Wednesday, April 11, 2007

theory and application

စာတွေသင်တယ်ဆိုတာ ဘာလုပ်ဖို့လဲဗျာ ၊ လက်တွေ့ဘဝမှာ အကျိုးရှိရှိ အသုံးချဖို့ပဲမဟုတ်လား ... စာသင်ကြား ပေးနေတဲ့ သူတစ်ယောက်အနေနဲ့ ကိုယ်သင်ကြားနေတာတွေကို ကိုယ် ကိုယ်တိုင် ယုံယုံကြည်ကြည် မသုံးရဲရင် ရောဗျာ ....ကိုယ် ကိုယ်တိုင် မကျင့်သုံးနိုင် အသုံးမချနိုင် မယုံကြည်နိုင်တာတွေကို သူများကို တခမ်းတနား သင်ကြားပေးတာ ဘာအဓိပ္ပါယ်ရှိဦးမှာလဲ။ Empower လုပ်ပါ တစ်ဖက်လူကို လေးစားပါ Respect ထားပြီးဆက်ဆံပါ ဘာညာ နေကြာကွာစိ ပေါ့ဗျ
.
ာManagement ဆိုင်ရာသင်ခန်းစာတွေ ...အဲဒါတွေသင်ကြားပေးနေတဲ့ ကျွန်တော်တို့ရဲ့ သင်တန်းမှုး ဆရာမကြီး ကိုယ်တိုင်က သူ့တပည့်သင်တန်းသားတွေကို နိုင်ငံခြားမှာအလုပ်လုပ်ခိုင်းဖို့ ခေါ်သွားတဲ့ သံချည်သံကွေး အလုပ်သမားတွေ အလုပ်ကြမ်းသမားတွေလို ဆက်ဆံတယ်ဗျာ .... တကယ်ဆို အသက် သုံးဆယ်ကျော်ပြီး မန်နေဂျာနဲ့အထက်အဆင့်ရှိသူတွေ... ကိုယ်ပိုင်လုပ်ငန်းရှင်တွေပါဗျာ နိုင်ငံခြား ဆိုတာလဲ မကြာခဏဆိုသလို သွားနေရတဲ့ ကျွန်တော်တို့တတွေကို ဒီလိုတော့ မဆက်ဆံသင့်ပါဘူးဗျာ ... 
.
အဖြစ်ကဒီလို ..... အခုတက်နေတဲ့ စီမံခန့်ခွဲမှုညနေပိုင်းသင်တန်းက လေ့လာရေးအဖြစ် ဟောင်ကောင်နဲ့ တရုတ်ပြည်ကို တစ်တန်းလုံးသွားဖို့ အကြောင်းဖန်လာတယ်။ ကိုယ့်စားရိတ်နဲ့ကိုယ်ပါဗျာ ... ဗီဇာဝင်၊ လေယာဉ်လက်မှတ်ဝယ် စသည်ဖြင့် လိုအပ်တာတွေလုပ်ကြပေါ့ဗျာ .... အတန်းသားတော်တော်များများမှာက Passport လက်ရှိတွေ များတယ်။ သင်္ကြန်အပြီးသွားကြမှာဗျ။ ထားတော့။ ပြောချင်တာက မနေ့က ကျောင်းကနေ ကျွန်တော့်ဆီ ဖုန်းဆက်လာတယ်။ ညနေသင်တန်းလာရင် Passport ယူလာပါတဲ့။ အဲဒီညနေ ကျောင်းလာတဲ့ ကျောင်းသားတွေဆီက Passportတွေကို သိမ်းယူ လိုက်တယ်။ D-Form တွေရောပဲ။ လေယာဉ်လက်မှတ်ဆိုတာ ဝယ်ပြီးကတဲ့က ကျွန်တော်တို့ လက်ထဲ တောင်မရောက်ဘူး။ 
.
အဲဒီညနေမှာ ကျွန်တော်တို့ ဆရာမကြီးက Briefing ပေးပါတယ်။ Passport တွေကို လေယာဉ်အတက်ဆင်း ခရီးသွားချိန် လိုအပ်တဲ့အချိန်တွေကလွဲရင် သိမ်းထားပါမယ်တဲ့။ ဘာရယ်တော့ မဟုတ်ပါဘူးတဲ့ .... ဘာရယ်မဟုတ်ဘူးသာဆိုတယ် အားလုံးကတော့ သဘောပေါက်လိုက်ပါတယ် ... ထွက်ပြေးမှာ ပြန်မလိုက်မှာ ကြောက်လို့ဆိုတာကို ....ဆရာမကြီးအနေနဲ့ ကိုယ်ကိုယ်တိုင်Selection ရွေးထားတဲ့ ကိုယ့်တပည့် အတန်းသား တွေကို မယုံဘူးတဲ့ဗျာ ...အဲဒီညနေမှာ ကျွန်တော်သေသေချာချာ သိလိုက်ရပါတယ်။ 
.
ဆရာမကြီးအနေနဲ့ ကိုယ်သင်ကြားနေတဲ့ Management Theory တွေကို အကယ်ကိုယ့်အတွက်ကြတော့ ယုံယုံကြည်ကြည် မသုံးရဲဘူးဆိုတာလဲ ကျွန်တော်ရှင်းရှင်းကြီးသဘောပေါက်သွားပါတယ်။ ဒီသင်တန်းသားတွေအဆင့်က ဘယ်သူက ဟောင်ကောင်နဲ့တရုတ်ပြည်မှာ ပန်းကန်ဆေးဖို့ အလုပ်ကြမ်းလုပ်ဖို့ ခိုးပြီးနေခဲ့မှာလဲ .... ပြီးတော့ သူများနိုင်ငံမှာ သွားလာနေတဲ့အချိန်မှာ ကိုယ့်လက်ထဲမှာ Identity ပြစရာDocument တစ်ခုခု မရှိပဲ သွားလာနေရမှာ တော်တော်လေး စိတ်မလုံခြုံသလို ခံစားရတယ်ဗျာ ... တကယ်ဆိုရင် ဒေါ်လာ (၇၀၀)ဝန်းကျင်လောက်ကုန်မဲ့ ဒီခရီးစဉ်ကို ဆရာမကြီးကို ကြောက်လို့ မလွန်ဆန်ချင် ကြလို့ မပြောရဲကြလို့သာ ... မသွားချင်သူက ခပ်များများ ....ဒေါ်လာ(၇၀၀)လောက် မတတ်နိုင်ကြသူတွေရော တတ်နိုင်ရင်တောင် ဒီလိုခရီးစဉ်လောက်နဲ့ ဒီလောက်ငွေကြေးမသုံးချင်ကြသူတွေများတယ်။ 
.
ဒါပေမဲ့ ခရီးက နောက်ဆုံးမှာ သွားဖြစ်ကြတယ်။ ဒါပေမဲ့ဗျာ ပိုက်ဆံကုန် အချိန်လဲကုန်သေးတယ် ပြီးတော့ အောက်တန်းစား အလုပ်ကြမ်းသမားကို ဆက်ဆံသလို မယုံသင်္ကာနဲ့လည်း ဆက်ဆံခံရသေးတယ် .ခရီးစဉ်တလျောက် ထားရာနေ စေရာသွား ခိုင်းသလိုလုပ်ဆိုတဲ့ အချိုးနဲ့ပေါ့ဗျာ .. အုပ်စုနဲ့သွားရင် စည်း စံနစ် နဲ့ အထိုက်အလျှောက် လုပ်ရတယ် စည်းကမ်း လိုက်နာရမယ်ဆိုတာတော့ နားလည်ပြီးသားပါ ... ဒါပေမဲ့ အလွန်အကျွံကြီးကတော့ .မကောင်း ပါဘူးဗျာ .... ဆရာမကြီးအနေနဲ့ အတန်းကို မယုံကြည်ရင်လဲ ဒီခရီးကို ဘာလို့ရအောင် သွားဖြစ်အောင် အတင်းအားထုတ်သလဲ ၊ ဖင်မနိုင်ပဲ ပဲကြီးဟင်းစားချင်လို ဖြစ်မနေဘူးလား ... 
.
ပကာသနတွေပါဗျာ .... ဒီသတင်တန်းနဲ့ ဌာနရဲ့ Popularity အတွက် ကျွန်တော်တို့တတွေက ငွေစိုက်ထုတ်ပေးလိုက်ရသလိုပါပဲ ....ဒီသုံးလေးရက်လေး သွားလေ့လာတော့ ဘာများသိရမှာလဲ ဘယ်လောက်အသုံးချနိုင်မှာလဲ တကယ်တော့ အပျော်ခရီးသက်သက်လိုပါပဲဗျာ ....ဟိုမရောက်ဒီမရောက် ကျွန်တော့်မှာ စုထားတဲ့ ဒေါ်လာလေးတွေ ကုန်တဲ့အပြင် ့Hand Phone ဝယ်ဖို့ စုထားတဲ့ ပိုက်ဆံလေးတွေတောင် ပဲ့ပါသွားပါရောလား .... တကယ်နှမြောတယ်ဗျာ ...I know that she has heavy responsibility and she has to cover her ass. ဒါပေမဲ့ဗျာ ..ဒေါသနဲ့ ရင်ထဲမှာ မခံချင်စိတ်က တနုံ့နုံ့နဲ့ပေါ့ဗျာ။ ဆရာမကြီးရဲ့ ကျွန်တော်တို့ အပေါ်ထားတဲ့ သဘောထားအမှန်ကို သိလိုက်ရတာပေါ့။ ကိုယ်ဖေါ်တဲ့ဆေး ကိုယ်ရောင်းတဲ့ဆေး ကိုယ်မစားရဲတဲ့သူလိုပေါ့။ ထားလိုက်ပါလေ ...နောက်ဆုံးတော့ ပြောင်မြောက်တဲ့ ဟာသတစ်ပုဒ်ဖတ်လိုက်ရသလိုပဲ ကျွန်တော် နှစ်နှစ်ချိုက်ချိုက် ရီမောလိုက်ပါတယ်။

Sunday, April 8, 2007

Shall we dance?

အေးမြတ်သူရဲ့ဆိုးရွားလှတဲ့ဆံပင်နဲ့မျက်နှာအပြင်အဆင်၊ မယ်လိုဒီရဲ့ လက်မောင်းက ပတ်တီး၊ တင်မိုးလွင်ရဲ့ နွေရာသီဖက်ရှင်ပွဲတင်ဆက်သူ ဆိုတဲ့ စတိုင်လ်နဲ့မလိုက်ဖက်တဲ့ ကုတ် ...အဲ မထင်မှတ်ပဲ သွားကြည့်ဖြစ်တဲ့ စနေနေ့နေလည်က ဖက်ရှင်ပွဲတစ်ခုပေါ့ဗျာ ..... သူငယ်ချင်းမတစ်ယောက်ရဲ့ရုံးခန်းကို အလည်သွားရင်း သူတို့နဲ့ အတူမျက်စိလည် လမ်းမှားလိုက်သွားဖြစ်ခဲ့တာ။ ဘော့စနီတံဆိပ်အဝတ်အစားတွေရဲ့ နွေရာသီ ဖက်ရှင်ရှိုးပါ။ အခုလို တံဆိပ်တစ်ခုရဲ့သီးသန့် ဖက်ရှင်ရှိုးကို ကြည့်ဖူးတာ ဒါပထမဦးဆုံးအကြိမ်ပါ။ Traders Hotel မှာလုပ်တာပါ။ 
.
ပွဲအကြောင်းတော့ အသေးစိတ်ထပ်မပြောတော့ပါဘူး။ စိတ်တိုင်းကျပြီး ကျေနပ်မိတာလေးတစ်ခု ပြောပြချင်လို့ပါ။ ဖက်ရှင်ပွဲ round တစ်ခုနဲ့ တစ်ခုကြားမှာ ဖျော်ဖြေမှုအစီအစဉ်လေးထည့်ထားပါတယ်။ (မော်ဒယ်တွေ အဝတ်အစားလဲချိန်ရအောင် ဖြစ်မယ်) အဲဒီအထဲက ယူရေနီယမ်ဆိုတဲ့အက အဖွဲ့က အမျိုးသမီးငယ်လေးတစ်ဦးကို ထူးထူခြားခြား သတိပြုမိတယ်။ အနက်ရောင်ဝတ်စုံလေးနဲ့ အရပ်ခပ်မြင့်မြင့်လေး။ သူတို့ သုံးခါလောက်ကသွားတယ်။ သူတို့အဖွဲ့ သီးသန့်တစ်ခါ NOအဖွဲ့က ရည်မွန်နဲ့တွဲပြီးနှစ်ခါ။ တာဝန်အရ ပိုက်ဆံရလို့ ငှားတဲ့သူရှိလို့ လာကနေတာမျိုးမဟုတ်ပဲ သူမကိုယ်တိုင် စိတ်ပါလက်ပါ စိတ်ဝင်တစား ပျော်ရွှင်စွာကနေတယ်လို့ ခံစားမိတယ်။ ကျွန်တော်တို့တတွေ ကိုယ်လုပ်ချင်တာကို လုပ်ပြီး စိတ်ပျော်ရွှင် နေသလိုမျိုးပေါ့ ....
.
တကယ့်ကို စိတ်ပါလက်ပါကနေတာပါ။ ကြည့်နေရင်းနဲ့ (Shall we dance?)ဆိုတဲ့ ရုပ်ရှင်လေးကိုတောင်ပြန်သတိရမိတယ်။ ဘဝမှာ သူများနဲ့ မတူ ထူးချွန်ပြောင်မြောက် လာသူတွေဟာ ဒီလိုပဲ အလုပ်ကို ဝတ်ကျေတန်းကျေ လို့သဘောမထားပဲ အကောင်းဆုံးဖြစ်အောင် စိတ်ဝင်တစား ကြိုးစားအားထုတ်ပြီး ပျော်ပျော်ရွှင်ရွှင်လုပ်ကိုင်နိုင်သူတွေပဲ မဟုတ်ပါလား .... ငွေရဖို့ လခရဖို့ လုပ်နေရတယ်ဆိုတာမျိုးမဟုတ်ပဲ ပျော်ပျော်ရွှင်ရွှင်နဲ့ လုပ်ချင်လို့ကို လုပ်နေတယ် ဆိုတာမျိုးပေါ့ဗျာ .. အဲဒီနေ့လည်က အဲဒီကလေးမကနေတာကြည့်ရင်း ကိုယ့်ဖာသာတောင် Motivation တွေတက်လာသလို ခံစားရတယ်။ ကျေးဇူးပါ မိန်းကလေး ...

Wednesday, March 28, 2007

နှလုံးသား ၃၈၀ / ၅၄

MBAကျောင်းက ဆရာမတစ်ယောက်က Business Ethics သင်ရင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးအကြောင်း ပြောရင်း စကားကြုံလို့ ညွှန်းလိုက်တာပါ။ ဆရာမကလည်း စာတော်တော်ဖတ်ပုံရတယ်။ ဒါနဲ့ အရင်အပတ်က သူငယ်ချင်းဖိုးလမင်းရဲ့ အိမ်ရောက်တော့ သူ့ဆီမှာ အဲဒီစာအုပ်ရှိနေတာနဲ့ ငှားဖတ်ဖြစ်တယ်။ တော်တော် ကောင်းပါတယ်။ ခေတ်လွန် ဟာသ ... ဟာသ ဆိုပေမဲ့ သရော်စာနည်းနည်းပိုဆန်မလားမသိ။ ဝတ္ထုတို လေးတွေပါ။ စိတ်ကူးချိုချိုကထုတ်တာ။ 
.
ဖူးစာရှင်ကို ရွေးတော့မည် ကန်စွန်းခင်းအမြောက်အမြားပိုင်ဆိုင်သော သူ့မိတ်ဆွေ လူကုံထံတစ်ယောက်၏ သားနှင့် လက်ထပ်ပေးရန် စီစဉ်နေဆဲ အချိန်မှာပင် အလတ်မသည် ကွန်ပျူတာ ပရိုဂရမ်မာလေးတစ်ဦးနဲ့ ခိုးရာလိုက်ပြေးသွားသည်။ မိဘတွေရဲ့ အထက်တန်းလွှာ တံငါသည် မျိုးရိုးဂုဏ်သိက္ခာကိုမှ မထောက်ထားပဲ ဘာမဟုတ်တဲ့ ကွန်ပျူတာ စာရေးလေးကိုမှ ယူရကောင်းလားဆိုပြီး အမေလုပ်တဲ့လူက အမွေပြတ် ကြေညာစွန့်လွှတ်ထားခဲ့သည်။ 
.
တစ်ခါတစ်ရံကျလျှင် သူတို့ရွာဖက်သို့ မြို့ကတက်လာသော ပျံကျကွန်ပျူတာသမား တစ်ယောက်တစ်လေ ရောက်ရှိလာတတ်သည်။ ပစ္စည်းကိရိယာတွေထည့်ထားသော အိတ်ကြီးကို လက်ကဆွဲ၊ နေပူကျဲကျဲမှာ ချွေးသံ တရွှဲရွှဲလျှောက်သွားရင်း ကွန်ပျူတာတေ ွပြင်တယ် ဟဒ်ဝဲတွေအပ်ဂရိတ်လုပ်ပေးတယ် နောက်ဆုံးပေါ် ဆော့ဖ်ဝဲတွေတင်ပေးတယ် ဟု အော်သွားသော အသံကို ကြားရတဲ့ အခါတိုင်း မြို့ပေါ်မှာ ဆင်းဆင်းရဲရဲ ချို့ချို့တဲ့တဲ့ နေရရှာသော သမီးလတ်ကို မြင်ယောင်ပြီး စိတ်မကောင်းဖြစ်ရ၏။ 
.
ဒီတစ်ပုဒ်ကိုဖတ်နေရင်း အောင့်သက်သက်ဖြစ်သွားတယ်။ တစ်ချိန်ထဲမှာ ပြုံးလိုက်မိတယ်။ အောင့်သက်သက်အပြုံးပေါ့။ စဉ်းစားတတ်ပါပေ့ ပြောင်မြောက်ပါပေ့ ဆရာမင်းလူရယ်။ ကိုယ့်ဘာသာ အိတ်ကြီးလွယ်လို့ လမ်းတကာလျှောက်နေရတဲ့ ပျံကျစျေးသည်ကြီးအဖြစ် ထင်းကနဲမြင်သွားတယ်။ ဟင်း .... သူများအမြတ်တနိုးရွေးချယ်သင်လာခဲ့ရတဲ့ဘာသာရပ်နဲ့ ပညာကိုများ။ အဖိုးအဖွားတွေနဲ့ အမေနဲ့ အတိုက်အခံလုပ်ပြီး ဆရာဝန်မလုပ်ပဲ ရွေးချယ်ခဲ့ရတဲ့ ကိုယ့်ရဲ့ဘဝလမ်းကြောင်းကိုများ .. ပြောရက်သည်... နည်းနည်းတော့ စိတ်တိုသွားမိတယ်။ စိတ်လေသွားတယ်။ ပြန်တွေးလိုက်တိုင်းလည်းရီချင်လာတယ်။

နားခိုရာ

နားခိုရာလေးတစ်ခုပါဗျာ .... ဘာရယ်မဟုတ်ပါဘူး စိတ်ရှုပ်နေတဲ့ စိတ်အချဉ်ပေါက်နေတဲ့ စိတ်လေနေတဲ့အချိန်တွေမှာ ကိုယ့်ခံစားချက်တွေ ပြောပြချင်တာတွေကို အချိန်ပေးပြီး စိတ်ရှည်ရှည်နားထောင်ပေးမဲ့ သူငယ်ချင်းကောင်းတစ်ယောက်အနားမှာ မရှိနိုင်ချိန်မှာ စိတ်ရဲ့ထွက်ပေါက်တစ်ခုပေးဖို့ နေရာလေးပေါ့ဗျာ။ ဒါ့အပြင် မှတ်တမ်းလို ဒိုင်ယာရီလိုလဲရေောစးောစးးတဲ့အခါရေးမယ်ဗျာ .. တွေးမိတွေးရာလေးတွေ .. တောင်တောင်အီအီ ဟိဟိုဒီဒီ စာတွေ ကဗျာတွေ ဆောင်းပါးတွေ မှတ်သားစရာတွေတွေ့ရင်လဲ လာထည့်မယ်ဗျာ၊ ဓါတ်ပုံလေးတွေ ပန်းချီတွေလည်း ပါချင်ပါမယ်ဗျာ ..... တစ်နေ့တစ်နေ့ ကွန်ပျူတာရှေ့မှာပဲ အချိန်တော်တော်များများကုန်ရတာဆိုတော့ ဒီနေရောစးာလေးဟာ ကိုယ့်အတွက် အလုပ်ပင်ပန်းမှုတွေ ဟန်ဆောင်မှုတွေ လိမ်ညာမှုတွေကနေ ခဏတာ ရှောင်ပြေးရာ စိတ်ကူးဖြန့်ကျက် ခရီးထွက်ရာ နေရာလေးဖြစ်လာမှာပေါ့ .... အမြဲဟန်ဆောင်ပြီး ပြောသင့်လို့ ပိုက်ဆံရမှာမို့ တာဝန်အရ .. အင်း ဒီလိုပြောဆိုဆက်ဆံနေရတာတွေကို တခါတလေကျတော့ အရမ်းငြီးငွေ့လာတယ်ဗျာ ....