Saturday, July 5, 2008

အမည်မသိပန်း၊ အမည်မသိ စေတီအို

မိုးဖွဲကလေး တစ်ပြိုက် နှစ်ပြိုက်ကျလျက် တိမ်တိုက်ကလည်း မညို့တညို့။ ၀ါဆိုပန်းခူး ထွက်လာကြသည်။ တောစပ်တွင် အလေ့ကျပန်းကလေးများ တဖွေးဖွေးနှင့်။ သူတို့၏ အမည်သည် မထင်းရှားလှ။ နန်းသုံးပန်းများကဲ့သို့ စာဖွဲ့ခံ ပန်းကလေးများ မဟုတ်။ အညတရမျှသာတည်း။ ဤအညတရ ပန်းကလေးများကို ရှိသည် ဟုပင် အမှတ်မပြုမိကြ။ သို့သော် သူတို့သည် ၀ါဆိုမီ ပွင့်နေကြ၏။ စေတနာကောင်း မွှေးကြ၏။ တေးကဗျာတို့ဖြင့် အရေးတယူ ဖွဲ့ဆို မခံရသော်လည်း ဝမ်းနည်းအားငယ်ခြင်း မရှိ။ အချိန်တန်လျှင် တောစပ်တစ်ခုလုံး ဖွေးနေအောင် ပွင့်ကြလေတော့သည်။

၀ါဆိုပန်းခူးသူတို့သည် တောပန်းကလေးများထံသို့ ဝမ်းသာအားရ လာရောက်ကြ၏။ ပန်မည် ခြွေမည်ဟူ၍ သဘောမထား။ ဗုဒ္ဓအတွက် ပူဇော်ရန် အလို့ငှာ ရည်သန်ကြကုန်၏။ ပန်းကလေးတို့လည်း ဝမ်းမြောက် ဝမ်းသာနှင့် ပန်းခူးသူတို့လက်တွင် လိုက်ပါကြလေသည်။ ထို့နောက် တောရကျောင်း အနီးရှိ စေတီအိုတစ်ဆူရှိရာသို့ ၀ါဆိုပန်းကပ်သူတို့ တပျော်တပါး တစုတဝေး သွားကြ၏။ စေတီအိုမှာ ရွှေလည်းမဝင်း။ တန်ဆောင်းလည်းမရှိ။ မျက်နှာငယ်ဖွယ်ပေတည်း။ အညတရဝါဆိုပန်းကလေးတို့ကား လူသူမသိရှာသည့် အညတရစေတီအိုအား ၀ါဆိုပန်းကပ်ခွင့်ရသဖြင့် အကျေနပ်ကြီး ကျေနပ်ကြကုန်၏။ သူတို့၏အလှဖြင့် အစွမ်းကန် ပူဇော်ပါအံ့။


ပိတောက်မှ သရဖီသို့ (တင်မိုး)

၀ါဆိုလ

ငှက်ကလေးက စိုးစီစိုးစီ 

ဝင်းပေါက်မှာမြည်။ 

ချိန်တန်ပြီ ညီမထွေးရဲ့ 

ဆွမ်းချက်စို့လေး။ 

(မင်းသုဝဏ်)

Friday, July 4, 2008

Ph.D. ဆိုတာ...... :P

PPh.D.. ဆိုတာ မြန်မာလို နားလည်တာကတော့ ဒေါက်တာဘွဲ့ပေါ့။ ဘာသာရပ်တစ်ခု အစိတ်အပိုင်းတစ်ခုမှာ တစ်ဖက်ကမ်းခတ်လောက်အောင် ကျွမ်းကျင်ပိုင်နိုင် နှ့ံစပ်သူလို့ပဲခေါ်ရမလား။ ဘွဲ ဒီဂရီမှာ အမြင့်ဆုံးဘွဲ့ပေါ့။

တစ်နေ့က ကိုဇော်မိုးနဲ့ စကားစမြည်ပြောဖြစ်ရင်း ဒီအကြောင်းလေး ရောက်သွားရာက ရေးချင်စိတ်လေး ပေါ်လာလို့။ လွန်ခဲ့တဲ့ လေးငါးနှစ်လောက်က software development management နဲ့ ပတ်သက်ပြီး ၂ရက်ကြာ workshop လေးတစ်ခုတက်ဖူးတယ်။ ဒီရန်ကုန်မှာပဲလုပ်တာပါ။ လာပြောတဲ့သူက မလေးရှားကပါ။ အဲဒီမှာ သူက ပညာသင်ကြားခြင်းရယ် ဘွဲ့ဒီဂရီတွေရဲ့ အကြောင်းကို ဟာသလေးနှောပြီး ပြောပြသွားတာလေး ပြန်သတိရလို့။

သူပြောခဲ့တာက .... ပညာသင်ကြားခြင်းဆိုတာ အဆင့်ပိုမြင့်လာလောလော scopeက ပိုကျဉ်းသွားလေလေ ပဲတဲ့။ ဥပမာကွာ မင်းတို့ မူလတန်းမှာ အထွေထွေသိပ္ပံဆိုပြီး သင်ကြားရတယ်။ အဲ အထက်တန်းလောက်လဲ ရောက်ရော Physics, Chemistry, Maths, Biology ဆိုပြီးကွဲထွက်လို့ အသေးစိတ်တွေထပ်သင်ရတယ်။ 

တက္ကသိုလ် နှစ်စလောက်မှာ မင်းက Biologyကို သင်ရတယ်။ အဲဒီအထဲကမှ မင်းက အပင်တွေထက် အကောင်တွေကို မင်းက ပိုစိတ်ဝင်စားလို့ Zoology ကို မေဂျာအဖြစ်ဆက်လေ့လာပြီး B.Sc ရတယ်။ Master တန်းမှာမင်းက Insets တွေအကြောင်းအထူးပြုလေ့လာလို့ M.Sc ထပ်ရတယ်။

ပြီးတော့ရော Doctorate တန်းဆက်တက်တယ်။ အဲဒီမှာ မင်းက Sexual behavior of ants ဆိုပြီး အသေးစိတ် စုံစုံစိစိ မွှေနှောက် လေ့လာပြီး စာတမ်းတင်လို့ Ph.Dဆိုတဲ့ အမြင့်ဆုံး degree ကြီးရပါရော။ နောက်ဆုံးစာကြောင်းလေးကိုတော့ အင်္ဂလိပ်လိုမှတ်မိနေသေးတယ်။ After you got the highest degree Ph.D, you know nothing expect how the ants f**k....တဲ့

ဟီးဟီး တိုက်ဆိုင်မှုရှိရင် ခွင့်လွှတ်ကြပါ။ အကယ်၍ Ph.D တက်နေသူများ (သို့) ရရှိပြီးသူများ ဤပို့စ်ကို ဖတ်မိပါလျှင် ထိုသူတို့ကိုသာ တိုက်ရိုက်ရည်ညွှန်းပါကြောင်း .... :D

Thursday, July 3, 2008

Nikon D700

ဘာရယ်မဟုတ်ပါဘူး ကင်မရာမဝယ်နိုင်သေးတော့ ရသေ့စိတ်ဖြေ ပုံလေးတင်ထားတာပါ။ ကိုသူရကြီး မနေ့ကလာပြောလို့သိရတာ။ D700 ထွက်ပြီတဲ့ mini D3 တဲ့။ Full frame ပေါ့။ ဒီဟာကြီးတော့ ဝယ်ဆော့နိုင်လောက်အေင် မချမ်းသာပါဘူးဗျာ။ စျေးက သုံးထောင်လောက်ရှိမှာ။ 
 
လွန်ခဲ့တဲ့ ၂နှစ်လောက်ကတည်းက ကိုသူရတို့ သခင်ကြီးတို့ကို အားကျပြီး Nikon D Series တစ်လုံလောက် ဝယ်မယ်ဆိုပြီး စိတ်ကူးနေတာ အခုထိ မဝယ်ဖြစ်ပါဘူး။ ကိုသူရရဲ့ D200ကြီးကို ယူယူရိုက်ကြည့်ရင်း feel တက်နေတာ။ သခင်ကြီးကတော့ အားပေးရှာပါတယ်။ ခင်ဗျား လက်လောက်နဲ့တော့ D40လောက်ပဲဝယ်ကိုင်ပါဗျာတဲ့။ အဲဒီ D40 လောက်တောင် မဝယ်ဖြစ်သေးပါဘူး။

ဖွတ်ဂလိ ဒင်္ဂါးကလည်း ရှားသကိုးဗျ။ ဝယ်ရင်လဲ Camera အပြင် Lens တို့ တခြား တန်ဆာပလာတွေလဲ ဝယ်ရဦးမှာကိုး။ အခု D Series က 700 ရောက်နေပြီဆိုတော့ D3500 4000 လောက်ရောက်တဲ့ အချိန်လောက်ဆိုတော့ ဝယ်နိုင်လောက်ပြီထင်ပါတယ် :D

Brocher PDF Nikon D700 plus hands-on preview

Wednesday, July 2, 2008

Shochu IIchiko ..... great !

Shochu ဆိုတာက အရက်အမျိုးအစား၊ IIchiko ဆိုတာက Brand လား နံမည်တခုခုဖြစ်မယ်ထင်တယ်။ (သိပ်နားမလည်ဘူး သိသူများ comment ရေးပေးခဲ့မယ်ဆိုရင် thank you ပါခင်ဗျာ..) ဂျပန် အရက်ဖြူပဲဆိုကြပါစို့။

ကိုရဲ့နဲ့ မောင်ဝင်းထိန်တို့ အစည်းအဝေးကအပြန် ဝယ်ပြီး တကူးတက သယ်လာပေးတာ။ Packing လုပ်ထားတာလေးကလည်း သဘောကျစရာ။ စက္ကူဗူးဆိုတော့ ၂လီတာဆန့်ပေမဲ့ သိပ်ဝန်မကျယ်ဘူးပေါ့။ သူတို့၂ယောက်က အခုပြောတဲ့ Shochu IIchikoရယ်၊ အရသာခပ်ပျော့ပျော့ ဆာကေးတစ်လုံးရယ် နှစ်လုံးဝယ်လာတာ။ ဒါနဲ့ ထုံးစံအတိုင်း စုပြီးသောက်ကြတာပေါ့။

နေရာကလည်း ထုံးစံအတိုင်းပဲ မရိုးနိုင်သော Friendship ပေါ့။ ဆာကေးကတော့ ဒီက ခပ်ပျော့ပျော့ ခေါင်ရည်အရသာမျိုး။ ဒါပေမဲ့ အနံ့လေးက သင်းသင်းလေးရယ်။ Shochu ကိုစသောက်တဲ့ အချိန်မှာ တစ်ငုံတည်းနဲ့ တော်တော်သဘောကျသွားတယ်။ အရက်ဖြူပါပဲ။ ဒါပေမဲ့ ကောက်ညှင်းလိုလိုအနံ့လေးက သင်းလို့။ လည်ချောင်းထဲအဝင်ကလည်း ခပ်ပြင်ပြင်းလေးနဲ့ ။ ဒါပေမဲ့ သိပ်ပြီး ဆိုးဆိုးရွားရွားကြီးတော့ မဟုတ်ဘူး။ ကျွန်တော်ကလည်း နဂိုကတည်းက ဘီအီးကြိုက်တဲ့ကောင်ဆိုတော့ ဘာပြောကောင်းမလဲ။

ဒီမှာထုတ်တဲ့ ဘိန်းအစားထိုး ပန်းဂျုံနဲ့ချက်တဲ့ ဆိုဘာရှုးဆိုလား အဲဒါနဲ့ ခပ်ဆင်ဆင် တူပေမဲ့ အနံ့နဲ့ အရသာကတော့ တစ်ခြားစီပဲ။ သူကအများကြီး ပိုကောင်းတာပေါ့။ ဘာမှမရောပဲ ရေခဲလေးနဲ့ သောက်ရုံပဲ။ ဒါနဲ့ပဲ ကျွန်တော်တို့တစ်သိုက်လဲ မာန်တက်ပြီး ကုန်အောင်ဆော်မဟဲ့ဆိုပြီး သောက်ကြပါလေရော။

စာရင်းချုပ်လိုက်တော့ ညအိမ်ပြန်အရောက်မှာ ရုံးက ပြန်ယူလာတဲ့ DVDအထုတ် ဘယ်နားရောက်သွားမှန်း မသိတော့ဘူး။ ကောင်းရော။ Hero season 2 ရယ် အသစ် ၃ခွေရယ် ...နှမြောလိုက်တာလွန်ပါရော။ အဲဒီညက ဆာကေးက ကုန်သွားပေမဲ့ Shochu က သုံးလေးခွက်စာလောက်ကျန်ပါတယ်။ ကျန်တဲ့ စက္ကူဗူးလေးက အပြန်မှာ ကျွန်တော်အိမ်ပါလာရော။ ဒါနဲ့ နောက်နေ့ညနေမှာ Tennis ပွဲကြည့်ရင်း ဆက်သောက်တာပေါ့။ သုံးလေးခွက်စာလောက် ကျန်သေးတယ်။ ဒီတစ်ခါတော့ စက္ကူဗူးလေးကို ရေခဲသေတ္တာထဲ အေးစိမ့် နေအောင် အအေးခံပြီးသောက်တာဗျ။ oops.... အခုရေးနေရင်းတောင် ထပ်သောက်ချင်လာရော။ ရန်ကုန်မှာတော့ နည်းနည်း ရှာရခက်မလားမသိ။ အင်းယားလမ်းက Jyanko မှာတော့ ရနိုင်လောက်မလားမသိ ဘူး ....

Tuesday, July 1, 2008

La Prophetie d'Avignon












မနေ့ညက Wimbledon tennis ပွဲတွေကြည့်ပြီးတော့ မအိပ်ချင်သေးတာနဲ့ ၈ပေ စလောင်းကလာတဲ့ တီဗွီ လိုင်းတွေကို ဟိုဟိုဒီဒီ လျှောက်ကြည့်နေမိတယ်။ ပြင်သစ် TV5Mondre လိုင်းမှာ ကြည့်လို့ကောင်းတဲ့ ရုပ်ရှင်လေးတွေ လာတတ်တာနဲ့ TV5ကို ပြောင်းကြည့်လိုက်တယ်။ ကံကောင်းချင်တော့ အဲဒီမှာ စိတ်ဝင်စားစရာ ရုပ်ရှင် တစ်ကား လာနေတာနဲ့ ည၁၂နာရီခွဲလောက်က စကြည့်လိုက်တာ ၂နာရီမှပြီးတယ်။


စကြည့်တုန်းကတော့ တစ်ကားတည်း ရုပ်ရှင်မှတ်နေတာ မဟုတ်ဘူးဗျ Series ဖြစ်နေတယ်။ မနေ့က အပိုင်း တစ်နဲ့ နှစ် ၂ပိုင်းပြသွားတာ။ ကားနံမည်က La prophetie d'Avignon တဲ့။ ကျွန်တော် စကြည့်ဖြစ်တော့ ပထမပိုင်းရဲ့ တစ်ဝက်လောက် ရောက်နေပြီ။ တော်တော်စိတ်ဝင်စားသွားမိလို့ ဒီနေ့အားတဲ့ အချိန််လေးမှာ internet မှာလိုက်ပြီး ရှာဖွေရတော့တာပေါ့။ ဒီကားက အပိုင်း ၈ပိုင်းပါတဲ့ ဇာတ်လမ်းတွဲပေါ့။ TV5 အစီအစဉ်အရ ဒီနေ့ နောက်နှစ်ပိုင်းထပ်ပြဦးမယ်။ ဒီနေ့တော့ ည ၁၁နာရီလောက်စလာမယ်။


၁၄ရာစုနှစ်လောက်က ပြင်သစ်လူမျိုး ပုတ်ရဟန်းမင်း ခုနစ်ပါး ရုံးစိုက်နေထိုင်ခဲ့တဲ့ Avignon က Papal Palace ကို နောက်ကြောင်း ခံထားတယ်။ ဇာတ်ကောင်မင်းသမီး Estelle ကအဲဒီက Assistant Curator ပါ။ သူ့ရဲ့အဖိုးက ဟိုးအရင်ခေတ်ကချန်ထားခဲ့တဲ့ ရှေ့ဖြစ်ဟောစတမ်း (Notradumus ရဲ့ ရှေ့ဖြစ်ဟောဆန်ဆန်မျိုး) အကြောင်းကို လေ့လာရင်း Brother of Judus ဆိုတဲ့ လျှို့ဝှက်အဖွဲ့ရဲ့ အသတ်ခံရတယ်။ အဲဒီရှေ့ဖြစ် အဟောကလည်း ကမ္ဘာကြီးရဲ့ စတုတ္ထမြောက်ထောင်စုနှစ်အထိ အကျုံးဝင် တယ်တဲ့။



ထူးဆန်း အံ့သြစရာတွေလည်း တစ်ခုပြီး တစ်ခုဖြစ်လာတယ်။ Estelleနဲ့လဲ အဲဒီကိစ္စက ပတ်သက်လာပြီး သူ့ဘဝလဲ တမျိုးတဖုံ ပြောင်းလဲသွားတယ်။ သူ့အဖိုးက မသေခင် သူရှာဖွေစုဆောင်း မှတ်တမ်းတင်ထားတဲ့ သူ့ရဲ့ notebook စာအုပ်လေးကို Estellen ကိုပေးသွားတယ်။ ဒါနဲ့ပဲ ဒီကိစ္စကို ဆက်လက်စုံစမ်းဖို့ ဖြစ်လာတယ်။ စိတ်လှုပ်ရှားစရာတွေ၊ စွန့်စားခန်းတွေ သဲထိတ်ရင်ဖို တွေနဲ့ တော်တော် ကြည့်လို့ကောင်းတယ်ဗျ။

ပြင်သစ်စကားပြောဆိုပေမဲ့ English စာတန်းထိုးတော့ အဆင်ပြေ ပါတယ်။ DVD အခွေရှိရင်တောင် ဝယ်သိမ်းထားချင်တာ။ ဒါပေမဲ့ တရုတ်နယ်စပ်ကနေ ဒီကိုဝင်တဲ့ Series ဇာတ်ကားတွေက အမေရိကန် နဲ့ ကိုးရီးား Series တွေပဲများတယ်။ ပြင်သစ်ဇာတ်ကားဆိုတာတောင် တစ်ခါတစ်လေမှ ရှားရှားပါးပါး ဝယ်လို့ရတာ။

ဒီတော့ အခုဇာတ်လမ်းတွဲလေးကို ပြင်သစ် TV5မှာ ပြမဲ့ ရက်လေးတွေမှာပဲ ပြီးအောင် စောင့်ကြည့် ရတော့မှာပေါ့။

TV5Monde အစီအစဉ်

Wimbledon Ladies' Qtr. Final

Wimbledon 08 Tennis ပြိုင်ပွဲရဲ့ အမျိုးသမီး တစ်ဦးချင်း Quarter Final ပွဲများ ဒီညနေ ကစားမှာ ဖြစ်ပါတယ်။ ကမ္ဘာ့အဆင့်၁ Ana Ivanovic, အဆင့်၂ Shaparapova တို့ ရှုံးနိမ့်ထွက်ခွာသွားရတဲ့နောက်မှာ အဆင့်၃ Jankovic နဲ့ အဆင့်၄ Kuznetsova တို့လည်း 4th round မှာ ရှုံးနိမ့်သွားကြပါပြီ။ (တော်သေးတာပေါ့ Ana တစ်ယောက် အဆင့်၁ နေရာက မကျသေးဘူး ) Willams ညီအမ နှစ်ယောက်လုံး လက်ရည်မှန်မှန်နဲ့ Quarter final ကို ရောက်ရှိလာပါတယ်။

 1) Elena Dementieva vs. Nadia Petrova  Dementieva က ကမ္ဘာ့အဆင့်၅ပါ။ အသက်က ၂ရနှစ်၊ ရုရှားနိုင်ငံသားပါ။ အဆင့်၁ကနေ ၄ အထိ အားလုံး ပြုတ်ကျန်ခဲ့ပြီး သူက Quarter ရောက်လာပါတယ်။ 2006 ခုနှစ်က Wimbledon ပြိုင်ပွဲမှာ Qtr. Final အထိရောက်ခဲ့ဖူးတယ်။  Petrova က အသက် ၂၆နှစ်အရွယ် ရုရှားတင်းနစ်မယ်ပါ။ အမြင့်အဆုံးအနေနဲ့ 2005 Wimbledon မှာ Qtr. Final အထိ ရောက်ခဲ့ဖူးပါတယ်။  

 2) Agnieszka Radwanska vs. Serena Williams Radwanska က အသက် ၁၉နှစ်ပဲရှိသေးတဲ့ ပိုလန်က တင်းနစ်မယ်ပါ။ အလားအလာရှိတဲ့ တက်သစ်စ လေးပေါ့။ 4th round မှာ အဆင့်၄ Kuznetsova ကို အနိုင်ယူခဲ့တာပါ။ 2006 ခုနှစ်က အဆင့် ၅ရပဲ ရှိခဲ့ပေမဲ့ လက်ရှိသူ့အဆင့်က ၁၄ပါ။ မနှစ်က Wimbledon ပြိုင်ပွဲမှာ 3rd round အထိ ရောက်ခဲ့ဖူးတယ်။  Serena က Wimbledon Champion ဆုကို 2002, 2003 တို့မှာ နှစ်ကြိမ်ဆက်တိုက် ရဖူးပါတယ်။ လက်ရှိ ကမ္ဘာ့အဆင့်၆နေရာမှာပါ။ အသက်၂ရနှစ်ရှိပါပြီ။ USကပါ။ 2002ခုနှစ် တုန်းက ကမ္ဘာ့အဆင့်၁ ဖြစ်ခဲ့ဖူးပါတယ်။ ဒီနှစ် ပြိုင်ပွဲမှာလည်း လက်ရည်မှန်မှန်လေးနဲ့ Qtr. Final အထိရောက်လာခဲ့ပါပြီ။

3) Venus Williams vs. Tamarine Tanasugarn  Venus - Williams ညီအမနှစ်ယောက်မှာ သူကအကြီးမပေါ့။ အသက် ၂၈နှစ်ပါ။ 2002ခုနှစ်က အမြင့်ဆုံး အနေနဲ့ ကမ္ဘာ့အဆင့်၁ ဖြစ်ခဲ့ဖူးတယ်။ Wimbledon ချန်ပီယံ ၄ကြိမ်တောင် ဖြစ်ဖူးတယ်။ (2000, 2001, 2005, 2007) လက်ရှိချန်ပီယံပေါ့။
Tanasugarn - ထိုင်းတင်းနစ်မယ်ပါ။ Wimbledon ကို ၁၂ကြိမ် ပြိုင်ခဲ့ဖူးရာမှာ ၆ကြိမ်က 4th round အထိ အမြင့်ဆုံး ရောက်ခဲဖူးပါတယ်။ အသက် ၃၁နှစ်ရှိပါပြီ။ 1994 ကတည်းက Pro. ပြိုင်ပွဲတွေ ဝင်ရိုက်နေတာပါ။ လက်ရှိအဆင့်က ၆ဝပါ။ အဆင့်၄ Jankovic ကို အနိုင်ရိုက်ပြီး တက်လာတာပါ။ အဲဒီပွဲမှာ Jankovicတစ်ယောက် ဘယ်ဖက်ဒူး ဒဏ်ရာကြောင့် ကောင်းကောင်း လက်စွမ်းမပြနိုင်ခဲ့ဘူး။

 4) Jie Zheng vs. Nicole Vaidisova Zheng - Ana ကို 3rd round မှာ straight sets နဲ့ အနိုင်ယူခဲ့တဲ့ တရုတ်တင်းနစ်မယ်ပါ။ တည်ငြိမ်ပြီး တိကျ သပ်ရပ်စွာ ကစားတတ်သူပါ။ အသက် ၂၅နှစ်ရှိပါပြီ။ Wimbledon ပြိုင်ပွဲတွေမှာ တစ်ဦးချင်းပြိုင်ပွဲမှာတော့ 3rd round အထိသာ ရောက်ခဲ့ဖူးပြီး နှစ်ယောက်တွဲ ပြိုင်ပွဲမှာတော့ 2006ခုနှစ် ချန်ပီယံဖြစ်ပါတယ်။ လက်ရှိ ကမ္ဘာ့အဆင့် ၁၃၃ပါ။ Vaidisova - Chez ကပါ။ အသက် ၁၉နှစ်ပဲရှိပါသေးတယ်။ လက်ရှိကမ္ဘာ့အဆင့် ၂၂ပါ။ မနှစ်က Wimbledon ပြိုင်ပွဲမှာလဲ Qtr. Final ရောက်ခဲ့ပါတယ်။ သူလဲ အလားအလာရှိတဲ့ တက်သစ်စ လေးပေါ့။