Friday, January 22, 2010

အဖေ့ဒိုင်ယာရီထဲက ကျွန်တော် (၄)

30.3.72
ည ၂နာရီခန့်တွင် သားတက်သည်။ မမလေးမှာသည့်အတိုင်လုပ်ကြသည်။ သူခိုင်းသမျှလုပ်ရာမှ ယခုလို တက်လာခြင်းဖြစ်သည်။

မနက်၉နာရီခန့် ညှော်နံ့များရသည်။ မနေ့က တနေ့လုံးသူ့အဖွား ဝင်းထဲအိမ်တွင်သွားချုပ်ထားသော ပိတ်ခြင်ထောင်ထဲဝင်နေသည်။ အညှော်နံ့ပျောက်ပျောက်ခြင်း အပြင်မထွက်မိဘဲ ခဏနေမိသည်။ သားသည် မှေးမှေးလေး အိပ်နေရာမှ တက်လာသည်။ မမလေးမှာသည့်အတိုင်း လုပ်ကြသည်။ သူ့အဖွားက ကြက်သွန်ဖြင့် မှုတ်ခြင်းက အကျပို၍ မြန်သည်ဟုဆိုကာ ကြက်သွန်ဖြင့်မှုတ်သည်။ ကြက်သွန်ကြောင့်လား မမလေးဆေးကြောင့်လားမသိ အတက်ကျသွားသည်။ သူမှာသည့်အတိုင်း သုံးဘီးကားခေါ်၍ ကန်တော်ကြိး ၂ပတ်လိုက်မောင်းပြီး ပြန်လာခဲ့သည်။ အပြန် မမလေး ရုံးသို့ဝင်သည်။ မရောက်သေး။

အိမ်ပြန်ရောက်ပြီး ထမင်းစားသောက်ပြီးနောက် မမလေးရုံးသို့ ထပ်သွားသည်။ မရောက်သေး။ တနာရီကျော်မှရောက်မည်ဟုဆိုသည်။ အိမ်ပြန်ရောက်ပြီး နောက်ထပ်သွားမှ တွေ့သည်။ ညကနှင့် ဒီမနက် ၂ကြိမ်တက်ကြောင်း ပြောပြရာ သူမှာထားသည့်အတိုင်းပင်လုပ်ရန်ပြောသည်။ ဝမ်းချုပ်ကြောင်း မနေ့က ဝမ်းမသွား၍ Baby Lex တိုက်ရာ မနက်တက်ပြီးတုန်းက ဝမ်းသွားကြောင်း ပြောပြသည်။ တခြားဘာဆေးမှ မတိုက်ရန် သူမှာသည့်အတိုင်းလုပ်က ဝမ်းသွားမည်ဖြစ်ကြောင်းပြောသည်။

အိမ်ပြန်ရောက်ပြီးနောက် သူမှာခဲ့သည်များကို ပြောပြသည်။ လောလောဆယ် ဘာဆေးမှ မတိုက်သေးရန် ပြောသည်။ ညနေ လေးနာရီခန့်တွင် အိပ်ယာမှ နိုးလာရာမှ တက်ပြန်သည်။ ခါတိုင်းထက် နည်းနည်းပိုကြာသည်။ မျက်ဖြူလန်လွန်း၍ မမလေးမှာသည့်အတိုင်း မျက်စိထဲသို့ ရှောက်ရည်အနည်းငယ် ခပ်လိုက်မိသည်။

ဒီတခေါက်တက်ပြီးနောက် ဒီအိမ်တွင် ပူ၍လှောင်၍ ဖြစ်မည်ဟုထင်၍ ဝင်းထဲအိမ်သို့သွားကြသည်။ တအိမ်လုံး ဝမ်းသာကြသည်။ ကိုစုရောက်လာသည်။ အကျိုးအကြောင်းပြောပြသောအခါ ကိုစု အိမ်ခဏ ပြန်သွားသည်။ ပြန်လာသောအခါ ယခုလိုဖြစ်ခြင်းသည် မိဘမောင်နှမများ စိတ်တွင်ထင်သလို အပ ပရာဂ တစုံစရာကြောင့် မဟုတ်ကြောင်း အားလုံးကောင်းသွားအောင် ၁.၄.၇၂ စနေနေ့ညနေဖက်နေဝင်ချိန်တါင် ရွှေတိဂုံဘုရာ်း စနေဒေါင့်၌ ဆီမီးပူဇော်ရန်ပြောသည်။ ဖယောင်းတိုင်တထုတ်ကိုလည်းပေးသည်။ ဘိုးဘိုးများက ပေးလိုက်သည်ဟု ဆိုသည်။ ကိုစုက ဤသို့ဆို၍ အားလုံး စိတ်လက်ပေါ့ပါးသွားကြသည်။

သားအားစိတ်မချနိုင်ပဲ ၂ယောက်လုံး စောင့်ကြည့်နေမိသည်။ ည ၁ဝနာရီခန့်တွင် တခါတက်ပြန်သည်။ မမလေး မှာသည့်အတိုင်းပင် လုပ်ကြသည်။ ခဏအကြာတွင်ကောင်းလာသည်။ ယခုဆိုလျှင် ၁၈.၃.၇၂ ရက်နေ့မှစက စုစုပေါင်းတက်သည်မှာ ၅ကြိမ်ရှိပြီဖြစ်သည်။ တကြိမ်တက်ပြီးတိုင်း သားသည် သိသိသာသာ ပင်ပန်း နွမ်းနယ်ပုံပေါ်သည်။

သားလေးလုံးဝကောင်းလာပါစေ .....

No comments: