Saturday, January 31, 2009

Old family photos


အဖေနဲ့အမေရဲ့ မင်္ဂလာဆောင် ဓါတ်ပုံလေးပါ။ သူတို့မင်္ဂလာဆောင်က Strand Hotel မှာလုပ်တာတဲ့။ ကော်ဖီ လဘက်ရည်တိုက် မုန့်ကျွေးပေါ့။ အဲဒီခေတ်က ငွေထောင်ဂဏန်းလောက်ပဲကုန်ကျသတဲ့။

 

  ဒါက ကျွန်တော်တို့ မောင်နှမလေးယောက်ရဲ့ပုံပေါ့။ လွိုင်ကော်ကို အမေက အလုပ်တာဝန်နဲ့ မပြောင်းရခင်အချိန်လောက်မှာ ရိုက်ထားတာ။ ကျွန်တော်က နှစ်တန်းရောက်ပြီထင်တယ်။ အခုအချိန်မှာ မောင်နှမတွေ တစ်ယောက်တစ်နေရာရောက်ကုန်ပြီ။ ညီမအကြီးဆုံးက မော်လမြိုင်မှာ NGO တစ်ခုမှာအလုပ်လုပ်တယ်။ အလတ်မက တရုတ်ပြည် ကွေးမိန်မှာ။ အငယ်ဆုံးညီမပဲ ရန်ကုန်မှာ အဖေအမေတို့နဲ့ကျန်တယ်။ 





လွိုင်ကော်တောင်ကွဲစေတီကို နောက်ခံထားတဲ့ မိသားစုပုံပေါ့။ အမေက အဲဒီတုန်းက စာရင်းစစ်ရုံးမှာပေါ့



 

 ဒါက ကျွန်တော် ပထမဆုံးအကြိမ် ရဟန်းခံတုန်းက။ ကွန်ပျူတာတက္ကသိုလ် ပထမနှစ်ရောက်နေပြီ။ ဟာမစ်တစ်က မဟာစည်သာသနရိပ်သာမှာပါ။ ကျွန်ပျူတာထဲက ဖိုင်တွေရှင်းရင်း ဒီပုံလေးတွေ ပြန်တွေ့လို့။

Tuesday, January 27, 2009

Australina Open Quarter Final, Sefina vs. Dokic











Australian Open Tennis ပွဲရဲ့ အမျိုးသမီး quarter final ပွဲဖြစ်ပါတယ်။ အခု ဒီပို့စ် စရေးနေချိန်မှာ သူတို့နှစ်ယောက် တစ်ယောက်တစ်ပွဲစီနိုင်ပြီး နောက်ဆုံး set ကို ရိုက်နေကြပါတယ်။ အတော့်ကို အကြိတ်အနယ် ရှိပုံရတယ်။ ပွဲချိန် နှစ်နာရီ ဆယ့်ငါးလောက် ရှိနေပြီ။ (ရုံးချိန်ကြီး ဖြစ်နေတာ နာလိုက်တာ။ ညကြမှ highlight လေးပြန်ကြည့်ရတာပေါ့။) 
.
ရုရှားတင်းနစ်မယ်လေး Safina ကတော့ လက်ရှိ WTA အဆင့်၃ပါ။ သူ့ကို စပြီးသတိထားမိတာကတော့ မနှစ်က ပြင်သစ်တံခွန်စိုက် မြေစေးကွင်း ပြိုင်ပွဲမှာ နံမည်ကြီးတွေကို တစ်ယောက်ပြီး တစ်ယောက် အနိုင်ယူပြီး ဗိုလ်လုပွဲအထိ တက်လှမ်းခဲ့တဲ့အချိန်မှာပါ။ အဲဒီပွဲတုန်းက Ana Ivanovic ကို ရှုံးပြီး ဒုတိယပဲရခဲ့ပါတယ်။ အခုဒီပွဲစဉ်တစ်လျှောက်မှာ လက်ရည်မှန်မှန်နဲ့ တစ်ဆင့်ပြီး တစ်ဆင့် တက်လှမ်းလာတာပါ။ 4th round မှာတော့ Alize Cornet (FRA, 15) ကို နောက်ဆုံး set မှာ 5-2 နဲ့ ဆိုးဆိုးရွားရွား လက်ပျက်ပြီး ရှုံးနေရာက 7-5 နဲ့ နိုင်လာခဲ့တာပါ။ ကံကြမ္မာက မျက်နှာသာပေးခဲ့တယ် ဆိုရင်းလဲမမှားပါဘူး။ ကျွန်တော့်အနေနဲ့ Safinaကို အခုဒီနှစ် Australian Open ချန်ပီယံဖြစ်လိမ့်မယ်၊ ပြီးရင်း ဒီနှစ်အတွင်းမှာပဲ Sony WTA Ranking 1 ဖြစ်လာမယ်လို့ လို့ ခန့်မှန်းထားပါတယ်။ 
.
Australian တင်းနစ်မယ်လေး Jelena Dokic ကတော့ WTA ranking 187 ပဲရှိပါတယ်။ ဒါပေမဲ့ ထူးထူးခြားခြား ဒီနှစ်ပွဲစဉ်မှာ quarter final ပွဲအထိ တက်လှမ်းလာခဲ့ပါတယ်။ 2nd round ပွဲ အနိုင်ရ ကတည်းက စပြီးသတိထားမိခဲ့ပါတယ်။ အဆင့် ၁ရရှိ ရုရှာတင်းနစ်မယ် Ana Chakvetdzeကို သုံးပွဲ အကြိတ်အနယ်ရိုက်ခဲ့ပြီး နှစ်ပွဲ တစ်ပွဲနဲ့နိုင်ခဲ့တာပါ။အနိုင်ရိုက်ခဲ့တာပါ။ 3rd round မှာ အဆင့် ၁၁ Caroline Wozniacki ကိုလည်း သုံးပွဲ ရေကုန်ရေခမ်းရိုက်ပြီး နိုင်လာခဲ့ပြန်ပါတယ်။ 4th round မှာတော့ Ana Ivanovic ကို ဖြုတ်ချပြီး တက်လာခဲ့တဲ့ ရုရှားတင်းနစ်မယ်လေး Alisa Kleybanova (အဆင့် ၂၉) ကိုလည်း တော်တော်လေးကို ပင်ပင်ပန်းပန်း သုံးပွဲဆက်ရိုက်ခဲ့ရပါတယ်။ နောက်ဆုံးset မှာ ခြေကျဉ်းဝတ်လိမ်သလိုဖြစ်ပြီး နာသွားသော်လည်း ဆက်ကစားပြီး အနိုင်ရခဲ့တာပါ။ Australian ပရိသတ်တွေကတော့ ဂုဏ်ယူမဆုံး တပြုံးပြုံးနဲ့ ပေါ့။  အခု Quarter မှာ Sefina နဲ့တွေ့တာပါ။ ပွဲကစားချိန် နှစ်နာရီခွဲလောက်ရိုက်ပြီး Safina က 6-4, 4-6, 6-4 နဲ့အနိုင်ရသွားပါတယ်။ စိတ်ဓါတ်အပြည့်နဲ့ ပင်ပင်ပန်းပန်းကြိုးစားရိုက်လာခဲ့တဲ့ Jelana Dokic အတွက်တော့ စိတ်မကောင်းပါဘူး ...


Friday, January 23, 2009

Bonsai ရောဂါ

ကိုယ်က သစ်ပင် ပန်းပင်လေးတွေစိုက်တာ ၀ါသနာပါတယ်။ အရင်အိမ်တွေတုန်းက သစ်ခွတွေ ပန်းပင်တွေ တော်တော်လေးစိုက်ဖူးတယ်။ လွိုင်ကော်မှာ ၅နှစ်နီးပါးနေခဲ့တဲ့ကာလကတည်းက ကျွန်တော်တို့ မိသားစုက စိုက်တာပျိုးတာနဲ့ အကျွမ်းဝင်ပြီးသားဗျ။ အခုလဲ အိမ်နဲ့ ကန်တော်ကြီးမြေပဒေသာနဲ့ နီးနေတော့ မကြာခဏ ရောက်ဖြစ်တယ်။ ဒါနဲ့ အယားပြေ စိုက်ဖို့ Bonsai လေးနှစ်ပင်ဝယ်ဖြစ်သွားတယ်။ တစ်ပင်က အိမ်မှာထားဖို့၊ တစ်ပင်က ရုံးမှာထားဖို့။ ဒါက အိမ်မှာထားတဲ့အပင်







 

ဒါက ရုံးကအပင် ဘာပင်တွေလဲလို့တော့မမေးနဲ့ မသိဘူး။ မျောက်ပေပင်ပေါ့ ..... :D ဒီ Bonsai နှစ်ပင် မဝယ်ခင်က (သားသားမမွေးခင်) အိမ်မှာ သစ်ပင်စိုက်ကြမယ်ဆိုပြီး ကျွန်တော်တို့ လင်မယား နှစ်ယောက် ကွက်ကြားကွက်ကြား ဂမုန်းပင်တစ်ပင်ရယ်၊ lucky ဆိုပြီး ရောင်းတဲ့ အရွက်ရှည်ရှည် အပင် သုံးပင်ပါတဲ့ အိုးတစ်အိုးရယ် ဝယ်ထားပြီးသား။ 
.
ဘာရယ်မဟုတ်ဘူး Bonsai စိုက်ချင်တဲ့ ရောဂါ ပြန်ပေါ်လာလို့။ အရင်ကလည်း Bonsai ပင်လေးတွေဖြစ်အောင် စိုက်ကြည့်ဖူးတယ်။ ပထမဦးဆုံးတစ်ခါက ထင်းရှူးပင် လိုလိုအပင်လေး။ အဖေ့မိတ်ဆွေ ဗိုလ်မှူးရင်မောင်လက်ဆောင်ပေးထားတာ။ အဲဒါလေးကို ဘွန်ဆိုင်း လုပ်ဖြစ်သွားတာ။ သစ်ခွပန်တွေစိုက်တာ၊ ဘွန်ဆိုင်းပင်လုပ်တာတွေကို ဦးရင်မောင်က သင်ပေး တယ်လေ။ အဲဒီထင်းရှူးလိုလိုအပင်လေးက ၁ဝနှစ်လောက်ကျော်မှ အိုးထဲ ပုရွက်ဆိတ်တွေဝင်ပြီး သေသွားတာ။
.
 နောက်တစ်ခါ .. ညီမအလတ် ပန်းအိုးတစ်ခုထဲမှာစိုက်ထားတဲ့ မန်ကျည်းပင်လေးကို ဘွန်ဆိုင်းလုပ်တာ။ ပန်းအိုးထဲကနှုတ်၊ ရေသောက်မြစ်ကို ဖြတ်၊ အမြစ်တွေ အကိုင်းတွေထဲက အချို့ကို ဖြတ်၊ ကြေးနန်းကြိုးနဲ့ ပင်စည်၊ အကိုင်းတွေကို ပုံသွင်း.. လုပ်ထားလိုက်တာ။ ၄၊၅ နှစ်သက်တမ်းရှိလာတယ်။ ဘွန်ဆိုင်းဆိုပေမဲ့ အပင်က သိပ်မပုတော့ မပုဘူး။ အမြင့်တစ်ပေလောက်တော့ရှိတယ်။ ပင်စည်ကလည်း အခါက်တွေ၊ အပွေးတွေနဲ့ တော်တော့်ကို လှလာပြီ။ 
.
ဒါပေမဲ့ ကံဆိုးစွာနဲ့ အဲဒီအပင်လဲသေသွားတယ်။ အမေ အငြိမ်းစားယူတော့ အကောက်ခွန်အရာရှိရိပ်သာကနေ ခေတ္တငှားနေရတဲ့ ၅၁လမ်းကတိုက်ခန်းလေးကို အပြောင်းမှာ Customs တိုက်က အမေ့တပည့်တစ်ယောက်အိမ်မှာ ခဏအပ်ထားခဲ့တာ။ ကိုယ်တွေကလည်း အပြောင်းအရွှေ့နဲ့ ဝယ်ထားတဲ့ တိုက်ခန်း ပြင်ဆင်တဲ့ကိစ္စတွေနဲ့ ရှုပ်ပြီး မန်ကျည်းပင်ကို သတိမေ့သွားတယ်။ သူတို့ကလည်း ဝရံတာမှာထားပြီး လုံးဝကိုမေ့ထားပါသတဲ့။ သေပါလေရော ...နှမျောလိုက်တာ။ Bonsai စိုက်ရတဲ့ feeling က မိုက်တယ်။ စိတ်ရှည်ဖို့လိုတယ်။ long term ကို ကြည့်ရတယ်။ Sustain လုပ်တဲ့ ability ကိုယ့်မှာ ကျင့်ယူကြည့်တဲ့ပုံစံမျိုးလဲခံစားရတယ်။ စိတ်ကူးပေါက်တုန်းထလုပ် ပြီးရင် ပစ်ထားလို့ ရတဲ့ဟာမျိုး မဟုတ်ဘူး။ အမြဲပုံမှန်နဲ့ ရေရှည်လုပ်ရတဲ့ဟာမျိုး။ စိတ်ဝင်စားဖို့ကောင်းတယ်။ အစေ့ကနေပျိုးပြီး Bonsai မန်ကျည်းပင်လေး သုံးလေးပင်လောက် ထပ်စိုက်ကြည့်ဦးမယ်။ :)

Jelena Dokic

 

Australian Open ပြိုင်ပွဲဝင်နေတဲ့ အခု 3rd Round ကို ရောက်ရှိလာတဲ့ တင်းနစ်မယ် Jelena ပါ။ သူဟာ Sony WTA ranking အရဆိုရင်တော့ ၁၈၇ ပဲရှိပါတယ်။ Australian Open ကို 1999မှာ 3rd round သို့ရောက်ရှိခဲ့ဖူးပြီး အခုမှနောက်တစ်ခါထပ်ရောက်တာပါ။ 3rd round မှာ C.Wozniaski(11) ကိုရင်ဆိုင်ရမှာပါ။ နိုင်ခဲ့မယ်ဆိုရင်တော့ Semi မှာ Safina(3) နဲ့ တွေ့နိုင်ခြေ ရှိပါတယ်။

Thursday, January 22, 2009

U Thant's 100th Birthday

ဒီနေ့ ဇန်နဝါရီလ (၂၂)ရက်နေ့က ဦးသန့်ရဲ့မွေးနေ့ပါ။ U Thant Institute ကနေ နှစ်(၁၀၀)ပြည့်မွေးနေ့ အခမ်းအနားလေးကို ဒီနေ့ညနေမှာ အင်းယားလိပ်ဟော်တယ်မှာ လုပ်မယ်ဆိုတဲ့ ဖိတ်စာလေးကိုတွေ့လို့။ ကိုယ့် မိန်းမကို ဖိတ်ထားတာလေ။ သူက NGO မှာလုပ်တဲ့သူဆိုတော့ UNအသိုင်းအဝိုင်းက activity လေးတွေကို သွားရလေ့ရှိတယ်။  ဦးသန့်လို့ပြောလိုက်ရင် ယနေ့ခေတ်လူငယ်တွေ သိကြဦးပါ့မလားမသိဘူး။ ကျွန်တော့်အဖေပြောခဲ့ဖူးတာ သတိရမိတယ်။ သူအမေရိကားကို ပညာတော်သင်သွားတုန်းက Burma ဆိုတာဘယ်နိုင်ငံလဲ ဘယ်နားမှာလဲ ဆိုပြီး မေးကြလို့ရှိရင် "Do you know the current General Secretary of UN?" ဆိုပြီး တစ်ခွန်းပဲ ပြန်မေးလိုက်ရင် ပွဲပြီးရောတဲ့။ 
.
အဲဒီလို မော်ကြွားနိုင်ခဲ့တဲ့ခေတ်။ အာရှတိုက်သားတွေအတွက် ဂုဏ်ယူစရာ၊ မြန်မာနိုင်ငံသားတွေအတွက် မော်ကြွားစရာ အတုယူစရာ ပုဂ္ဂိုလ်ဖြစ်ခဲ့တယ်။ ကိုးရီးယားနိုင်ငံတောင် ဦးသန့်တာဝန်ထမ်းဆောင်ပြီးနောက် ဆယ်စုနှစ်သုံးခုလောက်ကြာမှ ဒီရာထူးကို ထမ်းဆောင်ရတာ။ ဒီနေ့ခေတ်မှာ မြန်မာကိုသိလားမေးလိုက်ရင် ဘယ်လိုအဖြေမျိုးတွေရမလဲ ... စင်ကာပူက အိမ်ဖေါ်ကြော်ငြာတွေ၊ မလေးရှားက သံချည်သံကွေးအလုပ်သမားတွေ၊ ထိုင်းနယ်စပ်မြို့လေးတွေက တရားမဝင်အလုပ်သမားတွေ.... ဒါတွေကို စပြီးမြင်ယော်မိကြမယ်ထင်တယ်။ 
.
နာဂစ်ကျေးဇူးကြောင့် ... ဟိုးတလောတုန်းက မုန်တိုင်းဝင်သွားတဲ့နိုင်ငံလို့ ညွှန်းစရာတစ်ခုပိုလာတာပေါ့ .... :D ဦးသန့်အကြောင်းကို အခုခေတ်ကလေးတွေကို အခုထက်ပိုသိစေချင်တယ်။ ဦးသန့်တစ်ယောက်တည်းရယ် မဟုတ်ပါဘူး။ ဗိုလ်ချုပ်အောင်ဆန်းအကြောင်း... အခြားအခြား အတုယူစရာ လေးစားဂုဏ်ယူစရာပုဂ္ဂိုလ်တွေ အများကြီးပါ။ ဒါပေမဲ့ ဒီအကြောင်းတွေဟာ စာမေးပွဲအောင်ရုံ အလွတ်ကျက်ရတဲ့ စာတစ်ပုဒ်နှစ်ပုဒ်လောက်ပဲ ဖြစ်နေတာက အင်မတန်ဝမ်းနည်းစရာ။ ဗိုလ်ချုပ်ပြတိုက်ဆိုတာလဲ ဖုန်တက်ရုံမက ဆွေးမြေ့ပြီး ပြိုကျ သွားပြီလားတောင်မသိ .... ရွှေတိဂုံဘုရားလမ်းမှာ ဦးသန့်ဗိမာန်သချိုင်းရှိတယ်ဆိုတာရော ကလေးတွေ သိကြရဲ့လား... 
.
နယူးဒေလီရောက်ခဲ့တုန်းကဆိုရင် ဂန္ဓီကြီးရဲ့ အာဇာနည်ဗိမာန်သင်းချိုင်းမှာ မူလတန်းအရွယ်ကလေးတွေ လေ့လာရေးလာကြရင်း သူတို့ ဆရာမက အားတက်သရောရှင်းပြနေတာကို ဘေးကနေ ငေးကြည့်ခဲ့ဖူးတယ်။ ကုလားလိုပြောနေတော့ နားမလည်ပေမဲ့ ဘယ်လိုလေးစားစရာ အတုယူစရာကောင်းတဲ့ ပုဂ္ဂိုလ်ကြီးပဲဆိုပြီး ကလေးတွေရဲ့ စိတ်ထဲကို အားမာန်သတ္တိတွေသွင်းပေးနေတာ စိတ်ဓါတ်တွေမြှင့်တင်ပေးနေတာဆိုတာမျိုး ခံစားမိတယ်။ 
.
ဗီယက်နမ် ဟနွိုင်းရောက်တုန်းကလည်း ဟိုချီမင်းကို ဘုရားတစ်ဆူလို လေးစားကိုးကွယ် အမွန်းတင်ထားကြတာ တွေ့မြင်ခံစားခဲ့ရတယ်။ ခေါင်းဆောင်ဆိုတာဘာလဲ .... အဓိပ္ပါယ်ရောသိကြရဲ့လား ... Servant Leader ဆိုတဲ ့သဘောတရားတွေ ကိုရော ကြားဖူးကြရဲ့လား ..အားလုံးကိုသိရက်နဲ့ အသိခေါက်ခက် အဝင်နက်နေကြတာလား။ ကိုယ့်ပုခုံးပေါ်ကို ကြယ်နောက်တစ်ပွင့်ထပ်တင်တိုင်း ကိုယ့်ရင်ဘတ်ပေါ် တံဆိပ်တစ်ခု ကိုယ်ဘာသာထွင်ပြီး ထပ်ချိပ်တိုင်း ပိုပြီးလေးစားစရာ ကြည်ညိုစရာကောင်းလာတယ်လို့များ မြင်နေကြသလား။ သတင်း မီဒီယာတွေကို ချုပ်ကိုင်ထားတိုင်း ရေးချင်တဲ့စာအုပ်တွေ သတင်းတွေ ဆောင်းပါတွေ ရေးပြီးထုတ်တိုင်း သမိုင်းကိုပြင်ပြီး နံမည်ကောင်း ကျန်ခဲ့မယ်ထင်ကြလားမသိ .... ဟိုးအရင်ကတည်းက လေးစားအားကျခဲ့ရတဲ့ ဦးသန့်ရဲ့ နှစ်(၁၀၀)ပြည့်မွေးနေ့ကို ကို ဒီပို့စ်လေးနဲ့ ဂုဏ်ပြုပါတယ်။

Wednesday, January 21, 2009

Australian Open, day(4)

မနေ့ကနဲ့ ဒီနေ့မှာ2nd Round ပွဲတွေ ရိုက်ကြပါတယ်။ မနက်ဖန်မနက်ကစလို့ 3rd Round စပါပြီ။ 2nd Round ပွဲတွေမှာ အမျိုးသာ အမျိုးသမီး ထိပ်သီးတင်းနစ်သမားတွေ အားလုံးနီးပါး အောင်ပွဲရခဲ့ပါတယ်။ ထူးခြားပြီး ကြည့်ကောင်းခဲ့တဲ့ ပွဲလေးတစ်ပွဲကတော့ တရုတ်တိုင်ပေက တင်းနစ် သမား Yen-Hsun Lu က အဆင့်(၁၀)ရှိတဲ့ အာဂျင်တီးနားက David Nalbandian ကို ငါးပွဲအပြည့် အကျိတ်အနယ်ကစားပြီး အနိုင်ယူသွားတဲ့ပွဲပါ။  မနေ့ညကမှ replay ပြန်ပြလို့ ကြည့်လိုက်ရတာ။ တကယ့်ကို အရှုံးမပေးတဲ့ စိတ်ဓါတ်အပြည့်နဲ့ အားကြိုးမာန်တက် ကစားသွားတာ။ ကောင်းမှကောင်းပဲ။ 
.
သူ့အနေနဲ့ 3rd round မှာ T.Robredo(21) ကို ဖြတ်ကျော်နိုင်ခဲ့ရင် 4th round မှာ Murray နဲ့ ကစားရမယ်။ ဒီနေ့မနက် ပြိုင်ပွဲရလဒ်တွေတဲ့ ပွဲစဉ်ဇယားကို ကြည့်ရင်း ပြိုင်ပွဲလမ်းကြောင်းကို မှန်းကြည့်နေမိတယ်။ Federer အနေနဲ့ တတိယအဆင့်မှာ Safin(26) ကို အနိုင်ရိုက်ပြီးရင် Quarter မှာ အာဂျင်တီးနားက J.DelPotdro(8) ကို တွေ့နိုင်တယ်။ Semi မှာ Roddick(7) သို့မဟုတ် Djokovic(3) နဲ့ ဆုံမယ်လို့ ခန့်မှန်းရတယ်။ 
.
လက်ရှိချန်ပီယံDjokovic အတွက် လမ်းကြောင်းကတော့ သိပ်မချောင်ဘူး။ Quarter မှာ Roddick, Semi မှာ Federer, Final မှာ Nadal .... ဒီလိုကျော်ဖြတ်နိုင်မှ ချန်ပီယံသရဖူကို ကာကွယ်နိုင်မှာ။ Nadal အနေနဲ့ Quarter ရောက်ခဲ့ရင် G.Simon(6) သို့မဟုတ် MonFils(12)နဲ့ တွေ့နို်င်ပြီး Semi မှာ A.Murray(4) နဲ့ ရင်ဆိုင်ရနိုင်တယ်။ 
---------------------------------------------------------------------------------------------- 

အမျိုးသမီးပွဲတွေအနေနဲ့ လက်ရှိနံပါတ်တစ် Jankovic က Quarter မှာ ရုရှားတင်းနစ်မယ် နှစ်ယောက်ဖြစ်တဲ့ N.Petrava(10) သို့မဟုတ် V.Vannareva(7) ကို ရင်ဆိုင်ရမယ်။ Semi မှာ D.Sefina(3) သို့မဟုတ် A.Ivanovic(5) နဲ့ တွေ့နိုင်တယ်။  Ana Ivannovic အနေနဲ့ Quarter မှာ Safina(3), Hantuchova (19), A.Cornet(15)တို့ထဲက တစ်ယောက် ယောက်နဲ့ တွေ့နိုင်တယ်။ တကယ်လို့ 4th round မှာ Wozniaski(11) ဒါမှမဟုတ် Australia က Jelena Dokic ကို ဖြတ်ကျော်နိုင်ခဲ့ရင်ပေါ့။ 

မနှစ်က Wimbledon တုန်းကလို Williams ညီအမ Final မှာတွေ့ဖို့မရှိပါဘူး။ Semi ကို နှစ်ယောက်လုံး တက်လာခဲ့ရင် သူတို့နှစ်ယောက် semi မှာ ဆုံကြပါမယ်။ မနှစ်က Wimbledon Semi final မှာ Williams အငယ်မကို အရှုံးပေးခဲ့ရတဲ့ တရုတ်တင်းနစ်မယ် J.Zheng အနေနဲ့ Quarter ရောက်ခဲ့ရင်တော့ ရှုံးကြွေးပြန်ဆပ်နိုင်ဖို့ အခွင့်အရေးရမှာပါ။ William အငယ်မနဲ့ တွေ့နိုင်ပါတယ်။ ဘယ်လိုပဲခန့်မှန်း ခန့်မှန်းမထင်မှတ်ထားတဲ့ ရလဒ်တွေကတော့ ထွက်စမြဲပါ။ မနှစ်က J.Zheng က ကမ္ဘာ့အဆင့်(၁) Ana Ivanovic ကို နှစ်ပွဲပြတ်အနိုင်ရိုက်သွားသလိုပွဲမျိုးတွေပေါ့။ ရင်ခုန်စွာနဲ့ ဆက်ပြီး ကြည့်ကြတာပေါ့ .....