Monday, March 16, 2009

Warren Buffett ရဲ့ ၂၀၀၉ အတွက် အကြံဉာဏ်

ဒီတစ်ပတ်ထုတ် Voice ဂျာနယ် (Vol.5/No.21) မှာပါတဲ့ ဆောင်းပါးလေးထဲက ကြိုက်လို့ ဆွဲထုတ်ပြီး ဘလော့မှာ တင်ထားပါတယ်။
.
 အလုပ်ကိုကြိုးစားခြင်း - ကြိုးစားသမျှတော့ အရာထင်ပါလိမ့်မယ်။ "လေ" သာ တွင်တွင်ကြီးပစ်နေရင် ဆင်းရဲတွင်းထဲ ပြုတ်ကျဖို့သေချာတယ်။ ပျင်းရိခြင်း - အိပ်ပျော်နေတဲ့ ပုစွန်ကတော့ ရေစီးအတိုင်း မျောသွားမှာပဲ။ ငွေရပေါက် - အလုပ်တစ်ခုတည်းအားမကိုးပါနဲ့။ အနည်းဆုံးနောက်ထပ် ရင်းနှီးမှုတစ်ခုက ငွေရပါစေ။ အသုံးအစွဲ - သင်မလိုတဲ့ပစ္စည်းတွေလျှောက်ဝယ်နေမိပြီဆို၊ မကြာခင်လိုတဲ့ ပစ္စည်းတွေထုတ်ရောင်းရတော့မယ်။ 
.
စုဆောင်းခြင်း - သုံးပြီးလို့ ပိုတဲ့ပိုက်ဆံကို မစုပါနဲ့။ စုပြီးလို့ပိုတဲ့ပိုက်ဆံကို သုံးပါ။ ချေးငှားခြင်း - ပိုက်ဆံချေးသူဟာ ကြွေးရှင်ရဲ့ကျွန်ဖြစ်တတ်တယ်။ စာရင်းဇယား - သင့်ဖိနပ်စုပ်နေမှတော့ ထီးယူလာလည်း အသုံးမဝင် တော့ပါဘူး။ အသုံးစာရင်းကို ပြန်ဆန်းစစ်ခြင်း - အသေးသုံးလေးတွေကိုဂရုစိုက်ပါ။ အပေါက်သေးသေးလေး တွေကြောင့် သင်္ဘောကြီးတွေနစ်ရတယ်။ ဖောင်ဖျက်ခြင်း - ခြေနှစ်ချောင်းလုံးနဲ့ မြစ်ရဲ့အနက်ကို မစမ်းသပ်ပါနဲ့။ (အရန် အစီအစဉ်တစ်ခု ရှိပါစေ။) ရင်းနှီးမြှုပ်နှံမှု - သင့်ရဲ့ကြက်ဥတွေအားလုံးကို ခြင်းတစ်ခုတည်း မထည့်ပါနဲ့။ (ကိုယ့်ပိုင်ဆိုင်မှုအားလုံးကို တစ်နေရာတည်းမထားနဲ့)

Monday, March 9, 2009

ပရိုစနစ်နဲ့ တစ်ချိန်ကဘောလုံးပွဲတွေ

မြန်မာဘောလုံးလောကကို ပရိုပုံစံအသွင်ပြောင်းတော့မယ်ဆိုတဲ့ သတင်းကို အားလုံးကြားပြီးကြပြီလို့ ထင်ပါတယ်။ ဒီလိုအသွင်ပြောင်းရာမှာ အခက်အခဲတွေအများကြီး ရှိပေမဲ့ အခုလို စလိုက်နိုင်တာ အရမ်းကို ကောင်းပါတယ်။ စီးပွားရေးလုပ်ငန်းကြီးရှစ်ခုက အသင်းရှစ်သင်းစထောင်မှာပါ။ မကြာခင်ဒီမှာလဲ ဘောလုံးသမား အပြောင်းအရွှေ့ကြေးတွေရှိလာတော့မယ်။ ဘောလုံးကိုသာ ပြောင်မြောက်အောင်ကစားပြ၊ လူမွှေးလူတောင် ပြောင်ပြီး စားဝတ်နေရေးအဆင်ပြေရမယ်ဆိုတဲ့ အလုပ်အကိုင်လမ်းကြောင်းတစ်ခုပေါ်လာပြီပေါ့။ ကျွန်တော့်အနေနဲ့ တကယ့်ကို ဝမ်းသာမိပါတယ်။ 
.
သတင်းစာရှင်းလင်းပွဲမှာ Alpine သောက်ရေသန့်ကအကြီးအကဲ ဦးစိုင်းပြောသွားတာ သဘောကျတယ်။ ဘောလုံးအကြောင်းတော့ မသိပါဘူး၊ ဒါပေမဲ့ စီးပွားရေးအရအောင်မြင်အောင်လုပ်ပါမယ်တဲ့။ ကောင်းတယ်။ စီးပွားရေးအရအောင်မြင်ပြီး sustain လုပ်ထားနိုင်မှ ဘောလုံးသမားတွေလဲဝင်ငွေတိုးလာပြီး ဘောလုံးကစားတဲ့ အဆင့်အတန်းလဲ တိုးတက်လာမှာပေါ့။ နိုင်ငံခြားသားဘောလုံးသမားတွေ ကိုယ့်အသင်းမှာ ငှားခွင့်ရှိတယ် ဆိုတော့ ဘောလုံးခြေစွမ်းမြင့်တဲ့သူတွေနဲ့ အတူကစားရတဲ့ အတွေ့အကြုံလဲရတာပေါ့။ ကစားတာအဆင့်အတန်းမြင့်လာရင် ပရိသတ်ဆိုတာလဲ ကွင်းထဲပြန်ရောက်လာမှာပါ။ ကွင်းအတွင်း ကြော်ငြာ ဆိုင်းဘုတ်တို့၊ ဘောသုံးသမားအင်္ကျီမှာ Sponsor တံဆိပ်ထိုးတာတို့၊ TVကပြတာ စသည်ဖြင့် တဖြေးဖြေး ဖြစ်လာမှာပေါ့။ 
.
ပရိုအကြောင်းပြောနေရင်း တစ်ချိန်က ဘောလုံးပွဲတွေကို ပြန်သတိရမိတယ်။ ၁၉၉ဝဝန်းကျင်း မြို့ထဲ MCC မှာ သင်တန်းတက်ပြီး Job Training ဆင်းနေစဉ် ကာလပေါ့။ အဲဒီတုန်းက အဖေကြီး (ဆရာZZM) ကစပြီးခေါ်သွားလို့ အောင်ဆန်းကွင်းက ပထမတန်းပွဲတွေကို စကြည့်ဖူးခဲ့တယ်။ အရင်က တိုင်းနယ်ပြည်နယ ်ပွဲလောက်ပဲ ကြည့်ဖူးတာ။ အောင်ဆန်းကွင်းကို များသောအားဖြင့် အထူးတန်းကကြည့်လေ့ရှိတယ်။ တောင်ဖက်တန်းနားနီးတဲ့ အလယ်တန်းလောက်မှာထိုင်လေ့ရှိတယ်။ အရှေ့သံပန်းစင်ပေါ်ကလည်း ကြည့်ဖူးတယ်။ အဲဒီတုန်းက ကိုသန်းတိုးအောင်တို့ခေတ်ပေါ့။ သူက ဆောက်လုပ်ရေးက။ မျိုးလှိုင်ဝင်း၊ တင်မြင့်အောင်၊ ဇော်နိုင် သူတို့က ကာစတန်က။ 
.
အဖေကြီးကတော့ စိုးမိုးတို့ သိန်းထွန်းတို့ ထွန်းထွန်းထက်တို့ပါတဲ့ ကုန်သွယ်ရေးအသင်း ကို အားပေးတယ်။ ကျွန်တော်က ဆောက်လုပ်ရေးကို အားပေးတယ်။ ဒါပေမဲ့ အဲဒီကတည်းက ကာစတန် အသင်းက အတောင့်တင်းဆုံးပဲ။ မြန်မာ့လက်ရွေးစဉ်တွေအများကြီးပါတယ်။ အဲဒီတုန်းက အသင်းတွေက အကြိတ်အနယ်ပဲ။ ကာစတန်၊ ဆောက်လုပ်ရေး၊ ရထား၊ ကုန်သွယ်ရေး၊ ပို့ဆက်၊ စည်ပင်၊ Army.. တကယ့ကို ်ကြည့်လို့ကောင်းတယ်။ ပွဲဝင်ကြေးက နှစ်ဆယ် အစိတ် လောက်ပဲ ရှိသေးတယ်။ ပထမပိုင်းပြီးရင် အောက်ဆင်းပြီး ဆီထမင်းနဲ့ အမဲကြော်လေးစားဖြစ်ကြတယ်။ 
.
အဲဒီတုန်းက ပွဲကောင်းတဲ့ရက်ဆို အထူးတန်းပြည့်တယ်။ ဗိုလ်လုပွဲလိုပွဲမျိုးဆိုရင် တစ်ကွင်းလုံးနီးပါးပြည့်တယ်။ ငွေခေတ်နောက်ပိုင်း မြန်မာဘောလုံးပွဲတွေကို ကွင်းမှာ သိပ်သွားမကြည့်ဖြစ်တော့ဘူး။ အခုကာလက ပွဲတွေမှာ ပရိသတ်က ၁၉၉ဝကျော်ကာလကလောက် လာမကြည့်ကြတော့ဘူး။ Premier League ပွဲတွေကို အလွယ်တကူ ကြည့်ခွင့်လာကြောင့်လည်း တစ်ကြောင်း ပြည်တွင်းပွဲတွေ ခြေစွမ်းညံ့လာပြီး ပရိသတ်စိတ်ဝင်စားမှု နည်းလာတာလည်း တစ်ကြောင်းပေါ့။ ဒါပေမဲ့ အဲဒီတုန်းက ဘောလုံးသမားတွေရဲ့ဘဝဟာ သိပ်မတောက်ပြောင်ခဲ့ဘူး။ ဝန်ကြီးဌာနဝန်ထမ်း အဆင့်ပဲရှိတာ။ 
.
ကာစတန်ကခေါ်မှာ၊ လေဆိပ်မှာ တာဝန်ချခံရမှာလောက်ကိုပဲ မျှော်နေရတာ။ လက်ရွေးစင်ဖြစ်ရင်တော့ နိုင်ငံခြားသွားကန်ရတာပေါ့။ ဒါပေမဲ့ မျိုးလှိုင်ဝင်းတို့ ကိုကြည်လင်တို့ ဝင်းအောင်တို့က စင်ကာပူ၊ မလေးရှားတို့မှာ ကြေးစားကစားသမားအဖြစ်သွားကစားခဲ့ဖူးတယ်။ သူတို့နောက်ပိုင်းမှာ အဲဒီလို အပြင်ထွက်ပြီး ကြေးစားကစားတာ မရှိတော့ဘူး။ ဒါပေမဲ့ အခု ပရိုစနစ်ကို ဦးတည်လိုက်ပြီဆိုတော့ တစ်ချိန်ကလိုပဲ ပရိသတ်တွေကွင်းထဲပြန်ရောက်လာပြီး ကစားသမားတွေလဲ အရင်ကနဲ့ ဘာမှ မဆိုင်တဲ့ လစာငွေတွေ ရတော့မယ် ခြေစွမ်းတွေပြန်ထက်လာမယ် ပွဲတွေကလည်း စွဲမက်ဖွယ်ဖြစ်လာမယ်လို့ ယူဆရတာပဲ။
.

Monday, March 2, 2009

TLT Days out...

သားက မွေးပြီး ဆေးရုံက ဆင်းလာပြီးကတည်းက ညအိပ်ညနေ ဘယ်ကိုမှ မသွားဖူးသေးဘူး။ ဗဟန်းအိမ်မှာပဲပေါ့။ တစ်ခါတစ်လေ ၅၂လမ်းက ကျွန်တော့်မိဘများအိမ်ကို အလည်သွားတာလောက်ပဲ ရှိတယ်။ ဒါပေမဲ့ မနေ့ညကစလို့ ၅၂လမ်းအိမ်မှာ ခဏပြောင်းနေဖို့ ဖြစ်လာတယ်။ ယောက်ခမကြီးက မုံရွာကို သွားစရာရှိလို့ တစ်ပတ်လောက် ကြာမှာတဲ့။ ပုံမှန်ဆို ကျွန်တော်တို့လင်မယား မနက်ရုံးသွားရင် သားကို တစ်နေ့လုံး သူ့အဖွားကပဲ စောင့်ရှောင့်ထားတာ။ အခုအဖွားကခရီးသွားတော့ ကြည့်မယ့်သူမရှိတော့ဘူးပေါ့။ 
.
ပထမစဉ်းစားထားတာက အိမ်မှာပဲနေ။ မနက်ရုံးသွားရင်သားကို ၅၂လမ်းအိမ်ဝင်ပို့၊ ညနေရုံးကအပြန်မှသွားခေါ်မယ်ပေါ့။ ဒါပေမဲ့ သိပ်အဆင်မပြေတာနဲ့ အဲဒီမှာပဲကျွန်တော်တို့ပါ ခဏသွားနေဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါနဲ့ မနေ့ညနေက အထုပ်အပိုးတွေနဲ့ ကျွန်တော်တို့လင်မယား သားကို ချီပြီး အဖိုးအဖွားအိမ်ကို ချီတက်သွားကြတာပေါ့။ ကျွန်တော့်အဖေအမေရယ် ညီမအငယ်ရယ်ကို သားကတွေ့နေကြ ရင်းနှီးနေပြီမို့ သူ့အတွက်လည်း သိပ်ပြဿနာတော့ မရှိလှဘူး။ 
.
ညမိုးချုပ်မှပြဿနာစပါရော။ အိုက်လို့ မအိပ်နိုင်လို့ ငိုပါလေရော။ ပုံမှန်အိမ်မှာဆို မီးလေးကလည်းမှန်နေတော့ အဲကွန်းလေးနဲ့ နေနေကြလေ။ အခု မြို့ထဲဖက်က အလှည့်ကျ မီးပျက်တဲ့အပြင် အဲကွန်းလဲမရှိဘူး။ ဒါနဲ့ ယပ်တောင်တွေခပ်ပေးပေါ့။ ညတစ်နာရီလောက်က ပူလို့နိုးလာလိုက်တာ သုံးနာရီကျော်မှ ပြန်အိပ်ပျော်သွားတယ်။ ဒီမနက်နိုးတော့ သူ့အဖွား (ကျွန်တော့်အမေက) သူ့တပည့်တစ်ယေက်ရဲ့အိမ်တက်အလှူကို တောင်ခေါ်သွား လိုက်သေးတယ်။ ကျွန်တော်ရုံးလာဖို့ အိမ်ကမထွက်ခင် သူစားပြီးသောက်ပြီး ပြန်အိပ်ပျော်သွားလေရဲ့။ သူ့အတွက် အပြောင်းအလဲတစ်ခုပေါ့။

Monday, February 23, 2009

ပေးကားပေး၏ မရ.....

စီးပွားရေးလုပ်ငန်းတစ်ခု Business တစ်ခုဆိုတာဘာလဲ? သူ့ရဲ့ အဓိကအလုပ်ကဘာလဲ... အဲဒီလိုမေးရင်တော့ တစ်ယောက်တစ်မျိုးအဖြေတွေ တူကြမယ်မထင်ဘူး။ To make profit အမြတ်အစွန်းရရှိဖို့လို့ ဖြေတဲ့သူများမယ်ထင်တယ်။ ကိုယ်ကိုယ်တိုင်လဲ ဒီလိုဖြေခဲ့တာ။ ဆရာကြီး ပီတာဒရပ်ကာ ကတော့ အတိုဆုံး ဒီလိုပြောထားပါတယ် ... Customer တွေရရှိပြီး အဲဒီ Customer တွေကို ထိန်းသိမ်းထားနိုင်ဖို့တဲ့။ (Businesses exist to create Customer) ဆိုတော့ ကိုယ့် Organization ကလုပ်တဲ့ အလုပ်တွေမှာ အဲဒီအချက်ကို တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်သော နည်းနဲ့ဖြစ်စေ ဘယ်လောက်အထိ အကျိုးသက်ရောက်မှုရှိလဲဆိုတာ တော်တော်အရေးကြီးတယ်။ 
.
ကိုယ်က လုပ်ငန်းအောင်မြင်ဖို့ဆိုပြီး ငွေတွေ လူအင်အားတွေကို သုံးတော့သုံးပါရဲ့ တစ်ခါတစ်လေ အဲဒီလို သုံးတာဟာ Customer အသစ်ရရှိဖို့ရော ရှိပြီးသား Customer တွေကို စိတ်ကျေနပ်စေပြီး ဆက်လက်ထိန်းသိမ်းထား နိုင်ဖို့ရောမှာ ဘာမှ အကျိုးမရှိတာတွေဖြစ်တတ်လို့။ တလောက ညီလေးတစ်ယောက် သူ့သင်တန်းအသစ်တွေအတွက် ရုံးခန်းအသစ်လေးဖွင့်လို့ဆိုပြီး ဖိတ်တာနဲ့ ရောက်ခဲ့တယ်။ ပြင်ဆင်ထားတာကတော့ ရှယ်ပဲ။ ခင်းထားတာတွေက ဘယ်လ်ဂျီယံကော်ဇောတွေ။ ဒါတွေတွေ့တော့ အပေါ်ကပြောခဲ့တဲ့ Peter Drucker ရဲ့ သီအိုရီကို သတိရမိတယ်။ သူ့အလုပ်က စာသင်တာ။ Customer တွေက ကျောင်းသားတွေ။ ကျောင်းလာတက်ချိန်မှာ ဘယ်လ်ဂျီယံကော်ဇောပေါ် နင်းလျှောက် သွားရလို့ အကျိုးသိပ်မများလှတာသေချာတယ်။ အဲဒီအစား Water Cooler လေးတစ်လုံးချပေးထားတာ၊ AirCon ဖွင့်ပေးထားတာမျိုးကမှ Customer က တစ်ခုခုရသွားဦးမယ်။ 
.
နောက်တစ်ခု.... Mobile Phone တွေရောင်းတဲ့ ဆိုင်ကြီးတစ်ခု။ အထဲမှာ ပြင်ထားတာကတော့ အပျံစားပဲ။ မီးဆလိုက်တွေဘာတွေရောပါသေး။ ဒါပေမဲ့ Customer (ကိုယ့်အနေနဲ့) တကယ်စိတ်ဝင်စားတဲ့ အဓိကကျတဲ့ ဖုန်းတွေကို ကြည့်ရတာ ပြင်ဆင်ထားပုံ သိပ်မကြိုက်လှဘူး။ အခုပြင်ထားတဲ့ အဆင်အပြင်ရဲ့ တဝက်လောက်နဲ့ ဖုန်းတွေကို အဆင်ပြေပြေကြည့်နိုင်အောင် လုပ်ပေးထားရင် ဝယ်သူအတွက်အများကြီးပိုအကျိုးရှိမှာ .... သူများကိုသာလျှောက်ပြောနေတာပါ။ ကျွန်တော့်အဖွဲ့အစည်းမှာလဲ အဲဒီလို အဓိကရည်ရွယ်ချက်ကို တိုက်ရိုက်ရော သွယ်ဝိုက်ပြီးရော ဘယ်လိုမှ အကျိုးမပြုပဲ အဟောသိကံဖြစ်နေတဲ့ Expense တွေ လုပ်အားတွေ အများကြီးပဲ။ ဘာရယ်မဟုတ်ပါဘူး ကျွန်တော့် MDနဲ့ လက်ဘက်ရည်ဆိုင်မှာ စကားစမြည်ပြောရင်း ဒီအကြောင်းလေးကို ပြောဖြစ်လို့ ပြန်ရေးချင်စိတ်ပေါက်လာတာနဲ့ ရေးချလိုက်တာပါ။

Friday, February 20, 2009

လူကြုံပါးတာတွေ ...

နေရာဒေသတစ်ခုကို တစ်ယောက်ယောက်ကသွားတော့မယ်ဆိုရင် (ပြည်တွင်းပဲဖြစ်ဖြစ်၊ ပြည်ပပဲဖြစ်ဖြစ်) လူကြုံ ပါးလေ့ရှိကြတယ်။ ဘယ်သူဘယ်ဝါအတွက် ဘာပစ္စည်းလေးတွေ သယ်သွားပေးပါ။ အပြန်မှာ ဘာလေး ပြန်သယ်ခဲ့ပါ စသည်ဖြင့်ပေါ့။ ကိုယ်ကိုယ်တိုင် ခရီးသွားတဲ့အခါ တော်တော်များများမှာလဲ လူကြုံသယ်ပေးလေ့ ရှိပါတယ်။ အထူးသဖြင့် ပြည်ပမှာ မိဝေးဖဝေးရောက်နေသူများအတွက် ကိုယ့်ဒေသက အစားအစာလေးတွေ ပစ္စည်းအသုံးအဆောင်လေးတွေမျိုးကို ကိုယ်ချင်းစာစိတ်နဲ့ သယ်ပေးလေ့ရှိတယ်။ 
.
လူကြုံပါးကြရာမှာ တစ်ချို့တွေက သိတတ်အားနာမှုနဲ့ လိုအပ်တာလောက်ကိုပဲ အနည်းဆုံး ပေးလေ့ရှိကြသလို တစ်ချို့ကြတော့လည်း အားမနာလျှာမကျိုး တနင့်တပိုးကြီးတွေကို သယ်ခိုင်းလေ့ရှိကြတယ်။ တစ်ဖက်နိုင်ငံမှာ မရှိတဲ့ ပစ္စည်းမျိုးတွေဆိုရင်လည်း ဟုတ်သေး။ တစ်ခါတစ်လေ ဟိုမှာလဲ ဝယ်သုံးလို့ရတာတွေကိုတောင် လူကြုံရှိလို့ မှာကြတယ်။ 
.
လူကြုံပါးတာနဲ့ ပတ်သက်လို့ ကြာတော့ကြာပြီ ခပ်ငယ်ငယ်ကပေါ့။ မော်လမြိုင်က အဖိုးအဖွားတွေအိမ်ကို သွားလည်တာ။ အပြန်မှာ အဖွားနဲ့အဒေါ်တွေက အိမ်နောက်ဖေးက ဒန့်ဒလွန်ပင်ကနေ ခူးပြီး ဒန့်ဒလွန်သီးတွေကို မြွေခွံအိတ်နဲ့ တစ်အိတ်အပြည့် လူကြုံပေးလိုက်တယ်။ တစ်နေရာထဲ ပို့ရမှာမဟုတ်ဘူး စာရင်းနဲ့။ ကျောက်ကုန်းအိမ်က ဘယ်နှစ်တောင့် တာမွေအိမ်ကဘယ်နှစ်တောင့် စသည်ဖြင့် ... ကျွန်တော်က အတင်းငြင်းပါတယ် ရန်ကုန်ကစျေးတွေမှာလဲ ဒန့်ဒလွန်သီးရောင်းတဲ့အကြောင်း ဘာညာပေါ့။ မရပါဘူး နောက်ဆုံးတော့ သယ်ခဲ့ရတယ်။ စိတ်တိုတာနဲ့ ဒန့်ဒလွန်သီးနဲ့အတူ အခြားလူကြုံပေးလိုက်တဲ့ ကြက်မောက်သီး နှစ်ခိုင်ကို မီးရထားလမ်းခရီးတလျှောက်ကုန်အောင်စားပစ်လိုက်တယ်။ (ဒန့်ဒလွန်သီးက စားလို့မှမရတာကို) နောက်ပိုင်း မော်လမြိုင်ကနေ ကိုယ့်ကို သိပ်လူကြုံမပါးတော့ဘူး :D 
.
မနေ့ညနေက ဒူဘိုင်းပြန်သွားမဲ့ လူကြုံကောင်လေးက ဖုန်းဆက်မေးရှာတယ်။ အကိုတို့ဘာထည့်ပေးဦးမလဲတဲ့။ သူအလာတုန်းကလဲ မိန်းမရဲ့ ညီမက ပေးလိုက်တဲ့ ပစ္စည်းလေးတွေ လာပို့ရှာတယ်။ သူ့ကို ဒီနေ့မနက် ၉နာရီလောက် လာပို့ပေးမယ်လို့ပြောထားတယ်။ မနက်ရောက်တော့ ၉နာရီတောင် ထိုးတော့မယ် ပို့မဲ့ ပစ္စည်းတွေက မစုံသေးလို့တဲ့။ ဘာလိုနေတာလဲဆိုတော့ သွားပွတ်တံ ၁၂ချောင်းတဲ့။ ဒီကောင်မလေးက သွားပွတ်တံ ၁၂ချောင်းတောင် ဘာလုပ်မှာလဲလို့မေးတော့ သူ့ရဲ့ သူငယ်ချင်းတွေအတွက်ပါတဲ့။ သောက်မြင်ကပ်တာနဲ့မေးလိုက်သေးတယ် ဒူဘိုင်းကလူတွေ သွားမတိုက်ကြဘူးလားလို့ ... ဒါတောင် ဂျင်းဘောင်ဘီမှာထားသေးသတဲ့ မဝယ်ရသေးလို့တဲ့။ စေတနာနဲ့ သယ်ပေးမဲ့ လူကြုံကို စော်ကားသလို ဖြစ်မနေဘူးလား။ မြေပဲဆီပုလင်းကြီး တစ်ပုလင်း ထည့်ပေးကြဦးမလို့ လုပ်နေကြတာ ကျွန်တော်ပဲ ထားခဲ့ခိုင်းလိုက်ရသေးတယ်။ ငါးခြောက်ကြော်လေးရယ်၊ ပုဇွန်ခြောက်ရယ် တော်ပြီပေါ့။ တော်တော်ခက်ကြတယ် ...

Wednesday, February 18, 2009

Batman@Superman




At airport security (in America)
Customs Official : 'May I know your name?' Arriving passenger : 'Batman' Customs Official : 'What's your name!?' Passenger : 'My name is Bat-man' Customs Official : 'Trying to be funny!? What's your surname?' Passenger : 'Super-man' Customs Official : 'So you're telling me your name is Batman Superman?' Passenger : 'Yes' Customs Official : 'Arrest the guy... ' When they 





had him in custody, he was asked to show identification: fom forward email ....

Arsenal အတွက် Eudardo ပြန်လာပြီ .


FA စတုတ္ထအဆင့် Cardiff အသင်းနဲ့ ပြန်ကန်ရတဲ့ပွဲမှာ ဒဏ်ရာက ပြန်လည်သက်သာလာတဲ့ Arsenal အသင်းက Croatia တိုက်စစ်မှူး Eduardo တစ်ယောက် ပထမဆုံးအကြိမ် အသင်းကြီးနဲ့ ပြန်ကစားခဲ့ပါတယ်။ အဲဒီပွဲမှာပဲ ပင်နာတီတစ်ဂိုးအပါဝင် နှစ်ဂိုးသွင်းယူပေးခဲ့ပါတယ်။ ၂၀၀၇-၀၈ ဘောလုံးရာသီအစမှာ မထင်မရှားကစားသမားတစ်ဦးအဖြစ်နဲ့ ရောက်ရှိလာရတာပါ။ Premier League က တစ်ခြားအသင်းကြီးတွေ နံမည်ကြီးကစားသမားတွေ ခေါ်ခဲ့ချိန်မှာ မန်နေဂျာကြီး ဝင်းဂါးက သူ့ကို Arsenal ကို ခေါ်ယူခဲ့တာဖြစ်ပါတယ်။ အထောင်တိုက်စစ်မှူးအဖြစ် ခြေစွမ်းပြ ဂိုးတွေ သွင်းနေရင်းက ဘာမင်ဂမ်နောက်ခံလူ မာတင်တေလာရဲ့ ကြမ်းတန်းစွာဖျက်ထုတ်မှုကြောင့် ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလက ဘယ်ဖက်ခြေတောက် သွင်သွင်ကြိုးပြီး တစ်နှစ်လောက်အနားယူနေရတာဖြစ်ပါတယ်။ တိုက်စစ်မှူးရှားပါးနေရတဲ့ကြားထဲမှာ ဒဏ်ရာပြဿနာတွေထပ်ဖြစ်လို့ အခက်တွေ့နေရတဲ့ Arsenal အသင်းအတွက်တော့ Eduardo ပြန်ကစားနိုင်လာတာ တကယ့်ကို အင်အားတစ်ခုပါပဲ ...