အဝေးကွင်းမှာ တစ်ဂိုးတည်းနဲ့ ရှုံးထားခဲ့တယ် ဆိုတော့ မျှော်လင့်တကြီးနဲ့ မနေ့ညက Champions League Semi-Final ပွဲကို ထကြည့်မိတယ်။ အာဆင်နယ်အနေနဲ့ ကိုယ့်ကွင်းမှာ 2-0 3-1 လောက် ကြိုးစား ကန်နိုင်ရင် ဗိုလ်လုပွဲ တက်ပြီပေါ့။ ဖြစ်စေချင်ပေမဲ့ ဒီလိုဖြစ်ဖို့ လက်ရှိ မန်ယူရဲ့ခြေစွမ်းနဲ့ လူအင်အားအရ ဖြစ်ဖို့ မလွယ်မှန်းတော့ သိနေပါတယ်။ အလွန်ဆုံး သရေ သို့မဟုတ် အာဆင်နယ်က 2-1 အနိုင်လောက်နဲ့ မန်ယူတက်သွားနိုင်တယ်လို့ မှန်းထားတာ။ ညတစ်နာရီအိပ်ရာက ပြန်ထပြီး တီဗွီလေးဖွင့်ကြည့် ပွဲစပြီး ထိုင်ကြည့်တာ ဖင်တောင်မပူသေးဘူး။ တစ်ဂိုးပေးလိုက်ရပြီ။ အတွေ့အကြုံနည်းတယ် လူငယ်နောက်တန်းကစားသမားလေးရဲ့ အမှားကြောင့် ပေးလိုက်ရတာ။ သိပ်မကြာပါဘူး ရော်နယ်ဒိုရဲ့ ရင်သပ်ရှုမော ပြစ်ဒဏ်ဘောကနေ နောက်တစ်ဂိုး ... သွားပါပြီ။ ဆယ်မိနစ်ကျော်ပဲရှိသေးတယ် ပွဲကပြီးသွားပြီ။ အာဆင်နယ် ဗိုလ်လုပွဲတက်ဖို့ဆိုရင် လေးဂိုးပြန်သွင်းရမှာ။ အဲဒီအချိန်မှာ မန်ယူက ခံစစ်နဲ့ ပိတ်ပြီး စိတ်အေးလက်အေးကစားနေပြီ။ ခဏလောက်ဆက်ကြည့်ပြီး စိတ်ဓါတ်ကျသွားတာနဲ့ ဆက်မကြည့်တော့ဘူး။ တီဗွီကို ပိတ် အိပ်ယာထဲဝင်လှဲနေပေမဲ့ တော်တော်နဲ့ အိပ်မပျော် တော့ဘူး။ ဒီနှစ်လဲ ဖလားလက်မဲ့ဖြစ်ပြန်ပြီ။ လူငယ်တွေကိုပဲ အားကိုးတဲ့ ချွေတာရေးလမ်းစဉ်ကို ဆက်လိုက်နေရင် အာဆင်နယ်အနေနဲ့ ဒီလိုပဲ အလယ်အလတ်အဆင့် အသင်းတစ်ခုနေရာမှာပဲရှိနေတော့မှာပဲ။ ရာသီကုန် အပြောင်းအရွှေ့ကာလမှာ မန်နေဂျာ ဝင်းဂါးကြီး ဘယ်လိုဆုံးဖြတ်မယ်ဆိုတာကိုပဲ စောင့်ကြည့်ကြတာပေါ့ဗျာ ....
Wednesday, May 6, 2009
Saturday, April 25, 2009
သင်္ကြန်နဲ့ အဟောသိကံအဖြုန်းတွေ
သင်္ကြန် ... တစ်နှစ်တစ်ခါ မြန်မာတွေ နှစ်သစ်ကူးတဲ့အချိန်အခါ။ မင်္ဂလာရှိတဲ့အချိန်အခါ။ ပျော်မြူးကြတဲ့ အချိန်အခါ။ ပျော်ပျော်ပါးပါးရေပက်ကစားကြရင်း နှစ်ဟောင်းက အညစ်အကြေးတွေ (စိတ်အညစ်အကြေးတွေလဲ ပါပေမပေါ့)ကို အတာရေနဲ့ဆေးကြောပြီး နှစ်သစ်ကို ကြိုဆိုကြတယ်။ အင်မတန်ကောင်းတဲ့ ဓလေ့စရိုက်လေးပါ။ ဒါပေမဲ့ အခုနှစ်ပိုင်းသင်္ကြန်မှာ ပျော်ပါးကြပုံတွေကို ဘဝင်မကျဖြစ်လာမိတယ်။ အဟောသိကံ ဖြုန်းတီး နေကြတယ်လို့ စိတ်ထဲမှာ ခံစားရတယ်။ ကိုယ့်လက်ရှိ စီးပွားရေးအခြေအနေနဲ့ အင်မတန်မှ မလိုက်ဖက်ဘူးလို့ ထင်မိတယ်။ တစ်ဦးချင်းအနေနဲ့ရော တိုင်းပြည်အနေနဲ့ရောပဲ။ သောက်သောက်လဲကုန်လိုက်တဲ့ငွေတွေ။ ကုန်တာနဲ့ ရတဲ့ အပျော်နဲ့ တန်ရဲ့လားမသိ။
.
ဥပမာပဲဆိုပါတော့ အင်းယားလမ်းမှာတင် မဏ္ဍပ်ပေါင်း သုံးဆယ်လောက်ရှိမယ်ဆိုပါစို့ (ကျော်တော်ကျော်ဦးမယ် ထင်တယ်)။ တစ်ခုတစ်ခုရဲ့ သင်္ကြန်လေးရက်စာ စရိတ်က သိန်းတစ်ရာကနေ တစ်ရာ့ ငါးဆယ်လောက် အထိရှိမယ်။ သိန်းသုံးထောင် သိန်းလေးထောင်လောက် ပိုက်ဆံတွေကို သုံးလေးရက်လောက်အတွင်းမှာ အလဟသ ဖြုန်းပစ်ကြတယ်။ Money Circulation ဖြစ်စေတယ်လို့ ပြောလို့ရပေမဲ့။ တော်တော်များများ ပိုက်ဆံတွေဟာ အင်းယားလမ်းမပေါ် အိုင်ပြီး စီးနေတဲ့ ရေတွေနဲ့အတူ မြောင်းထဲကို ပါသွားတာပါပဲ။
.
ဘန်ကောက်က သင်္ကြန်ပွဲတောင် ကိုယ်တို့တိုင်းပြည်လောက်ငွေသုံးဖြုန်းကြရဲ့လားမသိ။ လေ့လာကြည့် ချင်သေးရဲ့။ လက်မှတ်တစ်စောင် သုံးလေးသောင်းနဲ့ ဝယ်ပက်ကြတဲ့သူတွေကလဲအပြည့် မဏ္ဍပ်အားလုံး ပြည့်ကြပ်နေတာပဲ။ ကိုယ်လဲ ဒီနှစ်တစ်ရက်ရောက်သေးတယ်။ အင်းယားလမ်းက EMBA မဏ္ဍပ်ကို။ ပြည့်ကြပ်ပြီး ဘုရား ပွဲစျေးတန်းလို လျှောက်နေကြတဲ့ လူတွေကို ပိုက်ကလေးတွေနဲ့ စင်ပေါ်ကနေ ပက်နေကြလေရဲ့။ သီချင်းသံတွေကလဲ စင်တစ်ခုတစ်မျိုး နဲ့ ဆူညံပွက်နေရော။ DJ နဲ့ Sound System ငှားရတာတင် မနဲဘူး။ စင်သုံးလေးခုကို Sound System တစ်ခုနဲ့ တစ်ပြိုင်နက်ဖွင့်ပေးထားရင် အတော် စရိတ်သက်သာမယ်လို့ တွေးမိသေး။ ကိုယ်တို့လင်မယားနှစ်ယောက်အတွက် တစ်ရက်စာ လက်မှတ်ဖိုး နှစ်သောင်း ထွက်သွားလေရဲ့။
.
ကိုယ့်အိမ်မှာပဲ ဖြစ်ဖြစ် သူငယ်ချင်းတစ်ယောက်အိမ်မှာဖြစ်ဖြစ် ချက်ပြုတ်စားသောက်ကြရင်၊ ရွှေရင်အေးလို မုန့်တစ်ခုခုလုပ်ပြီး အိမ်နီးချင်းတွေဝေရရင်၊ ဝီစကီတစ်လုံးဝယ်ပြီး အိမ်မှာအေးအေးဆေးဆေး ဇိမ်ခံသောက်ရင် .... မျက်မှန်ပါ အဆစ် ကျပျောက်လို့ အသစ်လုပ်ခငွေထပ်ကုန်သေး။ ကလေးတွေ ကလေးမတွေကလည်း ဆင်ခြင်တုံတရားမရှိ။ သောက်မယ် ပျော်မယ်ဆိုတာကြီးပဲ။ မနက် ၁၁နာရီလောက်ပဲရှိသေးတယ်။ မူလို့အန်နေတဲ့ ကလေးမတစ်ယောက်ရယ်၊ ၀ိုင်းပြီးနှိပ်ပေးနေကြတဲ့ သူ့ သူငယ်ချင်းမလေးတွေရယ် တွေ့မိသေးရဲ့။ ပျော်စရာမရှိတဲ့ဘဝမှာ ငွေကို ခင်းပြီးလို့ မဲတင်းပြီး ရှာကြံပျော်နေကြတာလားမသိ။ ကိုယ့်အတွက်တော့ သူငယ်ချင်းများနဲ့ မဏ္ဍပ်အနောက်ဖက်မှာ ခုံလေးခင်းပြီး အရက်ထိုင်သောက် စကားစမြီပြောတာလေးကမှ ပျော်စရာကောင်းသေး။ အင်း.... ရင်ခုန်သံမတူတော့တာလဲဖြစ်နိုင်သည်။ ကိုယ်အသက်ကြီးသွားတာလဲ ဖြစ်နိုင်သည်။
Friday, April 24, 2009
သားသား မတ်တတ်စရပ်ပြီ

သားလေးက မတ်တတ်စမ်းရပ်နေပြီ။ ဘယ်သူ့ကမှ ကိုင်မပေးထားပဲ သူ့ဖာသာရပ်နေရင် စက္ကန့်သုံးဆယ် တစ်မိနစ် နီးပါးရပ်နေလေရဲ့။ ပြီးရင်တော့ သူ့ဘာသာ အသာလေး ပြန်ထိုင်ချလိုက်လေ့ရှိတယ်။ လိမ့်မကျတော့ဘူး။ ကိုင်စရာတွေရှိရင် ဘေးတိုက်လေး လမ်းလျှောက်တယ်။ သွားက လေးချောင်းပေါက်နေပြီ။ အောက်ဖက်က နှစ်ချောင်း အပေါ်ဖက်ကနှစ်ချောင်း။ အောက်သွားနှစ်ချောင်း ပေါက်နေတာကတော့ ခြောက်လသား လောက်ကတည်းကပဲ။ အပေါ်သွား နှစ်ချောင်းမှာ တစ်ချောင်းက အရင်စပေါက်ပြီး နောက်တစ်ချောင်းက အခုရက်ပိုင်းမှ ထွက်လာတာ။ အစားအသောက်ကလည်း မှန်နေတာပဲ။ ငါး၊ ကြက်သားတို့နဲ့ ဆန်ပြုတ်စားတယ်။ ဖီးကြမ်းငှက်ပျောသီးစားတယ်။ နို့ဗူးသောက်တယ်။ အခုဆို ၁၉ပေါင် ပေါင်နှစ်ဆယ်လောက်ရှိပြီပေါ့။ အခုလာမဲ့ မေလ ၆ရက်နေ့ဆိုရင် ကိုးလ ပြည့်ပြီ။
Wednesday, April 22, 2009
Long time no blog
တစ်လခွဲလောက်ရှိပြီထင်တယ်။ အကြောင်းကြောင်းတွေကြောင့် ဘလော့ရေးရန် အခွင့်မသာခဲ့တာ။ မရေးဖြစ်ပေမဲ့ Reader နဲ့ သူများရေးတာတွေတော့ မကြာခဏ ဝင်ဖတ်ဖြစ်ပါတယ်။ သိကြတဲ့အတိုုင်းပဲ ဖန်ကြိုးမျှင်ကြီးကို ပြင်နေတယ်ဆိုကတည်းက connection တွေက လိပ်လိုနှေးပြီး ဘလော့ ရေးဖို့ နေနေသာသာ အီးမေးတောင် မနည်း စစ်ရတာ။ ဖုတ်လှိုက်ဖုတ်လှိုက်ပေါ့။ ဒီကြားထဲ သားလေးက အထက်လှန် အောက်လျှောဖြစ်ပြီး ဆေးရုံတစ်ပတ်လောက်တင်လိုက်ရသေးတယ်။ တော်သေးတယ် အချိန်မီလေးတင်။ စိတ်ပူလိုက်ရတာ။ အခုတော့ ကျန်းကျန်းမာမာပဲ ရှစ်လကျော်ကျော်မှာ လေးဖက်သွားတာ ကတော့ အရမ်း မြန်နေပြီ။ မတ်တပ်စမ်းရပ်နေပြီ။ စက္ကန့် ၂၀၊ ၃ဝလောက် သူ့ဖာသာ ရပ်နိုင်နေပြီ။ နောက်မှ သူ့ပုံလေးတွေ တင်ဦးမယ်။
.
သင်္ကြန်တွင်းကတော့ ထူးထူးခြားခြားရယ်လို့ ဘာမှ မလုပ်ဖြစ်ပါဘူး။ အကျနေ့က ညီလေးဝင်ထိန်အိမ်မှာ မိသားစုလိုက်သွားပြီး ချက်ပြုတ်စားသောက်ကြတာပေါ့။ ကိုရဲတို့လင်မယားရယ်၊ ကိုဇော်မိုးနဲ့ သူ့သမီးလေးရယ် ကိုယ့်တို့ မိသားစုသုံးယောက်ရယ်။ အကြတ်နေ့မှာတော့ ကိုသူရကြီးခေါ်တာနဲ့ လင်မယားနှစ်ယောက် အင်းယားလမ်းက EMBA မဏ္ဍပ်ကို သွားဖြစ်တယ်။ ရေမပက်ဖြစ်ပါဘူး မဏ္ဍပ်အနောက်ဖက်မှာ ခုံလေးခင်းပြီး တောက်လျောက်ပဲ အရက်သောက်ဖြစ်ကြတယ်။ မိန်းမနဲ့ အင်းယားလမ်းပေါ် မဏ္ဍပ်တွေ ငေးမယ်ဆိုပြီး ညနေဖက်လျှောက်လိုက်မိပါတယ် လူတိုးလို့ မီးသတ်ပိုက်နဲ့ လှမ်းထိုးလို့ရယ်နဲ့ ကိုယ့်မျက်မှန် ပျောက်ခဲ့တယ်။ ကောင်းရော။ အသစ်ရတာပေါ့ :)
.
အင်တာနက်အထိုက်အလျောက် ပြန်ကောင်းလာပေမဲ့ ဘလော့ကို ဘယ်လိုမှ ဝင်မရတာ ဒီနေ့မှပဲ ရတော့တယ်။ တိုက်တိုက်ဆိုင်ဆိုင် မနက်က အမကြီးခင်ဦးမေ ရုံးနားက ကော်ဖီဆိုင်ကို လာပြီး အအေးတိုက် မုန့်ကျွေး သွားလေရဲ့။ ကျွန်တော်ကျွေးပါရစေ ဆိုတာတောင်လက်မခံဘူးရယ်။ ဒါနဲ့ ကိုနဗနရယ် အသင့်ရောက်နေတဲ့ မောင်ကေ(စမ်းချောင်း)ရယ် အမကြီး ကျွေးသမျှ နင်းကန် စားကြလေသတည်းပေါ့ :D အပြန်မှာ သူ့ကားပေါ်ပါလာတဲ့ သရက်သီးတွေပါ ပေးသွားလေရဲ့ ကောင်းလေစွ။ နောက်လဲ မကြာမကြာ ရန်ကုန်ကို ပြန်လာလည်ပါလို့ မှာလိုက်သေးတယ်။ အမကြီး မုန့်လာကျွေးသွားလို့ဖြစ်မယ် ဒီနေ့ ဘလော့ထဲဝင်လို့ရသွားတယ် .....
Monday, March 16, 2009
Warren Buffett ရဲ့ ၂၀၀၉ အတွက် အကြံဉာဏ်
ဒီတစ်ပတ်ထုတ် Voice ဂျာနယ် (Vol.5/No.21) မှာပါတဲ့ ဆောင်းပါးလေးထဲက ကြိုက်လို့ ဆွဲထုတ်ပြီး ဘလော့မှာ တင်ထားပါတယ်။
.
အလုပ်ကိုကြိုးစားခြင်း - ကြိုးစားသမျှတော့ အရာထင်ပါလိမ့်မယ်။ "လေ" သာ တွင်တွင်ကြီးပစ်နေရင် ဆင်းရဲတွင်းထဲ ပြုတ်ကျဖို့သေချာတယ်။ ပျင်းရိခြင်း - အိပ်ပျော်နေတဲ့ ပုစွန်ကတော့ ရေစီးအတိုင်း မျောသွားမှာပဲ။ ငွေရပေါက် - အလုပ်တစ်ခုတည်းအားမကိုးပါနဲ့။ အနည်းဆုံးနောက်ထပ် ရင်းနှီးမှုတစ်ခုက ငွေရပါစေ။ အသုံးအစွဲ - သင်မလိုတဲ့ပစ္စည်းတွေလျှောက်ဝယ်နေမိပြီဆို၊ မကြာခင်လိုတဲ့ ပစ္စည်းတွေထုတ်ရောင်းရတော့မယ်။
.
စုဆောင်းခြင်း - သုံးပြီးလို့ ပိုတဲ့ပိုက်ဆံကို မစုပါနဲ့။ စုပြီးလို့ပိုတဲ့ပိုက်ဆံကို သုံးပါ။ ချေးငှားခြင်း - ပိုက်ဆံချေးသူဟာ ကြွေးရှင်ရဲ့ကျွန်ဖြစ်တတ်တယ်။ စာရင်းဇယား - သင့်ဖိနပ်စုပ်နေမှတော့ ထီးယူလာလည်း အသုံးမဝင် တော့ပါဘူး။ အသုံးစာရင်းကို ပြန်ဆန်းစစ်ခြင်း - အသေးသုံးလေးတွေကိုဂရုစိုက်ပါ။ အပေါက်သေးသေးလေး တွေကြောင့် သင်္ဘောကြီးတွေနစ်ရတယ်။ ဖောင်ဖျက်ခြင်း - ခြေနှစ်ချောင်းလုံးနဲ့ မြစ်ရဲ့အနက်ကို မစမ်းသပ်ပါနဲ့။ (အရန် အစီအစဉ်တစ်ခု ရှိပါစေ။) ရင်းနှီးမြှုပ်နှံမှု - သင့်ရဲ့ကြက်ဥတွေအားလုံးကို ခြင်းတစ်ခုတည်း မထည့်ပါနဲ့။ (ကိုယ့်ပိုင်ဆိုင်မှုအားလုံးကို တစ်နေရာတည်းမထားနဲ့)
Monday, March 9, 2009
ပရိုစနစ်နဲ့ တစ်ချိန်ကဘောလုံးပွဲတွေ
မြန်မာဘောလုံးလောကကို ပရိုပုံစံအသွင်ပြောင်းတော့မယ်ဆိုတဲ့ သတင်းကို အားလုံးကြားပြီးကြပြီလို့ ထင်ပါတယ်။ ဒီလိုအသွင်ပြောင်းရာမှာ အခက်အခဲတွေအများကြီး ရှိပေမဲ့ အခုလို စလိုက်နိုင်တာ အရမ်းကို ကောင်းပါတယ်။ စီးပွားရေးလုပ်ငန်းကြီးရှစ်ခုက အသင်းရှစ်သင်းစထောင်မှာပါ။ မကြာခင်ဒီမှာလဲ ဘောလုံးသမား အပြောင်းအရွှေ့ကြေးတွေရှိလာတော့မယ်။ ဘောလုံးကိုသာ ပြောင်မြောက်အောင်ကစားပြ၊ လူမွှေးလူတောင် ပြောင်ပြီး စားဝတ်နေရေးအဆင်ပြေရမယ်ဆိုတဲ့ အလုပ်အကိုင်လမ်းကြောင်းတစ်ခုပေါ်လာပြီပေါ့။ ကျွန်တော့်အနေနဲ့ တကယ့်ကို ဝမ်းသာမိပါတယ်။
.
သတင်းစာရှင်းလင်းပွဲမှာ Alpine သောက်ရေသန့်ကအကြီးအကဲ ဦးစိုင်းပြောသွားတာ သဘောကျတယ်။ ဘောလုံးအကြောင်းတော့ မသိပါဘူး၊ ဒါပေမဲ့ စီးပွားရေးအရအောင်မြင်အောင်လုပ်ပါမယ်တဲ့။ ကောင်းတယ်။ စီးပွားရေးအရအောင်မြင်ပြီး sustain လုပ်ထားနိုင်မှ ဘောလုံးသမားတွေလဲဝင်ငွေတိုးလာပြီး ဘောလုံးကစားတဲ့ အဆင့်အတန်းလဲ တိုးတက်လာမှာပေါ့။ နိုင်ငံခြားသားဘောလုံးသမားတွေ ကိုယ့်အသင်းမှာ ငှားခွင့်ရှိတယ် ဆိုတော့ ဘောလုံးခြေစွမ်းမြင့်တဲ့သူတွေနဲ့ အတူကစားရတဲ့ အတွေ့အကြုံလဲရတာပေါ့။ ကစားတာအဆင့်အတန်းမြင့်လာရင် ပရိသတ်ဆိုတာလဲ ကွင်းထဲပြန်ရောက်လာမှာပါ။ ကွင်းအတွင်း ကြော်ငြာ ဆိုင်းဘုတ်တို့၊ ဘောသုံးသမားအင်္ကျီမှာ Sponsor တံဆိပ်ထိုးတာတို့၊ TVကပြတာ စသည်ဖြင့် တဖြေးဖြေး ဖြစ်လာမှာပေါ့။
.
ပရိုအကြောင်းပြောနေရင်း တစ်ချိန်က ဘောလုံးပွဲတွေကို ပြန်သတိရမိတယ်။ ၁၉၉ဝဝန်းကျင်း မြို့ထဲ MCC မှာ သင်တန်းတက်ပြီး Job Training ဆင်းနေစဉ် ကာလပေါ့။ အဲဒီတုန်းက အဖေကြီး (ဆရာZZM) ကစပြီးခေါ်သွားလို့ အောင်ဆန်းကွင်းက ပထမတန်းပွဲတွေကို စကြည့်ဖူးခဲ့တယ်။ အရင်က တိုင်းနယ်ပြည်နယ ်ပွဲလောက်ပဲ ကြည့်ဖူးတာ။ အောင်ဆန်းကွင်းကို များသောအားဖြင့် အထူးတန်းကကြည့်လေ့ရှိတယ်။ တောင်ဖက်တန်းနားနီးတဲ့ အလယ်တန်းလောက်မှာထိုင်လေ့ရှိတယ်။ အရှေ့သံပန်းစင်ပေါ်ကလည်း ကြည့်ဖူးတယ်။ အဲဒီတုန်းက ကိုသန်းတိုးအောင်တို့ခေတ်ပေါ့။ သူက ဆောက်လုပ်ရေးက။ မျိုးလှိုင်ဝင်း၊ တင်မြင့်အောင်၊ ဇော်နိုင် သူတို့က ကာစတန်က။
.
အဖေကြီးကတော့ စိုးမိုးတို့ သိန်းထွန်းတို့ ထွန်းထွန်းထက်တို့ပါတဲ့ ကုန်သွယ်ရေးအသင်း ကို အားပေးတယ်။ ကျွန်တော်က ဆောက်လုပ်ရေးကို အားပေးတယ်။ ဒါပေမဲ့ အဲဒီကတည်းက ကာစတန် အသင်းက အတောင့်တင်းဆုံးပဲ။ မြန်မာ့လက်ရွေးစဉ်တွေအများကြီးပါတယ်။ အဲဒီတုန်းက အသင်းတွေက အကြိတ်အနယ်ပဲ။ ကာစတန်၊ ဆောက်လုပ်ရေး၊ ရထား၊ ကုန်သွယ်ရေး၊ ပို့ဆက်၊ စည်ပင်၊ Army.. တကယ့ကို ်ကြည့်လို့ကောင်းတယ်။ ပွဲဝင်ကြေးက နှစ်ဆယ် အစိတ် လောက်ပဲ ရှိသေးတယ်။ ပထမပိုင်းပြီးရင် အောက်ဆင်းပြီး ဆီထမင်းနဲ့ အမဲကြော်လေးစားဖြစ်ကြတယ်။
.
အဲဒီတုန်းက ပွဲကောင်းတဲ့ရက်ဆို အထူးတန်းပြည့်တယ်။ ဗိုလ်လုပွဲလိုပွဲမျိုးဆိုရင် တစ်ကွင်းလုံးနီးပါးပြည့်တယ်။ ငွေခေတ်နောက်ပိုင်း မြန်မာဘောလုံးပွဲတွေကို ကွင်းမှာ သိပ်သွားမကြည့်ဖြစ်တော့ဘူး။ အခုကာလက ပွဲတွေမှာ ပရိသတ်က ၁၉၉ဝကျော်ကာလကလောက် လာမကြည့်ကြတော့ဘူး။ Premier League ပွဲတွေကို အလွယ်တကူ ကြည့်ခွင့်လာကြောင့်လည်း တစ်ကြောင်း ပြည်တွင်းပွဲတွေ ခြေစွမ်းညံ့လာပြီး ပရိသတ်စိတ်ဝင်စားမှု နည်းလာတာလည်း တစ်ကြောင်းပေါ့။ ဒါပေမဲ့ အဲဒီတုန်းက ဘောလုံးသမားတွေရဲ့ဘဝဟာ သိပ်မတောက်ပြောင်ခဲ့ဘူး။ ဝန်ကြီးဌာနဝန်ထမ်း အဆင့်ပဲရှိတာ။
.
ကာစတန်ကခေါ်မှာ၊ လေဆိပ်မှာ တာဝန်ချခံရမှာလောက်ကိုပဲ မျှော်နေရတာ။ လက်ရွေးစင်ဖြစ်ရင်တော့ နိုင်ငံခြားသွားကန်ရတာပေါ့။ ဒါပေမဲ့ မျိုးလှိုင်ဝင်းတို့ ကိုကြည်လင်တို့ ဝင်းအောင်တို့က စင်ကာပူ၊ မလေးရှားတို့မှာ ကြေးစားကစားသမားအဖြစ်သွားကစားခဲ့ဖူးတယ်။ သူတို့နောက်ပိုင်းမှာ အဲဒီလို အပြင်ထွက်ပြီး ကြေးစားကစားတာ မရှိတော့ဘူး။ ဒါပေမဲ့ အခု ပရိုစနစ်ကို ဦးတည်လိုက်ပြီဆိုတော့ တစ်ချိန်ကလိုပဲ ပရိသတ်တွေကွင်းထဲပြန်ရောက်လာပြီး ကစားသမားတွေလဲ အရင်ကနဲ့ ဘာမှ မဆိုင်တဲ့ လစာငွေတွေ ရတော့မယ် ခြေစွမ်းတွေပြန်ထက်လာမယ် ပွဲတွေကလည်း စွဲမက်ဖွယ်ဖြစ်လာမယ်လို့ ယူဆရတာပဲ။
.
Monday, March 2, 2009
TLT Days out...
သားက မွေးပြီး ဆေးရုံက ဆင်းလာပြီးကတည်းက ညအိပ်ညနေ ဘယ်ကိုမှ မသွားဖူးသေးဘူး။ ဗဟန်းအိမ်မှာပဲပေါ့။ တစ်ခါတစ်လေ ၅၂လမ်းက ကျွန်တော့်မိဘများအိမ်ကို အလည်သွားတာလောက်ပဲ ရှိတယ်။ ဒါပေမဲ့ မနေ့ညကစလို့ ၅၂လမ်းအိမ်မှာ ခဏပြောင်းနေဖို့ ဖြစ်လာတယ်။ ယောက်ခမကြီးက မုံရွာကို သွားစရာရှိလို့ တစ်ပတ်လောက် ကြာမှာတဲ့။ ပုံမှန်ဆို ကျွန်တော်တို့လင်မယား မနက်ရုံးသွားရင် သားကို တစ်နေ့လုံး သူ့အဖွားကပဲ စောင့်ရှောင့်ထားတာ။ အခုအဖွားကခရီးသွားတော့ ကြည့်မယ့်သူမရှိတော့ဘူးပေါ့။
.
ပထမစဉ်းစားထားတာက အိမ်မှာပဲနေ။ မနက်ရုံးသွားရင်သားကို ၅၂လမ်းအိမ်ဝင်ပို့၊ ညနေရုံးကအပြန်မှသွားခေါ်မယ်ပေါ့။ ဒါပေမဲ့ သိပ်အဆင်မပြေတာနဲ့ အဲဒီမှာပဲကျွန်တော်တို့ပါ ခဏသွားနေဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါနဲ့ မနေ့ညနေက အထုပ်အပိုးတွေနဲ့ ကျွန်တော်တို့လင်မယား သားကို ချီပြီး အဖိုးအဖွားအိမ်ကို ချီတက်သွားကြတာပေါ့။ ကျွန်တော့်အဖေအမေရယ် ညီမအငယ်ရယ်ကို သားကတွေ့နေကြ ရင်းနှီးနေပြီမို့ သူ့အတွက်လည်း သိပ်ပြဿနာတော့ မရှိလှဘူး။
.
ညမိုးချုပ်မှပြဿနာစပါရော။ အိုက်လို့ မအိပ်နိုင်လို့ ငိုပါလေရော။ ပုံမှန်အိမ်မှာဆို မီးလေးကလည်းမှန်နေတော့ အဲကွန်းလေးနဲ့ နေနေကြလေ။ အခု မြို့ထဲဖက်က အလှည့်ကျ မီးပျက်တဲ့အပြင် အဲကွန်းလဲမရှိဘူး။ ဒါနဲ့ ယပ်တောင်တွေခပ်ပေးပေါ့။ ညတစ်နာရီလောက်က ပူလို့နိုးလာလိုက်တာ သုံးနာရီကျော်မှ ပြန်အိပ်ပျော်သွားတယ်။ ဒီမနက်နိုးတော့ သူ့အဖွား (ကျွန်တော့်အမေက) သူ့တပည့်တစ်ယေက်ရဲ့အိမ်တက်အလှူကို တောင်ခေါ်သွား လိုက်သေးတယ်။ ကျွန်တော်ရုံးလာဖို့ အိမ်ကမထွက်ခင် သူစားပြီးသောက်ပြီး ပြန်အိပ်ပျော်သွားလေရဲ့။ သူ့အတွက် အပြောင်းအလဲတစ်ခုပေါ့။
Subscribe to:
Comments (Atom)