Thursday, November 15, 2007

Products and their benefits

နေ့လည်က လဘက်ရည်ဆိုင်ထိုင်းရင်း ကိုယ့်ရဲ့ EMBA term-paper အတွက်ဆွေးနွေးဖြစ်ကြတယ်။ အဓိကကတော့ benefit အပိုင်းပေါ့။ ပစ္စည်းတစ်ခု ဝန်ဆောင်မှုတစ်ခုကြောင့် customerက ဘာအကျိုးကျေးဇူးရသွားလဲပေါ့။ ကိုယ်လုပ်မှာက post purchase evaluation of business software application ဆိုတော့ လူတွေ ဘယ်ပစ္စည်းတွေကို ဘာလို့ဝယ်လဲ၊ ဘယ်အချိန်မှာဝယ်လဲ၊ ဘာမျှော်လင့်ပြီးဝယ်တာလဲ ...ဒါကို ဆန်းစစ်ရမယ်။ 

.

မော်တော်ကားဆိုပါတော့။ ကိုယ်ပိုင်ကားပေါ့။ သူ့ကိုဝယ်ထားရင်ဘာအကျိုးရှိမလဲ? အချိန်မကုန်ပဲ အလိုရှိရာနေရာကို သက်တောင့်သက်သာရောက်မယ်။ ဘတ်စ်ကားစီးတာ၊ လမ်းလျှောက်တာထက်တော့ မြန်မယ် လူသက်သာမယ်။ အင်း... Taxi ငှားစီးလဲရတာပဲလို့တော့ စောတက တက်စရာရှိတယ်။ တစ်ချို့အချိန် တစ်ချို့နေရာတွေမှာ ငှားရခက်တာ၊ ငှားလို့ကို မရတာမျိုးလဲရှိနိုင်သေးတယ်လေ။ အဲဒီနောက်မှာမှ ကားပုံ ဒီဇိုင်းလှတယ်၊ မောင်းလို့ကောင်းတယ်၊ ပိုမြန်တယ်၊ စက်သံမဆူညံဘူး၊ ဆီစားသက်သာတယ်... စတာတွေက feature တွေ function တွေပေါ့။ 

.

နောက်ဥပမာတစ်ခုက တယ်လီဖုန်းပေါ့။ အော်ပြောလို့မရနိုင်တဲ့နေရာကလူတွေကို ဆက်သွယ်စကားပြောနိုင်မယ်။ ဒါသူ့ရဲ့ general benefit ပေါ့။ အဲဒီနောက်မှာမှ သယ်သွားလို့ရတဲ့ mobile ဖုန်း၊ SMS ပို့လို့ရတယ်၊ လိုင်းပိုမိတယ်၊ ဒီဇိုင်းလှတယ်၊ memoryပိုများတယ် စတာတွေက functionတွေ featureတွေပေါ့။ 

.

အကျိုးကျေးဇူးကို တိုက်ရိုက် သိသိသာသာ မတွေ့ရပဲနဲ့ လူတွေငွေသုံးနေကြတာလဲရှိတယ်။ (ကျွန်တော့်အမြင်သက်သက်ပါ) ဥပမာ Anti-oxident ဆေးတွေပေါ့။ အသက်ရှည်မယ်၊ နုပျိုတယ်၊ ကင်ဆာမဖြစ်ဘူး ...ဘာညာပေါ့။ အဲဒီအကျိူးကျေးဇူးတွေကို ဘယ်တော့တွေ့ရမှာလဲ။ ဥပမာ ခေါင်းကိုက်နှာစီးနေလို့ ပါရာစီတမောဝယ်သောက်တယ်။ ဝေဒနာသက်သာသွားတယ်ပေါ့။ ခုနက ပြောတဲ့ဆေးမျိုးမှာ အဲဒီလိုတိုက်ရိုက် benefit တွေကျွန်တော်မတွေ့မိဘူး။ တစ်ချိန်ကြရင်ရမယ် ကြိုတင်ကာကွယ်မယ်ဆိုပြီး တစ်ချို့လူတွေဝယ်သောက်နေကြတာပဲ။ 

.

အဲဒိတော့ နောက်ဆုံးပြောဖြစ်ကြတာက ကွန်ပျူတာဆိုတာကြီးကရော ဘယ်လိုbenefitတွေပေးလဲ။ သာမန်လူတစ်ယောက် ရှင်းကနဲ နားလည်သွားအောင် ကျွန်တော်ပြောဖို့ခက်နေတယ်။ General Purpose Stored program digital electronic machine ဆိုတဲ့ သူ့့ရဲ့ ဘွဲ့နံမည်အရကို ပြောရမှာ အရမ်းကျယ်ပြန့်နေတယ်။ စာရိုက်လိုရရတယ်ဗျာ၊ ပုံဆွဲဗျာ၊ ရုပ်ရှင်ကြည့်မလား သီချင်းနားထောင်မလား၊ စာရင်းဇယားတွေဆွဲလို့ရတယ်ဗျာ ... အဲဒီလိုတွေလျှောက်ပြောပြန်ရင်လဲ feature တွေ functionတွေ ဖြစ်နေရော။ ကဲအဲဒီတော့ benefit ကိုဘယ်လိုပြောရမလဲ.. ကွန်ပျူတာတောင်ပြောရခက်နေရင် software ဆိုရင် ပိုဆိုးပြီပေါ့။ ဘာရယ်မဟုတ်ပါဘူး။ အားအားယားယားပြောခဲ့ကြတာလေးတွေ မေ့မသွားအောင် ရိုက်ချထားတာ။ paper ရေးရင် တစ်ခုခုထည့်ရေးရအောင်လို့ပါ။ :D
 

မေတ္တာခံယူနည်းတစ်ခု

သူတပါးကို သတ္တဝါများကို ကျန်းမာချမ်းသာစေကြောင်း မေတ္တာပို့သကြသလို ... သူများတွေပို့သနေကြသော မေတ္တာတွေကိုလည်း ခံယူနိုင်ပါတယ်။ အဲဒီမေတ္တာတွေကိုခံယူပြီး ဆုတောင်းပြုပုံလေးတစ်ခုပါ။ ကျွန်တော်တို့ မိသားစုတွေ ဘုရားရှိခိုးပြီးတိုင်း ရွတ်ဆိုဆုတောင်းလေ့ရှိကြပါတယ်။ စာရွက်နဲ့ရိုက်ပြီးလည်း ဓမ္မဒါန လှူတန်းဖူးပါတယ်။ ပျောက်ပျက်မသွားအောင် သိမ်းထားချင်လို့ အခုဘလော့ပေါ်ကို တင်ပါတယ်။ အလိုရှိသူများ ကူးယူအသုံးပြုနိုင်ကြပါတယ်ခင်ဗျား။
(၁) သူတော်ကောင်းအပေါင်းတို့၏ ပို့သကြကုန်သော မေတ္တာတော်အဟုန် သောတာပန် သကဒါဂါမ် အနာဂါမ်အစရှိသော အရိယာသူတော်စင်အပေါင်းတို့၏ ပို့သကြကုန်သော မေတ္တာတော်အဟုန်တို့သည် ကျွနု်ပ်၏ ရင်တွင်းနှလုံးသား၌ ဝင်ရောက်ကိန်းအောင်းလျက် တစ်ကိုယ်လုံးပျံ့နှံ့ပြီးလျှင် ထိုထိုသောမေတ္တာတော် အာနုဘော် တန်ခိုးအာနိသင်တို့ကြောင့် ကျွန်ုပ်၏ ကိုယ်တွင်းကိုယ်ပ နှစ်ဌာနတို့တွင် ရှိကြကုန်သော ၉၆ဖြာသော ရောဂါဝေဒနာ ဟူသမျှတို့သည် ယခုအချိန်ကစပြီး ကျွနု်ပ်၏ ကိုယ်ခန္ဓာမှ ရှင်းရှင်းကင်းပ မရှိကြကုန်သည် ဟောတု ဖြစ်ရပါစေသား ....

(၂) သူတော်ကောင်းအပေါင်းတို့၏ ပို့သကြကုန်သော မေတ္တာတော်အဟုန် သောတာပန် သကဒါဂါမ် အနာဂါမ်အစရှိသော အရိယာသူတော်စင်အပေါင်းတို့၏ ပို့သကြကုန်သော မေတ္တာတော်အဟုန်တို့သည် ကျွနု်ပ်၏ ရင်တွင်းနှလုံးသား၌ ဝင်ရောက်ကိန်းအောင်းလျက် တစ်ကိုယ်လုံးပျံ့နှံ့ပြီးလျှင် ထိုထိုသောမေတ္တာတော် အာနုဘော် တန်ခိုးအာနိသင်တို့ကြောင့်

ကျွန်ုပ်၏ မကောင်းသောဘေး၊ မကောင်းသောရန်၊ မကောင်းသောဥပါဒ်အန္တရယ်၊ မကောင်းသောဇာတာပေစာ၊ မကောင်းသောအတိတ်၊ မကောင်းသောနိမိတ်၊ မကောင်းသောအိပ်မက်၊ မကောင်းသောအနိဌာ၊ မကောင်းသောအမင်္ဂလာ ဟူသမျှတို့သည် ယခုအချိန်ကစ၍ ကျွန်ုပ်၏ ကိုယ်ခန္ဓာမှ ရှင်းရှင်းကင်းပ မရှိကြကုန်သည် ဟောတု ဖြစ်ရပါစေသား ....

(၃) သူတော်ကောင်းအပေါင်းတို့၏ ပို့သကြကုန်သော မေတ္တာတော်အဟုန် သောတာပန် သကဒါဂါမ် အနာဂါမ်အစရှိသော အရိယာသူတော်စင်အပေါင်းတို့၏ ပို့သကြကုန်သော မေတ္တာတော်အဟုန်တို့သည် ကျွနု်ပ်၏ ရင်တွင်းနှလုံးသား၌ ဝင်ရောက်ကိန်းအောင်းလျက် တစ်ကိုယ်လုံးပျံ့နှံ့ပြီးလျှင် ထိုထိုသောမေတ္တာတော် အာနုဘော် တန်ခိုးအာနိသင်တို့ကြောင့်

ကျွန်ုပ်၏ စားမှု သောက်မှု ဝတ်ဆင်မှု လုပ်ကိုင်မှု ဟူသမျှတို့၌ မပူမပင် မကြောင့်မကြ မတောင့်မတရဘဲနှင့် ဣစ္ဆိတံ ပတ္တိတံ (မယှံ) (တုယှံ) ခိပ္ပမေဝ သမိဇ္စျတု အလိုရှိအပ်သော ဆုတို့သည် မကြာချက်ချင်း ယခုလက်ငင်း ပြည့်စုံရပါစေသား။

(၄) သူတော်ကောင်းအပေါင်းတို့၏ ပို့သကြကုန်သော မေတ္တာတော်အဟုန် သောတာပန် သကဒါဂါမ် အနာဂါမ်အစရှိသော အရိယာသူတော်စင်အပေါင်းတို့၏ ပို့သကြကုန်သော မေတ္တာတော်အဟုန်တို့သည် ကျွနု်ပ်၏ ရင်တွင်းနှလုံးသား၌ ဝင်ရောက်ကိန်းအောင်းလျက် တစ်ကိုယ်လုံးပျံ့နှံ့ပြီးလျှင် ထိုထိုသောမေတ္တာတော် အာနုဘော် တန်ခိုးအာနိသင်တို့ကြောင့်

ကျွနု်ပ်၏ စိတ်ချမ်းသာခြင်း ကိုယ်ကျန်းမာခြင်းဖြင့် မဂ်ဉာဏ် ဖိုလ်ဉာဏ် ရောက်ကြောင်းမှန်သော ၀ိပဿနာတရားထူးတရားမြတ်ကို အလွယ်တကူနှင့် အားထုတ်နိုင်ပြီး ယခုဘဝ၌ပင်လျှင် သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ် ရဟန္တာဘဝသို့ အလွယ်တကူနှင့် ကူးရောက်နိုင်ပြီး နိဗ္ဗာန် ချမ်းသာကြီးကို ရပါစေသား ရောက်ပါစေသား။
 

Wednesday, November 14, 2007

IT အစွမ်း

နေ့လည်ဖက်အချိန်လေးအားတုန်း EMBA term paper ရေးဖို့အတွက် ရှာဖွေပြီး download လုပ်ထားတာလေးတွေကို ဖတ်ကြည့်နေမိတယ်။ အဲဒီအထဲက Why software fails by: Robert N. Charette ဆိုတဲ့ white paper လေးရဲ့အစကပိုင်းနားက စာပိုဒ်လေးကို ကူးယူပြီး ဖော််ပြလိုက်ပါတယ်။ ကျွန်တော်ကိုယ်တိုင်က software ဆိုတဲ့အပျော့ထည်လေးများကိုရေးပြီး ရောင်းချရင်း အသက်မွေးနေသူဆိုတော့ ဒီအဖြစ်အပျက်လေးက စိတ်ထဲမှာ တော်တော်ထိထိမိမိ ဖြစ်သွားတယ်။ ဘယ်တုန်းက ဘယ်မှာဖြစ်ခဲ့တယ်တော့ အသေးစိတ်မပါဘူးဗျ။ အတော့်ကို စိတ်ဝင်စားစရာပဲ။ ကွန်ပျူတာစနစ်တွေရဲ့လွဲမှားမှု၊ ချို့ယွင်းမှုတွေကြောင့် ငွေကြေး၊ အချိန်၊ လူ့အင်အားစတာတွေ ဘယ်လောက် ဆုံးရှုံးတယ်ဆိုတာ လေးတွေကိုလဲအဲဒီ paper ထဲမှာ ဖေါ်ပြထားသေးတယ်။

Have you heard the one about the disappearing warehouse? One day, it vanished—not from physical view, but from the watchful eyes of a well-known retailer's automated distribution system. A software glitch had somehow erased the warehouse's existence, so that goods destined for the warehouse were rerouted elsewhere, while goods at the warehouse languished. Because the company was in financial trouble and had been shuttering other warehouses to save money, the employees at the "missing" warehouse kept quiet. For three years, nothing arrived or left. Employees were still getting their paychecks, however, because a different computer system handled the payroll. When the software glitch finally came to light, the merchandise in the warehouse was sold off, and upper management told employees to say nothing about the episode. This story has been floating around the information technology industry for 20-some years.

Ref : Why software fails by: Robert N. Charette

Tuesday, November 13, 2007

statement of UN Country Team

ဘာရယ်မဟုတ်ပါဘူး။ မကြာသေးခင်က UN Country Team ကထုတ်ပြန်လိုက်တဲ့ statement ကြောင့် သက်ဆိုင်ရာအစိုးရဖက်က စန်းစန်းတင့် (sensative) ဖြစ်ပြီး ဦးစိုးသာကိုယ်တိုင် ကိန်းဂဏာန်းတွေနဲ့ တခမ်းတနား ပြန်ရှင်းခဲ့သေးတယ်လေ။ ကိုယ့်ဘာသာ ထီးဖြူဆောင်းတဲ့ မင်းကောင်းမင်းမြတ်လို့ မှတ်ထင်နေချိန်မှာ ငတ်ပြတ်နေတယ် နိမ့်ကျတယ် ဆင်းရဲတယ် အခြေအနေတွေဆိုးရွားနေတယ် ဘာညာဆိုတော့ သူတို့ကို တိုက်ရိုက်ထိခိုက်နေတာပေါ့နော်။ အရင်အပတ်က ခရီးသွားမှာနဲ့ ဘာနဲ့ အလုပ်ရှုပ်နေလို့ မကြည့်ဖြစ်ဖူး။ ဒီ statement လေးကို ဖတ်ကြည့်ချင်နေတာ ကြာပြီ။ အခုမှပဲရှာဖတ်မိတော့တယ်။ ဖတ်ချင်သူများ သွားပြီးရှာဖွေဖတ်မနေရအောင် ဒီမှာကူးယူ ဖေါ်ပြလိုက်ပါတယ်။ Poverty line ဆိုတာလေးကို စိတ်ဝင်စားနေမိတယ်။ အေးအေးဆေးဆေး ရှာဖတ်ကြည့်ဦးမယ်။

NGO အဖွဲ့တစ်ချိုု့လဲ statement ထုတ်သေးတယ်။ သူတို့ပြောတဲ့အချက်အလက်တွေကလည်း UN statement ထဲမှာပြန်ပါတယ်။ လက်မှတ်ထိုးတဲ့အဖွဲ့အစည်းတွေက -
 

Action Contre la Faim, Aide Medicale Internationale, Asian Harm Reduction Network, CESVI, Deutsche Welthungerhilfe/German Agro Action, Enfants du Monde Droits de l'Hommes, International HIV/AIDS Alliance, Malteser International, Medecins du Monde, Norwegian People's Aid, Population Services International, Save the Children, Terre des Hommes Italia

သူတို့ဒီလိုစာထုတ်လိုက်တော့ အစိုးရနဲ့ဆက်ဆံရေး မပြေမလည်ဖြစ်သွားနိုင်တယ်။ နှစ်ပြည့်လို့ MOU ပြန်ထိုးဖို့ အချိန်ကြရင် အစိုးရဖက်က ဆက်လုပ်ခွင့်မပေးရင် ဒုက္ခပဲ။ နောက်ဆုံးတော့ ပြည်သူတွေပဲနစ်နာရမှာ။ ဒီNGO တွေက အစိုးရမလုပ်နိုင်တဲ့ မလုပ်တဲ့ stector နဲ့ area တော်တော် များများကို ဖြည့်ဆည်းဆောင်ရွက် ပေးနေတာမဟုတ်လား။

အသေးစိတ်နဲ့ အခြားသတင်းအချက်အလက်တွေအတွက် unic.org ကိုသွားပါ။

Statement of the United Nations Country Team in Myanmar on the Occasion of UN Day

Yangon, 24 October 2007: Today marks United Nations Day. It is a day on which we should reflect on the importance of achieving development, prosperity, peace, security and dignity for all. All people of the world deserve to have these fundamental rights and freedoms fulfilled.

In Myanmar, the peaceful demonstrations that followed the sudden hike in fuel prices on 15 August highlighted that many of these aspirations are not yet a reality for the people here. The events clearly demonstrated the everyday struggle to meet basic needs, and the urgent necessity to address the deteriorating humanitarian situation in the country. These are the same messages that the United Nations Country Team in Myanmar has been endeavouring to bring to the Government’s attention for some time.

The United Nations Country Team reiterates the calls for action made at the most senior levels of the UN system including the Secretary General, the Special Envoy of the Secretary General Professor Ibrahim Gambari, the Special Rapporteur for Human Rights, Human Rights Council resolution of 2 October, and the Security Council. The 11 October Security Council Presidential statement, reflecting the unanimous views of its members, called on the “Government of Myanmar to take all necessary measures to address the political, economic, humanitarian, and human rights issues that are the concern of its people and emphasizes that the future of Myanmar lies in the hands of all of its people.”

The UN system in Myanmar also fully supports the 18 October Joint Statement made by thirteen international non-governmental organizations currently working in Myanmar, expressing concern about the humanitarian situation in Myanmar. We echo their appeals for greater public expenditures in social sectors, an improved operating environment for international humanitarian organizations, and a significant scaling up of international assistance to address the needs of the poor.

While acknowledging the efforts made by the Government of Myanmar to build schools, clinics, hospitals and roads, the UN system in Myanmar nevertheless sees every day that in this potentially prosperous country basic human needs are not being met. Today, Myanmar’s estimated per capita GDP is less than half of that of Cambodia or Bangladesh. The average household is forced to spend almost three quarters of its budget on food. One in three children under five are suffering from malnutrition, and less than 50% of children are able to complete their primary education. It is estimated that close to seven hundred thousand people each year suffer from malaria and one hundred and thirty thousand from tuberculosis. Among those infected with HIV, an estimated sixty thousand people needing anti-retrovirals do not yet have access to this life-saving treatment.

The United Nations agencies working in Myanmar repeat their strong determination to help the country address poverty and suffering, and their underlying causes.

The concerns of the people have been clearly expressed through the recent peaceful demonstrations, and it is beholden on all to listen.

* * * * * * * * * *

Monday, November 12, 2007

ရေဒီယိုလိုင်းသစ်

မနက်ကအိပ်ယာနိုးတော့ ခြောက်နာရီခွဲပြီ။ ရွာမှာက ရန်ကုန်ထက်နည်းနည်းပိုအေးတယ်။ မျက်နှာသစ်ဖို့အောက်ဆင်းလာရင်း စတီရီယိုသီချင်းသံကြားလိုက်ရတယ်။ ရေဒီယိုကလာနေတာ။ ပဲခူးနားက ရွာလေးဆိုတော့ City FM လဲဖမ်းလို့မရဘူး။ မေးကြည့်တော့ နေပြည်တော်ကလွှင့်တဲ့သီချင်းလိုင်းသစ်တဲ့။ (နေပြည်တော်က လွှှင့်တာဟုတ်မဟုတ်တော့မသိဘူးဗျ။ ရွာသားတွေကတော့ ဒီလိုပဲလက်ခံထားတာ။) 

.

မနက်စောစော ဘီဘီစီ၊ ဗွီအိုအေ လာချိန်မှာ သူကလည်းလာနေပြီ။ လူကြီးတွေက အဲဒီလိိုင်းတွေဖမ်းကြ ကလေးတွေက ခုနကပြောတဲ့ သီချင်းလိုင်းကိုဖမ်းကြပေါ့။ ရွာမှာက လျှပ်စစ်မီးမရတော့ ဓါတ်ခဲထည့်တဲ့ ဒီလို ရေဒီယိုလေးတွေကို ပဲအဖွင့်များတယ်။ ဟိုးအရင်တုန်းကတော့ မြန်မာ့အသံတစ်ခုပဲရှိတာပေါ့။ အခုလိုင်းက လှိုင်းလတ် KHz 580 ပတ်ဝန်းကျင်ကလာတာ။ သီချင်းသုံးလေးပုဒ်လာလိုက် သတင်းလိုလို ပြောချင်တာတွေပြောလိုက်ပေါ့။ ဥပမာ ... ကုလသမ္မက ရဲ့ မြန်မာဌာနေဝန်ထမ်းတွေဟာ ဒီမှာနေထိုင်လုပ်ကိုင် နေကြတာဆိုတော့ မြန်မာပြည်ရဲ့ တိုးတက်ဖွံဖြိုးနေတာတွေကို ပိုပြီးတောင်သိသင့်ပါတယ်တဲ့။ အသားတင်ထုတ်လုပ်မှုကတော့ ဘယ်လောက် ဘယ်လောက်ပါ ... မတည်ငြိမ်တဲ့ငွေလဲလှယ်မှုနှုန်းထားနဲ့ ဆုံးဖြတ်ပြီး ကြေငြာ စာတန်းတွေထုတ်တာတော့ မှားယွင်ပါတယ်ရှင် .... ဘာညာနေကြာကွာစိပေါ့။ 

.

ရွာကအေးမြင့်အောင်တို့ ညီအမတစ်တွေကတော့ သီချင်းနားထောင်ဖို့ဖွင့်ကြတာပေါ့။ ဆေးလိပ်လိပ်ကြရင်း သီးချင်းလေးဖွင့်ထားတာပေါ့။ ရွာလေးလို တောနယ်ဖက်တွေမှာ City FM ဖမ်းမရတော့ သီချင်းလေးသုံးလေးပုဒ်ဖွင့်လိုက် ပေါ်လစီလေးတွေ သတင်းလိုလိုလေးတွေ ပြောချင်တာလေးပြောလိုက်ပေါ့။ ရွာသားတွေအတော်များများတော့ဖွင့်ကြတယ်ဗျ။ နိုင်ငံခြားရေဒီယိုလိုင်းများကို counter လုပ်ဖို့ သက်ဆိုုင်ရာကလွှင့်တယ်ထင်ပါတယ်။ ဘာပဲဖြစ်ဖြစ်ရွာသားတွေကတော့ သီချင်းတွေနားထောင်ရလို့ ပျော်နေကြတယ်။ နိုင်လင်းတို့ညီအကိုတွေဆို ဒီရက်ပိုင်း လယ်ထဲကတဲမှာပဲအိပ်ရတယ်။ လူငယ်ဆိုတော့ ဘီဘီစီ ဘီအိုအေလဲ အကြာကြီးနားထောင်ဖို့ စိတ်မဝင်စားတော့ အခုလိုင်းလေးဖွင့်ပြီး အချိန်ဖြုန်းကြပေါ့။ ညပိုင်းလဲလာတယ်ဗျ။ လွှင့်ချိန်အတိအကျတော့ ကျွန်တော်မသိဘူး။

ရွာသို့တစ်ခေါက်

 

 

 

 

 

 

 

 

တနင်္ဂနွေနေ့က ပဲခူးနားကရွာလေးကို တစ်ခေါက်ထပ်သွားဖြစ်တယ်။ ကထိန်အတွက် ရန်ကုန်က လူတွေလှူတဲ့ပိုက်ဆံတွေသွားပေးဖို့ရော ဘုရားကုန်းပေါ်မှာထာမဲ့ ရုပ်တုတွေရယ်ကိစ္စအတွက်ပေါ့။ ရန်ကုန်ကအထွက်က သမိုင်းလမ်းဆုံကနေ Hilux လိုင်းကားစီးသွားတာပေါ့။ ပဲခူးအဝင်ကတံတားတစ်ခုက ပြန်ဆောက်ဖို့ ဖျက်ထားတဲ့အတွက် အဲဒီနားမှာ ကားတွေ ဆိုင်ကယ်တွေ မြင်းလှည်းတွေ စက်ဘီးတွေ ရှုပ်ရှက်ခပ်နေတာပဲ။ တစ်ကြိမ်ကို တစ်ဖက်ကယာဉ်တွေကိုပဲပေးသွားတယ်။ နောက်တစ်ဖက်က လာတဲ့ယာဉ်တွေက စောင့်ပေါ့။

ပဲခူးလိုင်းကားကလဲ အရင်ကလို ရွှေမော်ဓေါဘုရားစျေးအထိမသွားပေးတော့ဘူး။ တံတားအဆင်းနားမှာ ဂိတ်ဆုံးပြီဆိုပြီးရပ်ရော။ ဒါနဲ့ သုံးဘီးဆိုင်ကယ်လေး (သူတို့အခေါ် တုတ်တုတ်)ထပ်စီးပြီး ဘုရားခြေရင်းကိုသွား အဲဒီကနေမှ ရွာကြီးဖက်ကမ်းအထိ လေးဘီးကားလေးငှားသွားတယ်။ ကိုယ်တစ်ယောက်ထဲဆိုရင် ဆိုင်ကယ်ကယ်ရီပဲစီးသွားလေ့ရှိတယ်။ အခုက အသက်ကိုးဆယ်ကျော် ဘဘ ပါနေတော့ ကားနဲ့ပဲသွားတယ်။ ဒီတစ်ခေါက်သွားတာကလဲ ဘဘကို လိုက်ပို့တာ။ သူက အသက်ကိုးဆယ်ကျော်ပြီဆိုသော်လည်း သန်တုန်းမြန်တုန်းဗျ။ တစ်ခါတစ်လေ ရွာကို တစ်ယောက်တည်းသွားတာ။ ကျွန်တော်အားရင်တော့ လိုက်ပို့ပေးပါတယ်။ ရွာကိုသွားတဲ့ ဂဝံခင်းလမ်းလေးက ခပ်ဆိုးဆိုးရယ်။ ဖုန်ကလဲထူသေး။ ခုနစ်မိုင်လောက်ရှိမယ်ဗျ။

ရွာရောက်တော့ ဦးတင်ဝင်းတို့ ဒေါ်နုရီတို့မိသားစုက ဝမ်းသာအရကြိုကြတယ်။ သူတို့က ဘုရားကိစ္စအတွက် ဘဘကို မျှော်နေကြတာ။ သူတို့သားနှစ်ယောက်ကတော့ လယ်ထဲရောက်နေလေရဲ့။ မိုးစပါးရိတ်ပြီးတော့ အခု နွေစပါးပြန်စိုက်ဖို့ပြင်ဆင်နေကြတာလေ။ နောက်တစ်နေ့ဆို မျိုးကြဲတော့မှာတဲ့။ သမီးလေး သုံးယောက်ကတော့ ထုံးစံအတိုင်း ဆေးလိပ်လိပ်နေကြတယ်။ ဒါနဲ့ သူတို့ဆီက တစ်လိပ် ယူသောက်တယ်။ ရန်ကုန်မှာက ဆေးပေါ့လိပ် သိပ်မသောက်ဖြစ်ဘူး။ ရွာကမိန်းကလေးအများစုက ဆေးလိပ်လိပ်ကြတယ်လေ။ လိပ်ခကတော့ တစ်ထောင်ကို ငွေ ရှစ်ရာကနေ တစ်ထောင်လောက်ပဲရတယ်။ ဂျိုးသိန်းတံဆိပ်တွေ။ သူတို့ညီအမသုံးယောက် သုံးရက်လိပ်ရင် အလိပ်တစ်သောင်းလောက်ရတယ်တဲ့။ လုပ်အားခက နည်းတော့နည်းတယ်။ သုံးယောက်ကို သုံးရက်မှ ရှစ်ထောင် တစ်သောင်းပဲရတယ်။

နေ့လည်ပိုင်းမှာ အလံနီဖက်က (ကွန်မြူနစ်အလံနီနေခဲ့တဲ့နေရာကို စွဲပြီးခေါ်တာလားတော့မသိ သူတို့လဲ အသေအချာမပြောနိုင်ဘူး။) ပျားရည်လာရောင်းတာနဲ့ ငါးပုလင်းဝယ်ပြီး ဒေါ်နုရီတို့ဆီက Alpine 5liter ရေသန့်ဘူးကိုတောင်းပြီး ထည့်လာတယ်။ ပျားရည်စစ်တယ်လို့တော့ထင်ရတာပဲ။ .75L လောက်ပုလင်းနဲ့ ထည့်ထားတာကို ၁ရဝဝကျပ်ပေးရတယ်။ နေနည်းနည်းအေးတော့ ဘုရားကုန်းကိုသွားကြည့်ကြတယ်။ ဆရာတော်တွေ ပုဂ္ဂိုလ်တွေရဲ့ရုပ်တုတွေကတော့ပြီးနေပြီ။

အချောသပ်ဆေးချယ်ဖို့ကျန်သေးတယ်။ အဆောင်လေးတွေ ဆောက်ဖို့ကျန်တယ်။ မနှစ်ကပဲ လုပ်ပြီးခဲ့တဲ့ နှစ်ကျိပ်ရှစ်ဆူဘုရားတွေက တစ်ချို့အဆူတွေမှာ ဆေးတွေ နည်းနည်းကွာပြီး အမဲကွက်လေးတွေ ဖြစ်ချင်နေပြီ။ ဒါတွေကြည့်ပြီး ဘဘရယ် ဦးတင်ဝင်းရယ်နဲ့ ဘာတွေဘာတွေ အရင်လုပ်မယ် တိုင်ပင်ကြတယ်။ ဘဘကနေခဲ့ပြီး ဆက်လုပ်နေဦးမှာ။ ကျွန်တော်က ဒီနေ့မနက် စောစောပဲပြန်လာတာ။ ရုံးအလုပ်တွေရှိသေးတယ်လေ။

ညဖက်ထမင်းစားတော့ မိန်လိုက်တာ။ ရွာရောက်တိုင်းထမင်းစားလို့ကောင်းတယ်။ ရန်ကုန်မှာထက် ပိုပြီးစားဖြစ်တယ်။ ငါးဘတ်ကို ခရမ်းချဉ်သီးနဲ့ချက်တယ်။ ပြီးတော့ ချဉ်ပေါင်ဟင်းရည်၊ ငါးပြေမကို အရည်လေးနဲ့ချက်ထားတယ်။ ငါးပိရည်နဲ့ တို့စရာက ဒညင်းသီးမီးဖုတ်။ အိုး ကောင်းမှကောင်း။ စားပြီးတော့ ရေနွေးကြမ်းလေးနဲ့ ဂျိုးသိန်းလေးဖွာလို့။

ဒီမနက်မပြန်ခင်မနက်စောစော ကလေးမတွေ လိပ်ပြီးသားဆေးလိပ်တွေကို ရေတွက် ကြိုးနဲ့စည်း စသည်ဖြင့် သွားပို့ဖို့စီစဉ်နေကြတယ်။ ဆေးလိပ်ရေတွက်ပုံကလည်းအဆန်းသား။ တစ်လိပ်ချင်းမရေဘူး။ ပုံလိုက်ပြီး လက်နဲ့လိုက်ညှိတယ် အမြင့်ကဘယ်နှစ်လိပ် အပေါ်တန်းကဘယ်နှစ်လိပ်စသည်ဖြင့် စီလိုက် ပိုတာထုတ် လိုတဲ့တစ်လိပ်နှစ်လိပ်ထည့်လိုက် ဒါဆိုငါးဆယ်တဲ့။ ကျွန်တော်က မေးတယ် နင်တို့ဟာက သေချာလို့လား ဆိုတော့ သူတို့က ကိုထွန်း ရေကြည့်လေတဲ့။ အဟုတ်ပဲငါးဆယ်အတိ။ နောက်တစ်ခေါက်သွားလို့ အားရင် ဘယ်လို ပုံပြီးရေတွက်တယ်ဆိုတာသင်ထားဦးမှ။


Saturday, November 10, 2007

ဟနွိုင်းသို့အလည်တစ်ခေါက်

တဖြေးဖြေးနိမ့်ဆင်းလာတဲ့ လေယာဉ်ပျံပေါ်ကမြင်ရတာကိုက စနစ်တကျအကွက်တကျရှိလှတဲ့ စိုက်ခင်းတွေ။ စိုက်ပျိုးရေးကို အကြီးအကျယ်လုပ်နေတယ်ဆိုတာ မပြောပဲကို သိနိုင်တယ်။ လေဆိပ်ကအထွက်မှာ KADO ကလာကြိုနေတယ်။ ဗိယက်နမ် tour guide အမျိုးသမီးလေးတစ်ယောက်။ လာအိုက နှစ်ဦးကယောက်နှင့်နေပြီ။ ဖိလစ်ပိုင်ကနှစ်ယောက်လာမှာကို snack bar လေးကနေထိုင်စောင့်ကြတယ်။ လာအိုကလာတဲ့အမျိုးသမီးကြီးက ဒီကသရက်သိးဖျော်ရည်ကောင်းတယ်ဆိုတာနဲ့ တစ်ခွက်မှာသောက်တယ်။ လေဆိပ်ကထွက်တော့ ညနေငါးနာရီခွဲတော့မယ်။ 

.

မြို့အဝင် highway လမ်းကြီးကလည်းအတော်ကောင်းတယ်။ လမ်းဘယ်ညာမှာ ကြော်ငြာ billboard ကြီးတွေ တန်းစီလို့။ စိုက်ခင်းတွေကလည်း မျက်စိတစ်ဆုံးပဲ။ ပြောင်းဖူးခင်းတွေ၊ စပါးခင်တွေများတယ်။ လမ်းပေါ်မှာ မော်တော်ဆိုင်ကယ်တွေအတာ်များတာကို သတိပြုမိတယ်။ စိုက်ခင်းတွေကျော်တော့ စက်ရုံတွေ တန်းစီနေတာပဲ။ FDI (Foreign Direct Investment) အများကြီးရှိတယ်ဆိုတာ တော်တော်ပေါ်လွင်နေတယ်။ 

.

ရန်ကုန်ကအထွက်က Nov 7 မနက်၁ဝနာရီ TG နဲ့ဘန်ကောက်ကိုပေါ့။ ပြီးတော့နေ့လည် ၂နာရီမှာ Air France နဲ့ ဟနွိုင်းကိုထပ်စီးရတယ်။ ပထမဆုံးအကြိမ် Air France ကို စီးဖူးတာပဲ။ တစ်ယောက်စီအတွက် ရှေ့ထိုင်ခုံရဲ့နောက်ကျောမှာ touch screen နဲ့ ရုပ်ရှင်ကြည့်ဖို့ ပေးထားတယ်။ Die Hard 4, Transformer စသည်ဖြင့် ငါးကား ခြောက်ကားလောက်ထည့်ပေးထားတယ်။ beer သောကာ် ရုပ်ရှင်ကြည့်ရင်း အချိန်ဖြုန်းလို့ရတာပေါ့။ တိုက်ရိုက်သွားရင် နီးနီးလေးဟာကို ကွေ့ပတ်သွားလိုက်ရတယ်။ ဘန်ကောက်ကနေ ဟနွိုင်းက ၁နာရီခွဲလောက်စီးရတယ်။ 

.

KADO (Korea Agency for Digital Opportunity and Promotion) က Digital Opportunity Forum 2007 တက်ဖို့ဖိတ်လို့သွားတာပါ။ ၂၀၀၅ ဒီဇင်ဘာတုန်းက KADOရဲ့ အစီအစဉ်နဲ့ Korea, Seoul မှာ ၆ရက် eGovernment training သွားခဲ့ဖူးတယ်။ အဲဒီအဆက်အစပ်နဲ့ ပြန်ဖိတ်တာဖြစ်မယ်။ မြန်မာပြည်အတွက် ITA (IT Ambassador) အဖြစ်ပေါ့။ (အဟိ အမေ့သား မသေခင် Ambassador ဖြစ်ပြီပေါ့ ခွိ။) 

.

Hanoi Sharaton Hotel မှာထားပေးတယ်။ Forum ကလည်း အဲဒီမှာပဲ။ Nov 8 ရက်နေ့မှာလုပ်တာ။ ကမ္ဘောဒီယား၊ လာအို၊ မလေး၊ မြန်မာ၊ ဖိလစ်ပိုင်၊ထိုင်းက ကိုယ်စားလှယ်တစ်ဦးစီ နိုင်ငံနဲ့ပတ်သက်တဲ့ IT Development, eGovernment ဘာညာနေကြာကွာစိ စာတမ်းငယ်တစ်စောင်တင်ပြီး မိနစ်၂ဝလောက် presentation လုပ်ရတယ်။ အချိန်မရလို့ဘယ်မှတောင် ကောင်းကောင်းမလည်လိုက်ရပါဘူး။ Forum ပြီးတော့ Dinner မတိုင်ခင် ရတဲ့အချိန်ကလေး မြန်မြန်ကလေး ဟိုတယ်နားတစ်ဝိုက်ပဲလျှောက်သွားခဲ့ရတယ်။ ဆိုင်ကယ်တွေများပုံကတော့ တကယ်ကို လက်လန်တယ်။ ရှုပ်ပါတယ် စည်းကမ်းမရှိပါဘူးဆိုတဲ့ ကိုမောင်လှတို့ ကိုသခင်ကြီးတို့ရဲ့ မန္တလေးမြို့တောင် ဟနွိုင်းနဲ့ယှဉ်ရင် ချာတိတ်ဖြစ်သွားတယ်။ 

.

ဟွန်းသံတွေကလဲဆူညံနေတာပဲ။ ရှိသမျှလမ်းစည်းကမ်းလဲ အကုန်ဖောက်ဖျက်တယ်။ လမ်းတောင် တော်ရုံနဲ့မကူးရဲဘူး။ အတော်ကြာအောင်စောင့်ပြီးမှ ကျိတ်မှိတ်ပြီး ဇွတ်ကူးရတယ်။ တစ်ချို့အိမ်လေးတွေတကယ်လှတယ်။ (နောက်မှ ဓါတ်ပုံတင်ဦးမယ်။) ကမန်းလေးမှာလိုပဲ အဆင်ပြေသလိုကြည့်ရှောင်မောင်းနေကြတာပဲ။ လမ်းဘေးက အကြော်ဆိုင်လေးတွေ၊ ခေါက်ဆွဲသုတ်ဆိုင်လိုဟာလေးတွေ အုတ်နံရံကို မှီပြီး ခုံလေးတွေချတားတဲ့ ဆံပင်ညှပ်ဆိုင် ... တစ်ချို့နေရာတွေက ရန်ကုန်လောက်ပါပဲ။ ဒါပေမဲ့ နေရာအတော်များများမှာ ကိုယ့်နိုင်ငံထက်အများကြီးသာနေပြီဆိုတာ အထင်အရှားကြီးမြင်နေရတယ်။ 

.

စစ်ဒဏ်ကိုအလူးအလဲခံပြီး စုတ်ပြတ်သပ်ခဲ့တဲ့အနီးနားက နိုင်ငံတစ်ခုက မျက်စိရှေ့ နှစ်အနည်းငယ်အတွင်းမှာ ဘယ်လို ရုန်းထကြိုးစားသွားခဲ့တယ်ဆိုတဲ့ အရိပ်အရောင်တွေ အများကြီးမြင်ခဲ့ရတယ်။ စိတ်ဓါတ်အတော်ကျပြိးပြန်လာတာ။ ကိုယ့်ဆီက အမြင့်ကြီးကလူတွေ ..... မသေခင် ကိုယ့်နိုင်ငံကို ဒီလိုဆွဲတင်ပြီး နံမည်ကောင်းယူဖို့ သမိုင်းတွင်ကျန်ရစ်ဖို့ ဘာလို့များ စိတ်ကူးမရှိ ရည်ရွယ်ချက်မရှိကြပါလိမ့်။ အာဏာ ပါ၀ါ ချမ်းသာမှုဆိုတာ ကိုယ့်တစ်ကိုယ်အတွက်ဘယ်လောက်များ လိုအပ်ပါလိမ့်။ 

.

ကမ္ဘာမှာ ကိုယ့်အနီးအနားမှာ ဘာတွေဖြစ်နေတယ် ဘယ်လောက်ပြောင်းလဲတိုးတက်နေတာတွေကို မကြည့်ပဲ နွားခြေရာခွက်ထဲမှာပဲ ရွှေထီးဆောင်းပြီး ကိုယ့်ကိုယ်ကို အဟုတ်ကြီးထင်. အပေါ်က အောက်ကိုညာ အောက်ကအပေါ်ကိုညာ..ပြည်သူတွေကိုညာ ..ညာရင်းညာရင်း ကြာလာတော့ ကိုယ့်ဘာသာအမှန်လို့ထင်လာ .... 

ကိုင်း ကျွန်တော်တို့ ဘာလဲဘယ်လဲ ........