Thursday, July 30, 2009

နားခိုရာအတွက် နားခိုရာ

ပြီးခဲ့တဲ့ နှစ်လကျော်လောက်ကစပြီး တိုက်ခန်းလေးတွေလိုက်ကြည့်ဖြစ်တယ်။ အခန်းကျဉ်းကျဉ်းလေးပဲဖြစ်ဖြစ် ရှစ်ထပ်ပဲတက်ရတက်ရ ကိုယ်ပိုင်ဆိုတဲ့ ခံစားမှုလေးရချင်လို့ပါ။ ညနေဖက် မောမောနဲ့ ပြန်လာရင် ကိုယ့်အိမ် ဆိုတဲ့ feeling မျိုးလေးလိုချင်တာပေါ့။ Sense of ownership လို့ဆိုရမလား။ ငှားနေတဲ့ အိမ်ခန်းဆိုတော့ နေရထိုင်ရ အဆင်ပြေဖို့ ရေပိုက်တွေထပ်တပ်တယ်၊ မီးရိုက်တယ် ဘာဟယ် ညာဟယ် ပြင်ရမယ်ဆိုရင် ကိုယ့်အခန်း မဟုတ်ဘူးဆိုပြီး တော်ရုံသင့်ရုံ temporary လောက်တွေပဲပြင်တော့ တစ်ချို့နေရာတွေမှာ ဖြစ်သလို နေနေရသလိုပဲ။ နောက်တစ်ချက်က မှန်မှန်ပေးပေးနေရတဲ့ အိမ်လခပေါ့။ အခုနေတဲ့ အခန်းအတွက် စပြီး ငှားစဉ်အခါကတော့ တစ်နှစ်စာကြိုပေးရတယ်။ တစ်လကို ခြောက်သောင်းဆိုတော့ သုံးသိန်းခြောက်သောင်းပေါ့။ တစ်နှစ်ဆိုတာလဲ ဖင်လှည့် ခေါင်းလှည့်နဲ့ ဘယ်လို ကုန်သွားမှန်းကိုမသိလိုက်ပါဘူး။ နောက်တစ်ခေါက် အိမ်လခ ထပ်ပေးဖို့ ရှာရဖွေရပြန်ရော။ အခုတော့ ခြောက်လစာပဲ ကြိုပေးတော့တယ်။ ဘာပဲဖြစ်ဖြစ်ပေးနေရသေးတာပဲလေ။
.
 ဒါနဲ့ပဲ ညီလေးမောင်ဝင်းထိန်ရဲ့ အကြံပေးချက်အတိုင်း ပထမအဆင့် အပတ်စဉ် စျေးကွက်ဂျာနယ်ကိုဝယ်၊ အကျိုးဆောင်တွေရဲ့ကြော်ငြာကဏ္ဍထဲက အိမ်ခန်းလေးတွေနဲ့စျေးနှုန်းတွေကို လေ့လာဖြစ်တယ်။ အခန်းတစ်ခု ဝယ်တော့မယ်ဆိုရင် ကိုယ့်အတွက် လိုအပ်မဲ့ Basic Criteria တွေကို စဉ်းစားရတာပေါ့။ ၁) နေရာပေါ့။ ဘယ်မြို့နယ်လဲ မြို့ထဲနဲ့နီးလား အလုပ်ကို သွားဖို့ပြန်ဖို့ အဆင်ပြေလား။ စျေးနဲ့နီးလား။ ရပ်ကွက်မှာ နေထိုင်ကြတဲ့ လူတွေရဲ့ Culture စသည်ဖြင့်ပေါ့။ ပြီးတော့ နှစ်ဖက်မိဘ တစ်အိမ်အိမ်နဲ့ နီးချင်တယ်။ လိုအပ်ရင် သားလေးကို အလွယ်တကူသွားပို့ထားလို့ရအောင်ပေါ့။ အခုက Taxi နဲ့ တကူးတကကို သွားပို့ ပြန်ကြို လုပ်နေရတာ။ ယောက်ခမတွေအိမ်ဖက်ကြတော့ ကျွန်တော်တို့လင်မယားနှစ်ယောက် ရုံးသွားရုံးပြန် နည်းနည်း ဝေးတယ်။ 
.
ဒါနဲ့ ကျွန်တော့်အမေတို့နဲ့ နီးတဲ့ ဗိုလ်တထောင်ဖက်ကို ရှာကြည့်မည်လို့ ပထအဆင့်ဆုံးဖြတ်တယ်။ မိန်းမရုံးသွားဖို့ကလည်း ဘတ်စ်ကားစီးရင်တောင် သုံးမှတ်တိုင်ဆိုရောက်ပြီ။ အဆင်ပြေတာပေါ့။ ၂) အခန်းရဲ့အကျယ်အဝန်းပေါ့။ ၁၂ပေခွဲအခန်းကနေ ပေအစိတ်အထိအမျိုးမျိုးရှိတဲ့အထဲက ကိုယ့်အတွက် ဘယ်လိုအဆင်ပြေမလဲစဉ်းစားတော့ အနည်းဆုံး ၁၈ပေ x ပေ ၆၀ လောက် အကျယ်ကို လိုချင်တယ်လို့ ဆုံးဖြတ်တယ်။ ၃) အထပ်။ တတ်နိုင်ရင်တော့ လေးထပ်၊ အထက်မှာတော့ ဘယ်နေချင်မလဲ။ အခုနောက်ပိုင်း Body Weight ကလည်း တက်လာတော့ မြင့်မြင့်တက်ရင် မောတယ်။ ဒါပေမဲ့ တတ်နိုင်တဲ့ ငွေလေးကလည်း အကန့်အသတ်ရှိတော့ နေရာကလည်းကောင်း၊ အခန်းကကျယ် အထပ်က နိမ့် ဆိုတာမျိုးတော့ ဘယ်ရနိုင်မလဲ။ တစ်ခုခုကို Sacrifice လုပ်ရတော့မှာပေါ့။ 
.
ဒါနဲ့ ကိုယ်လိုချင်နဲ့ နေရာ (ဗိုလ်တထောင်)တစ်ဝိုက်မှာ အခန်းကျယ်လိုချင်တယ်လို့ ဆုံးဖြတ်တယ်။ မောရင်လဲ မောပါစေ အထပ်မြင့်ကိုပဲ တက်မယ်လို့။ ကိုယ်လိုချင်တာဘာလဲလို့ သေချာသွားတဲ့အချိန်မှာ အခန်းတွေလိုက်ကြည့်ဖြစ်တယ်။ ပထမပိုင်းမှာ အကျိုးဆောင်တွေကို ဖုန်းဆက်ချိန်း၊ သူတို့က လိုက်ပြပေါ့။ သူတို့က ကိုယ့်ကိုချိန်း အိမ်ရှင်ကိုပြန်ချိန်း၊ သူ မအား ကိုယ်မအားနဲ့ လဝက်လောက်မှာ သုံးလေးခန်းလောက်ပဲ ကြည့်ဖြစ်တယ်။ 
.
ဒါနဲ့ ကိုယ်လိုချင်တဲ့နေရာတဝိုက်မှာ အဓိကလုပ်တဲ့ ပွဲစားနဲ့ ဆက်မိမှ အခန်းတွေကို တောက်လျှောက်ကြည့်ဖြစ်တယ်။ သူတို့နဲ့ တစ်ပတ်လောက် အတွင်း ဆယ့်ငါးခန်း အခန်း၂ဝလောက် ကြည့်ဖြစ်တယ်။ တစ်ရက်ထဲကို ခုနစ်ထပ်၊ ရှစ်ထပ်ကို လေးငါးခါလဲ တက်ဖြစ်တယ်။ စျေးတွေက ၂၀၀ ဝန်းကျင်။ လိုက်ကြည့်ဖြစ်တဲ့ အခန်းလေးတွေရဲ့ Layout ကို အကြမ်းဆွဲ၊ ဓါတ်ပုံရိုက်ယူပေါ့။ စျေးကို ၁၅ဝနဲ့ ၂ဝဝလောက်အတွင်းပဲ ကြည့်မယ်လို့ ဆုံးဖြတ်တော့ ရလွှာ၊ ၈လွှာတွေပဲရတယ်။ ကိစ္စမရှိဘူး။ အခန်းတွေတော်တော်များများကြည့်ပြီးတဲ့အခါ မဟေသီကို အစီရင်ခံပြီး Short List လုပ်ရတာပေါ့။ အဲဒီအထဲကမှ သူ့ကို ခေါ်ပြီး Second Time ထပ်ကြည့်ဖို့ စီစဉ်ရတယ်။ ကနဦးလိုက်ကြည့်တုန်းက မိန်းမက ရုံးတက်နေရတော့ လိုက်မကြည့်နိုင်ဘူးလေ။
.
 အသေးစိတ်ကြည့်ပြီဆိုမှ ဘယ်Contract လဲ၊ တိုက်ရဲ့ ခန့်မှန်းသက်တမ်း၊ လှေကားအနေအထား၊ ကိုယ်ပိုင်မီတာ ကိုယ်ပိုင် ရေစက်လား၊ ရေကောင်းရဲ့လား ဂျိုးဖြူလား အဝီဇိလား၊ အိမ်သာ ရေချိုးခန်းအခြေအနေလှေကားက ကိုယ့်တစ်ခြမ်းတည်းအတွက်လား မျက်နှာခြင်းဆိုင်မှာ အခန်းရှိလား... ဘာညာတွေပေါ့။ အတော်များများကတော့ ပထမအကြိမ်ကြည့်ကတည်းက မေးပြီးသားတွေပါ။ ဒါနဲ့ပဲ ၅၂လမ်းထဲက ရလွှာအခန်းလေးတစ်ခုကို ယူဖို့ဆုံးဖြတ်တယ်။ အိမ်ရှင်နဲ့ တွေ့ စျေးစကားပြောပေါ့။ တစ်ရက်ထဲနဲ့ ကိစ္စပြတ်သွားပြီး စရံငွေ တစ်ဆယ်ပေးခဲ့တယ်။ 
.
တကယ်အရောင်းအဝယ်လုပ်ရင် စစ်ဆေးရမဲ့ စာရွက်စာတန်းတွေကများသား။ လက်ရှိပိုင်ရှင်တွေ ဒီအခန်းကို ဝယ်ခဲ့တုန်းကစာချုပ်။ ပြီးတော့ ဝယ်ခဲ့ကြတဲ့ စာချုပ်အစဉ်အဆက်၊ Contractor နဲ့ပထမဆုံးဝယ်တဲ့လူတို့ရဲ့စာချုပ်၊ အဲဒီမှာ မြေရှင်လက်မှတ်ထိုးထားလား ကြည့်ရတယ်။ ပြီးရင် အဲဒီလူနဲ့ နောက်လူရဲ့စာချုပ် ... အခုပိုင်ရှင်လက်ထက်ရောက်တဲ့အထိ စာချုပ်တွေ။ လက်ရှိပိုင်ရှင်က နှစ်ဦးမြောက်ပဲဆိုတော့ စာချုပ်နှစ်ခုပဲပေါ့။ ပြီးရင် လူနေထိုင်ခွင့်မိတ္တူ၊ လျှပ်စစ်မီတာ ပါမစ်စာရွက်၊ BQ copy၊ မီတာခ ရေခွန်ဆောင်ထားတဲ့ ဖြတ်ပိုင်းတွေ၊ မြေရှင်ကို အိမ်လခပေးထားတဲ့ ဖြတ်ပိုင်းတွေ ... လုပ်ပေးတဲ့ ပွဲစားက အမေ့အမျိုးဆိုတော့ ဒါတွေကို ဂရုတစိုက်လုပ်ပေးတယ်။ အဆင်ပြေတာပေါ့၊ 
.
လက်ရှိနေနေတဲ့ အိမ်ငှားတွေ ဆင်းပြီး ငွေအကြေချေတော့မှ မြေရှင်တိုက်ပိုင်ရှင်ဆီမှာ နံမည်ပြောင်းရမှာ။ ရှုပ်နေတာပဲ။ စာချုပ်အတုနဲ့ လိမ်ရောင်းသွားတာတို့၊ လင်မယားကွဲနေပြီး အမျိုးသားနံမည်နဲ့ ဝယ်ထားတာကို အမျိုးသမီးကရောင်းသွားတာတို့၊ မောင်နှမတွေကို အသိမပေးပဲ တစ်ယောက်က ရောင်းတာတို့ အမျိုးမျိုးရှိသတဲ့။ စစ်ဆေးနိုင်မှ တော်ခါကြတယ်တဲ့။ ဗဟုသုတတော့ရသားရယ်။ အခန်းကတော့ Hall Typeကြီး။ သုံးပုံနှစ်ပုံလောက်တော့ရှာထိုးခင်းထားတယ်။ အခန်းဖွဲ့တာ ပြင်ဆာင်တာ တော်တောများများပြန်လုပ်ရမှာ။ တစ်ခုကောင်းတာက ကိုယ့်စိတ်ကြိုက်လုပ်လို့ရတာပေါ့။ ဖျက်နေစရာ မလိုဘူးပေါ့။ မကောင်းတာက စရိတ်တွေထပ်ကုန်မှာပေါ့။ အခုဝယ်တာရော ပြင်တာရောအတွက် စုစုပေါင်းငွေရဲ့တစ်ဝက်ကို ချေးရမှာ။ ဘာပဲဖြစ်ဖြစ်ဝယ်ဖြစ်သွားတာပေါ့။ လက်ရှိငှားထားတဲ့ အခန်းကလဲ ဒီဇင်ဘာလကုန်မှ ပြည့်မှာဆိုတော့ အေးအေးဆေးဆေးကို ပြင်လို့ရပါတယ်။ နားခိုရာအတွက် ကိုယ်ပိုင် Brick and Motor နားခိုရာလေးပေါ့ဗျာ ...

Tuesday, June 9, 2009

Congratulation Roger!



အကြောင်းတိုက်ဆိုင်သွားလို့ French Open Final ကို live ကြည့်လိုက်ရတယ်။ အဲဒီညနေက ကိုဇော်မိုးတို့ ဝင်းထိန်တို့နဲ့ မန္တလေး seminar ကိစ္စဆွေးနွေးကြဖို့ စိန်လှံျမှာ ချိန်းဖြစ်တယ်။ တိုက်တိုက်ဆိုင်ဆိုင် ဒီဖိုင်နယ်ပွဲ ပြလို့ ပြီးတဲအထိ စောင့်ကြည့်လိုက်တာ အိမ်ပြန်တောင် နောက်ကျသွားတယ်။
လက်ရှိချန်ပီယံNaral ကို စတုတ္ထအဆင့်မှာ အနိုင်ရိုက်ပြီး ဖိုင်နယ်တက်လာတဲ့ Soderling နဲ့ Federer တို့ရဲ့ Final ပွဲပေါ့။ Roger က သုံးပွဲပြတ်ရိုက်ပြီး ပထမဆုံးအကြိမ် ပြင်သစ်အိုးပင်း ချန်ပီယံဆုကို ရရှိသွားတယ်။ အခုဆို Grand Slanm ပြိုင်ပွဲ အားလုံးကို နိုင်ဖူးသွားပြီပေါ့။ ပြီးတော့ Pete Samprasတင်ထားခဲ့တဲ့ Grand Slam ၁၄ကြိမ်ရတယ်ဆိုတဲ့ စံချိန်ကိုလဲ လိုက်မှီသွားပြီ။
ကိုယ်အားပေးတဲ့ Nardal ရှုံးသွားပေမဲ့ အခုပွဲမှာ Roger နိုင်သွားခဲ့တာ အဟုတ်တကယ်ကို ဝမ်းသာတာပါ။ နောက်ဆုံး US Open Final မှာ Nadal ကိုရှုံးပြီး ဆုပေးစင်မြင့်ပေါ်မှာ မျက်ရည်စက်လက်နဲ့ ဝမ်းနည်းပက်လက် ဖြစ်ခဲ့တဲ့ သူ့ခံစားချက်ကို အခုထိ မြင်ယောင်မိနေတုန်းပဲ။ အဲဒီတုန်းက စိတ်ပျက်ပြီး တင်းနစ်လောကကို ကျော်ခိုင်းသွားမှာတောင် စိုးရိမ်မိတာ။ တော်သေးတာပေါ့။
လမ်းဆက်လျှောက်ပါ Roger......

Tuesday, May 19, 2009

MNL Cup အဖွင့်နိဒါန်း


မြန်မာပြည်ရဲ့ ပထမဦးဆုံးသော Pro League ဘောလုံးပြိုင်ပွဲကြီး ပြီးခဲ့တဲ့ စနေနေ့က စပါတယ်။ လောလောဆယ်မှာ အသင်း ၈သင်းနဲ့ စတင်တာဖြစ်ပါတယ်။ ထူးထရိတ်ဒင်း ဦးတေဇရဲ့ Yangon FC, Alpine ဒေါက်တာစိုင်းရဲ့ ရတနာပုံ FC, UMFCCI ဥက္ကဌကြီးရဲ့ ဇေယျာရွှေမြေအသင်း, ကမ္ဘောဇဘဏ်ရဲ့ KBZ အသင်း, IBTC (Grand Royal) ရဲ့ ဥသာယူနိုက်တစ် အသင်း၊ Asia World ရဲ့ မကွေးFC, ယုဇနဦးဌေးမြင့်ရဲ့Southen Myanmar FC နဲ့ ဧရာဝတီတိုင်းသားတို့ရဲ့ Delta United အသင်းတို့ပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ စနေနေ့ မွန်းလွဲပိုင်းကစလို့ Stage Show တွေနဲ့ ဖွင့်ပွဲအခမ်းအနားကို ခမ်းခမ်းနားနားကို ကျင်းပခဲ့တာပါ။ ဖွင့်ပွဲနေ့မို့ ပရိသတ်ကလည်း စိတ်ဝင်တစားကို ကွင်းလုံးပြည့်လျှံအောင် လာကြည့်ကြတယ်။ 
.
ကွင်းက တာဝန်ရှိသူတွေ စီစဉ်ထားမှု ညံ့ဖျင်းတာကြောင့် လက်မှတ်ဝယ်ထားပြီးသူများတောင် ကွင်းထဲဝင်ဖို့ အရမ်းကို ခက်ခဲခဲ့ပါတယ်။ ပရိသတ် သောင်းနဲ့ချီပြီး တဖွဲဖွဲလာနေကြတာကို ဆုံလည်နဲ့ တစ်ဦးစီ ဝင်လိ်ု့ရတဲ့ ဝင်ပေါက်ကလေး ကို ဂိတ်နေရာနှစ်ခုထဲမှာ လေးပေါက်သာ ဖွင့်ပေးထားခဲ့ပါတယ်။ ကိုယ်တို့ မြန်မာလူမျိုးများ ကလည်း အဆင့်အတန်းနိမ့်နေပါသေးတယ်။ သက်ဆိုင်ရာက စီစဉ်မှုညံ့ဖျင်းခဲ့ရင်တောင် စည်းကမ်းတကျ စနစ်ရှိရှိ အဆင့်ရှိရှိလေး တန်းစီ ဝင်ကြမယ်ဆိုတဲ့ စိတ်ထားမျိုးလေး နည်းနည်းမှကို မရှိကြဘူး။ ဝေး ၀ါး နဲ့ အော်ဟစ်ပြီး အပေါက်သေးသေးလေးကို အတင်းတိုးဝှေ့နေကြတော့ လဲတဲသူလဲ နဲ့ အနာတရတွေ ထိခိုက်မှုတွေ ရှိခဲ့ပါတယ်။ ဒီမိုကရေစီလို့သာအော်ဟစ်နေတာ ဒီလိုလူမျိုးတွေ သေနတ်နဲ့ပဲတန်တယ်လို့ တောင် စိတ်ထဲ အချဉ်ပေါက်သွားမိတယ်။ 
.
ရုံးကနေ ကိုမြင့်ကြိုင်အပြင်နောက်ထပ်ကလေးတစ်ယောက်ပါကြည့်ဖို့လိုက်လာတာ တိုးဝှေ့ရင်း သူတို့နဲ့ ကွဲသွားတယ်။ ကွင်းထဲရောက်တော့ နှစ်နာရီခွဲတော့မယ်။ တစ်ကွင်းလုံး လျှံနေပြီ။ ဇေယျာရွှေမြေ ကိုယ်စားပြု အဝါရောင်ဂျာစီတွေနဲ့ ပရိသတ်တွေက အထူးတန်းမြောက်ဖက်မှာ၊ အစိမ်းရောင် ဝတ်ထားတဲ့ ရန်ကုန်ပရိသတ်က တောင်ဖက်ခြမ်းမှာ။ ထိုင်စရာနေရာရှာရင်း ဇေယျာရွှေမြေ ပရိသတ်တွေ ကြားထဲ ရောက်သွားတယ်။ စတိတ်ရှိုးရှိတော့ ဆူညံပွက်ပြီး လူတွေကလည်း ထလိုက်ထိုင်လိုက် ရှုပ်ယှက်ခတ်နေတာကို သည်းခံပြီး ခဏထိုင်နေရတယ်။ 
.
သုံးနာရီကျော်ကျော်မှာ ဖွင့်ပွဲအခမ်းအနားလုပ်တယ်။ တော်တော်လေးကို ခမ်းနားအောင် စီစဉ်ထားတာပဲ။ ပြိုင်ပွဲက လေးနာရီမှာ စတယ်။ ပရိသတ်ကအားပေးကြတော့ ကစားသမားတွေကလည်း ကြိုးစား ကန်ခဲ့ကြပါတယ်။ အများမျှော်လင့်ထားတဲ့ ဇေယျာရွှေမြေအသင်းက ပထမ ဆယ့်ငါးမိနစ်လောက် ဦးဆောင် ကစားနိုင်ပေမဲ့ နောက်ပိုင်း ရန်ကုန်အသင်းက တဖြေးဖြေး ကစားကွက်မိလားပြီး လေးဂိုး ဂိုးမရှိနဲ့ နိုင်သွားတယ်။ ပရိသတ်တွေ စည်းကမ်းမရှိတာကို ထပ်ပြောချင်သေးတယ်။ ပွဲကစားချိန်မှာ ထိုင်လိုက်ထလိုက်လုပ်နေတာတို့ အသင်းအလံကြီးတွေကို အများမြင်ကွင်းကွယ်အောင် ဝှေ့ရမ်းနေတာတို့ အိုးစည်ဗုံမောင်းတွေကို Non-Stop ဆူညံအောင်တီးနေတာတို့၊ ကွမ်းတံတွေးထွေးထားတဲ့ ကြွပ်ကြွပ်အိတ်ကို လူကြားထဲ ပစ်ထဲလိုက်တာတို့ တွေ့နေရသေးတယ်။ ဒါမျိုးတွေ တဖြေးဖြေးနဲ့ ပျောက်ကွယ်သင့်ပြီ။ 
.
ဘောလုံးပွဲက Pro ဆိုရင် အားပေးတဲ့ ပရိသတ်ကလည်း ထိုက်တန်တဲ့ အဆင့်အတန်းတစ်ခုရှိသင့်ပြီ။ ကွင်းက သက်ဆိုင်ရာဝန်ထမ်းအဖွဲ့တွေလည်း လက်မှတ်ဝယ်ပြီး လာကြည့်တဲ့သူတွေကို မဆလခေတ် သမဝါယမ စာရေးမ ဆက်ခံသလိုမလုပ်ပဲ ကိုယ့်ရဲ့ Customer အဖြစ် ကိုယ့်ကို ထမင်းကျွေးနေသူတွေအဖြစ် လေးလေးစားစား Service ပေးသင့်ပြီ။
.
ဘာပဲဖြစ်ဖြစ် ပရိုစနစ်ဆိုတာကိုတော့ စလိုက်နိုင်ခဲ့ပါပြီ။ ကစားသမားလေးတွေလဲ အရင်က သုံးလေးသောင်း စာရေးစာချီ ရာထူးလောက်နဲ့ ဌာနတွေမှာ ကစားနေခဲ့ကြရာက အခုဆို တစ်လကို နှစ်သိန်းသုံးသိန်းကနေ ဆယ်သိန်းအထိရလာကြပါပြီ။ နည်းပြများလည်း ထိုနည်းလည်းကောင်းပါပဲ။ တစ်နှစ်တစ်နှစ်ကို ဒီ ပရိုအသင်းတွေက လစာအပါအဝင် ကုန်ကျစရိတ် သိန်း သုံးထောင်ကနေ ငါးထောင်အထိရှိမယ်လို့ မှန်းကြပါတယ်။ အခု ပွဲဦးထွက် MNL Cup က ပထမရရင် သိန်း ၅ဝဝရပါမယ်။ ကွင်းဝင်ကြေးကို တော့ အသင်းတွေက ၄၀%ရမှာပါ။ အထူးတန်းဝင်ကြေးက တစ်ထောင်၊ ရိုးရိုးတန်းက ငါးရာကျပ်ပါ။ 
.
အသင်းတစ်သင်းအနေနဲ့ ပျှမ်းမျှ တစ်ပွဲကို ဆယ့်ငါးသိန်းကနေ သိန်းနှစ်ဆယ်လောက်ရနိုင်ပါတယ်။ ဆိုတော့ အခုပွဲမှာ အသင်းတွေက ၁၄ပွဲကန်ရပါမယ်။ ကွင်းဝင်ကြေးအနေနဲ့ သိန်း ၂ဝဝနဲ့ သုံးရာကြား လောက်ရနိုင်ပါတယ်။ ဒါပေမဲ့ ပြဿနာက အခုနှစ်ပွဲကန်ပြီးတဲ့ အချိန်မှာ ကျွန်တော်တွေ့ရသလောက် ကွင်းထဲက ပရိသတ်ရဲ့ တစ်ဝက်လောက်က အသင်းတွေကို အားပေးဖို့ ပိုင်ရှင်တွေက သူတို့ ဝန်ထမ်းတွေ နီးစပ်ရာတွေကို လာအားပေးခိုင်းတဲ့ပုံပဲ။ ရန်ကုန်ပရိသတ်ဆို Air Bagan နဲ့ ထူးထရိတ်ဒင်းက ဝန်ထမ်းတွေ ကားကြီးကားငယ်နဲ့ လာကြတာ။ ဒုတိယနေ့ကဆိုလဲ ရတနာပုံ ပရိသတ်တစ်ဝက်က Alpine ကလူတွေ။ Southen ကို လာအားပေးကြတာက ဦးလှမောင်ရွှေကြီးတဲ့ ငါးအဖွဲကလူတွေ။ ဒါဆို ကွင်းဝင်ကြေးရတဲ့ ပိုက်ဆံရဲ့အနည်းဆုံး သုံးပုံတစ်ပုံက ကိုယ်ပေးရတဲ့ ပိုက်ဆံတွေလို ဖြစ်နေတယ်။
 
  အဲဒီတော့ သူတို့ အသုံးစရိတ် တစ်နှစ်သိန်းသုံးထောင်ဆိုတာကို ဘယ်လို ပြန်ရှာရမလဲဆိုတာ ကျွန်တော်လဲ တွေးကြည့်လို့မရသေးဘူးဖြစ်နေတယ်။ ဒီနှစ်ထဲမှာ နောက်ထပ်ဖလားတစ်ခုရှိတယ်ထားလိုက်ပါဦး။ ဖလား နှစ်လုံးစလုံး ရတဲ့အသင်းမှ ဆုကြေးငွေက သိန်းတစ်ထောင်လောက် ကွင်းဝင်ကြေးက သိန်းလေးငါးရာ။ အသုံးစရိတ်ရဲ့ တစ်ဝက်ပဲရှိသေးတယ်။ ရတနာပုံက ဆရာစိုင်းကတော့ တစ်ရှယ်ယာ ငါးသိန်းနဲ့ သိန်းငါးထောင်ဖိုး အများကို ထုတ်ရောင်းပြီး အသင်းကို Public လုပ်မယ်လို့ဆိုထားပါတယ်။ 
.
တစ်နှစ်ကို အသင်းအမြတ်ရဲ့ ဆယ်ရာခိုင်နှုန်း Dividend ခွဲပေးမယ်လို့ ဆိုထားပါတယ်။ မမြတ်ရင်ပေးစရာမလိုဘူးလို့ ဆိုလိုတာလားမသိ။ ဒါဆို အတိုးမဲ့ ငွေသိန်းငါးထောင်လောက် အခြားလုပ်ငန်းတွေမှာ လှည့်သုံးနေဖို့ အခွင့်အလမ်းတစ်ခုပေါ့။ ဘဏ်ကချေးရင်တောင် အတိုးပေးနေရဦးမယ်။ ပိုင်လိုက်တာ။ ဘာပဲဖြစ်ဖြစ် အခုစတင်လိုက်တဲ့ ပရိုစနစ်လေးကို ရေရှည်ဘယ်လို တည်တံ့သွားအောင် တိုးတက်လာအောင် ဘာတွေ ဆက်လုပ်ကြမယ်ဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။

Wednesday, May 13, 2009

လက်ရည်ကျလာပြီ ..

အင်တာနက်ကြီးတစ်လကျော်လောက် ပြတ်သွားပြီးတဲ့နောက်ပိုင်းမှာ ဘလော့ကိုလဲ ရေးအားကျလာတယ်။ တစ်လလောက် မရေးပဲနေတာအကျင့်ဖြစ်သွားလားမသိ။ အခုနောက်ပိုင်း အင်တာနက်ပြန်ရလာပြီ ဆိုပေမဲ့ မီးပျက်တဲ့အချိန်မှာ မီးစက်နဲ့ သုံးရရင် စက်အရေအတွက် အကန့်အသတ်ရှိတာကြောင့် ကိုယ်တွေက မသုံးဖြစ်တာ များတယ်။ အင်တာနက်ရပြီး မီးလာလို့ အားတဲ့အချိန်တွေကျတော့လဲ face book ထဲက game လေးတွေဖက် အာရုံရောက်နေလို့ ဘလော့မရေးဖြစ်။ ဘာမှမရေးဖြစ်ပေမဲ့ တက်နေတဲ့ ဧည့်သည်အရေအတွက်ကို မြင်ရရင်တော့လည်း အားနာသလိုလို။ ဒါပေမဲ့လည်း ပို့စ်ဖြစ်ရင်ပြီးရောဆိုပြီး အတင်းကြီး အားထုတ်ပြီး ရောင်းတန်ဝင် ပို့စ်များလဲ မရေးချင်။ ပုံမှန်လာရောက်ကြသော သူငယ်ချင်းများကို အားနာမိပါသည်။ သို့သော် အရင်ကထက်စာရင် ရေးဖြစ်မည့် ပို့စ်အရေအတွက်က နည်းလာမှာ ဖြစ်ကြောင်း ..... ဘလော့တော့ ဆက်ရေးဖြစ်နေဦးမှာပါ။

Wednesday, May 6, 2009

Arsenal 1 : 3 ManU

အဝေးကွင်းမှာ တစ်ဂိုးတည်းနဲ့ ရှုံးထားခဲ့တယ် ဆိုတော့ မျှော်လင့်တကြီးနဲ့ မနေ့ညက Champions League Semi-Final ပွဲကို ထကြည့်မိတယ်။ အာဆင်နယ်အနေနဲ့ ကိုယ့်ကွင်းမှာ 2-0 3-1 လောက် ကြိုးစား ကန်နိုင်ရင် ဗိုလ်လုပွဲ တက်ပြီပေါ့။ ဖြစ်စေချင်ပေမဲ့ ဒီလိုဖြစ်ဖို့ လက်ရှိ မန်ယူရဲ့ခြေစွမ်းနဲ့ လူအင်အားအရ ဖြစ်ဖို့ မလွယ်မှန်းတော့ သိနေပါတယ်။ အလွန်ဆုံး သရေ သို့မဟုတ် အာဆင်နယ်က 2-1 အနိုင်လောက်နဲ့ မန်ယူတက်သွားနိုင်တယ်လို့ မှန်းထားတာ။ ညတစ်နာရီအိပ်ရာက ပြန်ထပြီး တီဗွီလေးဖွင့်ကြည့် ပွဲစပြီး ထိုင်ကြည့်တာ ဖင်တောင်မပူသေးဘူး။ တစ်ဂိုးပေးလိုက်ရပြီ။ အတွေ့အကြုံနည်းတယ် လူငယ်နောက်တန်းကစားသမားလေးရဲ့ အမှားကြောင့် ပေးလိုက်ရတာ။ သိပ်မကြာပါဘူး ရော်နယ်ဒိုရဲ့ ရင်သပ်ရှုမော ပြစ်ဒဏ်ဘောကနေ နောက်တစ်ဂိုး ... သွားပါပြီ။ ဆယ်မိနစ်ကျော်ပဲရှိသေးတယ် ပွဲကပြီးသွားပြီ။ အာဆင်နယ် ဗိုလ်လုပွဲတက်ဖို့ဆိုရင် လေးဂိုးပြန်သွင်းရမှာ။ အဲဒီအချိန်မှာ မန်ယူက ခံစစ်နဲ့ ပိတ်ပြီး စိတ်အေးလက်အေးကစားနေပြီ။ ခဏလောက်ဆက်ကြည့်ပြီး စိတ်ဓါတ်ကျသွားတာနဲ့ ဆက်မကြည့်တော့ဘူး။ တီဗွီကို ပိတ် အိပ်ယာထဲဝင်လှဲနေပေမဲ့ တော်တော်နဲ့ အိပ်မပျော် တော့ဘူး။ ဒီနှစ်လဲ ဖလားလက်မဲ့ဖြစ်ပြန်ပြီ။ လူငယ်တွေကိုပဲ အားကိုးတဲ့ ချွေတာရေးလမ်းစဉ်ကို ဆက်လိုက်နေရင် အာဆင်နယ်အနေနဲ့ ဒီလိုပဲ အလယ်အလတ်အဆင့် အသင်းတစ်ခုနေရာမှာပဲရှိနေတော့မှာပဲ။ ရာသီကုန် အပြောင်းအရွှေ့ကာလမှာ မန်နေဂျာ ဝင်းဂါးကြီး ဘယ်လိုဆုံးဖြတ်မယ်ဆိုတာကိုပဲ စောင့်ကြည့်ကြတာပေါ့ဗျာ ....

Saturday, April 25, 2009

သင်္ကြန်နဲ့ အဟောသိကံအဖြုန်းတွေ

သင်္ကြန် ... တစ်နှစ်တစ်ခါ မြန်မာတွေ နှစ်သစ်ကူးတဲ့အချိန်အခါ။ မင်္ဂလာရှိတဲ့အချိန်အခါ။ ပျော်မြူးကြတဲ့ အချိန်အခါ။ ပျော်ပျော်ပါးပါးရေပက်ကစားကြရင်း နှစ်ဟောင်းက အညစ်အကြေးတွေ (စိတ်အညစ်အကြေးတွေလဲ ပါပေမပေါ့)ကို အတာရေနဲ့ဆေးကြောပြီး နှစ်သစ်ကို ကြိုဆိုကြတယ်။ အင်မတန်ကောင်းတဲ့ ဓလေ့စရိုက်လေးပါ။ ဒါပေမဲ့ အခုနှစ်ပိုင်းသင်္ကြန်မှာ ပျော်ပါးကြပုံတွေကို ဘဝင်မကျဖြစ်လာမိတယ်။ အဟောသိကံ ဖြုန်းတီး နေကြတယ်လို့ စိတ်ထဲမှာ ခံစားရတယ်။ ကိုယ့်လက်ရှိ စီးပွားရေးအခြေအနေနဲ့ အင်မတန်မှ မလိုက်ဖက်ဘူးလို့ ထင်မိတယ်။ တစ်ဦးချင်းအနေနဲ့ရော တိုင်းပြည်အနေနဲ့ရောပဲ။ သောက်သောက်လဲကုန်လိုက်တဲ့ငွေတွေ။ ကုန်တာနဲ့ ရတဲ့ အပျော်နဲ့ တန်ရဲ့လားမသိ။ 
.
ဥပမာပဲဆိုပါတော့ အင်းယားလမ်းမှာတင် မဏ္ဍပ်ပေါင်း သုံးဆယ်လောက်ရှိမယ်ဆိုပါစို့ (ကျော်တော်ကျော်ဦးမယ် ထင်တယ်)။ တစ်ခုတစ်ခုရဲ့ သင်္ကြန်လေးရက်စာ စရိတ်က သိန်းတစ်ရာကနေ တစ်ရာ့ ငါးဆယ်လောက် အထိရှိမယ်။ သိန်းသုံးထောင် သိန်းလေးထောင်လောက် ပိုက်ဆံတွေကို သုံးလေးရက်လောက်အတွင်းမှာ အလဟသ ဖြုန်းပစ်ကြတယ်။ Money Circulation ဖြစ်စေတယ်လို့ ပြောလို့ရပေမဲ့။ တော်တော်များများ ပိုက်ဆံတွေဟာ အင်းယားလမ်းမပေါ် အိုင်ပြီး စီးနေတဲ့ ရေတွေနဲ့အတူ မြောင်းထဲကို ပါသွားတာပါပဲ။ 
.
ဘန်ကောက်က သင်္ကြန်ပွဲတောင် ကိုယ်တို့တိုင်းပြည်လောက်ငွေသုံးဖြုန်းကြရဲ့လားမသိ။ လေ့လာကြည့် ချင်သေးရဲ့။ လက်မှတ်တစ်စောင် သုံးလေးသောင်းနဲ့ ဝယ်ပက်ကြတဲ့သူတွေကလဲအပြည့် မဏ္ဍပ်အားလုံး ပြည့်ကြပ်နေတာပဲ။ ကိုယ်လဲ ဒီနှစ်တစ်ရက်ရောက်သေးတယ်။ အင်းယားလမ်းက EMBA မဏ္ဍပ်ကို။ ပြည့်ကြပ်ပြီး ဘုရား ပွဲစျေးတန်းလို လျှောက်နေကြတဲ့ လူတွေကို ပိုက်ကလေးတွေနဲ့ စင်ပေါ်ကနေ ပက်နေကြလေရဲ့။ သီချင်းသံတွေကလဲ စင်တစ်ခုတစ်မျိုး နဲ့ ဆူညံပွက်နေရော။ DJ နဲ့ Sound System ငှားရတာတင် မနဲဘူး။ စင်သုံးလေးခုကို Sound System တစ်ခုနဲ့ တစ်ပြိုင်နက်ဖွင့်ပေးထားရင် အတော် စရိတ်သက်သာမယ်လို့ တွေးမိသေး။ ကိုယ်တို့လင်မယားနှစ်ယောက်အတွက် တစ်ရက်စာ လက်မှတ်ဖိုး နှစ်သောင်း ထွက်သွားလေရဲ့။ 
.
ကိုယ့်အိမ်မှာပဲ ဖြစ်ဖြစ် သူငယ်ချင်းတစ်ယောက်အိမ်မှာဖြစ်ဖြစ် ချက်ပြုတ်စားသောက်ကြရင်၊ ရွှေရင်အေးလို မုန့်တစ်ခုခုလုပ်ပြီး အိမ်နီးချင်းတွေဝေရရင်၊ ဝီစကီတစ်လုံးဝယ်ပြီး အိမ်မှာအေးအေးဆေးဆေး ဇိမ်ခံသောက်ရင် .... မျက်မှန်ပါ အဆစ် ကျပျောက်လို့ အသစ်လုပ်ခငွေထပ်ကုန်သေး။ ကလေးတွေ ကလေးမတွေကလည်း ဆင်ခြင်တုံတရားမရှိ။ သောက်မယ် ပျော်မယ်ဆိုတာကြီးပဲ။ မနက် ၁၁နာရီလောက်ပဲရှိသေးတယ်။ မူလို့အန်နေတဲ့ ကလေးမတစ်ယောက်ရယ်၊ ၀ိုင်းပြီးနှိပ်ပေးနေကြတဲ့ သူ့ သူငယ်ချင်းမလေးတွေရယ် တွေ့မိသေးရဲ့။ ပျော်စရာမရှိတဲ့ဘဝမှာ ငွေကို ခင်းပြီးလို့ မဲတင်းပြီး ရှာကြံပျော်နေကြတာလားမသိ။ ကိုယ့်အတွက်တော့ သူငယ်ချင်းများနဲ့ မဏ္ဍပ်အနောက်ဖက်မှာ ခုံလေးခင်းပြီး အရက်ထိုင်သောက် စကားစမြီပြောတာလေးကမှ ပျော်စရာကောင်းသေး။ အင်း.... ရင်ခုန်သံမတူတော့တာလဲဖြစ်နိုင်သည်။ ကိုယ်အသက်ကြီးသွားတာလဲ ဖြစ်နိုင်သည်။