Tuesday, June 10, 2008

အလွဲများနဲ့ တစ်ညနေ

မနေ့က နေ့လည် ၂နာရီခွဲလောက်မှာ ရုံးကပြန်လာပြီး ၃လမ်းထဲက စလောင်းဆင်တဲ့သူကို သွားရှာတယ်။ အရင်က လုပ်ပေးနေကြလူက ဘယ်လိုမှခေါ်လို့မရဘူး လက်ခံထားတာတွေ များနေလို့တဲ့။ ဒါနဲ့ ၃လမ်းထဲကို ရေပိုက်ပြင်ဖို့ လူသွားခေါ်ရင်း သူတို့ကစလောင်းပါ ဆင်တယ်ဆိုတာနဲ့ လုပ်ခိုင်းလိုက်တယ်။ ဒီညအတွက် လိုင်းတွေ သွင်းလို့ မပြီးရင်တောင် Euro2008 လာမဲ့ position တစ်ခုကို ယာယီချိန်ပေးခဲ့မယ်တဲ့။ အိုကေပေါ့။ ၃နာရီ ကျော်က စလုပ်လိုက်တာ အောက်အထိုင် wall plug စုတ်ထားတဲ့ အင်္ဂတေက ကွဲထွက်၊ ခေါင်မိုးပေါ်မှာ လိုင်းတွေ ဖမ်းဖို့ monitor ကိုကလည်း သူတို့ရဲ့ နောက်တစ်ဖွဲကယူသွားလို့ ခေါင်မိုးပေါ်မှာ စလောင်းဗန်းကို နေရာချရင်း ကြည့်စရာ monitor မရှိဘူးပေါ့ ...

ဒါနဲ့ အပေါ်ကလူက လက်နဲ့ ဖြေးဖြေးခြင်း လှည့်တာကို အောက်က မိတဲ့ signal strength ကို လှမ်းအော်ပေး .... နောက်ဆုံး ညရှစ်နာရီ သာခွဲသွားတယ် ဘာလိုင်းမှ မမိဘူး။ နေပါစေပေါ့ ဒီညတော့ ဆိုင်မှာပဲသွားကြည့်လိုက်ဦးမယ်ပေါ့။ ဒါနဲ့ စားသောက်ပြီး ည ၉နာရီခွဲလောက်မှာ အိမ်ကထွက်ပြီး Hurricane 2 ကိုသွားတယ်။ (ရွှေဂုံတိုင် ကျော်ကျော်လေးမှာ။ ယုဇနဟော်တယ်နဲ့ မျက်စောင်းထိုးလောက်ပေါ့) ကိုယ်အကြိုက်ဆုံး ပြင်သစ် ကန်မှာကိုး။ အပီအပြင် အားပေးလိုက်မယ်ပေါ့။ ထင်တာက တစ်ဂိုးလောက်နဲ့ နိုင်မယ်ပေါ့။ ပွဲအစပိုင်းမှာ ဆရာကြီးစတိုင်နဲ့ ဟိုပေးဒီပေး ခပ်လေးလေး ကစားနေရာက တစ်ကယ်ညှစ်ပြီးလဲ ထိုးဖောက်ရော ရူမေးနီးယား နောက်တန်းတွေကို မကျော်နိုင် အနယ်ကာကြီးကညံ့ .... နောက်ဆုံး သရေပွဲပေါ့။

ခြေစွမ်းအရ နိုင်မယ်ထင်တဲ့ အသင်းတွေပဲ နိုင်ခဲ့တာ ဒီနေ့မှ ကမောက်ကမ အဖြေတွေစတော့တယ်လို့ ကောက်ချက်ချမိတယ်။ အဟုတ်ပဲ နောက်တစ်ပွဲမှာလဲ ကမ္ဘာ့ ဖလားချန်ပီယံကြီး ခွက်ခွက်လန်အောင် ရှုံးပါလေရောလား။ ပြင်သစ်ပွဲကြည့်နေတုန်း သူငယ်ချင်းနှစ်ယောက်က ဖုန်းဆက်တယ်။ Family TV မှာ အခုပွဲ လာနေတယ်တဲ့။ ဂွတ်တာပေါ့။ ဒါနဲ့ ပြင်သစ်ပွဲလည်းပြီးရော အိမ်ပြန်လိုက်တာပေါ့။

ဆိုက်ကား မတွေ့တာနဲ့ 9693 ကိုယ့်ခြေတောက်ကိုယ်သုံး ပေါ့။ အိမ်ရောက်တော့ ကျကျနန အမြည်းတွေပြင် လက်ကျန် High Commissioner လေးကိုထုတ် ကြည့်မယ်ဆိုပြီး TVကိုဖွင့် ..အဲ.. ကိုယ့်ရဲ့ Family TV မှာက ဘာမှမလာဘူး။ ဒါနဲ့ ဖုန်းဆက် အကြောင်းကြားပေးတဲ့ သူငယ်ချင်းကို ပြန်ဆက်ပြီးမေးတော့ သူတို့အခု ကြည့်နေတယ်တဲ့ ဟော်လန် အီတလီပွဲစတော့မှာတဲ့။ ကောင်းရော။

ဒါနဲ့ လိုင်းတွေကို auto search, manual search နည်းလမ်းအစုံနဲ့ install ဲပြန်လုပ်ကြည့်တယ်။ မရဘူး။ စိတ်တွေတိုလိုက်တာ။ ဆိုင်က ထမလာပဲ ဆက်ကြည့်နေရင် ကောင်းသား ဟာကို။ အခုတော့ ပွဲကောင်းတစ်ပွဲ လွတ်ပြီပေါ့။ ဒါနဲ့ စိတ်လျှော့လိုက်ပြီး မအိပ်ခင် ခုနက သူငယ်ချင်းကို ဖုန်းဆက်ပြီး အခြေအနေ မေးကြည့် လိုက်တယ်။ ဟော်လန်က နှစ်ဂိုးထည့်ပြီးပြီတဲ့ မည်သို့မည်ဖုံကောင်းကြောင်းသူက ပြောပြနေတယ်။ အော် .. ပိုပြီး စိတ်မချမ်းမသာဖြစ်သွားတယ်။ ရှိစေတာ့ ရှိစေတော့ ... လွဲတဲ့အခါတွေလဲ လွဲပေမပေါ့။

Saturday, June 7, 2008

Good luck Ana !

ဆားဗီးယား တင်းနစ်မယ်လေး Ana Ivanovic တစ်ယောက် First-time Grand Slam winner ဖြစ်လာဖို့ လက်တကမ်း အလိုကို ရောက်ရှိ နေပါပြီ။ ယခင် ကမ္ဘာ့အဆင့်-၁ Justine Henin အနားယူသွားပြီး နောက် အဆင့်-၁ နေရာကို အလိုလို ရောက်သွားခဲ့တဲ့ Sharapova ကလည်း လက်ရှိ ပြင်သစ်အိုးပင်း တင်းနစ် ပြိုင်ပွဲရဲ့ quarter final ပွဲမှာ ရှုံးနိမ့်သွားခဲ့ပါတယ်။ Ana အနေနဲ့ကတော့ နိုင်ငံတူက တင်းနစ်မယ် Jankovic ကို အနိုင်ယူပြီး ဗိုလ်လုပွဲကို ရောက်ရှိ လာခဲ့ပါပြီ။ ဒါကြောင့်မို့လို့ Sharapova ကို ကျော်ဖြတ်ပြီး Sony WTA Tour Ranking မှာ No-1 ဖြစ်လာတော့မှာပါ။

Ana တစ်ယောက် မနစ်က ဒီပြိုင်ပွဲမှာ Henin ကို ရှုံးနိမ့်ပြီး ဒုတိယသာ ရရှိခဲ့ပါတယ်။ ဒီနှစ်လဲ ဗိုလ်လုပွဲကို ထပ်မံ ရောက်ရှိ လာပြန်ပါပြီ။

ဗိုလ်လုပွဲမှာ Ana နဲ့ ယှဉ်ပြိုင်ရမှာကတော့ ရုရှားက Dinara Safina ဖြစ်ပါတယ်။ လက်ရှိ ကမ္ဘာ့အဆင့် ၁၄ပါ။ လက်ရှိ ပြင်သစ် အိုးပင်းပြိုင်ပွဲ ပွဲစဉ်တစ်လျှောက်မှာ top 10 player သုံးယောက်ကို အနိုင်ယူပြီး ဗိုလ်လုပွဲကို တက်လှမ်းလာသူမို့ လျှော့တွက်လို့ မရပါဘူး။ ၁၂ပွဲဆက်တိုက် ရှုံးပွဲမရှိသေးဘူးလို့ဆိုထားပါတယ်။ Ana နဲ့ Safina တို့ လွန်ခဲ့တဲ့ ၃နှစ်က Berlin Open ပြိုင်ပွဲမှာ ရွှ့ံစေးမြေကစားကွင်းမှာ ဆုံခဲ့ဖူးပါတယ်။ အဲဒီတုန်းကတော့ Safina က နိုင်ခဲ့ပါတယ်။ အခုအခြေအနေကတော့ လွန်ခဲ့တဲ့သုံးနှစ်က အခြေအနေမျိုး မဟုတ်တော့ပါဘူး။

တကယ်လို့ ပြင်သစ်အိုးပင်း ချန်ပီယံဆုကို ရခဲ့မယ်ဆိုရင်တော့ Ana တစ်ယောက် ကမ္ဘာ့ အဆင့်-၁ နေရာမှာ ဆက်လက်နေနိုင်ဖို့ အခွင့်ကောင်းပါပဲ။ Grand Slam winner က အမှတ် 1000 ရပါတယ်။ လက်ရှိမှာ Sharapova က4116 မှတ် နဲ့ Ana က 3922 မှတ်။ ဗိုလ်လုပွဲမှာ Anna နိုင်ခဲ့ရင် သူက 4922 မှတ်ရရှိမှာ ဖြစ်ပြီး ဒုတိယပဲ ရခဲ့ရင်တော့ အမှတ် 700ပဲရလို့ 4622မှတ် ရရှိပါမယ်။ Sharapova က quarter final အထိရောက်လို့ အမှတ် 250 ရရှိပြီး 4366 မှတ်မှာပဲရှိနေမှာပါ။

ပြင်သစ်အိုးပင်း အမျိုးသမီးတစ်ဦးချင်းဗိုလ်လုပွဲက ဒီည မြန်မာစံတော်ချိန် ၉နာရီခွဲလောက် ကစားမှာပါ။

Ana တစ်ယောက်အနိုင်ရပါစေလို့ ဆုတောင်းရင်း ...

Friday, June 6, 2008

မိုးတစိမ့်စိမ့်

ထိုနေ့ကား မိုးတစိမ့်စိမ့်။ ယာထွန်သူသည် မြေပဲခင်းကို မှုန်းရန် တောသို့လာ၏။ ကလေးငယ်သည် မိုးတစိမ့်စိမ့်တွင် ကျောင်းသွားပျင်း၍ မိခင်၏ နို့အုံကြားဝယ် ဦးခေါင်းဖြင့် ဝှေ့လျက်ရှိ၏။ စာကလေးများသည် အတောင်ပံရေစိုသဖြင့် မပျံသန်းလိုသော်လည်း ငါ့ဝမ်းပူဆာ မနေသာ၍ ပျံသန်းရရှာ၏။ မြက်ရိုင်းတို့လည်း မိုးတစိမ့်စိမ့်တွင် ကိုယ်ကို ယိမ်းကြလေ၏။ နွားကျောင်းသားသည် ဇရပ်အိုတွင် မိုးခိုလျက် မိုးရေထဲတွင် နွားများကို ကျောင်းလျက်ရှိသည်။

ပဲပြုတ်သည်မသည် လင်ယောက်ျား၏ လုံချည်နွမ်းကို ခြုံ၍ စျေးရောင်းထွက်လေသည်။ ကျောင်းဆရာသည် ထီးတစ်လက်ကို ဆောင်း၍ ကျောင်းချိန်အမီ သွားလေသည်။ မိုးလည်းမတိတ်။ တိမ်တို့သည်လည်း အပြေးအလွှား။ မိုးသားတို့သည် အလုအယက် တက်လာကြ၏။ မှိုင်းညို့ညို့ အရောင်သာလျှင် ဤလောကကို မင်းမူ၏။ သဘာဝသည် အဆက်အစပ်မရှိ။ အလိုအလျောက် စိတ်ထင်ရာစိုင်း၏။ လူတို့၏လုပ်ငန်းကို သူတို့အရေးမစိုက်။ မိမိစွမ်းအင်ကိုသာ ငဲ့ကြ၏။ လွတ်လပ်ပေ၏။

သတ္တဝါတို့မှာမူ မိုးချိန်၊ လေချိန်၊ နှင်းကျချိန်၊ နေပူချိန် စသော သဘာဝ၏ အရိပ်အကဲကို အမြဲခတ်လျက် မိမိလုပ်ငန်းဆောင်တာကို အချိန်ရာသီညှိ၍ လုပ်ဆောင်ကြရပေသည်။ ဉာဏ်ရှိပါပေသည်။ သို့သော် ... ထိုနေ့ကား မိုးတစိမ့်စိမ့်ပင်။

စံပယ်ရူး

စံပယ်ကုံးလက်ဆောင်ကို မည်သူ့အား ပေးရမည်မသိဘဲ ယောင်ချာချာ ဖြစ်လျက်ရှိစဉ် ကဗျာဆရာ့ထံမှ စံပယ်ကုံးကို သူတောင်းစားမကလေးတစ်ဦးက တောင်းယူလိုက်လေသည်။ သူလည်း စံပယ်ကို ပန်ချင်ရှာပေမည် ဟူသော ကရုဏာသွေးနှင့် မဆိုင်းမတွပင် ပေးလိုက်မိသည်။

ထို့နောက်ကား ဤစံပယ်ကုံးလက်ဆောင်ကို ကဗျာဆရာသည် မေ့မေ့ပျောက်ပျောက် နေခဲ့လေသည်။ နှစ်အတန်ကြာခဲ့ပြီ။ ကဗျာဆရာသည်ပင် အိမ်ထောင်ရက်သားကျ၍ စိတ်ကူးယဉ်ကဗျာများ မသီကုံးနိုင်တော့ပြီ။ အသက်မွေးမှုအတွက် တဖားဖားလုပ်ကိုင်နေရပြီ။

မိုးညိုသောနေ့တစ်နေ့တွင် လူငယ်တစ်ဦးသည် ကဗျာဆရာ၏ အလုပ်ခွင်သို့ ဝင်ရောက်လာခဲ့သည်။ ကဗျာဆရာအား အားကိုးအားထားနှင့် ဤသို့တောင်းပန်လေသည်။ "မှော်ဆရာကြီးငဲ့ မှော်ဆရာကြီး ပေးလိုက်သော စံပယ်ကုံးလက်ဆောင်ကြောင့် ကျွန်တော့် ရည်းစားသည်မှာ ရူးသွပ်ခဲ့ပါပြီ။ စံပယ်ကုံးလေးကို နေ့တကြည့်ကြည့် ညတကြည့်ကြည့်နှင့် မစားမသောက် မအိပ်မစက်နိုင်အောင် ဖြစ်ခဲ့ပါပြီ။ ပြုစားသမျှ အစွဲချွတ်ပေးပါရန် တဆိတ်တောင်းပန်ပါရစေ ဆရာကြီးငဲ့"

ပိတောက်မှသရဖီသို့ (တင်မိုး)

နယုန်လ

ပန်းစံပယ်
နန်းလယ်မှာ မပေါ်ခိုက်ဟာမို့
အလိုက် တော်တန်သင့်ရုံပ
ခံပွင့်ကို ကုံး။
 

နန်းရဝေ
မန်းမြေမှာ စံပယ်လှိုင်တော့
ခံပန်းခိုင် ယာယီရွေ့တယ်
တောလေ့ရွာသုံး။

(ဦးပုည)

Wednesday, June 4, 2008

No Euro2008 on Family TV5

ဒီမနက်ပိုင်းမှာ Family Entertainment က ကြေငြာတယ် (ESPN လိုင်းအောက်နားမှာ စာထိုးတာ တွေ့လိုက်တယ်) Euro 2008 ဘောလုံးပွဲတွေ မပြဖြစ်တော့လို့ ငွေသွင်းထားသော Customer များ ပြန်လည်ထုတ်ယူနိုင်ကြပါပြီတဲ့။ အဲဒီစာတမ်းကို ဖတ်ပြီး မနက်စောစောစီးစီး အီလည်လည်ကြီးဖြစ်သွားတယ်။ Euro ပွဲတွေကြည့်ချင်လို့ Family က Receiver နဲ့ Card ဝယ်လိုက်တာ တစ်ပတ်လောက်ပဲရှိသေးတယ်။

တော်သေးတာက မနေ့ကပဲ သူငယ်ချင်းတစ်ယောက်ကလည်း Family ကစက်နဲ့ ကဒ် ဝယ်ထားပေးပါတဲ့။ Family showroom က ကျွန်တော်ရုံးနဲ့ နီးတာကိုး။ သူလဲ Euro ပွဲတွေကြည့်ချင်လို့ ဝယ်မှာ။ မနေ့ကသာ ဆုံးဖြတ်ပြီး ဝယ်လိုက်မိရင် Euro မကြည့်ရပဲ စက်ပဲအဖတ်တင်နေဦးမယ်။ ဒုတ်ခ။ ကိုယ့်လိုပဲ Euroကြည့်ချင်လို့ အချိန်မီလေး စက်နဲ့ ကဒ် ဝယ်လိုက်သူတွေလဲ နည်းမှာမဟုတ်ဘူး။ သူလို့တွေလဲ ကိုယ့်လိုပဲ အီလည်လည်ကြီးဖြစ်နေမှာပဲ။

အရင်မိဘအိမ်မှာနေတုန်းကတော့ ရှစ်ပေစလောင်းလေးတစ်ခုရှိတယ်။ အိမ်နှစ်ခါပြောင်းပြီးတော့ ဖြုတ်ထားတာ ပစ္စည်းတွေတောင်စုံသေးရဲ့လားမသိဘူး။ အဲဒါလေးပဲသွားပြန်ယူပြီး ဆင်လိုက်ရင်ကောင်းမလား စဉ်းစားနေမိတယ်။ နောက်တစ်ခုမျှှော်လင့်ရတာက မြဝတီ TVက ပြမလားဆိုတာပဲ။ ဘာပဲဖြစ်ဖြစ် တစ်ချို့ ပွဲတွေကိုတော့ မဖြစ်ဖြစ်အောင် အပြင်ထွက် ကြည့်ရတော့မှာပဲ။