Saturday, September 5, 2009

Zawgyi 2009 and Win 2003 server

ကျွန်တော့်စက်ထဲက ဇော်ဂျီဖောင့်အဟောင်းကို ကိုစိုးမင်းရေးထားတဲ့ ဖောင့်အသစ်နဲ့ လက်ကွက် program နဲ့ ဒီနေ့မှ အောင်မြင်စွာပြောင်းလိုက်နိုင်ပါပြီ။ ကျွန်တော့် PC က Windows 2003 Server ပါ။ တလောက KeyMaster.exe ကို install လုပ်ပြီး စ run တော့ exceptional error ဆိုပြီးထွက်သွားပါတယ်။ ဒီကြားထဲမှာ မအားတာနဲ့ ဒါကို မလုပ်ဖြစ်ဘူး။ ဒီနေ့တော့ ညီလင်းဆက်လဲ online ရှိနေတာနဲ့ လှမ်းမေးလိုက်တော့ သူက ကိုစိုးမင်းကို တဆင့်မေးပေးမယ်တဲ့။ ဒါနဲ့ သူတို့ ညွှန်ကြားတဲ့အတိုင်းလုပ်လိုက်တော့ keymaster.exe အောင်မြင်စွာ run လို့ရသွားပါပြီ။
.
ပြသဿသနာပေးနေတာက Windows ရဲ့ Data Execution Prevention (DEP) feature ပါ။ အဲဒါလေးကို disable လုပ်ပေးလိုက်ရင် အဆင်ပြေသွားပါတယ်။ ဆောင်ရွက်ပုံ My Computer ကို right click နှိပ် properties ကိုခေါ်ပါ။ “Advance” tab ထဲက Startup and Recovery ရဲ့ setting ကိုဝင်ပါ။ အဲဒီမှာ System startup … Default operating system ကို edit လုပ်ပါ။ NoExecute=….. ကို NoExecute=AlwaysOff လို့ပြောင်းပြီး save လုပ်လိုက်ပါ။ Windows ကို restart ပြန်လုပ်လိုက်တဲ့အခါ KeyMaster program ချောချောမောမော တက်လာပါလိမ့်မယ်။ အခုဒီပို့စ်ကို ဇော်ဂျီ၂၀၀၉နဲ့ ရိုက်ပါတယ်။

Thursday, September 3, 2009

Snow LeoPard


ဘာရယ်မဟုတ်ပါဘူး Apple site သွားကြည့်ရင်း Snow Leopard Mac OS ကြော်ငြာထားတဲ့ နှင်းတွေနဲ့ ဒီကျားသစ်ပုံလေးကို သဘောကျလို့ ကူးလာတာ။


Wednesday, September 2, 2009

Low Level Programming

၁၉၈၉ခုနှစ်ဦးပိုင်းလောက်မှာ ကျွန်တော်ပထမဦးဆုံးကွန်ပျူတာနဲ့ထိတွေ့ခွင့်ရခဲ့တယ်။ မြို့ထဲ ဗိုလ်အောင်ကျော် လမ်းနဲ့ မဟာဗန္ဓုလလမ်းဆုံနားက MCC မှာ Basic Computer Course စတက်ဖြစ်ခဲ့တယ်။ သင်တန်းမတက်ရခင် တစ်ပါတ်လောက်အလို စိန့်အော်ဂက်စတင်း အထက်တန်းကျောင်း ဆုပေးပွဲနေ့မှာ သူငယ်ချင်းကိုနေထွန်းသိန်းက သူ့အိမ်မှာ ကွန်ပျူတာရှိတဲ့အကြောင်း စလေ့လာနေကြောင်းပြောပြီး ကျွန်တော့်ကိုလဲ အားရင် သူ့အိမ်လာခဲ့ဖို့ ခေါ်ပါတယ်။ တဆက်တည်းသူက program လုပ်ရတာသဘောကြကြောင်း ပြောပါတယ်။ (သူကအဲဒီအချိန်မှာ လေကြောင်းဦးစီးဌာနအတွက် Payrollကို Lotus 123 macro တွေနဲ့ ရေးပေးထားပြီး အဲဒါကို Dbase III Plus နဲ့ program အဖြစ်စရေးနေပြီ။ စာအုပ်ဖတ်ပြီးတွယ်နေတာ။ ကျွန်တော်က ကွန်ပျူတာဆိုတာကိုတောင် မမြင်ဖူးသေးဘူးရယ်) 
.
ကျွန်တော့်အတွက် ကွန်ပျူတာဆိုတာကို စပြီးကြားဖူးတာအဖေ့ဆီကပါ။ ရှစ်တန်းကျောင်းသား အရွယ်လောက်က အဖေက Time magazine ထဲကဆောင်းပါးတစ်ပုဒ်ဖတ်ပြရင်း Computer Engineer ဆိုတဲ့အလုပ်တွေ ပိုပိုပြီး ခေတ်စားလာကြောင်း ဒါကြောင့် အင်ဂျင်နီယာလုပ်ချင်တဲ့ ကျွန်တော့်ကို ကြီးလာရင် ြုဖစ်နိုင်ရင် အဲဒီလမ်းကြောင်းလိုက်ကြည့်သင့်ကြောင်း ပြောဖူးပါတယ်။ အဖေကလည်း လေတပ်ကဗိုလ်မှူး ဆိုသော်လည်း လက်နက်ကရိယာတွေနဲ့ပတ်သက်လို့ အမေရိကားကို တစ်နှစ်လောက် training သွားဖူးသူ ဆိုတော့ electronic ဘာသာရပ်ပိုင်းကို သိပ်တော့မစိမ်းလှဘူးပေါ့။ အဲဒီတုန်းကသိတာကတော့ ကွန်ပျူတာဆိုတာ ဂဏန်းတွက်စက်အကြီးစား ပိုပြီးအများကြီးလုပ်နိုင်ဆိုတာလောက်ပါပဲ။ 
.
MCCကို သင်တန်းအပ်တော့ သူတို့သင်မဲ့ Course Outline ကိုသိလာတယ်။ အဲဒီထဲမှာ Programming ဆိုတာကိုတွေ့လိုက်တယ်။ နေထွန်းသိန်းပြောတာလဲ ကြားဖူးထားတော့ သင်တန်းမတက်ရခင် စာလေးဘာလေး ကြိုဖတ်ထားမယ်လို့ ဆုံးဖြတ်လိုက်တယ်။ အဲဒီအချိန်လောက်က ကျွန်တော်က British Library မှာ member ဖြစ်နေပြီ။ အဲဒီခေတ်က Library ကြေးက တစ်နှစ်မှ ခုနစ်ဆယ့်ငါးကျပ်လားပဲ။ အဲဒီကနေ ဝထ္ထုစာအုပ်တွေငှားဖတ်တာလေ။ ဒါနဲ့ပဲ programming စာအုပ်ရှာဖို့ British Library ကို ချီတက် သွားတာပေါ့။ 
.
Library မှာ ရှာရင်းဖွေရင်း Low level Programming ဆိုပြီးစာအုပ်တစ်အုပ်သွားတွေ့တယ်။ Low Level ဆိုတော့ ခပ်နိမ့်နိမ့် beginner level တွေအတွက်ဖြစ်မယ်ဆိုပြီး ကိုယ့်ဘာသာကောက်ချက်ချလို့ အဲဒီစာအုပ်ကို ငှားလာတာပေါ့။ စိတ်အားတက်ကြွစွာနဲ့ စာအုပ်ကို စဖတ်တယ်။ ဘာမှကိုနားမလည်ဘူး။ ကြိတ်မှိတ်ပြီး စဉ်းစားရင်းဆက်ဖတ်တယ်။ အစပိုင်းလေးငါးရွက်ကိုတင် သုံးလေးခေါက်ပြန်ဖတ်တယ်။ ခေါင်းတွေမူးလာရော။ ဘယ်လိုလုပ်နားလည်ပါ့မလဲ။ ကွန်ပျူတာဆိုတာကို မြင်တောင်မမြင်ဖူးသေးတဲ့သူက Assembly တို့ Machine Language တို့ရေးထားတဲ့ စာအုပ်ကို သွားဖတ်မိနေတာကိုး .... 
.
:D အယ်... ဘယ်လိုဖြစ်ပါလိမ့်။ Low level တောင် ဒီလောက်ခက်နေရင် High level ဆိုရင်တော့ ငါတော့ ခက်ချေပြီ။ ဒီဘာသာရပ်ကို လိုက်စားဖို့ ဉာဏ်မမီဘူးထင်တယ်လို့တောင် တွေးမိလာတယ်။ ဒါလဲမဟုတ်သေးပါဘူး။ ငါက ကျောင်းသားဘဝမှာလဲ အများနဲ့ယှဉ်ရင် ထိပ်ပိုင်နားမှာပဲ။ သချာင်္လဲဝါသနာပါတယ်။ ကျွမ်းကျင်တယ်။ ဒီ programming ဆိုတဲ့ ဘာသာရပ်ကိုက အရမ်းခက် နေတာလားပေါ့ တောင်တွေး မြောက်တွေးနဲ့ ဘယ်လိုမှ ဆက်ဖတ်လို့ နားမလည်တော့တဲ့အဆုံး စာအုပ်ကို Library ပြန်အပ်လိုက်ရတယ်။ အခုချိန်အဲဒီ အဖြစ်အပျက်လေးကို ပြန်တွေးမိတိုင်း ပြုံးမိတယ်။ ကိုနဗနပြောသလို အ တာ မဟုတ်ဘူး Lack of experience ပဲထားပါတော့။

Sunday, August 30, 2009

ဖြစ်ရလေ အာကြီးရယ်

ManU 2 - 1 Arsenal ပထမပိုင်းမပြီးခင်လေးမှာ Arshavinရဲ့ ဂိုးနဲ့ဦးဆောင်နေတဲ့ အာဆင်နယ် အတွက် အားရတဲ့ စိတ်လေးတွေတောင် ဘယ်ရောက်သွားမှန်းမသိ။ Almunia ရဲ့ Rooneyကို ဖမ်းဆွဲသလိုဖြစ်သွားလို့ ပေးလိုက်ရတဲ့ ပင်နယ်တီက .... အော် အနည်းဆုံးသရေပေါ့လေ။ တစ်ဂိုး လောက်တော့ ထပ်သွင်းမှာပါ... ဖြေသိမ့်တွေးလို့မှမဆုံးသေး Diaby က အားရပါးရ ကိုယ့်ဂိုးပေါက်ထဲကို တန်းနေအောင် တိုက်သွင်း လိုက်ပါလေရော။ ကောင်းလေစွ။
.
 သူများဂိုးပေါက်ကို သွင်းဖို့ ကြိုးစားရင် အတော့်ကို ခက်ခက်ခဲခဲ သွင်းရပြီး မတော်တဆ အဖြစ်ကလည်း တိုက်ဆိုင်လှချေလား။ တမင်ချိန်ပြီးတိုက်သွင်းရင်တောင် ဝင်ဖို့ အတော်ခက်တဲ့နေရာ။ ဒီပွဲကတော့ အသင်းကြီးနှစ်သင်းကန်တယ်ဆိုတာ တကယ့်ကို ဘုရားစူးပါပဲ။ စုတ်ပြတ်သတ်နေတာပဲ။ Van Persie ရဲ့တိုင်ထိသွားတဲ့ ပြစ်ဒဏ်ဘောရယ် နောက်ဆုံးမိနစ် Gallas လူကျွံဘောဖြစ်သွားတဲ့ ဂိုးရယ် ... မရလိုက်တာက အာဆင်နယ် ကံဆိုးတယ်ပြောရမလား မန်ယူ ကံကောင်းတယ် ပြောရမလားမသိ။ အနော် မောင်ထွန်းခိုင်ကတော့ လောင်းထားတာရှုံးလို့ ဘကြီးဇော်မိုးနဲ့ ကိုရဲတို့ကို GlenFiddich Single Malt 12 Years ဝယ်တိုက်ရပါတော့မည် :(

Tuesday, August 25, 2009

အဖိုးနဲ့အဖေ …. ကျွန်တော်နဲ့သားသား

အဖိုးဆိုတာ ကျွန်တော့်အတွက် မှတ်ဉာဏ်အာရုံထဲမှာ ၀ိုးတိုးဝါးတားရယ်။ ငယ်ငယ်တုန်းက လှည်းတန်း ပန်းခြံလမ်း ကောင်စီရုံးဘေးကအိမ်မှာနေစဉ်က အဖိုးအဖွားတို့က အောက်ထပ်မှာ နေပြီး ကျွန်တော်တို့က အပေါ်ထပ်မှာနေတာကိုတော့ သတိရတယ်။ အဖိုး (အဖေရဲ့အဖေ)က အငြိမ်းစား မူလတန်းပြကျောင်းဆရာ။ အဲဒီတော့ သူ့မြေးဦး ကျွန်တော့်ကို ကကြီးခခွေး အ အထိရေးတတ်အောင် သင်ပေးသွားခဲ့တယ်။ 
.
အဲဒီတုန်းက သူသိပ်မကျန်းမာတော့။ လည်ချောင်း ကင်ဆာကြောင့် ဆေးရုံမတက်ရခင်အထိ ကျွန်တော့်ကို စာတွေသင်သွားကြောင်း အဖေက ပြန်ပြောပြဖူးတယ်။ ကိုယ်တိုင်လည်း အဖိုးစာသင်ပေးတာကို ၀ိုးတဝါး မှတ်မိနေတယ်။ အဖိုးဆုံးတော့ အဖေ့တပ်ကရဲဘော်တွေ အိမ်ရှေ့မှာ မိုးကာစနဲ့ တဲကြီးလိုလာထိုးကြတာ၊ အိမ်ကို လူတွေအများကြီးလာကြတာ၊ ကားစီးပြီးသွားကြတော့ ပန်းတွေကြားမှာ စန့်စန့်ကြီးအိပ်နေတဲ့ အဖိုးကို ၀ိုင်းအုံကြည့်နေကြတာ… တစ်ပိုင်းတစ်စ ရေးတေးတေးတွေလောက်ပဲ မှတ်မိတော့သည်။ အဖိုးနဲ့ ဒီထက်ရင်းရင်းနှီးနှီး အချိန်ကြာကြာနေဖို့ အကြောင်းမဖန်ခဲ့ဘူးပေါ့။
.
 ကျွန်တော့်ကလေးဘဝအကြောင်းတွေ ပြန်စဉ်းစားမိရင် အဖေအကြောင်းတွေ အများကြီးပါတယ်။ မနေ့ညနေက သားသား မောင်ထွန်းလင်းထွန်း အပြင်ထွက်ချင်တယ်ဆိုပြီး တံခါးကို လက်ညှိုးထိုးနေတာနဲ့ အောင်ဆန်းကွင်းနားက City Mart ကို လိုက်ပို့ရင်း ဟိုးအရင်တုန်းတွေက ညဖက်တွေဆို အဖေက လှည်းတန်းထိပ်က ဆိုင်တန်းလေးတွေဆီကို လမ်းလျှောက်ပို့ပေးရင်း ရေခဲမုန့်ကျွေးတာတွေ ပြန်စဉ်းစားမိတယ်။ အဲဒီတုန်းက ရေခဲမုန့်က တစ်ခု တစ်မတ်ပဲရှိသေးတယ်။ 
.
ရုံးပိတ်ရက်တွေဆိုရင်လဲ လှည်းတန်းဘူတာကနေ သံလမ်းအတိုင်းလမ်းလျှောက်ပြီး ဆင်မလိုက်သဘောင်္ကျင်းနားက ကန်စွန်းခင်းတွေနား ကစားဖို့ လိုက်ပို့ပေးတတ်တယ်။ အဲဒီမှာ ရွံ့တွေဗွက်တွေနဲ့ ပေတူးနေအောင် ဆော့ပြီးမှ အိမ်ပြန်ကြတာ။ အခုမှ ပြန်တွေးကြည့်ရင် အဖေ့ရဲ့ training တွေက အတော်ကောင်းခဲ့တာ ပြန်တွေ့ရတယ်။ ကလေးကို ကိုယ့်အားကိုယ်ကိုး ကိုယ်ကြိုက်တာကိုယ်လုပ် ကိုယ်ဖြစ်ကိုယ်ခံ ဆိုတာမျိုးကို တော်တော်ငယ်ငယ်ကတည်းက မသိမသာ သင်ပေးထားတာ။ 
.
၂တန်း မတက်ရခင်နွေရာသီမှာလည်း အမေ့မောင်ဝမ်းကွဲက ကချင်ပြည်နယ် ကာမိုင်းမှာ မင်္ဂလာသွားဆောင်ဖို့ရှိတာကို ကျွန်တော့်ကို တစ်ယောက်တည်း သူတို့နဲ့ထည့်ပေးလိုက်တယ်။ ငယ်တော့ သိပ်မမှတ်မိပေမဲ့ မန္တလေး မြစ်ကြီးနား မိုးကောင်း ကာမိုင်း တို့ ရောက်ဖူးခဲ့တယ်။ ၂တန်းကျောင်းသားတုန်းက စိန့်ဖလိုးဘေးနားက မူလတန်းကျောင်းလေးမှာနေရတာ။ တစ်ရက်မှာ အပြန်ကျောင်းကားရောက်မလာတာနဲ့ ကျန်တဲ့သူတွေကစောင့်နေကြပေမဲ့ ကျွန်တော်ကိုယ့်ဘာသာ မဟာမြိုင်မှတ်တိုင်လောက်ကနေ လမ်းတန်းကုန်းဆင်းအထိ လမ်းလျှောက်ပြန်သွားတယ်။ ကလေးပျောက်လို့ ဆိုပြီး အုတ်အော်သောင်းနင်းဖြစ်ကုန်ရော.. :D 
.
အဲဒီအချိန်လောက်မှာပဲ အမေက လွိုင်ကော်ပြောင်းရတယ်။ ညီမတွေနဲ့ အရင်သွားနှင့်တော့ ရန်ကုန်အိမ်မှာ အဖေနဲ့ ကျွန်တော်ပဲကျန်တယ်။ ကျောင်းသွားရင် အဖေက အိမ်သော့လေးကိ ဘောင်းဘီအိတ်ထဲချိတ်လေးနဲ့ ထည့်ပေးထားတယ်။ ကျောင်းကပြန်ရောက်လို့ သော့ခတ်ထားရင် ကိုယ်ဘာသာဖွင့်ဝင်ပေါ့။ ညဖက် duty ကြရင်လည်း ကျွန်တော့်ဘာသာအိပ်ပေါ့။ ထမင်းစားဖို့က စားပွဲပေါ်မှာကြည့် ဟင်းမရှိရင် ပိုက်ဆံ ဆယ်တန်လေး ထားပေးခဲ့တယ်။ ကိုယ့်ဘာသာ လှည်းတန်းထိပ်နားက ရွှေမြိုင်ဆိုတဲ့ ဆိုင်လေးမှာ စတုမတူ ပုလင်းလွတ်လေးနဲ့ သွားထွက်ဝယ်ပေါ့။ 
.
အခုခေတ်လို တီဗွီလဲမရှိသေးပါဘူး။ စားသောက်ပြီးရင် ကျွန်တော့်ရဲ့အပန်းဖြေကစားနည်းက အိမ်ကြမ်းပြင်တွေ ပြည်အောင် မြေဖြူနဲ့ လေယာဉ်ပုံတွေဆွဲတာပဲ။ ကျောင်းပိတ်ရက်ဆိုရင် အဖေက သူ့ရုံးကို ခေါ်သွားတတ်တယ်။ (မင်္ဂလာဒုံ ၅၀၂) အဖေက လက်နက်အရာရှိဆိုတော့ ရုံးလိုက်သွားရင် သေနတ်စင်တွေကြား ကစားရတာပေါ့။ တစ်ခါတစ်လေ လေယာဉ်ရုံကို လိုက်ပို့တယ်။ လေယာဉ်တွေပေါ် တစ်စီးပြီး တစ်စီးတက်ကြည့် ဆော့ပေါ့။ တော်တော်ပျော်စရာကောင်းတယ်။ နေ့လည်နေ့ခင်းဆိုရင် လက်နက်တိုက်အရှေ့က အရိပ်ကောင်းတဲ့ ဗံဒါပင်ကြီး အောက်မှာထိုင်ပြီး တူသေးသေးတစ်ချောင်းနဲ့ ဗံဒါစေ့ထုစားတာ ပြန်စဉ်းစားမိတော့ အခုတောင် စားချင်စိတ်ပေါ်လာသေး။ 
.
စနေနေ့တွေဆိုရင် လှည်းတန်းဘူတာကနေ မြို့ပတ်ရထားစီးပြီး မြို့ထဲမှာ ရုပ်ရှင်လိုက်ပြလေ့ရှိသေးတယ်။ ရထားခက ပြားသုံးဆယ်။ ဘုရားလမ်းဘူးတာမှာဆင်း … စကော့စျေးကို ဖြတ်ထွက်ပြီးရင် ရုပ်ရှင်ရုံတွေဖက် လမ်းလျှောက်သွားတာပေါ့။ အများအားဖြင့် ပပဝင်းနဲ့ ဂုဏ်ရုံမှာ ကြည့်လေ့ရှိတယ်။ ရုပ်ရှင်ပြီးရင် လဟာပြင် စျေးထဲမှာ ဆီချက်ဝယ်ကျွေးတယ်။ 
.
အဖေ မိထ္ထီလာရှမ်းတဲလေတပ်ကို ပြောင်းရတော့လည်း ကျွန်တော်တစ်နှစ်လောက် လိုက်နေဖြစ်သေးတယ်။ အရာရှိရိပ်သာ လူပျိုဆောင်အခန်းမှာပဲ။ ရှေးဟောင်းနှောင်းဖြစ်တွေ ပြန်စဉ်းစားရင် ဟိုရောက်ဒီရောက်နဲ့ ဆုံးမှာကို မဟုတ်ဘူး။ ကိုယ့်ရဲ့သားတော်မောင်လေးကိုလည်း အဖေက ကျွန်တော့်ကို ပြုစုပျိုးထောင် ပေးသလောက် ကောင်းကောင်လုပ်ပေးနိုင်ပါ့မလားလို့တောင်တွေးမိတယ်။ ဒါနဲ့ အဖေ့ရဲ့ training အထိုက်အလျောက် ရအောင်ဆိုပြီး မောင်ထွန်းလင်းထွန်းကို အဖေတို့အိမ်ဖက် တစ်ပတ် နှစ်ခေါက်လောက် သွားသွား ပို့ပေးနေတယ်။ အဖေတို့အမေတို့လည်း သူတို့မြေးဦးလေးဆိုတော့ ကလေးသွားပို့ရင်ပျော်တာပေါ့။ 
.
သားလေးရပြီးမှ Life is Beautiful ရုပ်ရှင်ကားကို ဟိုးတလေလေးက Family TV5က ပြန်ပြလို့ ကြည့်မိတယ်။ မျက်ရည်ကျပြီး စူးစူးနစ်နစ်ခံစားရတယ်။ အရင်ကြည့်တုန်းက ဝမ်းနည်းခံစားရပေမဲ့ မတူဘူး။ ဘေးမှာ ကွေးကွေးလေးအိပ်ပျော်နေတဲ့ သားလေးကိုလှည့်ကြည့်ရင်း ရုပ်ရှင်ကားထဲက ကလေးအဖေလောက် မစွမ်းဆောင်နိုင်ရင်တောင် အဖေ အတတ်နိုင်ဆုံး သားကလေးကို စောင့်ရှောက်ပျိုးထောင်ပေးသွားမယ်လို့ … စိတ်ထဲကပြောနေမိတယ်။

Friday, August 7, 2009

ထွန်းလင်းထွန်း တစ်နှစ်ပြည့်မွေးနေ့


မနေ့ကသားသား အသက်တစ်နှစ်ပြည့်မွေးနေ့ပေါ့။ ဧည့်သည်တွေမဖိတ်ဖြစ်တော့ပဲ နှစ်ဖက်အဖိုးအဖွား အန်တီများ သားရဲ့ဝမ်းကွဲမောင်နှမများနဲ့ပဲ မွေးနေ့ပွဲလေးကို အိမ်မှာပဲလုပ်ပေးဖြစ်တယ်။
 
ကိတ်မုန့်ကတော့ မော်လမြိုင်ရောက် သူ့ဒေါ်ကြီး sponsor လုပ်သွားတာပေါ့။ တီတီနှစ်ယောက်က ဘောလုံးတွေဝယ်လာပြီး မှုတ်ပေးသေးတယ်။ သားကြိုက်တယ်ဗျ။ 

 ဖေဖေ မေမေတို့ရဲ့ မွေးနေ့လက်ဆောင် ကားပုံတဲ။ အထဲမှာ ရောင်စုံဘောလုံး တစ်ရာပါတယ်ဗျ။   သားမွေးနေ့လက်ဆောင်ရတဲ့ ငါးဖန်ချိုင့်လေးပေါ့။ သားကတော့ တစ်ခါတည်း လက်နှိုက်ထည့်ပြီး ငါးဖမ်းဖို့ လုပ်တော့တာပဲ

  

Tuesday, August 4, 2009

Kiss 2 ဒုတ္ခ


သိပ်မကြာသေးခင်က ကိုယ့်မဟေသီ ဂျပန်ကအပြန် Canon EOS Kiss-2 (450D) တစ်လုံးဝယ်လာလေရဲ့။ ဝယ်ဖြစ်သွားတဲ့အကြောင်းအရင်းက ဂျပန်ကိုအသွား အိမ်မှာ ကင်မရာမေ့ခဲ့ပါလေရော။ တိုကျိုရောက်တော့ ဟိုရိုက်ဒီရိုက် ဓါတ်ပုံရိုက်ချင်စိတ်ကပေါက်လာ ကင်မရာကမရှိ .. အဲဒီတော့ ဝယ်ရိုက်မယ်ပေါ့။ အိမ်မှာက အသေး တစ်လုံး (Sony CyberShot) တစ်လုံးရှိပြီးသားလဲဖြစ်နေ ယောက်ျားဖြစ်တဲ့ ကျွန်တော်က တစ်ချိန်မှာ SLR တစ်လုံးဝယ်မယ်လိ်ု့ ပြောထားဖူးတော့ ရသိန်းခွဲလောက်တန်ဖိုးရှိတဲ့ အဲဒါကြီးကို ဝယ်ချလာပါလေရော။ 
.
ဝယ်လာတော့လဲ ဟိုရိုက်ဒီရိုက် ရိုက်ဖြစ်တာပေါ့။ ဒီကင်မရာလေးရမှ ကိုထွန်းခိုင်ကြီး ကင်မရာကြီးယူခဲ့ပါဦး စမ်းကြည့်ရအောင် ဓါတ်ပုံထွက်ရိုက်ရင်ခေါ်မယ်နော်... စသည်ဖြင့် ဓါတ်ပုံဆရာမိတ်ဆွေအချို့ရဲ့ လူရာသွင်းမှုကို ခံရလို့လဲ ဝမ်းသာရသေး ခွိ။ ဓါတ်ပုံရိုက်မှ ကင်မရာကြီးရှိမှ လူရာဝင်ပေသကိုး။ ကောင်းလှောင့်တေး ကောင်းလှောင့်တေး။ ဒါကြီးရပြီးတော့ မျောက်အုန်းသီးရသလို ဟိုရိုက်ဒီရိုက်ပေါ့။ မွန်ဂိုလီးယားသွားတုန်းက ဒါကြီးယူသွားဖြစ်လို့ ရှုခင်းတွေ ရိုက်လို့ကောင်းလိုက်တာ။ Kit Lens 18-55 နဲ့ပဲဆိုတော့ တစ်ချို့ပုံတွေရိုက်ရတာ စိတ်သွားတိုင်း ကိုယ်မပါ။ တယ်လီဆွဲရိုက်ချင်သလိုလို အပါချာကျယ်တဲ့ မှန်ဘီလူးမျိုး လိုချင်လာသလိုလို ... အင်း ငွေတော့ ထပ်ကုန်ချေတော့မည်။ 
.
လွန်ခဲ့တဲ့ တစ်ရက်နှစ်ရက်က ကြည့်ဖြစ်တော့ အားပါးပါး ကင်မရာကြိုးမှာ မှိုတွေကပ်နေပါလား ဒါနဲ့ ပြူးတူးပြဲတဲ နဲ့ ပျက်ပြီလားဆိုုပြီး နားလည်သူများကိုပြရသပေါ့။ တော်သေး၏။ Lens တို့ Sensor တို့အထိ မှိုမရောက်သေး။ ဒီအတိုင်းပဲ သူ့အိတ်ထဲထည့်ပြီး ဘီဒိုထဲ ထည့်ထားတာကိုး။ ကိုသူရကြီးကတော့ dry box ဆိုလားဝယ်ပြီး သိမ်းရမတဲ့ တစ်သိန်းခွဲ နှစ်သိန်းလောက်ရှိသတဲ့ မြတ်ချွာဖျား .... lens ဝယ်ချင်လို့ ယားနေတာတောင် ပိုက်ပိုက် သိပ်မရှိလို့ ငြိမ်နေရတာကို။ ဒါပေမဲ့ သုံးလေးသောင်းလောက် အကုန်ခံပြီး box တစ်မျိုးနဲ့ ထည့်သိမ်းလဲ ရသတဲ့။ လောလောဆယ်တော့ ဘုရားစင်ထဲထည့်ပြီး ၂၄နာရီမီးထွန်းထားတယ်။ ကောင်းရော။ ယောက်ခမကတော့ မနက် ဘုရားရှိခိုးရင် ကိုယ်တို့ရဲ့ Canon Kiss-2 ကြီးကိုပါ အဆစ် ကန်တော့နေရလေရဲ။ သာဓု သာဓု သာဓု .... :D