Monday, October 22, 2007

Online MBA (Myanmar)

ပထမဦးဆုံးအနေနဲ့ မြန်မာနိုင်ငံမှာ စီမံခန့်ခွဲမှုဘာသာရပ်နဲ့ပတ်သက်ရင် ဘွဲလွန် ဒီပလိုမာအဖြစ် D.M.A ကိုသာ ဖွင့်လှစ်သင်ကြားခဲ့ပါတယ်။ အစောပိုင်းကာလမှာ အစိုးရရုံးများက အရာရှိများသာအများစု တက်ရောက်ခွင့်ရခဲ့ပါတယ်။ နောက်ပိုင်မှာတော့ private sector ကိုပါ တက်ရောက်သင်ကြားခွင့်ပေးခဲ့ပါတယ်။ နောက်တဆင့်အနေနဲ့ MBA သင်တန်းများကို ုဖွင့်လှစ်သင်ကြားပါတယ်။ တစ်နေ့လုံးတက်ရတဲ့ သင်တန်းမျိုးဖြစ်ပြီး ၂နှစ်အချိန်ပေးရမှာမို့ အလုပ်ခွင်မ ှသူများအတွက် အခွင့်မသာခဲ့ပါဘူး။

အဲဒီကွက်လပ်ကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် Executive MBA ဆိုပြီး ညနေပိုင်း အချိန်ပိုင်း ၂နှစ်သင်တန်းကို ထပ်မံဖွင့်လှစ်ခဲ့ပါတယ်။ အသက်၃ဝအထက် မန််နေဂျာနှင့်အထက် အဆင့် လုပ်သက်အနည်းဆုံး ၈နှစ် နဲ့ အသိမှတ်ပြုတက္ကသိုလ်တစ်ခုခုက ဘွဲတစ်ခုရထားရပါမယ်။ ဒါအပြင် ဝင်ခွင့်စာမေးပွဲနဲ့ လူတွေ့စစ်ဆေးမှု ကို အောင်မြင်ပါမှ တက်ခွင့်ရမှာပါ။ အခုဆိုရင် Day MBA 13 တန်း နဲ့ EMBA 6 တန်းရှိခဲ့ပါပြီ။

စီးပွားရေးတက္ကသိုလ် စီမံခန့်ခွဲမှုဌာနက နိုဝင်ဘာလမှာ online MBA course ကို စတင်ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်။ Online ကနေ MBA Course များကို သင်ယူခွင့်ရစေမဲ့ Online MBA သင်တန်းဖြစ်ပါတယ်။ နည်းပညာအထောက်အကူပေးတာကတော့ MIT company ဖြစ်ပါတယ်။

အသက် ၂၅နှစ်နဲ့အထက်၊ ဘွဲတစ်ခုရပြီး Executive Level working experience ၅နှစ်ရှိရပါမယ်။ ဝင်ခွင့်စာမေးပွဲတော့ မရှိပါဘူး။ Online ကနေလျှောက်ထားရမှာပါ။



သင်ကြားမှုအနေနဲ့ online lectures and seminars များကို အများဆုံး အုံးပြုသွားမယ်လို့ဆိုပါတယ်။ လေးလံနှေးကွေးနေတဲ့ မြန်မာပြည် အင်တာနက်ကြီးနဲ့ ဘယ်လိုများ သင်ကြားကြမယ်တော့ မသိပါဘူး။ စာသင်သားအနေနဲ့ သက်ဆိုင်ရာဘာသာရပ်နဲ့ပတ်သက်တဲ့ assignment များကို လုပ်ပြီး submitလုပ်ရပါမယ်။ စာမေးပွဲအတွက် exam request form နဲ့ လျှောက်ထားပြီးတဲ့နောက် နှစ်ပတ်အကြာမှာ ယင်းဘာသာရပ်အတွက် စာမေးပွဲလာဖြေရပါမယ်။ (လောလောဆယ်တော့ ပတ္တမြားဆောင်မှာပါပဲ)။

ွှTution Fees အနေနဲ့ တစ်ဘာသာကို K 50,000 စာမေးပွဲကြေးက K 15,000 စုစုပေါင်း 65,000 ပါ။ စုစုပေါင်း 24 Subjects ဆိုတော့ K 1,560,000ပါ။ ဒါ့အပြင် Annual Fees တစ်နှစ်ကို K 50,000 နဲ့ ၂နှစ်ဆိုတော့ တစ်သိန်း အားလုံးပေါင်းလိုက်ရင် ၁ရသိန်း လောက်ကုန်ကျမှာဖြစ်ပါတယ်။ (စာအုပ်ဖိုးဆိုတာကို ထည့်မတွက်ထားသေးပါဘူး။ စာအုပ်ဖိုးအနေနဲ့ ပျမ်းမျှ တစ်ဘာသာတစ်သောင်း နဲ့ ၂၄ ဘာသာဆိုတော့ နှစ်သိန်းလေးသောင်းပါ။)

ညနေပိုင်း သင်တန်းလာတက်ဖို့တောင် အချိန်မပေးနိုင်တဲ့သူများအတွက် အဆင်ပြေတဲ့ Course တစ်ခုဖြစ်လာမှာပါ။ ကုန်ကျငွေကတော့ Day MBA, EMBA တို့ထက်ပိုများနေပါတယ်။ (MBA, EMBတို့ အတွက် အကြမ်းအားဖြင့် ၂နှစ်စာ ကျသင့်ငွေ ၅သိန်းခွဲလောက်ရှိပါတယ်။ ဖတ်စာအုပ်များကို ဘွဲ့ရပြီး မိမိ အသိ မိတ်ဆွေများထံမှ ငှားပြီး အသုံးပြုနိုင်မယ်ဆိုရင်တော့ ၂သိန်းလောက်သက်သာနိုင်ပါတယ်။ ဒါပေမဲ့ တစ်နှစ်နဲ့ တစ်နှစ် အသုံးပြုတဲ့ဖတ်စာအုပ်မတူပဲပြောင်းလဲသွားတတ်ပါတယ်။ New Edition ထွက်တယ်ဆိုရင် အချို့ ဆရာ ဆရာမများက အသစ်ကို ကိုင်ပြီး သင်တတ်ပါတယ်။)

မန်နေဂျာများ Executive များအတွက် ရည်ရွယ်တဲ့ EMBA Course ကတော့ ထိရောက်အောင်မြင်တယ်လို့ ဆိုနိုင်ပါတယ်။ အခု Online MBA Course က ဘယ်လိုဖြစ်လာဦးမယ်ဆိုတာတော့ စောင့်ကြည်ရဦးမှာပါ။ အသေးစိတ်အချက်အလက်များကို တော ့ www.elearning.edu.mm မှာ သွားရောက်ကြည့်ရှု နိုင်ပါတယ်။


ကျွန်တော့သူငယ်ချင်းပြောဖူးသလိုပါပဲ MBA Course ဆိုတာမျိုးက ကိုယ့်ရေပုံး ကိုယ်ယူလာပြီး ကိုယ့်ဘာသာ အားထုတ်ပြိး ရေခပ်ထည့်ရမှာပါ။ တစ်ချို့က MBA သာလာတက်တယ် ရေပုံးပါမလားဘူး။ တစ်ချို့ကြတော့ ဆရာဆရာမတွေ ခပ်ထည့်ပေးမယ်ထင်ပြိး ကိုယ့်ဘာသာ ရေမခပ်ကြဘူး။ အနည်းစုသောသူများသာ အပတ်တကုတ်နဲ့ကြိုစားပြီး ကိုယ့်ရေပုံးထဲ ကိုယ့်ဘာသာရေခပ်ထည့်ကြတယ်။ အဲဒီတော့ ၂နှစ်သာပြီးသွားတယ် ကိုယ့်ရေပုံးထဲမှာ ရေမရသွားတဲ့သူတွေအများကြီးပဲ။ ဒီအချက်ကတော့ ကျောင်းမှာ အတန်းလာတက်တာ ပဲဖြစ်ဖြစ် Online ကသင်တာပဲဖြစ်ဖြစ် အတူတူပဲဖြစ်မယ်လို့ထင်ပါတယ်။

Thursday, October 18, 2007

Programming Competition

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းအနေနဲ့ ကျင်းပတဲ့ ပြိုင်ပွဲလေးပါ။ IT လောကကလူငယ်တွေ programmer တွေအတွက် activity လးတစ်ခုအနေနဲ့လုပ်ပေးတာပါ။ ပြိုင်ပွဲအမျိုးအစားက ဒီနှစ်မှာ နှစ်မျိုးလုပ်တယ်။ windows application development နဲ့ web application development. ဆုကြေးကလည်း သိပ်များလှတယ်တော့မဟုတ်ပါဘူး။ ပထမ သုံးသိန်း၊ ဒုတိယ နှစ်သိန်း၊ တတိယ တစ်သိန်း၊ နှစ်သိမ့်ဆုရှိခဲ့ရင် ငါးသောင်း တစ်ခုပေးမယ်။ ဂိမ်းပြိုင်ပွဲတွေလောက်တောင်မပေးနိုင်ပါဘူး။

ဒီနှစ်တော့ web နဲ့ windows ကို မေးခွန်းတစ်ခုတည်းမေးလိုက်တယ်။ Hotel Management System ထဲက Reservationအပိုင်းကိုပါ။ ပြိုင်တဲ့ အဖွဲ့တစ်ဖွဲ့ကို programmer နှစ်ယောက်ပါတယ်။ တစ်ရက်စာ (၈နာရီ)အချိန်ပေးပါတယ်။

အဲ ... ဒါတွေထားပါတော့။ ပြောချင်တာက ဒါတွေမဟုတ်ဘူး။ မနေ့က သူတို့လေးတွေ ရေးသွားတဲ့ program တွေကို ဆုပေးဖို့ အကဲဖြတ်ရင်း တွေ့တဲ့ အချက်လေးတွေပါ။

၁) ဘယ်ဟာ အရေးကြီးတယ်ဆိုတာကို မခွဲတတ်ကြဘူး။ ဒါကြောင့် ရေးသင့်တာတွေ ပြီးသင့်တာတွေ ပြီးမသွားကြဘူး။ Priority ပါ့ဗျာ။

၂) Time management - အချိန်ကို manage မလုပ်တတ်ကြဘူး။ တစ်ချို့အဖွဲ့တွေဆို (သူတို့ဖြေကြတဲ့နေ့က) ကျွန်တော် အခန်းစောင့်ရင်း ကြည့်မိတယ်။) နေ့လည် ၁၂နာရီရှိနေပြီ သုံးပုံ တစ်ပုံလောက်တောင် မပြီးချင်ဘူး။ အဲဒီလိုမပြီးဘူး နောက်ကျနေပြီဆိုတာလဲ့ သူတွေတတွေ သိကြပုံမပေါ်ဘူး။ Time slip ဖြစ်ရင် project delay ဖြစ်ရင် ဘယ်လို action ယူမယ်ဆိုတာမျိုးကို တွေးမထားကြဘူး။

၃) Team work and coorperation - တစ်ချိုု့အဖွဲ့တွေမှာ ပါတဲ့ နှစ်ယောက်လုံးက ကိုယ်သန်ရာ စိတ်ထင်ရာ စိုက်ပြိးရေးနေကြတယ်။ တိုင်တိုင်မင်မင် planချပြီးလုပ်တာမျိုးမရှိသလိုပဲ။ မေးခွန်းပေးပြီးခဏပဲ ပြောကြဆိုကြတယ်။ ပြီးတော့ ကိုယ်ဘာသာလုပ်နေကြသလိုပဲ။ Team effect မရဘူး ဖြစ်နေတယ်။

၄) Programming is jsut a tools - လုပ်ရမှာက ပြသနာကို ဖြေရှင်းပေးဖို့၊ user လိုချင်တာကို ရေးပေးဖို့။ တစ်ချို့တွေလုပ်နေကြတာက ဒါတွေပြီးမြောက်ဖို့ထက် technology ကို ပိုပြီးဦးစားပေးနေတယ်။ တစ်ဖွဲ့ဆို C# နဲ့ Class တွေကို ရေးတဲ့ဆီမှာ နစ်နေတယ်။ တစ်ဖွဲဆို Source Safe ကို တစ်ခန်းတနားသုံးနေတယ်။ (ရေးတာကမှ နှစ်ယောက်ထဲ) ပေါ့စေလိုလို့ ကြောင်ရုပ်ထိုးကာမှ ဆေးကြောင့်ပိုလေး ဆိုသလို technology ကို လိုတာထက် ပိုပြီး အာရုံစိုက်မှုကြောင့် လုပ်သင့်တဲ့ ပြီးသင့်တဲ့ အလုပ်တွေ ပြီးမသွားတာမျိုးတော့ မဖြစ်သင့်ဘူးပေါ့။

ဒါတောင့် General ပဲပြောထားတာ။ Programming specific ပြောမယ်ဆိုရင် ပြောစရာတွေ အများကြီးကျန်သေးတယ်။

Tuesday, October 16, 2007

EMBA Term Paper

အခုအချိန်မှာ EMBA သင်တန်းရဲ့ Term Paper အတွက် ဘာရေးရမလဲဆိုတာ စဉ်းစားနေပါတယ်။ အဓိကရွေးစရာနှစ်ခုရှိတယ်။ Business or Industry area တစ်ခုခုကိုရွေးပြီး လုပ်ငန်းတစ်ခုအကြောင်းကို အသေးစိတ်ရေး။ Comfar software နဲ့ အသေးစိတ် financial and accounting data တွေထည့် run ... တွေ့ရှိချက်တွေကို analysis လုပ် .... ဒါက ရွေးစရာတစ်ခုပေါ့။ အတန်းသားတော်တော်များများက ဒါကိုပဲရွေးကြတယ်။ ရေးရမဲ့ ပုံစံ Frame ကကြပြီးသားဖြစ်နေတာကိုး။

နောက်ထပ်ရွေးစရာတစ်ခုက Marketing ခါင်းစဉ်အောက်က Market Research, Survery, Consumer Behavior အဲဒါမျိုးတွေရွေးလို့ရတယ်။ ဒီအပိုင်းကိုက အတန်းသား လေးပုံတစ်ပုံလောက်ရွေးကြတယ်။ အပြင်လောကမှာ marketing field အောက်မှာ အလုပ်လုပ်နေသူတွေက ဒီအပိုင်းကို ရွေးကြတာများတယ်။

ကျန်တဲ့ အနည်းစု (သုံးလေးယောက်လောက်)က Organizational Design and Development, HR သို့မဟုတ် Business Ethics ကို ရွေးလေ့ရှိတယ်။ ဒါပေမဲ့ ဒီနှစ်မှာ Business Ethics ရေးလို့မရဘူး။ Supervise လုပ်ပေးမဲ့ ဒေါက်တာဒေါ်မိုးမိုးခိုင်က နယ်ပြောင်းရမှာမို့လို့။

ကိုယ်ရေးမဲ့ paper ကို ဘွဲ့တစ်ခုအတွက် တာဝန်ကျေ လုပ်လိုက်မဲ့အစား အခုကိုယ်လုပ်နေတဲ့ Field နဲ့ Organization အတွက် တစ်ခုခုအကျိုးရှိမှာမျိုးလေး လုပ်ချင်တယ်။ ကိုယ်တို့က software တွေရောင်းနေတာဆိုတော့ မြန်မာနိုင်ငံရဲ့ software စျေးကွက်အကြောင်းပေါ့။ အဲဒီမှာ ထပ်ပြီးအသေးစိတ်လိုက်ရင် post purchase evaluation, customer satisfaction ပေါ့။ အဲဒီအပိုင်းလေး လုပ်မလားလို့။

တစ်ချို့ အဖွဲ့အစည်းတွေ software ကို ဝယ်ပြီးတော့မှ အသုံးမပြုနိုင်ပဲ ရပ်သွားတာတွေရှိတယ်။ ဘယ်အချက်တွေက သူတို့လုပ်ငန်းမှာ computer software မသုံးနိုင်အောင် တားဆီးနေတာလဲ။

လူတွေက စီးပွားရေးအဖွဲ့အစည်းတွေက ဘာလို့ ကိုယ်တို့ဆီက software တွဝယ်လဲ။ ဘာတွေမျှော်လင့်လဲ။ သူ့တို့ အလုပ်ခွင်မှာ software ကို ဝယ်ပြီးနောက်ပိုင်း အောင်အောင် မြင်မြင် ဆက်သုံးသွားနိုင်ဖို့ ဘယ်လို အချက်တွေက ဘယ်လောက်အရေးပါလဲ အရေးပါသလဲ -

၁) software product ရဲ့ အသုံးပြုရလွယ်ကူမှု၊ ပါဝင်သော feature များ၊ အမှား ကင်းစင်မှု၊

၂) After sales service and maintenance - မြန်မာပြည်မှာက software ကို off the shelf ဝယ်လာပြီး တစ်ခါတည်း ကိုယ့်ဘာသာ သုံးနိုင်ဖို့ ခက်မယ်။ start up and running က စလို့ software ရာင်းတဲ့ အဖွဲ့အစည်းရဲ့ service and support အများကြီးလိုတယ်။

၃) ဝယ်သူဖက်က အချက်အလက်တွေ - ပိုင်ရှင် / Management ရဲ့ ပညာရေးအဆင့်အတန်း၊ IT Experience၊ မိမိလုပ်ငန်းရဲ့ requirement နဲ့ software အသုံးပြုမဲ့ scope and boundary ကို ပိုင်းဖြတ်နိုင်မှု၊ Software အသုံးပြုမဲ့ ကျွမ်းကျင်ဝန်ထမ်းများရဲ့ turnover rate

၄) လျှပ်စစ်မီးရရှိမှု၊ မီးပျက်ချိန်တွင် computer သုံးနိုင်အောင် စီစဉ်ထားနိုင်မှု

စသည်ဖြင့် အဓိကအချက် လေးငါးခုနဲ့ Questionaire လုပ်ပြီး ကိုယ့်ရဲ့ လက်ရှိ customer တွေကို survery ကောက်ကြည့်မယ်။ ဘယ်အချက်တွေထည့်မေးမယ် ဆိုတာတော့ အပြီးသတ်မလုပ်ရသေးဘူး။ ေတွေ့ရှိချက််လေးတွေနဲ့ analysis လုပ်မှာပေါ့။ Post purchase evaluation ပေါ်အခြေခံပြီး software house တစ်ခုအနေနဲ့ ဘယ်အချက်တွေကို ဘယ်လောက် ဂရုစိုက်ရမယ်ဆိုတာမျိုးလေး သိချင်လို့။

စာတမ်းကတော့ နိုဝင်ဘာအကုန်လောက်အပြီးတင်ရမှာလေ။

Tuesday, September 25, 2007

Iwo Jima

ပြီးခဲ့တဲ့ စနေက ရုံးမသွားဖြစ်ဘူး။ နှာတွေစီးပြီး ခေါင်းတွေအရမ်းကိုက်နေလို့ ဆေးသောက်ပြီး အိမ်မှာပဲနားနေဖြစ်တယ်။ မိုးတွေကလည်း တအားရွာနေတယ်လေ။ နေ့လည်ပိုင်းလောက်ကြတော့ နည်းနည်းသက်သာလာတော့ ပျင်းပျင်းရှိတာနဲ့ ဝယ်ထားပြီး မကြည့်ရသေးတဲ့ အခွေတွေကို လျှောက်ဖွနေမိတယ်။ ပြီးတော့ တစ်ခွေရွေးပြီး စကြည့်ဖြစ်တယ်။ Flag of our Fathers ဆိုတဲ့ စစ်ကားလေးပါ။ ကလင့်အိစဝုဒ်ရိုက်တဲ့ကားလေးပေါ့။ ဒုတိယ ကမ္ဘာစစ်ပြိးခါနီး အမေရိကန်က ဂျပန်ရဲ့ Home Islandတွေထဲက တစ်ခုကို စတိုက်တဲ့တိုက်ပွဲအကြောင်းပါ။ ဂျပန်ကျွန်းတွေကို ဝင်သိမ်းဖြစ်ခဲ့ရင် စစ်ရေးအရ အချက်အချာဖြစ်တဲ့ ဒီကျွန်းကို သိမ်းမှဖြစ်မှာလေ။

လေကြောင်းက အကြီးအကျယ်ဗုံးမိုးတွေရွာ ပြီးတော့ စစ်သင်္ဘောတွေပေါ်ကနေ လက်နက်ကြီးတွေနဲ့ စိန်ပြေနပြေ ပစ်ခတ်ပြီးမှ ကျွန်းပေါ်တက်သိမ်းကြတာပါ။ အမေရိကန်စစ်သားတွေရဲ့စိတ်ထဲမှာတော့ ဂျပန်တွေ စိစိညက်ညက်ကြေနေလောက်ပြေီပေါ့။ သူတို့မသိလိုက်တာက ကျွန်းရဲ့အမြင့်ပိုင်း စူရီဘာချီတောင်ပေါ်က တူးထားတဲ့ လှိုဏ်ဂူခံတပ်တွေထဲက သူတို့ကို ချိန်ရွယ်ထားတဲ့ လက်နက်ကြီးတွေနဲ့ အသင့်စောင့်ဆိုင်းနေတဲ့ ဂျပန်တပ်သားတွေပါပဲ။ ကမ်းခြေကို အမေရိကန်တပ်သားတွေ ဖွေးနေအောင်ရောက်လာပြီဆိုတဲ့ချိန်လောက်မှာ ဂျပန်က စတိုက်ပါတယ်။ အမေရိကန်တွေသေလိုက်ကြတာမှ သောက်သောက်လဲပဲ။

လေးရက်မြောက်မှာ စူနာဘာချီတောင်ကို တက်သိမ်းပြီး အလံစိုက်ပါတယ်။ အင်မတန် နံမည်ကြီးသွားတဲ့ ဓါတ်ပုံပေါ့။ ဒါပေမဲ့ ဒီအလံစိုက်နေတဲ့ပုံက ဒုတိယအကြိမ်ရိုက်ထားတာပါ။ ပထမစိုက်ခဲ့တဲ့အလံကို Navy Secretary ကအမှတ်တရလိုချင်တယ်ဆိုတာနဲ့ ဒုတိယအကြိမ်ပြန်စိုက်ရင်း ဓါတ်ပုံကိုပါဆင်ပြီးရိုက်လိုက်တာပါ။ ဒီဓါတ်ပုံဟာ အမေရိကားက သတင်းစာတွေမှာ မျက်နှာဖုံးမှာပါလာပါတယ်။ စစ်ဒါဏ်နဲ့ နွမ်းနယ် ငြီးငွေ့နေတဲ့ ပြည်သူကို တစ်ဖက်လှည့် နှစ်သိမ့်ပေးတာပါ။ အဲဒီကျွန်းကို ရက်လေးဆယ်လောက်တိုက်လိုက်ရပါတယ်။ အနုမြူဗုံးကြဲဖို့ ဆုံးဖြတ်ချက်ချတဲ့ အထဲမှာ ဒီတိုက်ပွဲကြောင့်လဲပါတယ်လို့ဆိုပါတယ်။ ဒီကျွန်းလေးကိုတောင် ဒီလောက်သိမ်းနေရရင် ဂျပန် ပင်မကျွန်းတွေကို တက်သိမ်းရင် ဘယ်လိုဖြစ်မယ်ဆိုတာ မမှန်းရဲတော့ဘူး။

ဒီဇာတ်ကားထဲမှာ အကြိုက်ဆုံးစကားလုံးက သူရဲကောင်းဆိုတာကို လိုအပ်တဲ့အချိန်မှာ ဖန်တီးယူရတယ်တဲ့ .... အလံစိုက်တဲ့ ဓါတ်ပုံမှာပါတဲ့ မသေပဲကျန်ခဲ့တဲ့ သုံးယောက်ကို အမေရိကား ပြန်ခေါ်ပြီး အကြီးအကျယ်ဂုဏ်ပြုပါတယ်။

တစ်ဖက်မှာလဲ စစ်စရိတ်တွေနဲ့ ငွေကျပ်တည်းနေတဲ့ အစိုးရပြေလည်စေကြောင်း အဲဒီသူရဲကောင်းသုံးယောက်ကို အရင်းပြုလို့ war bonds တေွရောင်းပါတယ်။ လုပ်သွားတဲ့အကွက်ကလေးတွေက တကယ်ကိုလှပါတယ်။ နိုင်ငံရေးလှည့်ကွက်ဆိုတာ အချိန်အခါ နေရာဒေသမရွေး ရှိပါလားဆိုတဲ့ အတွေးတစ်ခုပေါက်သွားတယ်။

Flag of our Fathers ကြည့်ပြီးတော့ တနင်္ဂနွေနေ့မှာ Letters from Iwo Jima ကို ဆက်ကြည့်ဖြစ်ပါတယ်။ ဒီအဖြစ်အပျက်ကိုပဲ ဂျပန်ဖက်ကပြန်ရိုက်ထားတာပါ။ ကျွန်းမှာတာဝန်ကျတဲ့ ဂျပန်ဗိုလ်ချုပ် Kuribayashi က ရောက်တဲ့နေ့မှာပဲ ကျွန်းကို လမ်းလျှောက်ပြီး လှည့်ပတ်ကြည့်ပါတယ်။ သဲသောင်ပြင်မှာ ကတုတ်ကျွင်းတူးနေတဲ့ အဖွဲ့ကို ရပ်ခိုင်းပါတယ်။ အမေရိကန်ကို ဒါလောက်နဲ့ ခုခံလို့မရဘူးတဲ့။ သူက အမေရိကားကိုလဲရောက်ဖူးတယ်။ အမေရိကန်တွေရဲ့ တိုးတက်နေတဲ့ Technology တွေကိုလဲသိတယ်လေ။ သုံးလေးရက် လျှောက်လေ့လာပြီး အမြင့်ပိုင်းဖြစ်တဲ့ စူနာဘာချီတောင်မှာ ကျောက်လှိုဏ်ဂူတွေထွင်းခိုင်းပြီး လက်နက်ကြီးတွေကို ရွှေ့တင်စေပါတယ်။ ဂျပန်ပြည်မက အကူအညီထပ်မရတော့ဘူး။ ရှိတဲ့လူ လက်နက်နဲ့ အမေရိကန်ကို အတတ်နိုင်ဆုံး အချိန်ဆွဲခုခံဖို့ဟာ သူ့ရဲ့ နောက်ဆုံးတာဝန်ပဲဆိုတာကို သဘောပေါက်ထားပုံရတယ်။ နောက်ဆုံး ရှိတဲ့ လက်နက် လူအင်အားနဲ့ ရက်လေးဆယ် ခုခံသွားတယ်။

အခုဒီအကြောင်းပြန်ရေးရင်းတွေးနေမိတာက ကျွန်တော်တို့ရဲ့ လက်ရှိအခြေအနေပါ။ ဂျပန်တွေ သေကုန်ရောပေါ့ဆိုတဲံ အတွေးနဲ့ ကမ်းတက်လာတဲ့ အမေရိကန်တွေကို လက်နက်ကြီးတွေနဲ့ အသင့် ချိန်ရွယ်ထားပြီး ကမ်းလုံးပြည့်အောင် ဂျပန်တွေစောင့်နေသလိုများ ဖြစ်နေသလားလို့ တွေးနေမိတယ်။ ရှစ်ဆယ့်ရှစ်ကတည်းက နေတောက်လျှောက် ကိုင်တွယ် ဖြေရှင်းလာတာဆိုတော့ စာလည်းတော်တော်တတ်နေပြီလေ။ ဒီဖက်ကလူတွေ ဟုတ်ပြီကွဆိုတဲ့ စိတ်နဲ့ တစ်ဖက်က ဆင်ထားတဲ့အကွက်ထဲဝင်သွားမှာကို အရမ်းစိုးရိမ်မိတယ်။

သူငယ်ချင်းတစ်ယောက်ပြောဖူးသလို ကျားထိုးတဲ့ဆီမှာလို နှစ်ကောင်စားပြီး ကင်းပေါက်ရိုက်သွားတယ် ဆိုတဲ့ အကွက်မျိုးများ ရှိနိုင်မလားလို့ အမျိုးမျိုး လှည့်တွေးနေမိတယ်။

Thursday, September 20, 2007

DVD ဇာတ်လမ်းတွဲတွေ

အခုရန်ကုန်မှာ ပေါက်ဖော်ကြီးတွေရဲ့ကျေးဇူးနဲ့ ဇတ်လမ်းတွဲအသစ်တွေကြည့်နေရတယ်။ တစ်ခွေ တစ်ထောင့်လေးရာ ထောင့်ငါးရာလောက်ဆိုတော့ ပစ်စလက်ခတ်ကို တန်ပါတယ်။ အခုတလော Series တွေပဲဝယ်ကြည့်ဖြစ်တယ်။ ဆက်တိုက်ကြည့်မိလို့ အိပ်ရေးတောင်အတော်ပျက်နေပြီ်။ ငှားကြည့်တဲ့ သူငယ်ချင်းတွေလဲ ဒီလိုပဲဖြစ်ကြတယ်။ :D ဝယ်ပြီးတော့ မြည်းရုံသာ မြည်းကြည့်ပြီး မကြည့်ရသေးတဲ့ဇာတ်လမ်းအတွဲတွေလဲအများကြီးပဲ။ 

  Hero - လူ့မျိုးရိုးဗီဇတွေတိုးတက်ပြောင်းလဲလာပြီး အရင်ကမရဘူးမရှိဘူးတဲ့ super power တွေရလာတဲ့ လူတစ်စုအကြောင်း.... လေထဲပျံနိုင်တဲ့ နေသန်၊ ဘယ်လိုဒဏ်ရာရရ Heal ပြန်ဖြစ်သွားတဲ့ cheer leader ကလဲရာ၊ အနာဂါတ်ကာလက အဖြစ်အပျက်တွေကို မသိစိတ်နဲ့ ပန်းချီတွေဆွဲတဲ့ပန်းချီဆရာ၊ ဒီလူစုအကြောင်းကို သုသေသနပြုတဲ့ အသတ်ခံလိုက်ရတဲ့ ပညာရှင်ဒေါက်တာကြီးနဲ့ သူ့အဖေအကြောင်းစုံစမ်းဖို့အမေရိကားရောက်လာတဲ့သူသား ...... စသည် စသည်ဖြင့် ဆက်တိုက်ဆက်တိုက် မထပဲကြည့်ချင်သွားလောက်အောင်ကို ဆွဲဆောင်နိုင်ပါတယ်။ 

 

  Prison Break 1, 2 - သေဒဏ်ကြနေတဲ့ အကိုကိုကယ်ဖို့ ရှာကြံအမှုလုပ်ပြီး ထောင်ထဲဝင်သွားတဲ့structural engineer လေး စကိုးဖီလ်း ၊ အမျိုးသမီး ဒုသမတ၊ ထောင်ဆရာဝန်မလေး၊ ထောင်မှူးကြီးနဲ့ သူ့ရဲ့လက်ထောက်၊ စကိုးဖီးလ်နဲ့အတူထောင်ဖောက်ပြေးကြမဲ့ ဘဝစုံက ထောင်သားတစ်စု ...... (စာတန်းမှန်တယ်) အခုထိ ဝယ်ကြည့်ခဲ့တဲ့ DVD ဇာတ်လမ်းတွဲတွေထဲမှာ ဒါကို အကြိုက်ဆုံးပဲ။ 

 

  Unit - Delta Forceလိုအထူးတပ်ဖွဲ့တစ်ခုရဲ့ ဆောင်ရွက်မှုတွေ (ဥပမာ လေယာဉ်ပြန်ပေးဆွဲတာကိုဝင်ကယ်တာ) ၊ သူတို့ရဲ့ မိသားစုဘဝတွေ .... (အင်္ဂလိပ်စာမထိုးဘူး) Season 1 ပဲရသေးတယ်။ Season 2 တစ်သုတ်ရန်ကုန်ကိုရောက်လာသေးတယ်တဲ့။ အခုတော့ ကုန်နေတယ်။ Criminal 

 

Criminal Minds - FBI ရဲ့ အဖွဲခွဲတစ်ခုဖြစ်တဲ့ BAU (Behavioral Analysis Unit)ရဲ့ အမှုလိုက်တဲ့ဇာတ်လမ်းတွေ၊ Crime Scene က သဲလွန်စတွေကိုကြည့်ပြီး အမှုကျူးလွန်သူတွေရဲ့ အမူအကျင့် စိတ်နေသဘောထားတွေကို Analysis လုပ်ပြီး လှုပ်ရှားဆောင်ရွက်ကြတာ။ Team Work နဲ့အလုပ်လုပ်တာသိပ်ကောင်းတယ်။ အလုပ်ခွဲဝေပုံ ပူးပေါင်းဆောင်ရွက်ကြပုံတွေ လက်တွေ့အလုပ်အတွက်တောင် အတုယူမိတာတွေရှိတယ်။ အရမ်းစိတ်ဝင်စားဖို့ကောင်းတယ် (တစ်ပိုင်းကို ဇာတ်လမ်းတစ်ခု ... ခွဲကြည့်လို့ရတယ်) (စာတန်းမှားတယ် - စာတန်းမပါတော့ အတော့်ကို နားစိုက်ထောင်ရတယ်။)  
Without Trace - FBI ရဲ့ လူပျောက်ရှာတဲ့အဖွဲ့ရဲ့ဇာတ်လမ်းတွေ (တစ်ပိုင်းကို ဇာတ်လမ်းတစ်ခု ... ခွဲကြည့်လို့ရတယ်) သူလဲ Criminal Minds လိုပဲ အဖွဲ့လိုက်အလုပ်လုပ်ကြပုံလေးကို လေ့လာာကြည့်လို့ရတယ်။ (စာတန်းမှန်တယ်)  
 
 
Supernaturals - ထူးထူးဆန်းဆန်း သေသွားတဲ့မိခင်နဲ့ ကျန်ခဲ့တဲ့ ညီအစ်ကိုနှစ်
ယောက် .... သရဲကားလိုလို လျှို့ဝှက်ဆန်းကြယ်လိုလို ...ဂမ္ဘီရလိုလို. (အင်္ဂလိပ်စာ မ
ထိုးဘူး) Amazonမှာ Second Season ကြော်ငြာထားပြီ။ အဲဒီမှာတွေ့ပြီးရင် မကြာခင်ပဲ ရန်ကုန်ကိုရောက်လာတာ သတိထားမိတယ်။ 
 
 
 ပေါက်ဖော်ကြီးတွေက အလုပ်လုပ်တာ သိပ်မြန်တာပဲ။ Lost 1, 2, 3 လေယာဉ်ပျက်ကျပြီး ကျွန်းတစ်ခုပေါ်ရောက်သွားတဲ့ မသေပဲကျန်ခဲ့တဲ့ခရီးသည်တွေ ..... လူတွေရဲ့အကြောင်းကို တော်တော်သရုပ်ဖော်နိုင်တဲ့ကားပဲ. (စာတန်းမှန်တယ်) 
 
 
 
  24 Hours 1 to 6 Seanson တစ်ခုကို ဇာတ်လမ်းတစ်ခု။ သူ့ကို တုပြီးရိုက်ထားတဲ့ တရုတ်ကား မြဝတီမှာ ပြဖူးတယ်။ Season1 ပဲကြည့်ရသေးတယ်။ လောလောဆယ်တော့ သူငယ်ချင်းတစ်ယောက်ဆီမှာရောက်နေတယ်။ (စာတန်းမှန်တယ်။)


Friday, September 7, 2007

နှစ်ကျိတ်ရှစ်ဆူ

ကျိုက်ပတိုင်းရွာလေး ကိုးနဝင်းအေးစေတီဝင်းထဲက နှစ်ကျိပ်ရှစ်ဆူဘုရားတွေပါ။ ပဲခူးမြို့က ပစ်တိုင်းထောင် ဒေါ်တင်ရီ မိသားစုက ဆောက်လုပ်လှူတန်းတဲ့ ကိုးပေးဆယ်ခန်းကျောင်းဆောင်ထဲမှာ စံပါယ်တော် မူနေကြ တာပါ။ ဘုရားတစ်ဆူခြင်းကတော့ ဓမ္မာ့မိတ်ဆွေ မိသားစုတွေ အသီးသီးက လှူတန်းထားကြတာပါ။ နောက်ခံ ဗနိုင်းနဲ့ ဘုရားသမိုင်းစာတွေက ကျွန်တော့်ရဲ့အလှူပါ။




































အဲဒီ ဗနိုင်းကားချပ်တွေပေါ်က စာသားတွေကို သိမ်းထားတဲ့သဘောနဲ့ ဒီမှာပဲတင်ထားလိုက်ပါတယ်။ ...............

မတူ (၈) မျိုး

မြတ်စွာဘုရားရှင်တို့သည်အလုံးစုံသောဘုန်းတန်ခိုးအာနုဘော် ကျေးဇူးတော်၊ဂုဏ်တော်တို့မှာ တစ်စုံတစ်ရာ ထူးထွေခြင်းမရှိ၊ ပကတိမခြား၊ အားလုံးအတူတူပင်ဖြစ်သည်။ ခေတ်၊အချိန်အခါ မတူ၍ကွဲပြားခြားနားသော မတူ(၈)မျိုးသာရှိသည်။ ၄င်းတို့မှာ-

၁။ အသက်တမ်းပမာ (အာယုဝေမတ္တ)

၂။ လုံးရပ်ပမာဏ (ပမာဏဝေမတ္တ)

၃။ အမျိုးအနွယ် (ကုလဝေမတ္တ)

၄။ တောထွက်သောအခါစီးသည့်ယာဉ် (ယာနုဝေမတ္တ)

၅။ ဗောဓိပင် (ဗောဓိဝမတ္တ)

၆။ ပလ္လင်တော်ပမာဏ (ပလ္လင်္ကဝေမတ္တ)

၇။ ဒုက္ကရစရိယာကျင့်ရာကာလ (ပဓာနဝေမတ္တ)

၈။ ရောင်ခြည်တော်ပမာဏ(ရသ္ဓိဝေမတ္တ)

ဤ(၈)မျိုးမှလွဲရင် ဗုဒ္ဓမြတ်စွာဘုရားကိုယ်တော်၏ လက္ခဏာတော်ကြီးငယ်အားလုံး အတူတူဖြစ်သလို ဟောကြားသော တရားအနှစ်သည်လည်း အတူတူပင်ဖြစ်သည်။သက်တမ်းတစ်သိန်းတန်းမှာ ပွင့်တော်မူသည့် ဗုဒ္ဓဟောကြားခဲ့သော တရားနှင် ့သက်တမ်းတစ်ရာမှာ ပွင့်ခဲ့ရသည့် ဂေါတမမြတ်စွာဘုရား ဟောကြားသော တရားအတူတူပင်ဖြစ်သည်။ အသက်တစ်သိန်းတန်း မှာပွင့်ခဲ့ရသောကြောင့်တစ်လမှာ တစ်ဂါထာ၊ တစ်နှစ်မှာ တစ်ဂါထာ ဟောခဲ့ရခြင်းရှိကောင်းရှိမည်။

ဂေါတမမြတ်စွာဘုရားမှာနှစ်တစ်ရာတန်း၊၀ါတော်မှာ(၄၅)၀ါ သာရှိသည့်အတွက် နှစ်တစ်သိန်းတန်းမှာ ပွင့်ခဲ့ရ သည့် မြတ်စွာဘုရားများ ဟောကြားခဲ့ရသည့် တရားအလုံးစုံပြီးပြည့်စုံအောင် နေ့နေ့ညည၊ ညဉ့်ဦး၊ ညဉ့်လယ်၊ အရုဏ်တက်စသည်ဖြင့် ခေတ္တခဏသာနားပြီး (၄၅)၀ါပတ်လုံး မနားမနေ ဟောကြားခဲ့ရသည်။


မဟာကပ်နှစ်မျိုး
၁။ သုညကပ်= သုညကမ္ဘာ (မြတ်စွာဘုရားမပွင့်သောကပ်)

သို့သော် ပစ္စေပဗုဒ္ဓါနှင့်စကြာမင်းတို့ဖြစ်ပေါ်နိုင်ကြောင်း

အပဒါန်ပါဠိတော်၊ပဌမဝဂ်၊ပါလိထေရသုတ်တို့၌ပါရှိ၏။

၂။ အသုညကပ် = အသုညကမ္ဘာ (မြတ်စွာဘုရားပွင့်တော်မူသောကပ်)

တစ်ဖန်မြတ်စွာဘုရားနှင့်တော်မူသောကပ်ပေါင်းငါးမျိုး ရှိပြန်သည်။

(က) ဘုရားတစ်ဆူပွင့်လျှင် - သာရကမ္ဘာ

(ခ) နှစ်ဆူပွင့်လျှင် - မဏ္ဍကမ္ဘာ

(ဂ) သုံးဆူပွင့်လျှင် - ဝရကမ္ဘာ

(ဃ) လေးဆူပွင့်လျှင် - သာရမဏ္ဍကမ္ဘာ

(င) ငါးဆူပွင့်လျှင် - ဘဒ္ဒကမ္ဘာ

ကပ်တစ်ကပ်၏အချိန်ကာလကိုသင်္ချာဂဏန်းဖြင့်ရေတွက်၍ မရနိုင်ပါ။ သို့သော်မှန်းဆ၍ကြည့်လိုလျှင် အလျား၊ အနံ၊ အမြင့် တစ်ယူဇနာစီရှိသောတိုက်ခန်း(ဂိုဒေါင်)ကြီးအတွင်း၌အလွန်သေးငယ် လှသော မုန်ညင်းဖြူစေ့တို့ကို အပြည့်ထည့်ထားပြီး အနှစ်တစ်ရာ ပြည့်လျှင်တစ်စေ့ယူ၍ပစ်။ ထိုဂိုဒေါင်ကြီးထဲမှမုန်ညင်းစေ့သာ ကုန်ဆုံး သွားမယ်။ကပ်တစ်ခုအချိန်ကာလတစ်ခုမကုန်ဆုံးသေးပါ။

မှန်းဆကြည့်ရန်-

တစ်ယူဇနာ = မိုင်ပေါင်း(၁၃)မိုင် (အယူအဆအမျိုးမျိုးရှိပါသည်)

ဂိုဒေါင်၏ထုထည် = 13 x 13 x 13 x (5280)3 x (12)3 cubic inches


မုန်ညင်းစေ့တစ်စေ့(ခန်မှန်း)အချင်းဝက် မ = 0.01 inch


ဘုရားလောင်း (၃)မျိုး
ဘုရားသုံးမျိုးမကွဲပြားပါ။ပါရမီဖြည့်ကျင့်ပုံချင်းမတူသောကြောင့် ဘုရားလောင်း (၃)မျိုးကွဲပြားရသည်။ ဗျာဒိတ် ရရန် အင်္ဂါ(၈)ပါး မပြည့်စုံမီအချိန်ကာလကိုအသင်္ချေနှင့်ပင်ရေတွက်၍မရနိုင်သည့် အတွက် ဘုရားဟော ကျမ်းစာမှာ လုံးဝမပါရှိပါ။ သို့သော်ဗျာဒိတ်ရခြင်းအင်္ဂါ (၈)ပါးပြီးပြည့်စုံချိန်မှာဘုရား တစ်ဆူက ၄င်း ဘုရားလောင်း၏ ဉာဏ်ရည် (ယခုခေတ်အခေါ် IQ = intelligent quotient)ကို ကြည့်ပြီး-

(၁) ပညာဉာဏ်ကိုအဓိကထားမည့် ဘုရားလောင်းအား
(ပညာဓိကဘုရားလောင်း)ဟုဗျာဒိတ်ပေးပြီး (၄)သချေင်္နှင့် ကမ္ဘာတစ်သိန်းပါရမီဖြည့်ရ၏။

(၂) ယုံကြည်ခြင်းသဒ္ဒါလွန်ကဲသည့် ဘုရားလောင်းအား
(သဒ္ဒါဓိကဘုရားလောင်း)ဟုဗျာဒိတ်ပေးပြီး (၈)သချေင်္နှင့် ကမ္ဘာတစ်သိန်းပါရမီဖြည့်ရ၏။

(၃) ဝီရိယကိုသာအားကိုးအားထားပြုသည့်ဘုရားလောင်းအား
(ဝီရိယဓိကဘုရားလောင်း)ဟုဗျာဒိတ်ပေးပြီး (၁၆)သချေင်္နှင် ကမ္ဘာတစ်သိန်းပါရမီဖြည့်ရ၏။

နောင်ပွင့်လတ္တံသောအရိမေတ္တယျမြတ်စွာဘုရားသည် ဘုရားလောင်းဘဝက (၁၆)သင်္ချေ နှင့်ကမ္ဘာတစ်သိန်း ပါရမီဖြည့်ခဲ့ ရသည့် ဝီရိယဓိကဘုရားလောင်းဖြစ်သည်။ ဂေါတမမြတ်စွာဘုရားလက်ထက််မှာ အဇိတဟူ၍ မထင်မရှားရဟန်းဖြစ်ခဲ့သည်။ ထိုအဇိကရဟန်းသည် ဗိမ္မိသာရ၏မြေးဖြစ်ပြီးအဇာတသတ်မင်း၏ သားတော် ဖြစ်သည်။


ဒုက္ခစရိယာ(၆)နှစ်ကျင့်ရခြင်း၏အကြောင်းအရင်း
ဂေါတမမြတ်စွာဘုရားလောင်းသည် ဒီပင်္ကရာမြတ်စွာဘုရား ထံမှဗျာဒိတ်ရရှိခဲ့သော်လည်း ဒုက္ကရ စရိယာ (၆)နှစ် ဟူ၍မပါ ရှိသေးပေ။ ပါရမီဖြည့်စဉ် (၄)သင်္ချေနှင့်ကမ္ဘာတစ်သိန်း ပြည့်နေပြီဖြစ်သည့် ယခုဘဒ္ဒါကမ္ဘာတွင် ဂေါတမဘုရားမတိုင်မီ ကဿပမြတ်စွာဘုရားပွင့်ခဲ့သည်။

ဂေါတမဘုရားဖြစ်မည့်ဘုရားလောင်းဇောတိပါလပုဏ္ဏား လုလင်သည် ကဿပမြတ်စွာဘုရားကို ဤ ဦးပြည်းကတုံး ရဟန်း အဖို့ရာ သဗ္ဗညုတရွှေဉာဏ်တော်သည်အဘယ်မှာဖြစ်နိုင်အံ့နည်း။ (သဗ္ဗညုတ ရွှေဉာဏ်တော်ဟူသည်မှာ အလွန်တရာရခဲသောတရားဖြစ်သည်) ဟုနှုတ်ဖြင့်ပစ်မှား ဝေဖန် ပြောကြား ခဲဖူးသည်။

(၂၈)ဆူသော ဘုရားများအနက် အခြားဘုရားများမှာရက် (သို့မဟုတ်) လသာကြာခဲ့ပြီး ဂေါတမမြတ်စွာဘုရားလောင်းမှာ ထိုမကောင်းမှုဝစီပေါက်ဝဋ်တော်လိုက်မှုကြောင့်ထူးထူးခြားခြား ဒုက္ကရစရိယာ (၆)နှစ်ကြာအောင်ကျင့်တော်မူရခြင်းဖြစ်သည်။


ဂေါတမမြတ်စွာဘုရားသက်တော်(၈၀)ဖြစ်ရခြင်း
မြတ်စွာဘုရားတို့မည်သည် လူတို့သက်တမ်းအပြည့်နေရိုးမရှိ။ လူတို့သက်တမ်း(၁၀၀)နှစ်၏ ၅ပုံလျှင်၄ပုံ (၈၀)နှစ် သာတည်တော်မူသည်။ ထို့ကြောင့်ဂေါတမမြတ်စွာဘုရားသည်(၈၀)နှစ်ဖြင့် ပရိနိဗ္ဗာန်ပြုခဲ့သည်။




Tuesday, September 4, 2007

ကျိုက်ပတိုင်ရွာက ကိုးနဝင်းအေးစေတီ

ပဲခူးမြို့နဲ့ ခြောက်မိုင် ခုနစ်မိုင်လောက်မှာရှိတဲ့ (ပဲခူးစစ်တောင်းတူးမြောင်းဘေးက) ရွာလေးပါ။ ပဲခူးကနေ သနပ်ပင်အထိကားနဲ့သွား အဲဒီကနေ မော်တော်အသေးလေးစီးသွားရင် လေးဆယ့်ငါးမိနစ် တနာရီပျော့ပျော့လောက် သွားရင်ရောက်ပါတယ်။ ဒါမှမဟုတ် ပွင့်လင်းရာသီဆိုရင် ပဲခူးရွှေမော်ဓေါဘုရားကြီး ခြေရင်း (ပဲခူးရန်ကုန် ကားတွေရပ်တဲ့ဂိတ်ပေါ့) ကနေ ဆိုင်ကယ်ကယ်ရီ စီးသွားရင် မိနစ်နှစ်ဆယ်လောက်ဆို ကျိုက်ပတိုင်ရွာကြီးကို ရောက်ပါတယ်။ အဲဒီကနေ တူးမြောင်းကို ကူးတို့နဲ့ ကူးပြီး ကျိုက်ပတိုင် ရွာလေးကို သွားရတာပါ။ ဘုရားက ရွာလေးမှာပါ။ ကျိုက်ပတိုင် ရွာကြီးနဲ့ ရွာလေးကို ပဲခူးစစ်တောင်းတူးမြောင်းက ခြားထားပါတယ်။ အသက်မွေးဝမ်းကြောင်းအဖြစ် လယ်ယာစိုက်ပျိုးရေး၊ ငါးဖမ်းခြင်း၊ ဘဲမွေး ဘဲဥရောင်းခြင်း၊ ပဲခူး ဆေးလိပ်ခုံများမှ ဆေးလိပ်ယူလိပ်ခြင်း တို့လုပ်ကိုင်ကြပါတယ်။
ကိုးတောင်ပြည့်ဘုရားလေးက ပဲခူးစစ်တောင်း တူးမြောင်းကနေ လယ်တွေထဲရေပေးတဲ့ ချောင်းရိုးလေး ကမ်းပါးမှာပါ။ အဲဒီအတိုင်း မော်တော်နဲ့သွားရင် နိဗ္ဗန်တို့ ခမဲပြင်တို့ရောက်ပါတယ်။ ဘုရားကုန်းဟာ တစ်ချိန်က ဆင်ဖြူမွေးဖွားခဲ့ရာ အောင်မြေတစ်ခုလို့ မှတ်သားဖူးပါတယ်။ (သမိုင်းအထောက်အထား အခိုင်အမာတော့ မတွေ့ဖူးပါ) အထက်လမ်းစဉ်လိုက်တဲ့ ပုဂ္ဂိုလ်ကြီးတစ်ဦး တည်ထားခဲ့တာပါ။ အခုနောက်ပိုင်း သားတပည့်အစဉ်အဆက် ဆက်လက်ပြီး လှူတန်းသာသနာပြကြလို့ အခုဆို ဘုရားဆင်းတုတော်တွေ၊ ရဟန္တာပုံတော်တွေ၊ အခြားပုဂ္ဂိုတွေရဲ့ ရုပ်ထုတွေနဲ့ တော်တော်လေးကို စုံစုံလင်လင်နဲ့ ဖြစ်နေပါပြီ။


ဘုရားရဲ့ထောင့်လေးထောင့်မှာ တန်ဆောင်းတွေ ဆောက်လုပ်ထားတယ်။ အနောက်ဖက်က တန်ဆောင်း နဲ့ဆက်ရက် နဝင်းနှစ်ထပ် ဇရပ်လေးရှိပါတယ်။ အတွင်းက အုတ်ကာထားတဲ့ အပိုင်းက ကိုးပေပတ်လည်ပါ။ အပြင်ဖက်က ဆယ့်ရှစ်ပေပတ်လည်ပါ။ နဝင်းကိုက်အောင် ဆောက်လုပ်ထားတာလို့ မှတ်သားဖူးပါတယ်။။





အောက်ကပုံက ဘုရားဘေးက ရွာရဲ့သောက်ရေကန်ကြီးပါ။ မိုးတွင်းမှာ စဉ့်အိုးကြီတွေနဲ့ မိုးရေကိုခံပြီး စုဆောင်းသုံးစွဲကြပေမဲ့ နွေရာသီ မှာတော့ သောက်ရေသုံးရေအတွက်ရွာတောင်ပိုင်းကလူတွေ အားထားသုံးစွဲရတဲ့ကန်ကြီးပေါ့။


















ဘုရားဝင်းထဲမှာ နဂါရုံးဘုရား နဲ့ မတ်တပ်ဆင်းတုနှစ်ဆူရှိတယ်။ ရဟန္တာရုပ်တုတွေ (အရှင်သာရိပုတ္တရာ၊ အရှင်မဟာမောဂ္ဂလာန်၊ အရှင်ဗာကုလ၊ အရှင်သီဝလိနဲ့ အရှင်ဥပဂုတ္တ) လည်းရှိတယ်။ နောက်ဆုံးတည်ထားတာက နှစ်ကျိပ်ရှစ်ဆူဘုရားတွေပါ။ နဂါးရုံဘုရားနဲ့ ရဟန္တာတွေရဲ့အနောက်ဖက်လေးမှာ ကိုးပေ ဆယ်ခန်းကျောင်းဆောင်နဲ့တည်ထားတာပါ။





























ရဟန္တာရုပ်တုတွေ (အရှင်သာရိပုတ္တရာ၊ အရှင်မဟာမောဂ္ဂလာန်၊ အရှင်ဗာကုလ၊ အရှင်သီဝလိနဲ့ အရှင်ဥပဂုတ္တ) လည်းရှိတယ်