Friday, October 10, 2008

ကလေးနို့မှုန့်တွေနဲ့ malamine ပြဿနာ

ညက မိန်းမရဲ့ သူငယ်ချင်း တစ်ယောက်က ဖုန်းဆက်တယ်။ အခုလေးတင် ရှစ်နာရီ သတင်းမှာ malamine ပါနေတဲ့ ပြည်တွင်း စျေးကွက်ထဲက နို့မှုန့်စာရင်းကို တီဗွီက ကြေငြာသွားတယ်တဲ့။ ဒီမနက်စောစော သတင်းစာ ဝယ်ဖတ်တော့ စျေးကွက်ထဲက နို့မှုန့်အမျိုးအစား ၁၆မျိုးကို စစ်ဆေးရာမှာ ၉မျိုးမှာ မယ်လမင်းပါဝင်ပါတယ်တဲ့။ ကျန်တဲ့ ရမျိုးကတော့ အိုကေတယ်ပေါ့။ 

ခက်တာက ကြေငြာတဲ့ထဲမှာ မယ်လမင်းပါတဲ့ နို့မှုန့် ၉မျိုးစာရင်းပဲပါတယ်။ ok တယ်ဆိုတဲ့ နို့မှုန့် ခုနစ်မျိုးက ဘာတွေမှန်းမသိဘူး။ တော်တော်ကို သောက်သုံးမကျတဲ့ သတင်းပဲ။ သားလေးက လောလောဆယ်မှာ Abbott ကထုတ်တဲ့ Similac ဆိုတဲ့ နို့မှုန့်ကို သောက်နေတာ။ မွေးကတည်းကတော့ Dumex ကထုတ်တဲ့ Marmex Gold ကို တိုက်ခဲ့တာ။ 
.
မယ်လင်းပြဿနာတွေစတော့ US Brand ဖြစ်တဲ့ Similac ကို ပြောင်းတိုက်ခဲ့တာ။ ဒါပေမဲ့ လွန်ခဲ့တဲ့ သုံးလေးရက်ကစပြီး စျေးကွက်ထဲမှာ Similac ကို ဝယ်လို့မရတော့ဘူး။ မေးမြန်းကြည့်ရင်း supermarket တွေကနေ supplier က expire date နီးလို့ ပြန်သိမ်းသွားသတဲ့။ ဒါပေမဲ့ လက်ရှိ သားလေးသောက်နေတဲ့ Similac ဗူးက expire date က 2010 မှဗျ။ သွေးရိုးသားရိုးမှ ဟုတ်ရဲ့လားဆိုပြီး စိတ်ပူတာနဲ့ ဆက်မတိုက်ပဲရပ်ထားတယ်။ အစိုးရကျန်းမာရေးဌာနက စစ်တဲ့ ၁၆မျိုးထဲမှာ Similac နဲ့ Marmex Gold ပါလား မပါလား ဆိုတာလဲ မသိရဘူး။ ကြေငြာတဲ့ မယ်လမင်းပါတဲ့ ၉မျိုး စာရင်းမှာတော့ မပါဘူး။ ဒါပေမဲ့ အိုကေတဲ့ ကျန်တဲ့ ခုနစ်မျိုးထဲမှာ ပါလား မပါလားဆိုတာလဲ မသေချာပြန်ဘူး။ 
.
Dumex က Dumalac infant ဆိုတာထဲမှာ မယ်လမင်းပါတယ်တဲ့။ အဲဒီ အမျိုးအစားကို တစ်လသား လောက်တုန်းက သားလေး တစ်ဗူးသောက်ထားတယ်။ ကျွန်တော့်သူငယ်ချင်းတစ်ယောက်ဆို ပိုဆိုးတယ်။ ရက်၂ဝသား သူ့သမီးဦးလေးဆို အဲဒီမယ်လမင်းပါတဲ့ Dumex ကို မွေးကတည်းက တိုက်လာတာ အခုထိ သုံးဗူး ကုန်ပြီးသွားပြီတဲ့။ သူလဲ သူ့သမီးလေးကို တော်တော်စိတ်ပူနေတယ်။  ကျွန်တော်တို့လင်မယားလဲ တော်တော့်ကို စိတ်ပူနေတယ်။ သားလေး ကိုယ်ခန္ဓာထဲမှာ ဘာတွေများ ဖြစ်သွားပြီလဲလို့။ အခုအထိတော့ ကလေးက ပုံမှန်ပါပဲ။ ဒါပေမဲ့ စိတ်ပူနေတုန်းပဲ။ လောလောဆယ်တော့ သားလေးကို သူ့အမေနို့ကိုပဲ ဆက်တိုက် တိုက်ထားရတယ်။ အမေတော့ အိပ်ရေး ပိုပျက်ပြီး ပင်ပန်းတာပေါ့။ နောက်တစ်ပတ်ဆိုလဲ ရုံးပြန်တက်ရတော့မှာဆိုတော့ နို့မှုန့်ကိစ္စက တော်တော့်ကို အရေးကြီးနေပြီ။ ပြည်တွင်းစျေးကွက်မှာ ရနိုင်တဲ့အထဲက အန္တရယ်ကင်းတဲ့ နို့မှုန့်အမျိုးအစား စာရင်းလေးများ သိရင် ကူညီကြပါဦးဗျာ။

Wednesday, October 8, 2008

အလှည့်

မိုးကုန်ပြီ။ မိုးကောင်းကင်သည် သူ့မျက်နှာတွင် ပေကျံနေသော တိမ်စတိမ်နများကို သန့်ခဲ့ပြီ။ ကောင်းကင်သည် ပြာလဲ့လဲ့။ နေသည် ရဲရဲပေါ်ခဲ့သည်။ ယခင်က မိုးတိမ်များကို ဦးစားပေးခဲ့ရသည်။ ဝင်းပပ ရောင်ခြည်တို့ကို ခဏ ရုပ်သိမ်းခဲ့ရသည်။ အားရှိသော နေမင်း၏ မျက်နှာသည် တိမ်တို့၏ နောက်တွင် ပုန်းနေခဲ့သည်။ သူ့အခါမှာ သူစိုးမိုးပါစေ။ မိုးအခါမှာ မိုးရွာချင်ပေမည်။ 'အလည့်' သို့မဟုတ် 'အခါ' သည် ရှိစကောင်း၏။ 
.
အရာရာတိုင်း၏ တန်ဖိုးသည်အလှည့်ကို မှီ၍ သို့မဟုတ် 'အခါ' ကိုမှီ၍ တည်တတ်ပေ၏။ ယင်းသို့ အခါသင့် အလှည့်ကြုံလျှင် သူတို့၌ အစွမ်းဟူသည် ရှိကြပေသည်ပင်။ နေမင်းသည် သူသာလျှင် အားကြီးသူဟု မအောက်မေ့။ သူ့အလှည့်သာလျှင် ထာဝစဉ် ရှိရမည်ဟု မတောင်းဆို။ သူ့အခါသာလျှင် အမြဲတည်ရမည်ဟု မထောင်မလွှား၊ မိမိ၏ နေရာကို အလိုက်သိစွာ ဆုတ်ခွာပေးခဲ့ပေ၏။ မိုးညိုပါစေ၊ မှိုုင်းပါစေ၊ ဆိုင်းပါစေ၊ ရွာပါစေ။ ယခုကား မိုးအလှည့်ကုန်ပြီ။ မိုးအခါဆုံးပြီ။ နေမင်းရောင်ခြည် ဖြာဦးအံ့။ နေခြည် မြူးဦးအံ့။ ဤသို့တွေးလျက် တောင်ထိပ်ပေါ်မှ နေမင်းထလိုက်စဉ် နေမင်း၏ ရှေ့၌ နှင်းမှုန်များ ရောက်လာကြကုန်၏။ သြော် ... ဆောင်းအလှည့်ပေတကား။ 
.
ပိတောက်မှသရဖီသို့ (တင်မိုး)

မိတ်ဆွေ

တိမ်ဖြူတို့သည် ကောင်းကင်တွင် ရွက်တိုက်လျက် မိုးသံလေသံ စဲခဲ့ပြီ။ မိုးရိပ် လေရိပ် စင်ခဲ့ပြီ။ ခြေခင်းလက်ခင်း သာခဲ့ပြီ။ ငှက်လေးတို့သည် လဟာပြင်တွင် မြူးတူးစွာ လှုပ်ခတ်၏။ စိတ်လိုလက်ရ တေးသီချင်းများ ဆို၏။ ငှက်ကလေးတို့သည် ဗိသုကာ အလုပ်မှ ခွင့်ရက်ရှည်ယူခဲ့ပြီးလျှင် နားနားနေနေ ပတ်ဝန်းကျင်ကို ကြည့်၏။ ကိုယ်ညောင်း လက်ဆန့် ပျံသန်း၏။ ရပ်တိုင်းရွာတိုင်း၌ ဆိုင်းတခြိမ့်ခြိမ့်၊ အငြိမ့်ပွဲ ဇာတ်ပွဲ ရုပ်သေးပွဲတို့တွင်လည်း လူတိုးမပေါက် ဝက်ဝက်ကွဲ စည်ကား၏။ ပွဲလမ်းသဘင်တို့ဖြင့် စိုပြည်လှပေ၏။ ရယ်သံ မောသံတို့သည် နိုင်ငံတစ်ခုလုံးအား ဖုံးလွှမ်းလျက်ရှိ၏။ 
.
စိတ်နှလုံး၌ တည်းအပ်သော နှောင်ကြိုးတို့သည် ပြေခဲ့လေပြီ။ လေပြေသည် မိုးဒဏ်ကြောင့် ငြိမ်သက် ဝပ်စင်းနေကြရကုန်သော သစ်ပင်တို့အား သတင်းပေး၏။ လှုံ့ဆော်၏။ ထို့ကြောင့် သစ်ပင်တို့သည် ဦးခေါင်း ခြေလက်တို့ကို ဝှေ့ယမ်း၍ နှုတ်ဆက်စကားဆိုကြကုန်၏။ မိုးရာသီကို နောင်နှစ်မှ ဆုံကြဦးစို့ဟု နှုတ်ဆက်ကြဟန် သစ်ကိုင်းများ ယိမ်းကြ၏။ ကျေးဇူးစကား ပြောကြားကြပြီ။ သည်တကွေ့တွင် မိုးနှင့် တွေ့ခဲ့ပြီ။ သည်ယနေ့တွင် မိုးနှင့် လမ်းခွဲတော့မည်။ ခေတ္တ လမ်းကြုံတုန်း မိတ်ဆွေ ဖြစ်လိုက်ရခြင်း ဖြစ်သည်။ မိတ်ဆွေဖြစ်ပြီးနောက် အဘယ်မှာ မေ့နိုင်တော့အံ့။ 

  ပိတောက်မှ သရဖီသို့ (တင်မိုး)

သီတင်းကျွတ်လ

သီတင်းကျွတ်လျှင်၊ 
မိုးလွတ်လေလွတ်၊ 
တိမ်ဖြူဆွတ်နှင့်၊ 
ပြာမွတ်ကောင်းကင် 
ကြည်ကြည်လင်တည့်။
.
တိမ်ပြာအလယ်၊ 
တိမ်စွယ်အဖြူ 
ကျွန်းအငူ၌၊ 
ငြူစူမာန်ကင်း၊ 
ချမ်းမြေ့ခြင်းဖြင့် 
ယောက်ချင်းတစ်ကိုယ်၊ 
စက်ပါလို၏။ 

ငွေတာရီ

Tuesday, October 7, 2008

Serious health warning @ melamine

Burmese Health Authority Warning: All men are advised not to suck China girl's breasts as the milk may contain melamine!

hee he :D

Monday, October 6, 2008

ထွန်းလင်းထွန်း ၂လ ပြည့်ပြီ

ဒီနေ့ 6-Oct-08 မှာ သားလေး ၂လတိတိပြည့်ပြီ။ SSC ဆေးရုံက ၂လပြည့်ရင် မွေးစာရင်းလာထုတ်ပါတဲ့။ သွားထုတ်ရဦးမယ်။ သားလေးကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင်ရှိနေတာကိုပဲ ဝမ်းသာနေရတယ်။ တစ်ခုပဲရှိတယ် ဒီရက်ပိုင်းရာသီဥတုက ပူလွန်းတော့ သူနေရထိုင်ရာ ခက်ပုံရတယ်။ Aircon ကလည်း ပူတဲ့အချိန်တွေမှာ မီးအားက အဝင် 135 140V လောက်ပဲရှိတော့ Regulator ခံသုံးတာတောင် မနိုင်ဘူး။ 
.
ဒီမနက် Sony Cybershot Camera ရဲ့ Smiling shutter နဲ့ စမ်းရိုက်ကြည့်ထားတာ။ အရင်က phone handset က camera လေးနဲ့ပဲ ရိုက်နေတာဆိုတော့ ပုံတွေ သိပ်မကောင်းဘူး။ ဒီ Camrea လေးကလည်း သားသားကို ရိုက်ပေးဖို့ ဝယ်လိုက်တာ။ DSC W-130တဲ့ 8.1 mega pixel ရတယ်။ 4x optical zoom. Memory 2GB ထည့်ပြီးသားကို ၃သိန်းနီးပါးလောက်ပေးရတယ်။ အပျော်တန်းရိုက်ဖို့ပဲဆိုတော့ သုံးလို့ကောင်းပါတယ်။ သားလေးက ရယ်တတ် ပြုံးတတ်လာပြီ။ သူ့ဘေးမှာ စကားတွေပြော ပြုံးပြ ရယ်ပြရင် သူကလဲ ဝူးဝူးဝါးဝါး နဲ့ပြန်ပြောရင်း ပြုံးလို့ ရယ်လို့။
.

Sunday, October 5, 2008

ချိုတကူးနှင့်ဂုဏ်ရည်မတူ

အတုနှင့်အစစ်၊ အစစ်ကို ပို၍ မြတ်နိုးသင့်ကြပေသည်။ သို့သော် ... ကျွန်တော်တို့မြို့တွင် ချိုတကူးဟုခေါ်ကြသော ကုလားလေး တစ်ယောက်ရှိသည်။ သူ့ဘဝ၏ တစ်ပိုင်းတစ်စကို တင်ပြချင်ပါသည်။ ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ပွားစဉ် အခါက ချိုတကူးသည် ဆယ့်သုံးနှစ်သားမျှသာ ရှိသေးသည်။ သူ၏ဖခင်သည် ဆံပင်ညှပ်သောအလုပ်ကို လုပ်၍ သူ့မိသားစုကို ရပ်တည်အောင် ဆောင်ရွက်သူဖြစ်သည်။ သူတို့မိသားစုတွင် သူ့ဖခင်၊ သူ့မိခင်အပြင် အစ်ကို တစ်ယောက်၊ အစ်မတစ်ယောက်နှင့် သူပါဆိုလျှင် မိသားစု၌ ငါးယောက်ရှိသည်။ စစ်ကြီးဖြစ်၍ အိန္ဒိယလူမျိုးများ အိန္ဒိယသို့ပြန်သောအခါ သူတို့မိသားစုသည်လည်း ကယောင်ကတမ်းနှင့် အိန္ဒိယသို့ပြန်ကြရန် ဧရာဝတီမြစ်ကြောင်းမှ သဘောင်္ဖြင့်ဆန်တက် လိုက်ပါသွားကြသည်။ 
.
သူတို့ခရီးစဉ်မှာ သင်္ဘောဖြင့် ဆန်တက်၍ မြန်မာပြည်အထက်ပိုင်းရောက်မှ အိန္ဒိယပြည်ဖက် ကန်းကြောင်း ကူးကြရန်ဖြစ်သည်။ သူတို့ လိုက်ပါသွားသော သင်္ဘောသည် နောက်ဆုံးသင်္ဘောဖြစ်၍ စစ်မိန့်လွှမ်းမိုးသော သင်္ဘောလည်းဖြစ်သည်။ အထက်မြန်မာပြည် မြို့ကြီးတစ်မြို့ အရောက်တွင် သင်္ဘော ခေတ္တ ဆိုက်ကပ်နားနေသည်။ ချိုတကူး၊ သူ့ဖခင်နှင့် သူ့အစ်ကို၊ သားအဖသုံးယောက်သည် မြို့ပေါ်သို့ ခေတ္တတက်ရောက် လည်ပတ်ပြီးလျှင် လိုအပ်သမျှ စားစရာကလေးများ ဝယ်ခြမ်းကြသည်။ 
.
သင်္ဘော ဥသြသံ ကြားရ၍ သင်္ဘောဆိပ်သို့ ဒရောသောပါး ပြန်ပြေးလာကြသည်။ သူတို့ ကမ်းနဖူးရောက်သောအခါ သင်္ဘောရေလယ်သို့ ရောက်နေပြီ။ သင်္ဘောသည် စစ်မိန့်ဖြင့် အရေးတကြီး ထွက်ခွာသွားရလေပြီ။ သင်္ဘောပေါ်တွင် သမီးနှင့်မိခင်။ ကမ်းပေါ်တွင် သားအဖသုံးယောက်။ ချိုတကူးတို့သည် ရုတ်တရက် အခြေအနေကို နားမလည်ဘိသကဲ့သို့ ကြောင်နေကြသည်။ ဤသို့ဖြင့် သမီးနှင့်မိခင်တို့သည် အိန္ဒိယသို့ ပါသွား၍ သားအဖသုံးယောက်သည် မြန်မာပြည်တွင် အူလယ်လယ် ကျန်ရစ်ရရှာသည်။ တဖက်နှင့် တဖက် စစ်မီးလျှံအတွင်း မည်သို့ဖြစ်ကြလေမည်ကို မတွေးဝံ့အောင်ပင် ဖြစ်ကြရသည်။ 
.
သို့သော်လည်း မတတ်နိုင်ကြလေပြီ။ သားအဖသုံးယောက်သည် စိတ်ပျက်လက်ပျက်နှင့် မြေလတ်ပိုင်း မူလနေထိုင်ရာ မြို့ကလေးဆီသို့ ပြန်လာကြသည်။ လမ်းတလျှောက်လုံးတွင် အိန္ဒိယတိုင်းရင်းသား စစ်တပ်များ ရှိကြသေး၍ တစ်တပ်ဝင်၊ တစ်တပ်ထွက်နှင့် ဆံပင်ညှပ်ကာ အသက်ဆက်ခဲ့ကြသည်။ ဤသို့ဖြင့် မြို့ကလေးသို့ ပြန်လည်ဆိုက်ရောက်လာကြသည်။ ဂျပန်ခေတ်တွင်လည်း ဆံပင်ညှပ်၍ပင်အသက်မွေးကြရသည်။ သို့သော် ဝမ်းရောဂါ တစ်ချီဖြစ်လိုက်ရာ ချိုတကူး၏ ဖခင်နှင့်အစ်ကိုတို့သည် ရှေ့ဆင့်နောက်ဆင့် ကိစ္စချောသွားကြပြန်သည်။ 
.
ယခုကား ချိုတကူး တစ်ယောက်ထဲ။ ချိုတကူးသည် ကြာရှည် စိတ်ညစ်တတ်သူ မဟုတ်။ ဖြစ်သမျှ ကြုံသမျှတို့ကို ထမင်းစားသကဲ့သို့၊ ရေသောက်သကဲ့သို့ ရယ်ကာမောကာ ပြန်ပြောတတ်သည်။ ဧရာမ လောကဓံကြီးကို ကြုံရသည်ဟုလည်း သူမသိ။ မသိသောကြောင့် သူမတွေး။ မတွေးသောကြောင့် သူမဆင်ခြင်။ မဆင်ခြင်သောကြောင့် လောကဓံကို သူမမြင်။ ထို့ကြောင့် ဘုရားပွဲ ပျော်ပွဲရွှင်ပွဲ လုပ်လျှင် ဘယ်သူကမှ သူ့ကို မဖိတ်ကြားရပဲ သူရောက်လာတတ်သည်။ ဘယ်နေရာမှာပင် သုံးသုံး၊ ကိုချိုတကူးက မငြင်း။ မျောက်လုပ်၍လည်း ကသည်။ မြေလျှောက် မင်းသားလုပ်၍လည်း ကသည်။ ပျော်ပျော်ပဲ။ ထို့ကြောင့်ပင်လား မသိ။ အိမ်နီးချင်းများသည် သူ့အဖြစ်အပျက်ကို ကြားရသောအခါ သနားတော့ သနားကြပါ၏။ သို့သော်လည်း စုပ်သပ်ရုံမျှသာ ဖြစ်သည်။ မျက်ရည်စို့လောက်အောင်ကား ထိခိုက်ခြင်း မရှိကြ။ 
.
သည်ကိစ္စထားဦးတော့။ စာရေးဆရာ ဒါရိုက်တာသုခ၏ "ဂုဏ်ရည်မတူ" ဇာတ်ကားပြသသောအခါ ရုပ်ရှင်ရုံတွင် ချိုတကူးနှင့် အမှတ်မထင် ဆုံတွေ့ရသည်။ ချိုတကူးနှင့် သူ့အိမ်နီးချင်း မိန်းမကြီး လေးငါးယောက်နှင့်အတူ တစ်ခုံတည်း ထိုင်မိလျက်သား။ ရုပ်ရှင်နောက်ပိုင်း မေသစ် အပူခန်းသို့ ရောက်သောအခါ မိန်းမကြီးမျာသည် မေသစ်ကို သနားလွန်း၍ မျက်ရည်မဆည်နိုင်အောင် ဖြစ်ကြရသည်။ ချိုတကူးလည်း မျက်ရည်ဝေ့နေသည်ဟု ထင်ပါသည်။ ကျွန်တော်လည်း မျက်ရည်မကျစေကာမူ နှာပိတ်ချင်သလိုလို ဖြစ်လာပါသည်။ ရုပ်ရှင်ပြီး၍ ထွက်လာကြသောအခါ အမျိုးသမီးကြီးများမှာ မျက်ခွံနီနေသည်။ ချိုတကူးလည်း 'ကောင်းထားတာကွာ၊ ငါဖြင့်မျက်ရည်တောင် ကျမိသေး' ဟု ရယ်မော၍ ပြောပါသည်။ 
.
ဖြစ်ရာဘဝတွင် ပျော်ပျော်ကြီးနေတတ်၍ ကိုယ့်ကိုယ်ကိုပင် သနားရမှန်း မသိသော ချိုတကူးက မေသစ်ကို သနားနေပါသည်။ အဒေါ်ကြီးများကလည်း ချိုတကူး၏ ဖြစ်တော်ပေါင်းအတွက် မျက်ရည်စမ်းစမ်းမျှပင် မဖြစ်ခဲ့ဘူးပါလျက် မေသစ်ကျမှ မျက်ရည်အိုင်ကြရသည်။ ချိုတကူး၏ အဖြစ်သည် တကယ်ဖြစ်၊ အဟုတ်ဖြစ်၊ စစ်စစ် စစ်စစ် မြည်နေသော အဖြစ်စစ်ဖြစ်သည်။ မေသစ်၏ အဖြစ်သည် ပိတ်ကားပေါ်က ဘ၀ဖြစ်စဉ်မျှသာ ဖြစ်သည်။ ချိုတကူး၏ရာဇဝင်သည် အစစ်။ မေသစ်၏ ရာဇဝင်သည် အတု။ သူတို့သည် အစစ်ထက်အတုကို ပို၍ ဂရုဏာသက်နေကြသည်။ ကျွန်တော့်စိတ်တွင် မကျေမနပ် ဖြစ်နေမိသည်။ 
.
ကျွန်တော့်ကိုယ်ကိုလည်း ကျွန်တော် မကျေနပ်ပါ။ ကျွန်တော်သည်လည်း သူတို့နှင်နှင်သာ ဖြစ်သည်။ အတုကို မြတ်နိုးနေသည်။ အစစ်နှင့် အတု၊ အတုနှင့်အစစ် ပြဿနာသည် ကျွန်တော့်၏ ရင်တွင် ပို၍ ရှုပ်ထွေးလာပါသည်။ အစစ်နှင့် အတုကို နှိုင်းယှဉ်၍ ကြည့်ချင်တတ်လာပါသည်။ သတိပြုမိလာပါသည်။ ပန်းချီစာစောင်တစ်ခုကို တောင်လှန်မြောက်လှန် ကြည့်နေရင်း၊ ပန်းချီကားတစ်ချပ်ကိုတွေ့သည်။ ဒေါ်လာ ထောင်ချီ၍ ပေးဝယ်သွားသော ပန်းချီကားတစ်ချပ်ဖြစ်သည်။ သပျစ်သီးတစ်ခိုင်၊ ပန်းသီးတစ်စိတ်၊ ဓါးတစ်ချောင်း၊ ဖန်ချိုင့်တစ်ခု၊ နောက်ခံကန့်လန့်ကာတစ်ပိုင်းတစ်စ ဖြစ်သည်။ ဤပစ္စည်းများကို စားသောက်ရန် စျေးထဲသွားဝယ်လျှင် ငွေတစ်ဆယ်ဖိုးထက် ကုန်မည်မဟုတ်။ သို့သော် အစစ်ကို မမက်မော၊ အတုမျှသာဖြစ်သော ပန်းချီကားကို ဒေါ်လာထောင်ချီ၍ ပေးဝယ်ကြသည်။ အတုကို အစစ်ထက် တန်ဖိုးထားကြသည်။ 
.
ကျွန်တော့်စိတ်ထဲတွင် အစစ်ထက် အတုကို မြတ်နိုးလေးစားကြသော လောကကို ကျွန်တော် မကျေနပ်ချင်ပါ။ အစစ်ကိုသာ တန်ဖိုးထားစေချင်သည်။ သို့သော် ကျွန်တော်ကိုယ်တိုင်က အတုကို သြဘာပေးနေသည်။ မေသစ်ကို ပိုသနား၍ ပန်းချီကားကို ပိုချစ်နေသည်။ ဤသို့တွေးရင်း ချိုတကူး၏ အဖြစ်အပျက်ကို ဆရာသုခလို ဒါရိုက်တာမျိုးနှင့် ရုပ်ရှင်ရိုက်ရသော်ဟု တွေးမိပါသည်။ ချိုတကူး ကိုယ်တိုင် တစ်ကိုယ်လုံး မျက်ရည်ဖြစ်ပြီး မျောသွားမလား မသိပါ။ ကျွန်တော်၏စိတ်တွင် လျှပ်ပြက်သကဲ့သို့ တစ်ချက် ဝင်းကနဲဖြစ်သွားပါသည်။ အလှမယ်၏ မျက်နှာကို လွှမ်းထားသော ဇာပုဝါ ပြုတ်ကျသည့်အခိုက် အလှမယ်၏ မျက်နှာကို ခေတ္တမျှ မြင်လိုက်ရသကဲ့သို့ 'အနုပညာ'၏ မျက်နှာကို ရိပ်ကနဲ မြင်လိုက်ရသလိုလို ထင်မိပါသည်။
.

ဆရာအောင်သင်း - ချိုတကူးနှင့် ဂုဏ်ရည်မတူ (ကံ့ကော်မြိုင်စာတန်း)