ကျောင်းပြီးတတည်းက ၀ါသနာပါရာ ဒီ software development လုပ်ငန်းလေးလုပ်လို့ အသက်မွေးမယ်လို့ ဆုံးဖြတ်ပြီး သူငယ်ချင်းသုံးယောက် 1998 April မှာ ဒီအဖွဲ့အစည်းလေးကို စလုပ်ဖြစ်ခဲ့တယ်။ အခုဆို ဆယ်နှစ်ကျော်ခဲ့ပြီပေါ့။ ပြည်တွင်းမှာ software ရောင်းရတာ ဘယ်လောက်လက်ပေါက်ကပ်သလဲဆိုတာ သိကြမှာပါ။ အစောပိုင်း ကာလတွေမှာ ဆော့ဖ်ဝဲဆိုတာ စက်ဝယ်ရင်တစ်ခါတည်း ထည့်ပေးတာမဟုတ်ဘူးလားလို့ စောတက တက်တာ ကြုံဖူးတယ်။ စာရင်းကိုင် ဆောဖ်ဝဲလေးဝယ်ချင်လို့တဲ့ ....စီဒီနဲ့တစ်ခါတည်းထည့်ပြီးသား တစ်ထောင့်ငါးရာကျပ် လောက်ပဲမဟုတ်ဘူးလားတဲ့ ... ကဲ ဘာပြောကြဦးမလဲ။
.
ကွန်ပျူတာကြီးကို ဂိမ်းကစားဖို့ ဆယ်သိန်းတန် လောက်ဝယ်ရင်ဝယ်မယ်။ ဆော့ဖ်ဝဲကို လေးငါးသိန်းပေးရတာကို တန်တယ်မထင်ကြဘူး။ ထားတော့။ ဒါပေမဲ့တဖြေးဖြေး စီးပွားရေးလုပ်ငန်းတွေအတွက် ကွန်ပျူတာဆော့ဖ်ဝဲတွေဟာ အလွန်အသုံးဝင်ပါတယ်။ တစ်ချို့ဆို မရှိမဖြစ်လောက်ကိုဖြစ်လာကြတယ်။ အဲဒီမှာ တဖြေးဖြေးနဲ့ ဆော့ဖ်ဝဲရဲ့ တန်ဖိုးကို လူတွေသိသလောက်သိလာတယ်။ ဆော့ဖ်ဝဲအတွက် ငွေသုံးရမယ်ဆိုတာနားလည်လာကြတယ်။ အဲ .... စင်ကာပူ ပါရာဒိုင်ကြီးစဖြစ်ရော .... (မစခင်ကတဲက ကြိုကြား ကြိုကြား အပြင်ထွက်လုပ်ကြတာလေးတွေရှိပါတယ်။)
.
ကိုယ့်အဖွဲ့အစည်းက တကယ့်ကိုကျွမ်းကျင်တဲ့သူတွေ အားကိုးရတဲ့သူတွေ ကိုယ်ပြုစုပျိုးထောင် ခဲ့ရသူတွေ ...ပုဇွန်ထုတ်ကြီးတွေဆိုပါတော့ Export Item ဖြစ်သွားလို့ နိုင်ငံခြား ရောက်သွားရော။ ခါးဆက် ပြတ်သွားတဲ့ ပြသနာကို အတော်လေး ကျိတ်မှိတ်ခံခဲ့ရတယ်။ တော်သေးတာက ကျွန်တော်တို့ partner သုံးယောက်လုံး ပရိုဂရမ်မာဆိုတဲ့ အလုပ်ကို အောက်ခြေသိမ်း လုပ်တတ်နေခဲ့လို့ပဲ။ ပုဇွန်ထုတ်ကြီးတွေ မရှိတော့ ပုဇွန်ထုတ်ကြီးဟင်းတော့ ဘယ်ရောင်းနိုင်တော့မလဲ။ ဒီလိုပဲကြံဖန်ပြီး ကျောင်းဆင်းခါစ ပုဇွန်ဆိတ်လေးတွေကို ကျန်ခဲ့တဲ့ ပုဇွန်အလတ် နှစ်ကောင်လောက် ခြံရံလို့ အရွက်အခက်လေး ထည့်လို့ ပုဇွန်ခွက်ကြော်ပေါ့။
.
ပုဇွန်ဆိတ်လေးတွေကို ထောင်းပြီး ပုဇွန်ငါးဆုပ်ဟင်း ချက်ရောင်းတာပေါ့။ ဆိုင်တော့ ဘယ်ပိတ်နိုင်မလဲ။ ကိုယ်တို့အနေနဲ့ နောက်ဆုံးလက်ခံလိုက်တယ်။ ဒီလိုအစုလိုက်အပြုံလိုက် အပြင်ထွက်ကြတာကို ဘယ်လောက်လစာ မြှင့်ပေးပေး မတားနိုင်ဘူး။ ဒီတော့ ရှိတဲ့လူတွေ ကျန်ခဲ့တဲ့လူတွေနဲ့ ဘယ်လို အလုပ်ဆက်လုပ်မယ်ဆိုတဲ့ Strategy တွေ plan တွေက တော်တော်အရေးကြီးလာတယ်။ ကိုယ့်ဆီမှာအလုပ်လာလုပ်တယ်... အရင်တုန်းက လူတွေ ဆိုအနည်းဆုံး ၂နှစ် ၃နှစ်လုပ်ကြတယ်။ အခုဆို အတွေ့အကြုံရချင်လို့လာ လာလုပ်တယ်။ ၆လလောက် လုပ်ပြီးရင် စလုံးကို ထွက်ချင်နေပြီ။ အဖွဲ့အစည်းဖက်ကလည်း စလုပ်တဲ့လူလောက်ဆို နှစ်သောင်းခွဲ သုံးသောင်း လောက်အပြင်ပိုမပေးနိုင်ဘူး။ သူ့ကို ဘာမှခိုင်းလို့လဲမရသေးဘူး။ သင်ပေးရတာ တွေရှိတယ်။ စက်နဲ့ နေရာတစ်ခုပေးထားရတယ်။
.
နောက်ပိုင်း MIT တို့ Bizsoft တို့မှာဆို Job training ဆိုတာမျိုးလေးတွေ လုပ်လာတယ်။ လာအလုပ်လုပ်ချင်တဲ့သူကတောင် တစ်လကို ပိုက်ဆံ ငါးသောင်းပေးရတယ်။ အခု ကိုယ်စဉ်းစားနေတာရှိတယ်။ Program coding လုပ်တာလောက်ကို ဆယ်တန်းအောင်ရုံလောက် ကလေးတွေနဲ့လုပ်ဖို့။ ဒါကအဆုံးအစွန် ရည်မှန်းချက်ပေါ့။ ပရိုဂရမ်ရေးတာဟာ ပန်းရံအုတ်စီတာလောက်ကို လွယ်ရမယ်။ ဘာတွေလိုမလဲ Coding template တွေ, Code generator တွေ, reusable parts တွေ ... ဘာတွေထပ်လိုဦးမလဲ.. စဉ်းစားတုန်း ။
.
ဥပမာ ... Design pattern (Head first design, Gang of Four) တို့လိုပုံစံပေါ့။ ဒါပေမဲ့အဲဒါတွေကို တိုက်ရိုက်သုံးမှာတော့မဟုတ်ဘူး။ ကိုယ့်နဲ့ အဆင်ပြေမဲ့ ပုံစံတစ်ခုကို ထွင်ပြီး သုံးရမှာ။ ဒီလိုမှ လိုက်မပြောင်းနိုင်ရင် အဖွဲ့အစည်းလေးကို ပိတ်ပြီး ကိုယ်လဲ စလုံးသွားပြီး တောက်တိုမယ်ရ program လေးတွေ ရေးစားဖို့ပဲ ရှိတော့မယ်။ ဒီမှာ မရှိတော့တဲ့ ကိုယ်မတတ်နိုင်တဲ့ ပုဇွန်ထုတ်ကြီးတွေမရှိတော့လို့ အဖွဲ့အစည်းလေးရပ်လိုက်ရပါတယ်။ ငါမအောင်မြင်တာ နင်တို့နင်တို့တွေ စင်ကာပူသွားကြလို့လို့ သောက်သုံးမကျတဲ့ အကြောင်းပြချက်မျိုး မပေးလိုသောကြောင့် ဆက်လက်ရပ်တည် အလုပ်လုပ်နိုင်ဖို့ အစွမ်းကို အကြံထုတ်နေပါကြောင်း စကားမစပ်။ ။ ဒီနှစ်ကုန် ဒီဇင်ဘာကနေ တရုတ်နှစ်သစ်ကူးလောက်ဆို ကျွန်တော့်ဆီက လက်ကျန်ပုဇွန်အလတ် ရှစ်ယောက်လောက် စလုံးထွက်ကြဦးမယ်။