Thursday, October 30, 2008

မိုးအေးအေးမှာ ကွေးကြမယ်

အခုတလောမှာ ရာသီဥတုက ပူလောင်အိုက်စပ်နေပြီး Aircon ဖွင့်မယ်ဆိုတော့လဲ မီးအားက 120 130V လောက်ပဲအဝင်ရှိနေတော့ မီးအားမြှင့်စက်ကလဲမနိုင်။ တိုက်ခန်းကလဲ အပေါ်ဆုံးထပ်ဖြစ်ရတဲ့အထဲ ညာဖက်တိုက်နံရံကို ကျနေတိုက်ရိုက်ထိုးတော့ ညနေပိုင်းနေဝင်ပြီးရင်တောင် အိမ်ခန်းထဲမှာ အပူငွေ့တွေက လှောင်လို့ .. သားလေးက ပူရင်နဲနဲမှမနေ.. ချွေးတွေတလုံးလုံးနဲ့ မျက်နှာလေးကနွမ်းလို့။ 
.
ဒါပေမဲ့ ပြီးခဲ့တဲ့ နှစ်ရက်သုံးရက်က မုန်တိုင်းရှိလို့လားမသိ... မိုးတွေ သဲကြီးမဲကြီးရွာပြီး ရာသီဥတုက အတော်လေးကို အေးနေတယ်။ ဒါနဲ့သူ့ကို ရာသီဥတုအပြောင်းအလဲမှာ ဖျားသွားမှာစိုးတာနဲ့ နွေးနွေးထွေးထွေးလေး ဝတ်ပေးထားရတယ်။ အဲဒီလို မိုးအေးအေးမှာ သားလေးကတော့ ဇိမ်နဲ့ကို အိပ်တော့တာပဲ။ တင်ထားတဲ့ပုံလေးက သူအိပ်ယာက ပြန်နိုးစအချိန်လေး။ မနက်ဖက် မိုးအေးအေးမှာ သားလေး ဇိမ်နဲ့အိပ်နေတာမြင်တော့ ကိုယ်တောင် ရုံးလစ်ပြီး အိပ်ယာထဲဝင် စောင်လေးခြုံလို့ ပြန်ကွေးချိန်စိတ်တွေပေါ်လာမိသေး :D

Wednesday, October 29, 2008

Letter to next president

http://www.letters2president.org/
သူငယ်ချင်းတစ်ယောက်က mail ပို့လိုက်လို့ ကြည့်ဖြစ်တဲ့ site လေးတစ်ခုပါ။ စိတ်ဝင်စားရာ ကောင်းတဲ့ site လေးတစ်ခုလို့ပဲ ညွှန်းချင်ပါတယ်။ အမေရိကန်ပြည်ထောင်စုအနေနဲ့ လာမဲ့ နိုဝင်ဘာ ၄ရက်နေ့မှာ သူတို့ရဲ့ သမတအသစ်ကို ရွေးကောက် တင်မြှောက်ကြတော့မှာပါ။ အမေရိကန်တစ်နိုင်ငံလုံးက ကျောင်းသားလေးတွေက သူတို့ရဲ့ ဖြစ်လာတော့မယ့် သူတို့ရဲ့ သမတအသစ်ထံကို ပေးပို့ကြတဲ့စာလေးတွေပါ။ 
.
သူတို့သိချင်တာလေးတွေမေးမြန်းကြမယ်၊ သူတို့ပြောချင်တဲ့ စိတ်ဝင်စားတဲ့ topic တွေအကြောင်း ဆွေးနွေးမယ်၊ သူတို့အနေနဲ့ အနာဂတ် အမေရိကားကို ဘယ်လိုဖြစ်စေချင်တယ်ဆိုတာတွေကို ပြောကြမယ်။ တကယ့်ကိုကောင်းတဲ့အလေ့အထလေးပါ။ ငယ်စဉ်ကတည်းက ကိုယ့်တိုင်းပြည်ရဲ့ အနာဂတ်ကို စိတ်ဝင်စားကြတာ ... 
.
ဟိုးအရင်ကတည်းက အမေရိကန်သမတများကို ကလေးငယ်များအပါအဝင် ကျောင်းသားလူငယ်များက စာရေးသားပေးပို့လေ့ရှိကြပြီး သမတများကလည်း အချိန်ရရင်ရသလို တလေးတစား စာပြန်ကြားလေ့ ရှိကြပါတယ်။ အခု အင်တာနက်ခေတ်ရောက်လာတော့ လွယ်လွယ်ကူကူ ရေးသားပေးပို့နိုင်သလို လူငယ် အများစုက ဘယ်လို topic တွေကို စိတ်ဝင်စားလဲဆိုတာကိုလဲ လေ့လာဖတ်ရှု နိုင်ကြပြီ ဖြစ်ပါတယ်။ ကျွန်တော်တို့ ရွှေနိုင်ငံက လူငယ်လေးများရော ဘယ်နေ့ဘယ်အချိန်ရောက်မှ ဒီလိုမျိုးအခွင့်အရေးတွေ ရကြမလဲ ...

Friday, October 24, 2008

ပုဇွန်ထုတ်ကြီးတွေ မရှိတော့ရင် ....

ကျောင်းပြီးတတည်းက ၀ါသနာပါရာ ဒီ software development လုပ်ငန်းလေးလုပ်လို့ အသက်မွေးမယ်လို့ ဆုံးဖြတ်ပြီး သူငယ်ချင်းသုံးယောက် 1998 April မှာ ဒီအဖွဲ့အစည်းလေးကို စလုပ်ဖြစ်ခဲ့တယ်။ အခုဆို ဆယ်နှစ်ကျော်ခဲ့ပြီပေါ့။ ပြည်တွင်းမှာ software ရောင်းရတာ ဘယ်လောက်လက်ပေါက်ကပ်သလဲဆိုတာ သိကြမှာပါ။ အစောပိုင်း ကာလတွေမှာ ဆော့ဖ်ဝဲဆိုတာ စက်ဝယ်ရင်တစ်ခါတည်း ထည့်ပေးတာမဟုတ်ဘူးလားလို့ စောတက တက်တာ ကြုံဖူးတယ်။ စာရင်းကိုင် ဆောဖ်ဝဲလေးဝယ်ချင်လို့တဲ့ ....စီဒီနဲ့တစ်ခါတည်းထည့်ပြီးသား တစ်ထောင့်ငါးရာကျပ် လောက်ပဲမဟုတ်ဘူးလားတဲ့ ... ကဲ ဘာပြောကြဦးမလဲ။ 
.
ကွန်ပျူတာကြီးကို ဂိမ်းကစားဖို့ ဆယ်သိန်းတန် လောက်ဝယ်ရင်ဝယ်မယ်။ ဆော့ဖ်ဝဲကို လေးငါးသိန်းပေးရတာကို တန်တယ်မထင်ကြဘူး။ ထားတော့။ ဒါပေမဲ့တဖြေးဖြေး စီးပွားရေးလုပ်ငန်းတွေအတွက် ကွန်ပျူတာဆော့ဖ်ဝဲတွေဟာ အလွန်အသုံးဝင်ပါတယ်။ တစ်ချို့ဆို မရှိမဖြစ်လောက်ကိုဖြစ်လာကြတယ်။ အဲဒီမှာ တဖြေးဖြေးနဲ့ ဆော့ဖ်ဝဲရဲ့ တန်ဖိုးကို လူတွေသိသလောက်သိလာတယ်။ ဆော့ဖ်ဝဲအတွက် ငွေသုံးရမယ်ဆိုတာနားလည်လာကြတယ်။ အဲ .... စင်ကာပူ ပါရာဒိုင်ကြီးစဖြစ်ရော .... (မစခင်ကတဲက ကြိုကြား ကြိုကြား အပြင်ထွက်လုပ်ကြတာလေးတွေရှိပါတယ်။) 
.
ကိုယ့်အဖွဲ့အစည်းက တကယ့်ကိုကျွမ်းကျင်တဲ့သူတွေ အားကိုးရတဲ့သူတွေ ကိုယ်ပြုစုပျိုးထောင် ခဲ့ရသူတွေ ...ပုဇွန်ထုတ်ကြီးတွေဆိုပါတော့ Export Item ဖြစ်သွားလို့ နိုင်ငံခြား ရောက်သွားရော။ ခါးဆက် ပြတ်သွားတဲ့ ပြသနာကို အတော်လေး ကျိတ်မှိတ်ခံခဲ့ရတယ်။ တော်သေးတာက ကျွန်တော်တို့ partner သုံးယောက်လုံး ပရိုဂရမ်မာဆိုတဲ့ အလုပ်ကို အောက်ခြေသိမ်း လုပ်တတ်နေခဲ့လို့ပဲ။ ပုဇွန်ထုတ်ကြီးတွေ မရှိတော့ ပုဇွန်ထုတ်ကြီးဟင်းတော့ ဘယ်ရောင်းနိုင်တော့မလဲ။ ဒီလိုပဲကြံဖန်ပြီး ကျောင်းဆင်းခါစ ပုဇွန်ဆိတ်လေးတွေကို ကျန်ခဲ့တဲ့ ပုဇွန်အလတ် နှစ်ကောင်လောက် ခြံရံလို့ အရွက်အခက်လေး ထည့်လို့ ပုဇွန်ခွက်ကြော်ပေါ့။
.
 ပုဇွန်ဆိတ်လေးတွေကို ထောင်းပြီး ပုဇွန်ငါးဆုပ်ဟင်း ချက်ရောင်းတာပေါ့။ ဆိုင်တော့ ဘယ်ပိတ်နိုင်မလဲ။ ကိုယ်တို့အနေနဲ့ နောက်ဆုံးလက်ခံလိုက်တယ်။ ဒီလိုအစုလိုက်အပြုံလိုက် အပြင်ထွက်ကြတာကို ဘယ်လောက်လစာ မြှင့်ပေးပေး မတားနိုင်ဘူး။ ဒီတော့ ရှိတဲ့လူတွေ ကျန်ခဲ့တဲ့လူတွေနဲ့ ဘယ်လို အလုပ်ဆက်လုပ်မယ်ဆိုတဲ့ Strategy တွေ plan တွေက တော်တော်အရေးကြီးလာတယ်။ ကိုယ့်ဆီမှာအလုပ်လာလုပ်တယ်... အရင်တုန်းက လူတွေ ဆိုအနည်းဆုံး ၂နှစ် ၃နှစ်လုပ်ကြတယ်။ အခုဆို အတွေ့အကြုံရချင်လို့လာ လာလုပ်တယ်။ ၆လလောက် လုပ်ပြီးရင် စလုံးကို ထွက်ချင်နေပြီ။ အဖွဲ့အစည်းဖက်ကလည်း စလုပ်တဲ့လူလောက်ဆို နှစ်သောင်းခွဲ သုံးသောင်း လောက်အပြင်ပိုမပေးနိုင်ဘူး။ သူ့ကို ဘာမှခိုင်းလို့လဲမရသေးဘူး။ သင်ပေးရတာ တွေရှိတယ်။ စက်နဲ့ နေရာတစ်ခုပေးထားရတယ်။ 
.
နောက်ပိုင်း MIT တို့ Bizsoft တို့မှာဆို Job training ဆိုတာမျိုးလေးတွေ လုပ်လာတယ်။ လာအလုပ်လုပ်ချင်တဲ့သူကတောင် တစ်လကို ပိုက်ဆံ ငါးသောင်းပေးရတယ်။ အခု ကိုယ်စဉ်းစားနေတာရှိတယ်။ Program coding လုပ်တာလောက်ကို ဆယ်တန်းအောင်ရုံလောက် ကလေးတွေနဲ့လုပ်ဖို့။ ဒါကအဆုံးအစွန် ရည်မှန်းချက်ပေါ့။ ပရိုဂရမ်ရေးတာဟာ ပန်းရံအုတ်စီတာလောက်ကို လွယ်ရမယ်။ ဘာတွေလိုမလဲ Coding template တွေ, Code generator တွေ, reusable parts တွေ ... ဘာတွေထပ်လိုဦးမလဲ.. စဉ်းစားတုန်း ။ 
.
ဥပမာ ... Design pattern (Head first design, Gang of Four) တို့လိုပုံစံပေါ့။ ဒါပေမဲ့အဲဒါတွေကို တိုက်ရိုက်သုံးမှာတော့မဟုတ်ဘူး။ ကိုယ့်နဲ့ အဆင်ပြေမဲ့ ပုံစံတစ်ခုကို ထွင်ပြီး သုံးရမှာ။ ဒီလိုမှ လိုက်မပြောင်းနိုင်ရင် အဖွဲ့အစည်းလေးကို ပိတ်ပြီး ကိုယ်လဲ စလုံးသွားပြီး တောက်တိုမယ်ရ program လေးတွေ ရေးစားဖို့ပဲ ရှိတော့မယ်။ ဒီမှာ မရှိတော့တဲ့ ကိုယ်မတတ်နိုင်တဲ့ ပုဇွန်ထုတ်ကြီးတွေမရှိတော့လို့ အဖွဲ့အစည်းလေးရပ်လိုက်ရပါတယ်။ ငါမအောင်မြင်တာ နင်တို့နင်တို့တွေ စင်ကာပူသွားကြလို့လို့ သောက်သုံးမကျတဲ့ အကြောင်းပြချက်မျိုး မပေးလိုသောကြောင့် ဆက်လက်ရပ်တည် အလုပ်လုပ်နိုင်ဖို့ အစွမ်းကို အကြံထုတ်နေပါကြောင်း စကားမစပ်။ ။ ဒီနှစ်ကုန် ဒီဇင်ဘာကနေ တရုတ်နှစ်သစ်ကူးလောက်ဆို ကျွန်တော့်ဆီက လက်ကျန်ပုဇွန်အလတ် ရှစ်ယောက်လောက် စလုံးထွက်ကြဦးမယ်။

Thursday, October 23, 2008

မတော်တဆ

မတော်တဆ ... တစ်ခါတစ်ရံ ဘာမဟုတ်တဲ့ အသေးအဖွားကိစ္စလေးနဲ့ ကြီးကြီးမားမားတွေ ထိခိုက်နစ်နာ ကုန်ကြတယ်။ ဘယ်လိုပြောရမလဲ... ကိုယ်ကညံ့လို့လဲမဟုတ် ဂရုမစိုက်လို့မလဲမဟုတ်။ ဖြစ်ချင်လို့ကို ဖြစ်သွားတယ်လို့ပဲပြောရမလား။ မနေ့က ကွန်ပျူတာအသင်းကဆရာသမားတစ်ယောက်အိမ်ကို လူနာသတင်းမေးသွားခဲ့တယ်။ ကိုယ်တို့ သူအိမ်ရောက်တဲ့အချိန်ပဲသူ တာမွေထိပ်က ရွှေဗဟိုဆေးခန်းကပြန်ဆင်းလာတာ။ 
.
ဖြစ်ပုံက အဲဒီနေ့ရဲ့ အရင်တစ်နေ့က ဆရာက သူ့သူငယ်ချင်းတစ်ယောက်အိမ်ကို သွားပြီးအပြန်မှာ လှေကားက ဆင်းပြီး ကြမ်းပြင်မှာ ရေညှိလိုလိုချောနေတာကို နင်းမိပြီး ဖင်ထိုက်လျက်လဲကျသွားတာ။ ဘယ်ဖက်လက်နဲ့ ကြမ်းပြင်ကို ထောက်မိ သွားတော့ လက်ကောက်အဆစ်ကပြုတ်ထွက် အရိုးစလေးတွေလဲကြေသွားသတဲ့။ ဖြစ်မှဖြစ်ရလေ။ Operation နှစ်နာရီလောက် လုပ်လိုက်ရတယ်။ Steel အစိတ်ပိုင်းလေးတစ်ခု မူလီစုပ်ပြီး ထည့်ထားတာ သူ့ဓါတ်မှန်ကြည့်ရတဲ့အရသိရတယ်။ ခွဲစိပ်ပြီးခါစမို့လားမသိဘူး လက်ချောင်းတွေက ရောင်ယမ်းနေသေးတယ်။ လူကတော့ နေသာတဲ့ပုံပါပဲ။ အနည်းဆုံး သုံးပတ် တစ်လလောက် ဘယ်လက်ကို စလွယ်သိုင်းလေးနဲ့ နေရဦးမှာပေါ့။ 
.
ကျွန်တော်လဲ ပြီးခဲ့တဲ့နှစ် ဒီအချိန်လောက်က ဘတ်စ်ကားပေါ်ကအဆင်း ခြေခေါက်ပြီးလဲကျသွားခဲ့တဲ့ ဒဏ်က အခုထိကို မပျောက်ဖူး။ လမ်းများများလျှောက်တာတို့ မြန်မြန်လျှောက်တာတို့ ဘတ်စ်ကားလှေခါးအမြင့်က ဆင်းရင် မျက်ခနဲဖြစ်သွားတာတို့က ကျန်ခဲ့တယ်။ ဘယ်တော့မှ မပျောက်တော့ဘူးထင်တယ်။ အဲဒီ မတော်တဆ ဆိုတာကြီးက တကယ်ကို့ကြောက်ဖို့ကောင်းတယ်။

Monday, October 20, 2008

I fail because of you...

ကိုယ်မင်းကြောင့် ဘဝပျက်ပါပြီ ... ဆိုတာမျိုးကို ဝတ္ထုစာအုပ်တွေထဲမှာ ဖတ်ဖူးသလို ရုပ်ရှင်တွေထဲမှာလဲ ကြည့်ဖူး ကြားဖူးမှာပေါ့။ Romantic ဖြစ်လိုက်တာ... feeling ပဲ... Heart ထိတယ်ကွာ.... စသည်ဖြင့် လက်ခံခဲ့တဲ့ အချိန်ကာလ အရွယ်တစ်ခုတော့ ရှိခဲ့မှာပေါ့။ ဒါပေမဲ့ သေသေချာချာ စဉ်းစားကြည့်ရင် အတော် အသုံးမကျတဲ့ကိစ္စပဲလို့ မထင်ကြဘူးလား။ ချစ်တယ် ကြိုက်တယ်ဆိုတဲ့ ကိစ္စတစ်ခုတည်းမှာ မဟုတ်ပါဘူး။ ပတ်ဝန်းကျင်မှာ လူအတော်များများဟာ ကိုယ့်ရဲ့ မအောင်မြင်မှု ဆုံးရှုံးမှု၊ နစ်နာမှုတွေအတွက် တစ်ပါးသူကိုပဲလက်ညှိုးထိုးနေတာကို တွေ့ဖူးမှာပေါ့။ 
.
ငါ့မိဘတွေကွာ ငွေအရင်းအနှီးလေးမထုတ်ပေးနိုင်လို့ ငါ နိုင်ငံခြားသွားအလုပ်မလုပ်နိုင်တာ .... ဘယ်လိုလုပ်အလုပ်စားလို့ရမှာလဲဗျာ။ မီးတွေကလည်းပျက်၊ ကုန်စျေးနှုန်းတွေကလဲတက်၊ ပေးရကမ်းရ တာတွေကလည်းများ၊ အစိုးရကလည်း ဘာမှအထောက်အပံ့မပေး၊ Customer တွေကလည်း complain တွေများ .....  နောက်ဆုံးပွဲစဉ် နှစ်ခုလောက်မှာ ဒီအသင်းနဲ့ ဒီအသင်းတွေ နိုင်အောင်မကန်လို့ အခုတော့ ကျွန်တော်တို့ Eleven ဘောလုံးအသင်းလေး အဆင့်မြင့်တန်းကနေ အောက်တန်းဆင်းလိုက်ရပြီး နောက်ဆုံးတော့ အသင်းကို ဖျက်သိမ်းလိုက်ရပါပြီဗျာ ... မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှာ အများကြီးတာဝန်ရှိပါတယ် ..... အဲဒီလို အဲဒီလို စကားသံမျိုးတွေ အမြဲလိုလိုကြားနေရမှာပေါ့။ 
.
တကယ်စဉ်းစားကြည့်ရင် ကိုယ်မအောင်မြင်တာ၊ ကျရှုံးတာဟာ ကိုယ်ညံ့လို့ပါ ကိုယ်မလုပ်နိုင်လို့ပါဆိုတာကို ဘာလို့များ လက်မခံကြပဲ သူများကိုပဲ လက်ညှိုးထိုးနေကြတယ်မသိ။ ငါ့မိဘ ပိုက်ဆံစိုက်မထုတ်နိုင်ရင် ငါ့ဘာသာ ဘယ်လိုရှာပြီး နိုင်ငံခြားသွားမလဲ။ အခုအချိန်မဖြစ်နိုင်ရင်တောင် နောက်ဘယ်နှနှစ်လောက်မှာ အကောင်အထည်ဖော်နိုင်မလဲ ဆိုတာမျိုး တွေးကြည့်သင့်တာပေါ့။ မီးတွေကလည်း မှန်နေမှ၊ စီးပွားရေးကလဲ တည်ငြိမ်မှ customer တွေကလည်း အားလုံးလိုလို သဘောကောင်းကြပြီး အစိုးရကလည်း လိုလေသေးမရှိထောက်ပံ့မှ အလုပ်လုပ်တတ်မယ်ဆိုရင်တော့ ဒီတစ်သက် အလုပ်လုပ်စားဖို့ မစဉ်းစားတော့တာကောင်းမယ်။ အဲဒီလိုအခြေအနေမျိုးဆိုတာ ဘယ်တော့မှ ရောက်လာမှာမဟုတ်ဘူးလေ။ 
.
MBA မှာတုန်းက Eco ဆရာမကြီးပြောဖူးတယ်။ လောကမှာ Resource limitation ဆိုတာအမြဲရှိတယ်။ အချိန်မလောက်ဘူး၊ လူအင်အားမလောက်ဘူး၊ ပိုက်ဆံ မလောက်ဘူး .... စသည်စသည်ဖြင့်ပေါ့။ တကယ်တော့ ဘဝဆိုတာ လှိုင်းထန်တဲ့ မုန်တိုင်းကျနေတဲ့ ပင်လယ်ပြင်မှာ ရွက်လွင့်နေတာပဲမဟုတ်လား ... Eleven ဂျာနယ်ရဲ့ဘောလုံးအသင်းကိစ္စမှာဆိုရင် အစကတည်းက တန်းဆင်းဇုံအပေါ်ရောက်အောင် ဘာလို့ ကြိုးစားမကစားထားလဲ။ ညှိပြီးကန်တယ်ဆိုတာ မြန်မာနိုင်ငံဆိုတာထားလိုက်ပါဦး FIFA ကတောင် ထိရောက်အောင် တားဆီးနိုင်လို့လား။ ဒီနှစ်တန်းဆင်းရလဲ နောက်နှစ် အဆင့်မြင့်တန်းကို ပြန်ရောက်အောင် ကြိုးစားကစားမယ် ပရိသတ်များ အားပေးကြပါ..... ဒီလိုမျိုးဖြစ်သင့်တာပေါ့။ အခုတော့ မဟုတ်ပါဘူး။ သူတို့မတရားလုပ်လို့ ညှိကန်လို့ ကျွန်တော်တို့ ဘောလုံးအသင်းကို ဖျက်သိမ်းလိုက်ပါပြီတဲ့။ 
.
ကလေး စိတ်ကောက်သလို အထာမျိုးနဲ့ အတော့ကို သောက်သုံးမကျတာပဲ။ ငါမအောင်မြင်တာ မင်းတို့ကြောင့် ဆိုတဲ့ attitude မျိုးရှိနေတဲ့လူမျိုးတွေဟာ ဟိုလူ့ကြောင့် ဒီအကြောင်းကြောင့် ဆိုတာမျိုးတဲ့ negative အပြောမျိုးတွေနဲ့ပဲ ဒုံရင်းဒုံရင်း ဘဝအခြေအနေက မတက်တဲ့အပြင် တစ်စတစ်စ ပိုတောင် နိမ့်ကျသွားဦးမှာ။ ဘယ်တော့မှလဲ လူမွှေးလူတောင်ပြောင်ပြီး အောင်မြင်လာမှာ မဟုတ်ဘူး။

Wednesday, October 15, 2008

Miss People 2008

ပြီးခဲ့တဲ့ စနေနေ့ (ဘွဲ့ယူတဲ့နေ့ပဲပေါ့) ညနေပိုင်းမှာ People magazine က လုပ်တဲ့ Miss People ပြိုင်ပွဲလေးကို သွားဖြစ်သေးတယ်။ ကိုခရုက ဖိတ်စာနဲ့ လက်မှတ်လေးပို့ပေးတာကြောင့်ရယ်၊ ကိုယ်ကိုယ်တိုင်က အပျင်းပြေ သွားကြည့်ချင်တာကြောင့်ရယ်နဲ့ ရောက်ဖြစ်တာ။ ဘွဲယူပြီး အိမ်ခဏပြန် ရေမိုးချိုးပြီးတော့ အလုပ်ကိစ္စလေး နည်းနည်းဖြတ်ပေးဖို့ ရုံးသွားတယ်။ သူ့ပွဲက ညနေ သုံးနာရီကစတာ။ မြို့ထဲ ဆိပ်ကမ်းသာလမ်း အောက်ဆုံး ဘလောက်က Strand Hotel မှာ။ အဲဒီကပြီးရင် MBA ဘွဲ့ယူ Dinner ဆက်သွားမှာမို့ Camera လေးယူလာတယ်။ ဒါနဲ့ ပုံလေးတွေ ဟိုရိုက် ဒီရိုက်ပေါ့၊ ဒီလိုပွဲမျိုးကို ရိုက်ဖို့ကြတော့ ကိုယ့် Camera အသေးလေးက လုံးဝကို အဆင်မပြေတာ။ အနည်းဆုံး D40 D60 လောက်နဲ့ ရိုက်ရရင် မဆိုးဘူး။ Dinner ဆက်သွားရမှာမို့ အပြီးအထိ မကြည့်လိုက်တော့ ဘယ်သူ Miss People ဖြစ်သွားလဲတောင်မသိပါဘူး။