Sunday, August 30, 2009

ဖြစ်ရလေ အာကြီးရယ်

ManU 2 - 1 Arsenal ပထမပိုင်းမပြီးခင်လေးမှာ Arshavinရဲ့ ဂိုးနဲ့ဦးဆောင်နေတဲ့ အာဆင်နယ် အတွက် အားရတဲ့ စိတ်လေးတွေတောင် ဘယ်ရောက်သွားမှန်းမသိ။ Almunia ရဲ့ Rooneyကို ဖမ်းဆွဲသလိုဖြစ်သွားလို့ ပေးလိုက်ရတဲ့ ပင်နယ်တီက .... အော် အနည်းဆုံးသရေပေါ့လေ။ တစ်ဂိုး လောက်တော့ ထပ်သွင်းမှာပါ... ဖြေသိမ့်တွေးလို့မှမဆုံးသေး Diaby က အားရပါးရ ကိုယ့်ဂိုးပေါက်ထဲကို တန်းနေအောင် တိုက်သွင်း လိုက်ပါလေရော။ ကောင်းလေစွ။
.
 သူများဂိုးပေါက်ကို သွင်းဖို့ ကြိုးစားရင် အတော့်ကို ခက်ခက်ခဲခဲ သွင်းရပြီး မတော်တဆ အဖြစ်ကလည်း တိုက်ဆိုင်လှချေလား။ တမင်ချိန်ပြီးတိုက်သွင်းရင်တောင် ဝင်ဖို့ အတော်ခက်တဲ့နေရာ။ ဒီပွဲကတော့ အသင်းကြီးနှစ်သင်းကန်တယ်ဆိုတာ တကယ့်ကို ဘုရားစူးပါပဲ။ စုတ်ပြတ်သတ်နေတာပဲ။ Van Persie ရဲ့တိုင်ထိသွားတဲ့ ပြစ်ဒဏ်ဘောရယ် နောက်ဆုံးမိနစ် Gallas လူကျွံဘောဖြစ်သွားတဲ့ ဂိုးရယ် ... မရလိုက်တာက အာဆင်နယ် ကံဆိုးတယ်ပြောရမလား မန်ယူ ကံကောင်းတယ် ပြောရမလားမသိ။ အနော် မောင်ထွန်းခိုင်ကတော့ လောင်းထားတာရှုံးလို့ ဘကြီးဇော်မိုးနဲ့ ကိုရဲတို့ကို GlenFiddich Single Malt 12 Years ဝယ်တိုက်ရပါတော့မည် :(

Tuesday, August 25, 2009

အဖိုးနဲ့အဖေ …. ကျွန်တော်နဲ့သားသား

အဖိုးဆိုတာ ကျွန်တော့်အတွက် မှတ်ဉာဏ်အာရုံထဲမှာ ၀ိုးတိုးဝါးတားရယ်။ ငယ်ငယ်တုန်းက လှည်းတန်း ပန်းခြံလမ်း ကောင်စီရုံးဘေးကအိမ်မှာနေစဉ်က အဖိုးအဖွားတို့က အောက်ထပ်မှာ နေပြီး ကျွန်တော်တို့က အပေါ်ထပ်မှာနေတာကိုတော့ သတိရတယ်။ အဖိုး (အဖေရဲ့အဖေ)က အငြိမ်းစား မူလတန်းပြကျောင်းဆရာ။ အဲဒီတော့ သူ့မြေးဦး ကျွန်တော့်ကို ကကြီးခခွေး အ အထိရေးတတ်အောင် သင်ပေးသွားခဲ့တယ်။ 
.
အဲဒီတုန်းက သူသိပ်မကျန်းမာတော့။ လည်ချောင်း ကင်ဆာကြောင့် ဆေးရုံမတက်ရခင်အထိ ကျွန်တော့်ကို စာတွေသင်သွားကြောင်း အဖေက ပြန်ပြောပြဖူးတယ်။ ကိုယ်တိုင်လည်း အဖိုးစာသင်ပေးတာကို ၀ိုးတဝါး မှတ်မိနေတယ်။ အဖိုးဆုံးတော့ အဖေ့တပ်ကရဲဘော်တွေ အိမ်ရှေ့မှာ မိုးကာစနဲ့ တဲကြီးလိုလာထိုးကြတာ၊ အိမ်ကို လူတွေအများကြီးလာကြတာ၊ ကားစီးပြီးသွားကြတော့ ပန်းတွေကြားမှာ စန့်စန့်ကြီးအိပ်နေတဲ့ အဖိုးကို ၀ိုင်းအုံကြည့်နေကြတာ… တစ်ပိုင်းတစ်စ ရေးတေးတေးတွေလောက်ပဲ မှတ်မိတော့သည်။ အဖိုးနဲ့ ဒီထက်ရင်းရင်းနှီးနှီး အချိန်ကြာကြာနေဖို့ အကြောင်းမဖန်ခဲ့ဘူးပေါ့။
.
 ကျွန်တော့်ကလေးဘဝအကြောင်းတွေ ပြန်စဉ်းစားမိရင် အဖေအကြောင်းတွေ အများကြီးပါတယ်။ မနေ့ညနေက သားသား မောင်ထွန်းလင်းထွန်း အပြင်ထွက်ချင်တယ်ဆိုပြီး တံခါးကို လက်ညှိုးထိုးနေတာနဲ့ အောင်ဆန်းကွင်းနားက City Mart ကို လိုက်ပို့ရင်း ဟိုးအရင်တုန်းတွေက ညဖက်တွေဆို အဖေက လှည်းတန်းထိပ်က ဆိုင်တန်းလေးတွေဆီကို လမ်းလျှောက်ပို့ပေးရင်း ရေခဲမုန့်ကျွေးတာတွေ ပြန်စဉ်းစားမိတယ်။ အဲဒီတုန်းက ရေခဲမုန့်က တစ်ခု တစ်မတ်ပဲရှိသေးတယ်။ 
.
ရုံးပိတ်ရက်တွေဆိုရင်လဲ လှည်းတန်းဘူတာကနေ သံလမ်းအတိုင်းလမ်းလျှောက်ပြီး ဆင်မလိုက်သဘောင်္ကျင်းနားက ကန်စွန်းခင်းတွေနား ကစားဖို့ လိုက်ပို့ပေးတတ်တယ်။ အဲဒီမှာ ရွံ့တွေဗွက်တွေနဲ့ ပေတူးနေအောင် ဆော့ပြီးမှ အိမ်ပြန်ကြတာ။ အခုမှ ပြန်တွေးကြည့်ရင် အဖေ့ရဲ့ training တွေက အတော်ကောင်းခဲ့တာ ပြန်တွေ့ရတယ်။ ကလေးကို ကိုယ့်အားကိုယ်ကိုး ကိုယ်ကြိုက်တာကိုယ်လုပ် ကိုယ်ဖြစ်ကိုယ်ခံ ဆိုတာမျိုးကို တော်တော်ငယ်ငယ်ကတည်းက မသိမသာ သင်ပေးထားတာ။ 
.
၂တန်း မတက်ရခင်နွေရာသီမှာလည်း အမေ့မောင်ဝမ်းကွဲက ကချင်ပြည်နယ် ကာမိုင်းမှာ မင်္ဂလာသွားဆောင်ဖို့ရှိတာကို ကျွန်တော့်ကို တစ်ယောက်တည်း သူတို့နဲ့ထည့်ပေးလိုက်တယ်။ ငယ်တော့ သိပ်မမှတ်မိပေမဲ့ မန္တလေး မြစ်ကြီးနား မိုးကောင်း ကာမိုင်း တို့ ရောက်ဖူးခဲ့တယ်။ ၂တန်းကျောင်းသားတုန်းက စိန့်ဖလိုးဘေးနားက မူလတန်းကျောင်းလေးမှာနေရတာ။ တစ်ရက်မှာ အပြန်ကျောင်းကားရောက်မလာတာနဲ့ ကျန်တဲ့သူတွေကစောင့်နေကြပေမဲ့ ကျွန်တော်ကိုယ့်ဘာသာ မဟာမြိုင်မှတ်တိုင်လောက်ကနေ လမ်းတန်းကုန်းဆင်းအထိ လမ်းလျှောက်ပြန်သွားတယ်။ ကလေးပျောက်လို့ ဆိုပြီး အုတ်အော်သောင်းနင်းဖြစ်ကုန်ရော.. :D 
.
အဲဒီအချိန်လောက်မှာပဲ အမေက လွိုင်ကော်ပြောင်းရတယ်။ ညီမတွေနဲ့ အရင်သွားနှင့်တော့ ရန်ကုန်အိမ်မှာ အဖေနဲ့ ကျွန်တော်ပဲကျန်တယ်။ ကျောင်းသွားရင် အဖေက အိမ်သော့လေးကိ ဘောင်းဘီအိတ်ထဲချိတ်လေးနဲ့ ထည့်ပေးထားတယ်။ ကျောင်းကပြန်ရောက်လို့ သော့ခတ်ထားရင် ကိုယ်ဘာသာဖွင့်ဝင်ပေါ့။ ညဖက် duty ကြရင်လည်း ကျွန်တော့်ဘာသာအိပ်ပေါ့။ ထမင်းစားဖို့က စားပွဲပေါ်မှာကြည့် ဟင်းမရှိရင် ပိုက်ဆံ ဆယ်တန်လေး ထားပေးခဲ့တယ်။ ကိုယ့်ဘာသာ လှည်းတန်းထိပ်နားက ရွှေမြိုင်ဆိုတဲ့ ဆိုင်လေးမှာ စတုမတူ ပုလင်းလွတ်လေးနဲ့ သွားထွက်ဝယ်ပေါ့။ 
.
အခုခေတ်လို တီဗွီလဲမရှိသေးပါဘူး။ စားသောက်ပြီးရင် ကျွန်တော့်ရဲ့အပန်းဖြေကစားနည်းက အိမ်ကြမ်းပြင်တွေ ပြည်အောင် မြေဖြူနဲ့ လေယာဉ်ပုံတွေဆွဲတာပဲ။ ကျောင်းပိတ်ရက်ဆိုရင် အဖေက သူ့ရုံးကို ခေါ်သွားတတ်တယ်။ (မင်္ဂလာဒုံ ၅၀၂) အဖေက လက်နက်အရာရှိဆိုတော့ ရုံးလိုက်သွားရင် သေနတ်စင်တွေကြား ကစားရတာပေါ့။ တစ်ခါတစ်လေ လေယာဉ်ရုံကို လိုက်ပို့တယ်။ လေယာဉ်တွေပေါ် တစ်စီးပြီး တစ်စီးတက်ကြည့် ဆော့ပေါ့။ တော်တော်ပျော်စရာကောင်းတယ်။ နေ့လည်နေ့ခင်းဆိုရင် လက်နက်တိုက်အရှေ့က အရိပ်ကောင်းတဲ့ ဗံဒါပင်ကြီး အောက်မှာထိုင်ပြီး တူသေးသေးတစ်ချောင်းနဲ့ ဗံဒါစေ့ထုစားတာ ပြန်စဉ်းစားမိတော့ အခုတောင် စားချင်စိတ်ပေါ်လာသေး။ 
.
စနေနေ့တွေဆိုရင် လှည်းတန်းဘူတာကနေ မြို့ပတ်ရထားစီးပြီး မြို့ထဲမှာ ရုပ်ရှင်လိုက်ပြလေ့ရှိသေးတယ်။ ရထားခက ပြားသုံးဆယ်။ ဘုရားလမ်းဘူးတာမှာဆင်း … စကော့စျေးကို ဖြတ်ထွက်ပြီးရင် ရုပ်ရှင်ရုံတွေဖက် လမ်းလျှောက်သွားတာပေါ့။ အများအားဖြင့် ပပဝင်းနဲ့ ဂုဏ်ရုံမှာ ကြည့်လေ့ရှိတယ်။ ရုပ်ရှင်ပြီးရင် လဟာပြင် စျေးထဲမှာ ဆီချက်ဝယ်ကျွေးတယ်။ 
.
အဖေ မိထ္ထီလာရှမ်းတဲလေတပ်ကို ပြောင်းရတော့လည်း ကျွန်တော်တစ်နှစ်လောက် လိုက်နေဖြစ်သေးတယ်။ အရာရှိရိပ်သာ လူပျိုဆောင်အခန်းမှာပဲ။ ရှေးဟောင်းနှောင်းဖြစ်တွေ ပြန်စဉ်းစားရင် ဟိုရောက်ဒီရောက်နဲ့ ဆုံးမှာကို မဟုတ်ဘူး။ ကိုယ့်ရဲ့သားတော်မောင်လေးကိုလည်း အဖေက ကျွန်တော့်ကို ပြုစုပျိုးထောင် ပေးသလောက် ကောင်းကောင်လုပ်ပေးနိုင်ပါ့မလားလို့တောင်တွေးမိတယ်။ ဒါနဲ့ အဖေ့ရဲ့ training အထိုက်အလျောက် ရအောင်ဆိုပြီး မောင်ထွန်းလင်းထွန်းကို အဖေတို့အိမ်ဖက် တစ်ပတ် နှစ်ခေါက်လောက် သွားသွား ပို့ပေးနေတယ်။ အဖေတို့အမေတို့လည်း သူတို့မြေးဦးလေးဆိုတော့ ကလေးသွားပို့ရင်ပျော်တာပေါ့။ 
.
သားလေးရပြီးမှ Life is Beautiful ရုပ်ရှင်ကားကို ဟိုးတလေလေးက Family TV5က ပြန်ပြလို့ ကြည့်မိတယ်။ မျက်ရည်ကျပြီး စူးစူးနစ်နစ်ခံစားရတယ်။ အရင်ကြည့်တုန်းက ဝမ်းနည်းခံစားရပေမဲ့ မတူဘူး။ ဘေးမှာ ကွေးကွေးလေးအိပ်ပျော်နေတဲ့ သားလေးကိုလှည့်ကြည့်ရင်း ရုပ်ရှင်ကားထဲက ကလေးအဖေလောက် မစွမ်းဆောင်နိုင်ရင်တောင် အဖေ အတတ်နိုင်ဆုံး သားကလေးကို စောင့်ရှောက်ပျိုးထောင်ပေးသွားမယ်လို့ … စိတ်ထဲကပြောနေမိတယ်။

Friday, August 7, 2009

ထွန်းလင်းထွန်း တစ်နှစ်ပြည့်မွေးနေ့


မနေ့ကသားသား အသက်တစ်နှစ်ပြည့်မွေးနေ့ပေါ့။ ဧည့်သည်တွေမဖိတ်ဖြစ်တော့ပဲ နှစ်ဖက်အဖိုးအဖွား အန်တီများ သားရဲ့ဝမ်းကွဲမောင်နှမများနဲ့ပဲ မွေးနေ့ပွဲလေးကို အိမ်မှာပဲလုပ်ပေးဖြစ်တယ်။
 
ကိတ်မုန့်ကတော့ မော်လမြိုင်ရောက် သူ့ဒေါ်ကြီး sponsor လုပ်သွားတာပေါ့။ တီတီနှစ်ယောက်က ဘောလုံးတွေဝယ်လာပြီး မှုတ်ပေးသေးတယ်။ သားကြိုက်တယ်ဗျ။ 

 ဖေဖေ မေမေတို့ရဲ့ မွေးနေ့လက်ဆောင် ကားပုံတဲ။ အထဲမှာ ရောင်စုံဘောလုံး တစ်ရာပါတယ်ဗျ။   သားမွေးနေ့လက်ဆောင်ရတဲ့ ငါးဖန်ချိုင့်လေးပေါ့။ သားကတော့ တစ်ခါတည်း လက်နှိုက်ထည့်ပြီး ငါးဖမ်းဖို့ လုပ်တော့တာပဲ

  

Tuesday, August 4, 2009

Kiss 2 ဒုတ္ခ


သိပ်မကြာသေးခင်က ကိုယ့်မဟေသီ ဂျပန်ကအပြန် Canon EOS Kiss-2 (450D) တစ်လုံးဝယ်လာလေရဲ့။ ဝယ်ဖြစ်သွားတဲ့အကြောင်းအရင်းက ဂျပန်ကိုအသွား အိမ်မှာ ကင်မရာမေ့ခဲ့ပါလေရော။ တိုကျိုရောက်တော့ ဟိုရိုက်ဒီရိုက် ဓါတ်ပုံရိုက်ချင်စိတ်ကပေါက်လာ ကင်မရာကမရှိ .. အဲဒီတော့ ဝယ်ရိုက်မယ်ပေါ့။ အိမ်မှာက အသေး တစ်လုံး (Sony CyberShot) တစ်လုံးရှိပြီးသားလဲဖြစ်နေ ယောက်ျားဖြစ်တဲ့ ကျွန်တော်က တစ်ချိန်မှာ SLR တစ်လုံးဝယ်မယ်လိ်ု့ ပြောထားဖူးတော့ ရသိန်းခွဲလောက်တန်ဖိုးရှိတဲ့ အဲဒါကြီးကို ဝယ်ချလာပါလေရော။ 
.
ဝယ်လာတော့လဲ ဟိုရိုက်ဒီရိုက် ရိုက်ဖြစ်တာပေါ့။ ဒီကင်မရာလေးရမှ ကိုထွန်းခိုင်ကြီး ကင်မရာကြီးယူခဲ့ပါဦး စမ်းကြည့်ရအောင် ဓါတ်ပုံထွက်ရိုက်ရင်ခေါ်မယ်နော်... စသည်ဖြင့် ဓါတ်ပုံဆရာမိတ်ဆွေအချို့ရဲ့ လူရာသွင်းမှုကို ခံရလို့လဲ ဝမ်းသာရသေး ခွိ။ ဓါတ်ပုံရိုက်မှ ကင်မရာကြီးရှိမှ လူရာဝင်ပေသကိုး။ ကောင်းလှောင့်တေး ကောင်းလှောင့်တေး။ ဒါကြီးရပြီးတော့ မျောက်အုန်းသီးရသလို ဟိုရိုက်ဒီရိုက်ပေါ့။ မွန်ဂိုလီးယားသွားတုန်းက ဒါကြီးယူသွားဖြစ်လို့ ရှုခင်းတွေ ရိုက်လို့ကောင်းလိုက်တာ။ Kit Lens 18-55 နဲ့ပဲဆိုတော့ တစ်ချို့ပုံတွေရိုက်ရတာ စိတ်သွားတိုင်း ကိုယ်မပါ။ တယ်လီဆွဲရိုက်ချင်သလိုလို အပါချာကျယ်တဲ့ မှန်ဘီလူးမျိုး လိုချင်လာသလိုလို ... အင်း ငွေတော့ ထပ်ကုန်ချေတော့မည်။ 
.
လွန်ခဲ့တဲ့ တစ်ရက်နှစ်ရက်က ကြည့်ဖြစ်တော့ အားပါးပါး ကင်မရာကြိုးမှာ မှိုတွေကပ်နေပါလား ဒါနဲ့ ပြူးတူးပြဲတဲ နဲ့ ပျက်ပြီလားဆိုုပြီး နားလည်သူများကိုပြရသပေါ့။ တော်သေး၏။ Lens တို့ Sensor တို့အထိ မှိုမရောက်သေး။ ဒီအတိုင်းပဲ သူ့အိတ်ထဲထည့်ပြီး ဘီဒိုထဲ ထည့်ထားတာကိုး။ ကိုသူရကြီးကတော့ dry box ဆိုလားဝယ်ပြီး သိမ်းရမတဲ့ တစ်သိန်းခွဲ နှစ်သိန်းလောက်ရှိသတဲ့ မြတ်ချွာဖျား .... lens ဝယ်ချင်လို့ ယားနေတာတောင် ပိုက်ပိုက် သိပ်မရှိလို့ ငြိမ်နေရတာကို။ ဒါပေမဲ့ သုံးလေးသောင်းလောက် အကုန်ခံပြီး box တစ်မျိုးနဲ့ ထည့်သိမ်းလဲ ရသတဲ့။ လောလောဆယ်တော့ ဘုရားစင်ထဲထည့်ပြီး ၂၄နာရီမီးထွန်းထားတယ်။ ကောင်းရော။ ယောက်ခမကတော့ မနက် ဘုရားရှိခိုးရင် ကိုယ်တို့ရဲ့ Canon Kiss-2 ကြီးကိုပါ အဆစ် ကန်တော့နေရလေရဲ။ သာဓု သာဓု သာဓု .... :D

Saturday, August 1, 2009

ဝတ်စုံအသစ်နဲ့ သားသား

သူ့အမေချုပ်ပေးထားတဲ့ ဝတ်စုံအသစ်နဲ့ စတိုင်ကျနေတဲ့ သားသား

Thursday, July 30, 2009

နားခိုရာအတွက် နားခိုရာ

ပြီးခဲ့တဲ့ နှစ်လကျော်လောက်ကစပြီး တိုက်ခန်းလေးတွေလိုက်ကြည့်ဖြစ်တယ်။ အခန်းကျဉ်းကျဉ်းလေးပဲဖြစ်ဖြစ် ရှစ်ထပ်ပဲတက်ရတက်ရ ကိုယ်ပိုင်ဆိုတဲ့ ခံစားမှုလေးရချင်လို့ပါ။ ညနေဖက် မောမောနဲ့ ပြန်လာရင် ကိုယ့်အိမ် ဆိုတဲ့ feeling မျိုးလေးလိုချင်တာပေါ့။ Sense of ownership လို့ဆိုရမလား။ ငှားနေတဲ့ အိမ်ခန်းဆိုတော့ နေရထိုင်ရ အဆင်ပြေဖို့ ရေပိုက်တွေထပ်တပ်တယ်၊ မီးရိုက်တယ် ဘာဟယ် ညာဟယ် ပြင်ရမယ်ဆိုရင် ကိုယ့်အခန်း မဟုတ်ဘူးဆိုပြီး တော်ရုံသင့်ရုံ temporary လောက်တွေပဲပြင်တော့ တစ်ချို့နေရာတွေမှာ ဖြစ်သလို နေနေရသလိုပဲ။ နောက်တစ်ချက်က မှန်မှန်ပေးပေးနေရတဲ့ အိမ်လခပေါ့။ အခုနေတဲ့ အခန်းအတွက် စပြီး ငှားစဉ်အခါကတော့ တစ်နှစ်စာကြိုပေးရတယ်။ တစ်လကို ခြောက်သောင်းဆိုတော့ သုံးသိန်းခြောက်သောင်းပေါ့။ တစ်နှစ်ဆိုတာလဲ ဖင်လှည့် ခေါင်းလှည့်နဲ့ ဘယ်လို ကုန်သွားမှန်းကိုမသိလိုက်ပါဘူး။ နောက်တစ်ခေါက် အိမ်လခ ထပ်ပေးဖို့ ရှာရဖွေရပြန်ရော။ အခုတော့ ခြောက်လစာပဲ ကြိုပေးတော့တယ်။ ဘာပဲဖြစ်ဖြစ်ပေးနေရသေးတာပဲလေ။
.
 ဒါနဲ့ပဲ ညီလေးမောင်ဝင်းထိန်ရဲ့ အကြံပေးချက်အတိုင်း ပထမအဆင့် အပတ်စဉ် စျေးကွက်ဂျာနယ်ကိုဝယ်၊ အကျိုးဆောင်တွေရဲ့ကြော်ငြာကဏ္ဍထဲက အိမ်ခန်းလေးတွေနဲ့စျေးနှုန်းတွေကို လေ့လာဖြစ်တယ်။ အခန်းတစ်ခု ဝယ်တော့မယ်ဆိုရင် ကိုယ့်အတွက် လိုအပ်မဲ့ Basic Criteria တွေကို စဉ်းစားရတာပေါ့။ ၁) နေရာပေါ့။ ဘယ်မြို့နယ်လဲ မြို့ထဲနဲ့နီးလား အလုပ်ကို သွားဖို့ပြန်ဖို့ အဆင်ပြေလား။ စျေးနဲ့နီးလား။ ရပ်ကွက်မှာ နေထိုင်ကြတဲ့ လူတွေရဲ့ Culture စသည်ဖြင့်ပေါ့။ ပြီးတော့ နှစ်ဖက်မိဘ တစ်အိမ်အိမ်နဲ့ နီးချင်တယ်။ လိုအပ်ရင် သားလေးကို အလွယ်တကူသွားပို့ထားလို့ရအောင်ပေါ့။ အခုက Taxi နဲ့ တကူးတကကို သွားပို့ ပြန်ကြို လုပ်နေရတာ။ ယောက်ခမတွေအိမ်ဖက်ကြတော့ ကျွန်တော်တို့လင်မယားနှစ်ယောက် ရုံးသွားရုံးပြန် နည်းနည်း ဝေးတယ်။ 
.
ဒါနဲ့ ကျွန်တော့်အမေတို့နဲ့ နီးတဲ့ ဗိုလ်တထောင်ဖက်ကို ရှာကြည့်မည်လို့ ပထအဆင့်ဆုံးဖြတ်တယ်။ မိန်းမရုံးသွားဖို့ကလည်း ဘတ်စ်ကားစီးရင်တောင် သုံးမှတ်တိုင်ဆိုရောက်ပြီ။ အဆင်ပြေတာပေါ့။ ၂) အခန်းရဲ့အကျယ်အဝန်းပေါ့။ ၁၂ပေခွဲအခန်းကနေ ပေအစိတ်အထိအမျိုးမျိုးရှိတဲ့အထဲက ကိုယ့်အတွက် ဘယ်လိုအဆင်ပြေမလဲစဉ်းစားတော့ အနည်းဆုံး ၁၈ပေ x ပေ ၆၀ လောက် အကျယ်ကို လိုချင်တယ်လို့ ဆုံးဖြတ်တယ်။ ၃) အထပ်။ တတ်နိုင်ရင်တော့ လေးထပ်၊ အထက်မှာတော့ ဘယ်နေချင်မလဲ။ အခုနောက်ပိုင်း Body Weight ကလည်း တက်လာတော့ မြင့်မြင့်တက်ရင် မောတယ်။ ဒါပေမဲ့ တတ်နိုင်တဲ့ ငွေလေးကလည်း အကန့်အသတ်ရှိတော့ နေရာကလည်းကောင်း၊ အခန်းကကျယ် အထပ်က နိမ့် ဆိုတာမျိုးတော့ ဘယ်ရနိုင်မလဲ။ တစ်ခုခုကို Sacrifice လုပ်ရတော့မှာပေါ့။ 
.
ဒါနဲ့ ကိုယ်လိုချင်နဲ့ နေရာ (ဗိုလ်တထောင်)တစ်ဝိုက်မှာ အခန်းကျယ်လိုချင်တယ်လို့ ဆုံးဖြတ်တယ်။ မောရင်လဲ မောပါစေ အထပ်မြင့်ကိုပဲ တက်မယ်လို့။ ကိုယ်လိုချင်တာဘာလဲလို့ သေချာသွားတဲ့အချိန်မှာ အခန်းတွေလိုက်ကြည့်ဖြစ်တယ်။ ပထမပိုင်းမှာ အကျိုးဆောင်တွေကို ဖုန်းဆက်ချိန်း၊ သူတို့က လိုက်ပြပေါ့။ သူတို့က ကိုယ့်ကိုချိန်း အိမ်ရှင်ကိုပြန်ချိန်း၊ သူ မအား ကိုယ်မအားနဲ့ လဝက်လောက်မှာ သုံးလေးခန်းလောက်ပဲ ကြည့်ဖြစ်တယ်။ 
.
ဒါနဲ့ ကိုယ်လိုချင်တဲ့နေရာတဝိုက်မှာ အဓိကလုပ်တဲ့ ပွဲစားနဲ့ ဆက်မိမှ အခန်းတွေကို တောက်လျှောက်ကြည့်ဖြစ်တယ်။ သူတို့နဲ့ တစ်ပတ်လောက် အတွင်း ဆယ့်ငါးခန်း အခန်း၂ဝလောက် ကြည့်ဖြစ်တယ်။ တစ်ရက်ထဲကို ခုနစ်ထပ်၊ ရှစ်ထပ်ကို လေးငါးခါလဲ တက်ဖြစ်တယ်။ စျေးတွေက ၂၀၀ ဝန်းကျင်။ လိုက်ကြည့်ဖြစ်တဲ့ အခန်းလေးတွေရဲ့ Layout ကို အကြမ်းဆွဲ၊ ဓါတ်ပုံရိုက်ယူပေါ့။ စျေးကို ၁၅ဝနဲ့ ၂ဝဝလောက်အတွင်းပဲ ကြည့်မယ်လို့ ဆုံးဖြတ်တော့ ရလွှာ၊ ၈လွှာတွေပဲရတယ်။ ကိစ္စမရှိဘူး။ အခန်းတွေတော်တော်များများကြည့်ပြီးတဲ့အခါ မဟေသီကို အစီရင်ခံပြီး Short List လုပ်ရတာပေါ့။ အဲဒီအထဲကမှ သူ့ကို ခေါ်ပြီး Second Time ထပ်ကြည့်ဖို့ စီစဉ်ရတယ်။ ကနဦးလိုက်ကြည့်တုန်းက မိန်းမက ရုံးတက်နေရတော့ လိုက်မကြည့်နိုင်ဘူးလေ။
.
 အသေးစိတ်ကြည့်ပြီဆိုမှ ဘယ်Contract လဲ၊ တိုက်ရဲ့ ခန့်မှန်းသက်တမ်း၊ လှေကားအနေအထား၊ ကိုယ်ပိုင်မီတာ ကိုယ်ပိုင် ရေစက်လား၊ ရေကောင်းရဲ့လား ဂျိုးဖြူလား အဝီဇိလား၊ အိမ်သာ ရေချိုးခန်းအခြေအနေလှေကားက ကိုယ့်တစ်ခြမ်းတည်းအတွက်လား မျက်နှာခြင်းဆိုင်မှာ အခန်းရှိလား... ဘာညာတွေပေါ့။ အတော်များများကတော့ ပထမအကြိမ်ကြည့်ကတည်းက မေးပြီးသားတွေပါ။ ဒါနဲ့ပဲ ၅၂လမ်းထဲက ရလွှာအခန်းလေးတစ်ခုကို ယူဖို့ဆုံးဖြတ်တယ်။ အိမ်ရှင်နဲ့ တွေ့ စျေးစကားပြောပေါ့။ တစ်ရက်ထဲနဲ့ ကိစ္စပြတ်သွားပြီး စရံငွေ တစ်ဆယ်ပေးခဲ့တယ်။ 
.
တကယ်အရောင်းအဝယ်လုပ်ရင် စစ်ဆေးရမဲ့ စာရွက်စာတန်းတွေကများသား။ လက်ရှိပိုင်ရှင်တွေ ဒီအခန်းကို ဝယ်ခဲ့တုန်းကစာချုပ်။ ပြီးတော့ ဝယ်ခဲ့ကြတဲ့ စာချုပ်အစဉ်အဆက်၊ Contractor နဲ့ပထမဆုံးဝယ်တဲ့လူတို့ရဲ့စာချုပ်၊ အဲဒီမှာ မြေရှင်လက်မှတ်ထိုးထားလား ကြည့်ရတယ်။ ပြီးရင် အဲဒီလူနဲ့ နောက်လူရဲ့စာချုပ် ... အခုပိုင်ရှင်လက်ထက်ရောက်တဲ့အထိ စာချုပ်တွေ။ လက်ရှိပိုင်ရှင်က နှစ်ဦးမြောက်ပဲဆိုတော့ စာချုပ်နှစ်ခုပဲပေါ့။ ပြီးရင် လူနေထိုင်ခွင့်မိတ္တူ၊ လျှပ်စစ်မီတာ ပါမစ်စာရွက်၊ BQ copy၊ မီတာခ ရေခွန်ဆောင်ထားတဲ့ ဖြတ်ပိုင်းတွေ၊ မြေရှင်ကို အိမ်လခပေးထားတဲ့ ဖြတ်ပိုင်းတွေ ... လုပ်ပေးတဲ့ ပွဲစားက အမေ့အမျိုးဆိုတော့ ဒါတွေကို ဂရုတစိုက်လုပ်ပေးတယ်။ အဆင်ပြေတာပေါ့၊ 
.
လက်ရှိနေနေတဲ့ အိမ်ငှားတွေ ဆင်းပြီး ငွေအကြေချေတော့မှ မြေရှင်တိုက်ပိုင်ရှင်ဆီမှာ နံမည်ပြောင်းရမှာ။ ရှုပ်နေတာပဲ။ စာချုပ်အတုနဲ့ လိမ်ရောင်းသွားတာတို့၊ လင်မယားကွဲနေပြီး အမျိုးသားနံမည်နဲ့ ဝယ်ထားတာကို အမျိုးသမီးကရောင်းသွားတာတို့၊ မောင်နှမတွေကို အသိမပေးပဲ တစ်ယောက်က ရောင်းတာတို့ အမျိုးမျိုးရှိသတဲ့။ စစ်ဆေးနိုင်မှ တော်ခါကြတယ်တဲ့။ ဗဟုသုတတော့ရသားရယ်။ အခန်းကတော့ Hall Typeကြီး။ သုံးပုံနှစ်ပုံလောက်တော့ရှာထိုးခင်းထားတယ်။ အခန်းဖွဲ့တာ ပြင်ဆာင်တာ တော်တောများများပြန်လုပ်ရမှာ။ တစ်ခုကောင်းတာက ကိုယ့်စိတ်ကြိုက်လုပ်လို့ရတာပေါ့။ ဖျက်နေစရာ မလိုဘူးပေါ့။ မကောင်းတာက စရိတ်တွေထပ်ကုန်မှာပေါ့။ အခုဝယ်တာရော ပြင်တာရောအတွက် စုစုပေါင်းငွေရဲ့တစ်ဝက်ကို ချေးရမှာ။ ဘာပဲဖြစ်ဖြစ်ဝယ်ဖြစ်သွားတာပေါ့။ လက်ရှိငှားထားတဲ့ အခန်းကလဲ ဒီဇင်ဘာလကုန်မှ ပြည့်မှာဆိုတော့ အေးအေးဆေးဆေးကို ပြင်လို့ရပါတယ်။ နားခိုရာအတွက် ကိုယ်ပိုင် Brick and Motor နားခိုရာလေးပေါ့ဗျာ ...