Friday, December 26, 2008

Merry X'mas 2008

Merry X'mas .... မနက်ကို အတော်ကြီးနေမြင့်မှထတယ်။ ဒီနေ့က ကိုသူရနဲ့ သူ့သားငယ်တို့ရဲ့မွေးနေ့။ ဒါနဲ့ SMS လေးပို့ပြီး birthday wish လုပ်လိုက်သေးတယ်။ Birthday wiskey လေးဘာလေး ခေါ်တိုက်လိုတိုက်ငြားပေါ့ .. ကိုနဗနပြောတာကိုတောင်ပြန်သတိရမိသေး။ ခရစ်တော် ဒီနေ့မွေးတယ်ဆိုတာ သူမယုံဘူးတဲ့ သမိုင်းက တစ်ခုခုမှားနေတယ်ထင်တယ်တဲ့။ သူရလိုဆိုးမိုက်ပေတေတဲ့ ကောင်နဲ့ ခရစ်တော် တစ်ရက်တည်းမွေးတာ မဖြစ်နိုင်ဘူးတဲ့ .... :D 
.
အောက်ခဏဆင်းပြီး ဘောလုံးဂျာနယ်လေးဝယ်တယ်။ ပြီးတော့ ကော်ဖီသောက် မနက်စာစားပေါ့။ ပြီးတော့သားသားနဲ့ဆော့တယ်။ ၁ဝနာရီလောက်မှာ င်္Family TV5 က ကိုးရီးယားရေတပ်ဗိုလ်ချုပ် Series တစ်ပိုင်းကြည့်ဖြစ်တယ်။ ပြီးတော့ ငိုက်လာတာနဲ့ တရေးပြန်အိပ်ရော။ နိုးလာတဲ့အချိန်မှာ မိန်းမရဲ့အမနဲ့ တူမလေးရောက်လာတယ်။ ကလေးမက သူ့မောင်လေးအတွက် သူငယ်ငယ်က အင်္ကျီလေးယူလာပေးတယ်။ မိန်းမကပြောတယ် သူတစ်နှစ်သားလောက်မှာ ဝတ်တာတဲ့။ 
.
ဒါနဲ့သားကို စမ်းဝတ်ပေးကြည့်တယ်။ သူနဲ့ကအတော်ပဲဖြစ်နေတယ်။ အခုမှလေးလသားပဲရှိသေးတာကို။ သားကပဲ ထွားတာလား တူမလေးကပဲ အဲဒီအသက်အရွယ်က သေးတာလားတော့မသိ။ ညနေပိုင်းမှာ ဘကြီးဇော်မိုးက သူ့အိမ်မှာ မုန့်ဟင်းခါးချက်စားမယ်လိ်ု့ဖိတ်ထားတာနဲ့ မိန်းမရယ် သားရယ်ခေါ်ပြီး ချီတက်သွားကြတယ်။ မုန့်ဟင်းခါးတွေ အားပါးတရ ထမင်းလွတ်စားပြီး အိမ်ပြန်ကြတာပေါ့။ ဒီနှစ်ခရစ်စမတ်မှာ ပွဲတွေလမ်းတွေလည်း မသွားဖြစ်ပါဘူး။

 

Wednesday, December 24, 2008

NFC manager game

အခုတလောမှာ ESPN Site က NFC Manager Game လေးမှာ KnockOut Cup ဆိုပြီး ပြိုင်ပွဲပုံစံအသစ်လေးတစ်ခု ထပ်လုပ်ပေးထားတယ်။ ကမ္ဘာအရပ်ရပ်က ဒီဂိမ်းကစားကြတဲ့ Userတွေကို တွဲပေးပြီး ရှုံးထွက်ပုံစံ ပြိုင်ရတာ။ တစ်ပတ်အတွင်းရတဲ့ အမှတ်ပိုများတဲ့အသင်းက နိုင်ပြီး နောက်တဆင့်တက်သွားတာပေါ့။ ဒီဂိမ်းထဲမှာ ကိုယ်က အသင်းလေးသင်းဆောက်ပြီး ဆော့နေတာ။ ရှုံးထွက်ပွဲတွေမှာ သုံးသင်းက ပြုတ်သွားပြီ။ တစ်သင်းပဲ Round 2 ကို ရောက်တယ်။ Boxing Day နဲ့ Sunday မှာကန်မဲ့ ပွဲတွေကနေ အရှုံးအနိုင်ကို ကြည့်ရမှာ။ ကိုယ့်နဲ့ပြိုင်ရမဲ့အသင်းကိုလဲ ချိတ်ထားပေးပြီဗျ။ ဘာပဲပြောပြော အပျင်းပြေကစားရတာပေါ့။ စိတ်ဝင်စားဖို့ ကောင်းပါတယ်။

Wednesday, December 17, 2008

Tun Foundation ပန်းချီပြပွဲ

16 Dec နေ့က ထွန်းဖောင်ဒေးရှင်းကလုပ်တဲ့ ပန်းချီပြပွဲကို ရောက်ဖြစ်တယ်။ ရန်ကင်းစင်တာအနောက်က ဘဏ်လုပ်ငန်းရှင်များ အဆောက်အဦမှာလုပ်တာပါ။ ပန်းချီဆရာပေါင်း ၃၀၁ ယောက်ရဲ့ ပန်းချီကား ၄၄၈ကား ပြသထားတယ်။ မနှစ်ကလည်း ဒီပြပွဲလုပ်ခဲ့သေးတယ်။ Best Painting of the Year 2008 ဆိုပြီးလုပ်တာ။ ဒီနှစ်မှာ ပိုကောင်းလာတာက Catalog စာအုပ်လေးရောင်းပေးတယ်။ အထဲမှာ ပန်းချီကားတွေရဲ့စာရင်းအပြင် ပန်ချီကားတွေအားလုံးရဲ့ JPG တွေပါတဲ့ CD နှစ်ချပ် ထည့်ပေးထားတယ်။ very good ပေါ့။
.
 ဘယ်ပန်းချီကားတွေ ဆုရတယ်ဆိုတာတော့ အဲဒီနေ့က မကြေငြာသေးဘူး။ 18 Dec လောက်မှာ ကြေငြာပြီး ဆုပေးမယ်လို့ပြောတယ်။ ပြပွဲကိုတော့ ဒီဇင်ဘာ ၂၀ ရက်အထိ ပြသပေးထားမယ်တဲ့။ ဘယ်ပန်းချီကားတွေ ဆုရမလဲသိချင်ပေမဲ့ မအားတာနဲ့ နောက်တစ်ခေါက် မသွားဖြစ်တော့ဘူး။ CD နဲ့ soft copy တွေတောင် ထုတ်ရောင်းပေးတယ်ဆိုတော့ ကြိုက်တဲ့တစ်ပုံနှစ်ပုံလောက်တော့ ဒီပေါ်တင်လိုက်ဦးမယ်။ Copy right တော့ မငြိလောက်ပါဘူးနော်?

Sunday, December 14, 2008

7th ICT Week သွားတောလား

13 Dec 08 မနက်လေးနာရီအိပ်ယာကထလို့ လေးခွဲမှာ လေဆိပ်ကို ထွက်လာခဲ့တယ်။ Taxi ကလည်း ချက်ချင်းရတော့ လေဆိပ်ရောက်တဲ့အချိန်မှာ ငါးနာရီတောင်မထိုးသေးဘူး။ လေယာဉ်က ခြောက်နာရီထွက်တယ်။ မန္တလေး တိုက်ရိုက် Jet လေယာဉ်ဖြစ်နေတယ်။ အိုကေပေါ့။ ကိုယ်ရယ် ညီလင်းဆက်ရယ် ဆရာခွန်ရယ် သုံးယောက်သွားကြတာ။ 
.
မန်းလေးကို အစောကြီးရောက်နေတယ်။ ကိုယ်တို့အတွက်က Great Wall Hotel မှာ စီစဉ်ပေးထားတာလေ။ အခန်းယူ ခဏနားပြီးတာနဲ့ မန်းလေးအသင်းက ကိုရဲနိုင်နဲ့ ချိန်းပြီး ရတနာပုံကို တက်ခဲ့ကြတယ်။ မနက် ၁ဝနာရီခွဲလောက်မှာ ရောက်သွားတယ်။ အခမ်းအနားအပြင်အဆင်ကတော့ မနှစ်ကအတိုင်းပါပဲ သိပ်မထူးဘူး။ ရတနာပုံဆိုတာကို အင်္ဂလိပ်လို စာလုံးပေါင်းတာ မနှစ်ကနဲ့မတူပြန်ဘူးဆိုတာလေးတော့ သတိပြုမိတယ်။ 
.
ပထမဆုံး Programming ပြိုင်ပွဲလုပ်မဲ့ Incubation center လေးဆီသွားကြတယ်။ Main Building နဲ့မလှမ်းမကမ်းလောက်က ဖျော်ဖြေရေးစင်ကြီးပေါ်မှာ model girl တစ်ယောက် ဘောင်းဘီအတိုလေးနဲ့ cat walk လျှောက်နေလေရဲ့့။ အောက်မှာတော့ ကြည့်တဲ့သူက လေးငါးယောက်လောက်ပဲရှိတယ်။ ဖြစ်မှဖြစ်ရလေ။ လျှောက်နေတဲ့သူရဲ့စိတ်ထဲတော့ ဘယ်လိုရှိမယ်မသိ။ ဘေးက ကြည့်ရတဲ့ကိုယ့်မှာ သနားသလိုလို ဖြစ်သွားမိတယ်။ ပြိုင်ပွဲလုပ်မဲ့နေရာမှာ မန္တလေး MCPA ကလူတွေက စက်တွေကို install လုပ်... ပြင်ဆင်ပေးနေကြတယ်။ သူတို့တွေနဲ့ မနက်ဖန်ပြိုင်ပွဲအတွက် ခဏထိုင်ပြီး ဆွေးနွေးကြတယ်။ 
.
မေးခွန်းကတော့ ကျွန်တော် ရန်ကုန်ကတည်းက ပြင်ဆင်လာခဲ့တာ။ ပြိုင်ပွဲအတွက် ကိစ္စတွေပြီးတော့ main building ကြီးက ပြခန်းတွေဆီသွားကြည့်ဖြစ်တယ်။ မနှစ်ကထက် အရေအတွက်နည်းတယ်။ ဒါ့အပြင် လာပြကြသူတွေက ပစ္စည်းတွေကို သဘောလောက်ပဲသယ်လာကြပုံရတယ်။ မနှစ်က lesson ရထားကြတာကိုး။ အရောင်းအဝယ်လေး အထိုက်လျောက်ဖြစ်ကြပုံရတယ်။ ကိုယ့်အရှေ့ မှာတင် notebook တစ်လုံးဝယ်ပြီး ငွေချေနေတာ တွေ့ရတယ်။ လာတဲ့ပရိသတ်ကတော့ ခပ်ကျဲကျဲပါပဲ။ ရောင်းအကောင်းဆုံးကတော့ ဆက်သွယ်ရေးက GSM Prepaid Card ပေါ့။ 
.
ဖွင့်ပွဲနေ့က အတင်းတိုးဝှေ့ ဝယ်ကြလို့ ပြခန်းတောင် ပြိုမလိုဖြစ်သွားတယ်တဲ့။ လာဝယ်ကြသူတွေကို ကြည့်ရတာ တစ်ချို့က တစ်ခါသုံးဆိုတာကို သိကြပုံ မပေါ်ဘူး။ FEC စျေးတောင် မန္တလေးမှာ 1500 ဖြစ်သွားသတဲ့။ ဒီကဒ်လေးကို မှီပြီး Handset တွေလဲရောင်းရတာ သတိထားမိတယ်။ ငါးသောင်းခြောက်သောင်းတန်Nokia လေးတွေ၊ ZTE က သုံးသောင်းကျော်တန် ဟန်းဆက်လေးတွေကို လူစိတ်ဝင်စားကြတယ်။ Hand Phone applicaiton လေးတွေ ရောင်းတဲ့ SM3 မှာလဲ လူတွေ စိတ်ဝင်တစား ဝယ်နေကြတယ်။ 
.
ကိစ္စတွေ ပြီးတော့ နေ့လည်တစ်နာရီလောက်မှာ မေမြို့ကို တက်ကြတယ်။ ကန်တော်ကြီးကို ခဏဝင်တယ် ပန်းပြပွဲဝင်ကြည့်ကြတာပေါ့။ ပြီးတော့ မေမြို့က လေငွန် စားသောက်ဆိုင်မှာနေ့လည်စာစားကြတယ်။ ကန်တော်ကြီးထဲက ဆိုင်ကဝယ်လာတဲ့ နာနတ်ဝိုင်လေးသောက်ရင်းပေါ့။ ညနေပိုင်းမှာ မန္တလေး MCPA က အမှုဆောင်တွေနဲ့ ရွှေဘဲမှာ ညစာစားရင်း အသင်းအကြောင်းတွေ လုပ်ငန်းတွေအကြောင်း ပြောဖြစ်ကြတယ်။ 
.
ညရှစ်နာရီလောက်မှာ မောင်လှ သခင်ကြီးနဲ့ ပုဂံနက်တို့ ဆိုင်ကယ်နဲ့ လာခေါ်တယ်။ အသင်းကလူတွေနဲ့ တွေ့ဖို့ရှိလို့ သူတို့နဲ့ချိန်းထားတာကို နောက်ဆုတ်ပြီး ရွှေဘဲကို လာခေါ်ခိုင်းထားတာ။ သူတို့တွေနဲ့ ကျုံးဒေါင့်နားက ဆိုင်လေးတစ်ခုမှာ ဘီယာသောက်ကြရင်း အကြာကြီးထိုင်ဖြစ်တယ်။ ဘောလုံးပွဲလည်းကြည့်ရင်းပေါ့။ ဟိုတယ်ပြန်ရောက်တော့ ၁၂နာရီထိုးတော့မယ်။ 14 Dec 08 ဒီမနက် ခြောက်နာရီခွဲလောက်ထဖြစ်တယ်။ ရေမိုးချိုးအဝတ်အစားလဲပြီးမှ NLS ကို နှိုး၊ သူအဝတ်အစားလဲပြီးချိန်မှာ ဟိုတယ်အပေါ်ဆုံးထပ် လဟာပြင်နေရာမှာ Breakfast သွားစားကြတယ်။ ပြီးတော့ ဘုရားကြီးခဏ ဝင်ဖူးပြီး ရတနာပုံကို ချီတက်ကြတယ်။ 
.
ဒီမနက်က ပြိုင်ပွဲစမှာလေ။ ပြိုင်မဲ့သူတွေကို မေးခွန်းပေး သူတို့မေးတာလေးတွေ ရှင်းပြပြီးတော့ မန္တလေးက EC တွေနဲ့ ခဏထားခဲ့ပြီး အခု ကော်ဖီထွက်သောက်ရင်း Public Access Center ကနေ အင်တာနက် ခဏဝင်ကြည့်နေတာ။ ညနေငါးနာရီ ပြိုင်ပွဲသိမ်းပြီးရင် ကျွန်တော်နဲ့ NLS အပြီးစစ် result ထုတ်ပေးပြီးမှ မန်းလေးပြန်ဆင်းမယ်။ သခင်ကြီးတို့က အရက်သောက်ဖို့စောင့်နေကြမှာ .... :) မနက်ဖန် ညနေ Flight နဲ့ပြန်မယ်။ NLS တော့ မောင်လှတို့ သခင်ကြီးတို့နဲ့ ဓါတ်ပုံရိုက်ဦးမလို့တဲ့ မပြန်သေးဘူး။ (ရိုက်ထားတဲ့ပုံလေးတွေ နေုာက်မှတင်တော့မယ် .. ကင်မရာ ကြိုးမပါလာလို့)

Friday, December 12, 2008

Happy Birthday to me (11 Dec)

အသက် တစ်နှစ်ထပ်ကြီးသွားပြီ။ ဒီနှစ်မွေးနေ့ကတော့ ထူးထူးခြားခြားကိုယ့်မှာ သားလေးရပြီး ပထဆုံးမွေးနေ့ပေါ့။ အသက်က ကြီးကြီးလာတော့ မွေးနေ့ဆိုလဲ ထူးခြားပြီး ပျော်ရွှင်တာမျိုးမရှိတော့ပါဘူး။ နေ့တွေထဲက နေ့တစ်နေ့ပဲပေါ့။ 10 Dec ညက အမေကဖုန်းဆက်တယ် သစ်သီးဒံပေါက်ချက်မယ်တဲ့.. ကျွန်တော့်မွေးနေ့ အထိမ်းအမှတ်ပေါ့။ ရုံးမသွားခင်လာစားကြပါတဲ့။ 
.
အမေကတော့ သားသမီးတွေရဲ့မွေးနေ့တွေကို မမေ့မလျှော့ ဘုရားပန်းတွေလဲပေး၊ ဆွမ်းတော်ကပ် လုပ်ပေးကြလေ။ တစ်ခါတစ်လေ ကိုယ့်မွေးနေ့ကို မေ့နေရင်တောင် အမေက မမေ့ဘူး။ မွေးနေ့မှာ မနက်စောစော ကန်တော်ကြီးထဲ လမ်းထလျှောက်လိုက်သေးတယ်။ ပြီးမှ သားလေးရော ယောက်ခမပါ ခေါ်ပြီး အမေတို့အိမ်ကို ချီတက်ကြတယ်။ စားကြသောက်ကြပေါ့။ 
.
အတော်ပဲ သားရဲ့အဒေါ်အလတ် ကျွန်တော့်ညီမက အဲဒီနေ့နေ့လည်ပဲ အလုပ်သွားလုပ်ဖို့ ကူမင်းသွားမှာဆိုတော့ သူ့တူလေးကိုလဲ တွေ့ချင်နေတာနဲ့။ သားလေးနဲ့ယောက်ခမကို အိမ်ပြန်ပို့ပြီး ရုံးရောက်တာနဲ့ ရှုပ်ယှက်ခပ်သွားတာပဲ။ နေ့လည်မီးပြန်လာတာနဲ့ ရတနာပုံ ဆိုင်ဘာစီးတီးမှာ လုပ်မဲ့ ပြိုင်ပွဲအတွက် မေးခွန်းကို အပြီးသတ်၊ ညနေပိုင်း MCPA ရုံးခန်းမှာ ပြိုင်ပွဲအတွက် ဆုတံဆိပ်တွေနဲ့ လေယာဉ်လက်မှတ်သွားယူ.... မေးခွန်းတွေကို print ထုတ်... copy ကူးပေါ့။ ပြီးတော့ အိမ်ပြန်တယ်.... မွေးနေ့အထိန်းအမှတ်သောက်စားကြဖို့ကလဲ လူမစုံဘူးလေ ... ဘကြီးဇော်မိုးကလဲ သက်ကြီးမူကြိုစာမေးပွဲရှိနေတယ် ... 
.
ဒါနဲ့ပဲ မွေးနေ့အထိမ်းအမှတ်ဝယ်ထားတဲ့ Absolute Vodka လေးကို ရေခဲသေတ္တာအပေါ်ခန်းထဲထည့်ပြီး သားလေးကို ချီရင်းနဲ့ပဲ အရသာခံသောက်လို့ ကိုယ့်ဖာသာ မွေးနေ့ကို celeberate လုပ်လိုက်တယ် .... :D