမ္ဘာတွင် ဂေါတမဘုရားမတိုင်မီ ကဿပမြတ်စွာဘုရားပွင့်ခဲ့သည်။

ဂေါတမဘုရားဖြစ်မည့်ဘုရားလောင်းဇောတိပါလပုဏ္ဏား လုလင်သည် ကဿပမြတ်စွာဘုရားကို ဤ ဦးပြည်းကတုံး ရဟန်း အဖို့ရာ သဗ္ဗညုတရွှေဉာဏ်တော်သည်အဘယ်မှာဖြစ်နိုင်အံ့နည်း။ (သဗ္ဗညုတ ရွှေဉာဏ်တော်ဟူသည်မှာ အလွန်တရာရခဲသောတရားဖြစ်သည်) ဟုနှုတ်ဖြင့်ပစ်မှား ဝေဖန် ပြောကြား ခဲဖူးသည်။

(၂၈)ဆူသော ဘုရားများအနက် အခြားဘုရားများမှာရက် (သို့မဟုတ်) လသာကြာခဲ့ပြီး ဂေါတမမြတ်စွာဘုရားလောင်းမှာ ထိုမကောင်းမှုဝစီပေါက်ဝဋ်တော်လိုက်မှုကြောင့်ထူးထူးခြားခြား ဒုက္ကရစရိယာ (၆)နှစ်ကြာအောင်ကျင့်တော်မူရခြင်းဖြစ်သည်။


ဂေါတမမြတ်စွာဘုရားသက်တော်(၈၀)ဖြစ်ရခြင်း
မြတ်စွာဘုရားတို့မည်သည် လူတို့သက်တမ်းအပြည့်နေရိုးမရှိ။ လူတို့သက်တမ်း(၁၀၀)နှစ်၏ ၅ပုံလျှင်၄ပုံ (၈၀)နှစ် သာတည်တော်မူသည်။ ထို့ကြောင့်ဂေါတမမြတ်စွာဘုရားသည်(၈၀)နှစ်ဖြင့် ပရိနိဗ္ဗာန်ပြုခဲ့သည်။




Tuesday, September 4, 2007

ကျိုက်ပတိုင်ရွာက ကိုးနဝင်းအေးစေတီ

ပဲခူးမြို့နဲ့ ခြောက်မိုင် ခုနစ်မိုင်လောက်မှာရှိတဲ့ (ပဲခူးစစ်တောင်းတူးမြောင်းဘေးက) ရွာလေးပါ။ ပဲခူးကနေ သနပ်ပင်အထိကားနဲ့သွား အဲဒီကနေ မော်တော်အသေးလေးစီးသွားရင် လေးဆယ့်ငါးမိနစ် တနာရီပျော့ပျော့လောက် သွားရင်ရောက်ပါတယ်။ ဒါမှမဟုတ် ပွင့်လင်းရာသီဆိုရင် ပဲခူးရွှေမော်ဓေါဘုရားကြီး ခြေရင်း (ပဲခူးရန်ကုန် ကားတွေရပ်တဲ့ဂိတ်ပေါ့) ကနေ ဆိုင်ကယ်ကယ်ရီ စီးသွားရင် မိနစ်နှစ်ဆယ်လောက်ဆို ကျိုက်ပတိုင်ရွာကြီးကို ရောက်ပါတယ်။ အဲဒီကနေ တူးမြောင်းကို ကူးတို့နဲ့ ကူးပြီး ကျိုက်ပတိုင် ရွာလေးကို သွားရတာပါ။ ဘုရားက ရွာလေးမှာပါ။ ကျိုက်ပတိုင် ရွာကြီးနဲ့ ရွာလေးကို ပဲခူးစစ်တောင်းတူးမြောင်းက ခြားထားပါတယ်။ အသက်မွေးဝမ်းကြောင်းအဖြစ် လယ်ယာစိုက်ပျိုးရေး၊ ငါးဖမ်းခြင်း၊ ဘဲမွေး ဘဲဥရောင်းခြင်း၊ ပဲခူး ဆေးလိပ်ခုံများမှ ဆေးလိပ်ယူလိပ်ခြင်း တို့လုပ်ကိုင်ကြပါတယ်။
ကိုးတောင်ပြည့်ဘုရားလေးက ပဲခူးစစ်တောင်း တူးမြောင်းကနေ လယ်တွေထဲရေပေးတဲ့ ချောင်းရိုးလေး ကမ်းပါးမှာပါ။ အဲဒီအတိုင်း မော်တော်နဲ့သွားရင် နိဗ္ဗန်တို့ ခမဲပြင်တို့ရောက်ပါတယ်။ ဘုရားကုန်းဟာ တစ်ချိန်က ဆင်ဖြူမွေးဖွားခဲ့ရာ အောင်မြေတစ်ခုလို့ မှတ်သားဖူးပါတယ်။ (သမိုင်းအထောက်အထား အခိုင်အမာတော့ မတွေ့ဖူးပါ) အထက်လမ်းစဉ်လိုက်တဲ့ ပုဂ္ဂိုလ်ကြီးတစ်ဦး တည်ထားခဲ့တာပါ။ အခုနောက်ပိုင်း သားတပည့်အစဉ်အဆက် ဆက်လက်ပြီး လှူတန်းသာသနာပြကြလို့ အခုဆို ဘုရားဆင်းတုတော်တွေ၊ ရဟန္တာပုံတော်တွေ၊ အခြားပုဂ္ဂိုတွေရဲ့ ရုပ်ထုတွေနဲ့ တော်တော်လေးကို စုံစုံလင်လင်နဲ့ ဖြစ်နေပါပြီ။


ဘုရားရဲ့ထောင့်လေးထောင့်မှာ တန်ဆောင်းတွေ ဆောက်လုပ်ထားတယ်။ အနောက်ဖက်က တန်ဆောင်း နဲ့ဆက်ရက် နဝင်းနှစ်ထပ် ဇရပ်လေးရှိပါတယ်။ အတွင်းက အုတ်ကာထားတဲ့ အပိုင်းက ကိုးပေပတ်လည်ပါ။ အပြင်ဖက်က ဆယ့်ရှစ်ပေပတ်လည်ပါ။ နဝင်းကိုက်အောင် ဆောက်လုပ်ထားတာလို့ မှတ်သားဖူးပါတယ်။။





အောက်ကပုံက ဘုရားဘေးက ရွာရဲ့သောက်ရေကန်ကြီးပါ။ မိုးတွင်းမှာ စဉ့်အိုးကြီတွေနဲ့ မိုးရေကိုခံပြီး စုဆောင်းသုံးစွဲကြပေမဲ့ နွေရာသီ မှာတော့ သောက်ရေသုံးရေအတွက်ရွာတောင်ပိုင်းကလူတွေ အားထားသုံးစွဲရတဲ့ကန်ကြီးပေါ့။


















ဘုရားဝင်းထဲမှာ နဂါရုံးဘုရား နဲ့ မတ်တပ်ဆင်းတုနှစ်ဆူရှိတယ်။ ရဟန္တာရုပ်တုတွေ (အရှင်သာရိပုတ္တရာ၊ အရှင်မဟာမောဂ္ဂလာန်၊ အရှင်ဗာကုလ၊ အရှင်သီဝလိနဲ့ အရှင်ဥပဂုတ္တ) လည်းရှိတယ်။ နောက်ဆုံးတည်ထားတာက နှစ်ကျိပ်ရှစ်ဆူဘုရားတွေပါ။ နဂါးရုံဘုရားနဲ့ ရဟန္တာတွေရဲ့အနောက်ဖက်လေးမှာ ကိုးပေ ဆယ်ခန်းကျောင်းဆောင်နဲ့တည်ထားတာပါ။





























ရဟန္တာရုပ်တုတွေ (အရှင်သာရိပုတ္တရာ၊ အရှင်မဟာမောဂ္ဂလာန်၊ အရှင်ဗာကုလ၊ အရှင်သီဝလိနဲ့ အရှင်ဥပဂုတ္တ) လည်းရှိတယ်








































Tuesday, May 15, 2007

ငယ်ငယ်တုန်းကသူငယ်ချင်းများ

ခန်းမထဲကို ကိုယ်ရောက်တော့ ရှစ်နာရီခွဲတော့မယ်။ ညစာစားပွဲက ခုနစ်နာရီကတည်းက စနေတာလေ။ ကိုယ်က သူငယ်ချင်းနှစ်ယောက်နဲ့ ရုပ်ရှင်ကြည့်ပြီး ညစာစား ပြီးတော့ အိမ်ပြန်ရေမိုးချိုး ပြီးမှထွက်လာတာ။ အထွက်မှာ မိုးတွေရွာနေတော့ မသွားတော့ဘူးလားလို့တောင် စိတ်ကူးမိသေး။ ဒါပေမဲ့ ငယ်သူငယ်ချင်း အရင်းခေါက်ခေါက်ကြီးရဲ့ မင်္ဂလာညစာစားပွဲလေ။ 
.
ကိုယ်ကဝင်အလာမှာ သူတို့နှစ်ယောက်ကဘူးဖေးဟင်းလာခပ်ရင်းဆုံတယ်။ မီသောင်းက ဟိုမှာထွန်းခိုင် လာပြီဆိုတော့ သူ့ဘေးက အမျိုးသမီးနောက်တစ်ယောက်က ခပ်သွက်သွက် ကိုယ့်ရှေ့ရောက်လာရင်း အကောင်.... ငါ့ကိုသိလားတဲ့ ပြုံးစိစိနဲ့မေးပါလေလော။ ငယ်ရုပ်မပျောက်တဲ့အပြင် စကားပြောတာကလဲ ငယ်ငယ်ကလိုပဲ ဒေါင့်မကျိုး။ ကိုယ်က အားပါးတရပြုံးပြီး အရှည်ကြီးလို့ပြောတော့ ...သူမက ဝမ်းသာအားရ ပြေးဖက်ရင်း ဟယ်..သောက်ကောင်ရယ် နင်ငါ့ကို မှတ်မိသေးတယ်။ ဝမ်းသာလိုက်တာဟယ်...တဲ့။ ဘယ်လောက်များ ချစ်စရာကောင်းလိုက်ပါသလဲ။ 
.
သူ့ကို မတွေ့တာ ဆယ့်ငါးနှစ်လောက်ရှိရောပေါ့။ ကြားထဲမှာ အဆက်အသွယ်လဲမရှိ။ အခြားသူငယ်ချင်းများနဲ့ သူကြုံတောင့်ကြုံခဲ မြန်မာပြည်ပြန်လာချိန်မှာ ဆုံကြတယ်လို့ ကြားသိရပေမဲ့ အကြောင်းကြောင်းကြောင့် ကိုယ်နဲ့တစ်ခါမှ မဆုံဖြစ်။ သူကအခု လန်ဒန်မှာနေတာ။ အီတာလီယန်တစ်ယောက်နဲ့အကြောင်းပါပြီး ကလေးတစ်ယောက်ရနေပြီ။ နေ့လည်က မင်္ဂလာဧည့်ခံပွဲကတည်းက တခြားသူငယ်ချင်းတွေနဲ့ အုံးအုံးကျွက်ကျွက် ပြောကြဆိုကြ မေးကြမြန်းကြ လုပ်ပြီးပြီ။ သူက နေ့လည်ကမလာနိုင်လို့ အခုညစာစားပွဲမှရောက်လာတာ။ ဒါနဲ့စားပွဲဝိုင်းမှာထိုင်ကြတော့ သူက ငါ့နဲ့စကားလာပြောဆိုလို့ သူ့ဘေးမှာထိုင်ရင်း စကားတွေအများကြီး ပြောဖြစ်ကြတယ်။ 
.
ဟိုး စိန့်အော်ဂက်စ်တင်းကျောင်းမှာ ခြောက်တန်းလောက်ကတည်းက သူငယ်ချင်းတွေ။ ဟိုရောက် ဒီရောက် တစ်ယောက်တကွဲဆီဖြစ်နေကြတာ။ အခုဆုံကြတာတောင် ဆယ်ယောက်မပြည့်တော့ဘူး။ ဆယ်နာရီလောက်ကျတော့ သူငယ်ချင်းအားလုံးကပြန်ကြဖို့ သတို့သားကို နှုတ်ဆက်ကြတော့ မပြန်ရဘူးတဲ့ အားလုံးသူနဲ့ကပြီးမှ ပြန်ကြမယ်တဲ့။ (အဲဒီအကောင်က ကိုယ်တိုင်လဲ ကီးဘုတ်တီးတယ် ကာရာအိုကေဆိုတာတို့ ကလပ်မှာသွားကတာတို့ အရမ်းဝါသနာကြီးတာ။) ဒါနဲ့ ခန်းမအရှေ့ပိုင်းက Dancing floor ဖြစ်သွားတယ်။ သူကြိုစီစဉ်ထားပုံရတယ်။ DJ တွေ Mixer တွေနဲ့။ ကိုယ်တို့ ငယ်သူငယ်ချင်းတွေအားလုံးထွက်ကကြပေါ့။ တခြားဧည့်သည်များက ဘယ်လိုဟာတွေပါလိမ့်ဆိုတဲ့ အကြည့်တွေနဲ့ ငေးလို့ .......... ငယ်ငယ်တုန်းကက အရမ်းခင်ကြတဲ့သူငယ်ချင်းတွေပါဗျာ။

Sunday, May 6, 2007

စွဲစွဲမြဲမြဲ

Gold Stain ရဲ့ Meditation အကြောင်းစာအုပ်တစ်အုပ်ထဲမှာ ဖတ်ခဲ့ဖူးတယ်။ ရွာသားတွေ မျောက်ထောင် ဖမ်းတဲ့နည်းပါ။ အုန်းသီးကို မျောက်ရဲ့ လက်လျှိုသွင်းပြီး နှိုက်လို့ရအောင် အပေါက်ဖောက်တယ်။ ပြီးတော့ အထဲမှာ မျောက်ကြိုက်မဲ့ သကြားခဲလိုဟာတွေထည့်ထားတယ်။ အဲဒီအုန်းသီးတွေကို မျောက်တွေလာတတ်တဲ့ နေရာတွေမှာ ချထားသတဲ့။ မျောက်တွေရောက်လာတဲ့အခါ အုန်းသီးထဲ လက်နှိုက်သွင်း သကြားခဲကို ဆုပ်ကိုင် ပြီး လက်ကို ပြန်ထုတ်ဖို့ ကြိုးစားသတဲ့။ သကြားခဲတွေကို အတင်းဆုပ်ထားတော့ လက်ကပြန်ထုတ်လို့မရပဲ တန်းလန်းကြီးဖြစ်နေပါရော။ ဒီလိုနဲ့ ရွာသားတွေ လာဖမ်းတဲ့အထိ မျောက်က သကြားခဲကို ပြန်မလွှတ်ဖူး။ အဲဒီတော့ အဖမ်းခံကြရတာပေါ့။ 
.
စာရေးသူက ၀ိပသာတရားအားထုတ်ခြင်းနဲ့ စပ်လျဉ်းပြီး ပေးထားတဲ့ ဥပမာလေးတစ်ခုပါ။ ဒါပေမဲ့ နေ့စဉ် လူ့ဘဝထဲမှာလဲ သုံးတတ်မယ်ဆိုရင် အများကြီး အပ်စပ်အသုံးတည့်ပါတယ်။ ဒီမျောက်ဥပမာလေးကို ကိုယ့်ရဲ့အဖြစ်နဲ့ ယှဉ်ပြီးတွေးကြည့်နေမိတယ်။ ဘယ်လိုမှမဖြစ်နိုင်တော့တဲ့ ရှေ့ဆက်လို့ မရတော့တဲ့၊ နှစ်ဦးနှစ်ဖက်စလုံးအတွက် အကျိုးမဲ့စေတဲ့ အခြေအနေတစ်ခုကို ရောက်လာပြီဆိုပါတော့ဗျာ။ အဲဒီလို အချိန်မှာ ကိုယ်ဟာ သကြားခဲကို လွှတ်ပြီး အုန်းသီးထဲက လက်ကို ပြန်ထုတ်လို့ နောက်မဆုတ်သင့် ဘူးလား။ စွဲစွဲမြဲမြဲရှိသင့်တာပေါ့တဲ့။ ယူ့စိတ်ကအပြောင်းအလဲမြန်တယ်တဲ့။ ကိုယ့်ရဲ့စိတ်တွေအပြောင်းအလဲရှိခဲ့တာတွေကို ကိုယ်လက်ခံပါတယ်။ ဒါပေမဲ့ ဒီစွဲစွဲမြဲမြဲဆိုတဲ့ အကြောင်းလေးကို စဉ်းစားနေမိတာပါ။ 
.
ကိုယ့်ဘာသာ စိတ်ဒုက္စတွေကို ရင်ဝယ်ပိုက်လို့ ကိုယ်လဲ စိတ်မချမ်းသာ တစ်ဖက်သားလဲ စိတ်အနှောင့်အယှက်ဖြစ်ရ... ကိုယ် ကိုယ်ကို ပျက်စီးရာပျက်စီးကြောင်းရောက်သည်အထိ တွန်းပို့သင့်သလား။ မှားနေပြီ၊ မသင့်တော်တော့ဘူး၊ တရားသဖြင့်မဟုတ်တော့ဘူးလို့ တကယ်ကို စိတ်ထဲက သဘောပေါက်လိုက်လို့ ပြောင်းလဲလိုက်တာကို စွဲစွဲမြဲမြဲမရှိဘူး စိတ်ဓါတ်မခိုင်မာဘူး၊ ကိုယ်ယုံကြည်ရာကို ဆုံးသည်အထိ ခံယူရပ်တည် နိုင်စွမ်းမရှိဘူးဆို့ပြောကြမှာလား။ ဆရာသော်တာဆွေရဲ့ စာလေးတစ်ပုဒ်ကို သွားသတိရမိတယ်။ မှန်ကန်ခြင်းနဲ့ ရဲရင့်ခြင်းဟာ တိုက်ရိုက်အချိုးက ဆက်သွယ်နေတယ်။ မှန်ကန်တယ် တရားမျှတတယ်လို့ ကိုယ့်စိတ်က တကယ်ယုံကြည်နေမှ ရဲရဲရင့်ရင့်နဲ့ ရပ်တည်ဆောင်ရွက်နိုင်လိမ့်မယ်လေ။