Wednesday, March 2, 2016

အချိန်တွေကုန်တာအရမ်းမြန်လှတယ်။ ဒီဘလော့လေးကို မထိဖြစ်မကိုင်ဖြစ် မရေးဖြစ်တာ ၁၆နှစ်နီးပါးရှိပါရော့လား။ ဘုရားရေ... တကယ်ပဲ အဲဒီလောက်အချိန်တွေကြာသွားပြီလား။ ဘာရယ်မဟုတ် စိတ်ထဲသတိရလို့ ပြန်ဝင်ကြည့်မိတော့ နောက်ဆုံးရေးဖြစ်ခဲ့တာ ၂၀၁၀ သင်္ကြန်ကာလ။

Facebook ဆိုတာကြီးပေါ်လာပြီးကတည်းက ပြောဆိုဆွေးနွေးလေ့ရှိကြတဲ့ Forum မှာလည်း လူတွေနည်းလာ ကိုယ့်ကိုယ်ပိုင် Blog မှာလည်း ဝင်မရေးဖြစ်တော့ပဲ နေစဉ် Facebook ထဲမှာပဲ ကျင်လည်ဖြစ်ခဲ့ကြတာ ကြာလှပေါ့....

Monday, April 19, 2010

အော် သင်္ကြန် သင်္ကြန်

ဘာလိုလိုနဲ့ သင်္ကြန်တစ်နှစ်ကုန်သွားပြန်ပါရော့လား။ ဒီနှစ်လား ... ဟင်အင်း ဘယ်မှကို မထွက်ဖြစ်ပါဘူး။ နေအရမ်းပူတာလဲတစ်ကြောင်း အသက်ကြီးလာလို့ အပျင်းထူလာတာကလည်း တကြောင်းပေါ့။ အိမ်မှာပဲ နေဖြစ်တယ်။ သားလေးကို ကောင်းကောင်း အချိန်ပေးနိုင်တာပေါ့။ Family TV ကလာတဲ့ ရုပ်ရှင်တွေကြည့်တယ်။ 24 Hour (6th Season) ကြည့်တယ်။ ဘီယာသောက်တယ်။ အိပ်တယ်ပေါ့။ 
.
ဟိုနားဒီနား ဓါတ်ပုံထွက်ရိုက်ဦးမယ် စိတ်ကူးပေါက်ပေမဲ့ နေအရမ်းပူနေတာကိုကြည့်ပြီး မထွက်ဖြစ်ဘူး။ ကန်တော်ကြီးဖက် ကလေးကိုလိုက်ပြဦးမယ်လို့ မိန်းမကိုပြောဖြစ်ပေမဲ့ အဲဒီညနေက သားအဖနှစ်ယောက် အဲကွန်းလေးဖွင့်ပြီး အားရပါးရအိပ်ပျော်နေကြတာ ညနေ ခြောက်နာရီခွဲလောက်မှနိုးတယ်။ အဲဒီအချိန်မှာ မိန်းမက သူ့ရုံးရဲ့ security focal person ဆိုတော့ ဖုန်းတွေ လာလိုက် ပြန်ဆက်လိုက်နဲ့ သောက်သောက်လဲကို အလုပ်ရှုပ်နေတယ်ဆိုပဲ ... :) အတက်နေ့တော့ ချက်ပြုတ်ရပျင်းတယ်ဆိုပြီး အမေတို့အိမ်သွားစားသောက်ကြတာပေါ့။ ပြီးတော့ ကလေးကိုချီပြီး အနီးအနား လမ်းလျှောက်ရေပက်ခံထွက်ပေးလိုက်တယ်။ သူ့အတွက် ပထမဆုံး သင်္ကြန်အတွေ့အကြုံပေါ့။ 
.
အင်တာနုက်လား .... ဗိုလ်တထောင်ဘုရားလမ်းက ကိုဇော်ဝင်းထွန်းတို့ဆိုင်က ညနေခြောက်နာရီကျော်ရင် ဖွင့်တယ်။ မိန်းမကတော့ နေ့တိုင်းသွားပြီး facebook game တွေ ဆော့လေရဲ့။ အဲဒီအချိန်ဆို ကိုယ်က ကလေးထိန်းပေါ့။ ကံကောင်းထောက်မစွာ ဘယ် customer တွေဆီကမှ ဖုန်းမလာဘူး။ အထူးသဖြင့် ဆေးရုံတွေပေါ့။ ဒီလိုရက်မျိုးမှာ server down တယ်ဆိုတာမျိုးဖြစ်ရင်တော့ သေပြီဆရာ.... ကိုယ်တိုင်ပြေးပေတော့။ ရုံးက ကလေးအတော်များများက နယ်ပြန်ကုန်ကြတာလေ။ 
.
Family TV ကြည့်ရင်း လိုင်းတွေအားလုံးပွင့်နေတော့ ငါ့ program များ တစ်ခုခုဖြစ်ပြီလားစိတ်ပူရသေး ...ဒါပေမဲ့ သင်္ကြန်ရက် သူတို့ promotion လုပ်တဲ့အနေနဲ့ ဖွင့်ပေးထားတာဖြစ်မယ်လို့ တွေးမိမှ စိတ်အေးသွားရတယ် .... :)  ဘောဒါတွေနဲ့လား .... ဒါလည်း မဆုံဖြစ်ဘူး။ ဘကြီးဇော်မိုးက တံငါသည်ကျွန်းအလည်သွားပြီး ကိုရဲက တောင်ကြီးတက်လေရဲ့။ မြေနီကုန်းက မောင်ဖိုးလ ဆီလဲ မရောက်ဖြစ်လိုက်ဘူး။ အိမ်နားနီးတဲ့ ညီလေး မောင်ဝင်းထိန်ကတော့ အလည်လာဖို့ ခေါ်ပေမဲ့ မသွားဖြစ်ပါဘူး။ လိမ်ပိန်ပြီး အပျင်းတစ်နေတာ။ ဘီယာကုန်လို့ ဆင်းးဝယ်တဲ့အချိန်လေးတွေပဲ အိမ်အောက်ဆင်းဖြစ်တယ်။ မီးကလည်း မှန်နေတော့ ဘီယာဗူးလေးတွေဝယ် ရေခဲသေတ္တာထဲထည့် ရုပ်ရှင်ကြည့်ရင်း တစ်ဗူးချင်းထုတ်သောက် ... မိန်းမချက်ကျွေးတာလေးတွေစား... ဇိမ်ကျလေစွ။ စာရင်းချုပ်လိုက်တော့ သမင် ၁၂နှစ်က တစ်လီတာ၊ လက်ကျန် High Commissioner နဲ့ ခြင်္သေ့ဘီယာက ဘူးသုံးဆယ်လောက်ပါပဲ ....

Saturday, February 27, 2010

အင်တာနက်ကဖေးတဲ့လား

အတော့်ကို ဝန်ဆောင်မှုလဲကောင်းတဲ့ အင်တာနက်ဆိုင်တစ်ခုကနေ အခုပဲထွက်လာတာ။ တစ်ခါမှကို မတွေ့ဖူးပါဘူး။ တကယ်ပါပဲ... ဒီနေ့က လပြည့်နေ့။ မနေ့ညကလည်း ဘကြီးဇော်မိုးတို့ ကိုရဲတို့နဲ့ အိမ်နားက ဘီယာဆိုင်လေးမှာ ထိုင်ပြီး Myanmar ICT လောကကြီးအကြောင်းလေပေါလိုက်တာ ညနည်းနည်းနက်သွားတယ်။ ဒါနဲ့ မနက်က နောက်ကျမှ နိုးတယ်။ ဒီနေ့က MICT Park ထဲမှာလုပ်နေတဲ့ Software and Solutions Exhibition ရဲ့ ဒုတိယနေ့။ သွားလိုက်ပါဦးမယ်ဆိုပြီး အိမ်ကထွက်အလာ စိတ်ကူးပေါက်ပြီး အီးမေးလေးစစ်ဦးမှဆိုပြီး အနော်ရထာလမ်းပေါ်က ၅၁လမ်းနား အင်တာနက်ဆိုင်တစ်ခုထဲဝင်လိုက်တယ်။
.
 ပုံမှန်သုံးနေကြဆိုင်က ဗိုလ်တထောင်ဘုရားလမ်းပေါ်မှာ။ အခုဝင်လိုက်တဲ့ဆိုင်က တစ်ခါမှ မသုံးဖူးသေးဘူး။ ဒါပထမဆုံအကြိမ်ပဲ။ ပထမဆုံး goal.com ခေါ်လိုက်တယ်။ ပြီးတော့ facebook ခေါ်တယ်။ ဒီအထိ အိုကေသေးတယ်။ ပြီးတော့ Three Kingdoms ကစားဖို့ခေါ်တယ်။ mcpa အသင်း siteကို ကြည့်မယ်ဆိုပြီးခေါ်တယ်။ ပြီးတော့ dpreview.com... myanmaritpro... တစ်ခုမှ တက်မလာဘူး။ web proxy တစ်ခုရဲ့ page ကြီးတက်လာတယ်။ ဒါနဲ့ service လုပ်တဲ့ကောင်လေးကို လှမ်းခေါ်ပြီး ကြည့်ပါဦး ဘာလို့တက်မလာတာလဲလို့ ဆိုတော့ ကောင်လေးက ကြည့်ပြီး ဘာတွေလျှောက်ခေါ်ထားတာလဲတဲ့ .... နည်းနည်းတင်းသွားတယ်။ ကိုယ့်ဘာသာ ဘာခေါ်ခေါ်ပေါ့။ ငွေပေးသုံးနေတဲ့ဟာကို။ မခေါ်စေချင်တဲ့ site တွေကို သက်ဆိုင်ရာက သူ့အစီအစဉ်နဲ့တားပြီးသားပ ဲမဟုတ်လား။ (ကျော်ခွကြည့်တာကတော့ တစ်ကဏ္ဍပေါ့)။ ဒါနဲ့ ငါဖာသာဘာ site ခေါ်ကြည့်ကြည့် ဘာလို့မတက်လဲသာကြည့်ပေးဆိုတော့ ကောင်လေးက ကျွန်တော်တို့ ban ထားတယ်တဲ့။ 
.
ဘုရားရေ.... စိတ်ဆိုးရမလို ရယ်ရမလို ကိုယ့်မှာ အူလည်လည်ကြီးဖြစ်သွားတယ်။ ဆက်လည်းစကားမပြောချင်တော့တာနဲ့။ အဆင်မပြေဘူးကွာ တော်ပြီ ဒီလောက်ပဲဆိုပြီး ထိပ်က ကောင်တာစားပွဲကို ထွက်လာခဲ့တယ်။ စားပွဲထိုင်တဲ့ ခပ်ရွယ်ရွယ်ကောင်လေးကို တော်ပြီကွာ ဘယ်လောက်ကျလဲပြောဆိုတော့ သူက gmail သုံးဖို့မဟုတ်ဘူးလားတဲ့ ဘာတွေကြည့်ချင်လို့လဲတဲ့ ... ဘာsite ကိုခေါ်တာလဲတဲ့..... ထရိုက်ရတော့မလို အော်ပဲဆဲလိုက်ရတော့မလို... နေပါလေ ဘာမှဆက်မပြော နေတော့ဘူး။ ဒီလိုလုပ်ကိုင်နေပုံနဲ့တော့ ကြီးပွားတိုးတက်ဦးမယ် ...

Friday, January 22, 2010

အဖေ့ဒိုင်ယာရီထဲက ကျွန်တော် (၄)

30.3.72
ည ၂နာရီခန့်တွင် သားတက်သည်။ မမလေးမှာသည့်အတိုင်လုပ်ကြသည်။ သူခိုင်းသမျှလုပ်ရာမှ ယခုလို တက်လာခြင်းဖြစ်သည်။

မနက်၉နာရီခန့် ညှော်နံ့များရသည်။ မနေ့က တနေ့လုံးသူ့အဖွား ဝင်းထဲအိမ်တွင်သွားချုပ်ထားသော ပိတ်ခြင်ထောင်ထဲဝင်နေသည်။ အညှော်နံ့ပျောက်ပျောက်ခြင်း အပြင်မထွက်မိဘဲ ခဏနေမိသည်။ သားသည် မှေးမှေးလေး အိပ်နေရာမှ တက်လာသည်။ မမလေးမှာသည့်အတိုင်း လုပ်ကြသည်။ သူ့အဖွားက ကြက်သွန်ဖြင့် မှုတ်ခြင်းက အကျပို၍ မြန်သည်ဟုဆိုကာ ကြက်သွန်ဖြင့်မှုတ်သည်။ ကြက်သွန်ကြောင့်လား မမလေးဆေးကြောင့်လားမသိ အတက်ကျသွားသည်။ သူမှာသည့်အတိုင်း သုံးဘီးကားခေါ်၍ ကန်တော်ကြိး ၂ပတ်လိုက်မောင်းပြီး ပြန်လာခဲ့သည်။ အပြန် မမလေး ရုံးသို့ဝင်သည်။ မရောက်သေး။

အိမ်ပြန်ရောက်ပြီး ထမင်းစားသောက်ပြီးနောက် မမလေးရုံးသို့ ထပ်သွားသည်။ မရောက်သေး။ တနာရီကျော်မှရောက်မည်ဟုဆိုသည်။ အိမ်ပြန်ရောက်ပြီး နောက်ထပ်သွားမှ တွေ့သည်။ ညကနှင့် ဒီမနက် ၂ကြိမ်တက်ကြောင်း ပြောပြရာ သူမှာထားသည့်အတိုင်းပင်လုပ်ရန်ပြောသည်။ ဝမ်းချုပ်ကြောင်း မနေ့က ဝမ်းမသွား၍ Baby Lex တိုက်ရာ မနက်တက်ပြီးတုန်းက ဝမ်းသွားကြောင်း ပြောပြသည်။ တခြားဘာဆေးမှ မတိုက်ရန် သူမှာသည့်အတိုင်းလုပ်က ဝမ်းသွားမည်ဖြစ်ကြောင်းပြောသည်။

အိမ်ပြန်ရောက်ပြီးနောက် သူမှာခဲ့သည်များကို ပြောပြသည်။ လောလောဆယ် ဘာဆေးမှ မတိုက်သေးရန် ပြောသည်။ ညနေ လေးနာရီခန့်တွင် အိပ်ယာမှ နိုးလာရာမှ တက်ပြန်သည်။ ခါတိုင်းထက် နည်းနည်းပိုကြာသည်။ မျက်ဖြူလန်လွန်း၍ မမလေးမှာသည့်အတိုင်း မျက်စိထဲသို့ ရှောက်ရည်အနည်းငယ် ခပ်လိုက်မိသည်။

ဒီတခေါက်တက်ပြီးနောက် ဒီအိမ်တွင် ပူ၍လှောင်၍ ဖြစ်မည်ဟုထင်၍ ဝင်းထဲအိမ်သို့သွားကြသည်။ တအိမ်လုံး ဝမ်းသာကြသည်။ ကိုစုရောက်လာသည်။ အကျိုးအကြောင်းပြောပြသောအခါ ကိုစု အိမ်ခဏ ပြန်သွားသည်။ ပြန်လာသောအခါ ယခုလိုဖြစ်ခြင်းသည် မိဘမောင်နှမများ စိတ်တွင်ထင်သလို အပ ပရာဂ တစုံစရာကြောင့် မဟုတ်ကြောင်း အားလုံးကောင်းသွားအောင် ၁.၄.၇၂ စနေနေ့ညနေဖက်နေဝင်ချိန်တါင် ရွှေတိဂုံဘုရာ်း စနေဒေါင့်၌ ဆီမီးပူဇော်ရန်ပြောသည်။ ဖယောင်းတိုင်တထုတ်ကိုလည်းပေးသည်။ ဘိုးဘိုးများက ပေးလိုက်သည်ဟု ဆိုသည်။ ကိုစုက ဤသို့ဆို၍ အားလုံး စိတ်လက်ပေါ့ပါးသွားကြသည်။

သားအားစိတ်မချနိုင်ပဲ ၂ယောက်လုံး စောင့်ကြည့်နေမိသည်။ ည ၁ဝနာရီခန့်တွင် တခါတက်ပြန်သည်။ မမလေး မှာသည့်အတိုင်းပင် လုပ်ကြသည်။ ခဏအကြာတွင်ကောင်းလာသည်။ ယခုဆိုလျှင် ၁၈.၃.၇၂ ရက်နေ့မှစက စုစုပေါင်းတက်သည်မှာ ၅ကြိမ်ရှိပြီဖြစ်သည်။ တကြိမ်တက်ပြီးတိုင်း သားသည် သိသိသာသာ ပင်ပန်း နွမ်းနယ်ပုံပေါ်သည်။

သားလေးလုံးဝကောင်းလာပါစေ .....

Tuesday, January 19, 2010

အဖေ့ဒိုင်ယာရီထဲက ကျွန်တော် (၃)

၁၉.၃.၇၂ ဒီနေ့ သားနံမယ်ပေးပွဲလုပ်သည်။ မနေ့က နေ့လည် အိမ်ပြန်ရောက်သောအခါ မော်လမြိုင်က အဖွားက သား ကိုယ်လက် အနည်းငယ် နွေးသည်ဆိုကာ စောင်များ ခြုံပေးကာ တအိမ်လုံး တံခါးတွေ ပိတ်ထားသည်။ သားတကိုယ်လုံး ချွေးများစိုရွှဲနေသည်။ စောင်များ ဖယ်ခိုင်း အကျႋလဲခိုင်းရသည်။ သူ့အမေရောက်သောအခါ ရေချိုးပေးသည်။ သားသည် လန်းလန်းဆန်းဆန်းပင် ရှိသည်။ စနေနေ့တစ်နေ့လုံး အိမ်ကို ရှင်းလင်းရင်းဖြင့် အချိန်ကုန်သည်။ ညနေဘက်တွင် ခင်မောင်ဆွေက ဆေးရုံတက်နေရာမှ တွေ့ချင်သည်ဆိုသဖြင့် သွားခဲ့ရသေးသည်။
.
 ဒီနေ့မနက် သားနံမည်ပေးပွဲကို ညွှန်ကြားထားသည့်အတိုင်း လုပ်သည်။ အီကြီးတို့မနက်သုံးနာရီလောက်မှထ၍ အုန်းဆွမ်းချက်သည်။ ငါးနာရီမထိုးမီ ကိုစုရောက်လာသည်။ ညွှန်ကြားချက်များကို ဖတ်ပြီး ငါးနာရီ ကျော်သောအခါ ဘုရားနှင့်တကွ ဆရာသမားများကို ဆွမ်းကပ်သည်။ ငါးနာရီကျော်ကျော်လေးတွင် သားအိပ်ယာမှ နိုးလာသည်။ ငါးနာရီခွဲခန့်ဆွမ်းကပ်ပြီးသောအခါ သားအား သူ့အဘိုးက နံမည်ပေးသည်။ ငါ့မြေးအား မောင်ထွန်းခိုင်ဟု အမည်ပေးသည်ဟု ပြောလိုက်သည်နှင့် တပြိုင်နက် သားက ရွှန်းရွှန်းပပ ပြုံးလေသည်။ အဖေဖြစ်သူက သား၏ညာလက်မောင်းကိုကိုင်၍ အမည်ကို သုံးခါ ခေါ်ရမည်ဟုဆိုထားသည်ကို စိတ်က စောလွန်းနေပြီး ဘယ်လက်မောင်းကို ကိုင်၍ ခေါ်မိသေးသည်။ အသန်းက မှားကြောင်းပြော၍ ပြန်ပြင်ခေါ်ရသည်။ မနက်ကိုးနာရီခန့်မှစ၍ ဧည့်သည်များ တဖွဲဖွဲရောက်လာကြသည်။ မျှော်လင့်ထားသည်ထက် ဧည့်သည်များ အများကြီးပိုပေသည်။ အစားအသောက်များ လောက်မှ လောက်ပါလေမည်လားဟု ပူမိသေးသည်။ ဧည့်သည်များကုန်သောအခါ ပိုပင်ပိုပေသေးသည်။ 
.
ဧည့်သည်များကြောင့် သားတနေ့လုံး ပင်ပန်းလှသည်။ ဖြောင့်ဖြောင့်တန်းတန်းကို မအိပ်ရရှာပေ။ ၂နာရီလောက် ရေချိုးပေးပြီး အိပ်ပျော်သွာသည်။ အိပ်ပျော်သွားမှအင် ခေါင်းရိပ်ပေးရသည်။ ညနေ၅နာရီကျော်မှ နိုးတော့သည်။ ၂၂.၃.၇၂ ဒီကနေ့မနက် ဆယ်နာရီကျော်ကျော်တွင် မမြင့်ကြည်ရုံးသို့ ဖုန်းဆက်သည်။ မော်လမြိုင်မှအဖွား ဒီမနက်လေယာဉ်ဖြင့်မကွေးသို့သွားသည့်ကိစ္စ လေယာဉ်ကွင်းတွင် ချောမောမှု ရှိ မရှိ မေးရန်ဖြစ်သည်။ မမြင့်ကြည် ခလေး နေမကောင်း၍ ရုံမလာဟုဆိုသည်။ နေ့လည်ထမင်းစားပြီးပြီးခြင်း အိမ်သို့ ပြန်သွားသည်။ မောင်ထွန်းခိုင် အိမ်တွင်မရှိ ညက တက်၍ နံနက် ၂နာရီလောက်တွင် ကိုဂျော်နီတို့အိမ် သွားကြသည်ဟု ဆိုသည်။ 
.
မနေ့ညနေကပင် နေကောင်းလျှက်ရှိပေသည်။ ည ၉နာရီလောက်တွင် စ၍တက်သည်ဟုဆိုသည်။ ၁၂နာရီလောက်တွင်လည်း တက်ပြန်သည်။ သို့ဖြင့် ၂နာရီခန့်တွင် သုံးဘီးကားဖြင့် ကိုဂျော်နီတို့အိမ် သွားကြခြင်းဖြစ်သည်။ မနေ့ညနေက အကောင်းပကတိရှိသည်။ နို့အနည်းငယ် အန်ခြင်းနှင့် လျှာ ထုတ်ထုတ် နေသည်ကို အလေးမထားလိုက်မိပေ။ ဝမ်းမှန်သော်လည်း လေမလည်သည်မှာ ၂ရက်လောက်ရှိပြီဖြစ်သည် ကိုလည်း သတိမထားမိကြပေ။ မနေ့ကနှင့် တနေ့က ၂ရက်လောက် ပတ်ဝန်းကျင်မှ ကြော်လှော်ကြသော ငရုတ်သီးကျော် ဆီကြော်လည်း အနည်းငယ် မိသွားသည်။ ၁၉ရက်နေ့က ဆံပင်ရိတ်ပေးပြီးနောက်လည်း ခေါင်းကို အလုံထားရန် ဂရုမထာမိလိုက်။ နံမည်ပေးပွဲအပြီး သိမ်းဆည်းနေကြ၍ ဂရုစိုက်မှု အနည်းငယ် ရော့နည်းသွားသည်။ အိမ်မှာလည်း ကြည်ကြည်တို့သားအမိ ရောက်နေကြသည်ဖြစ်၍ မောင်ထွန်းခိုင်အား ခါတိုင်းလောက် သတိမထားမိကြ။ နို့အန်သည်မှာလည်း ခါတိုင်းအနည်းငယ်အန်နေကျဖြစ်၍ အလေးမထားမိ။ ၁၉ရက်နေ့ကလည်း သားတနေ့လုံး ပင်ပန်းရှာသည်။ သည်အကြောင်းကြောင်းများစု၍ ယခုကဲ့သို့ ရုတ်တရက် ထဖြစ်ပုံရသည်။ 
.
တော်ရုံတန်ရုံ နာကျင်ပင်ပန်းမှု မနေမထိုင်သာဖြစ်မှုများဖြစ်၍သားသည် တစုံတရာ ခံစားနေရပုံ ဘယ်တော့မှမပြ။ အနည်းအပါးခံစားရမှုကို ဘယ်တော့မှ ငိုကြွေး ဟစ်အော်ခြင်းပြု၍မပြ။ အေးလွန်းကောင်းလွန်းလှသည်။ သို့ဖြစ်၍လည်း နေမကောင်းထိုင်မသာဖြစ်နေရော့လားဟု ဂရုမထားမိခြင်းဖြစ်သည်။ မေးပြီးစ တပါတ်တွင် ကာကွယ်ဆေးထိုးရာတွင်လည်း လုံးဝမငိုဟု ဆိုသည်။ မနက်က ဆေးထိုးရာတွင်လည်း လုံးဝမငိုဟုဆိုသည်။ ၁၉ရက်နေ့က ဧည့်သည်များ ချီပိုးမွှေ့ရမ်းခြင်းများ ပြုခံရခြင်း ခါတိုင်းကဲ့သို့ အိပ်စက်ရခြင်းများ မပြုရသော်လည်း ဟစ်အော်ငိုကြွေးခြင်းမရှိ။ ဆေးတိုက်ရခက်ခြင်းသာရှိသည်။ ဆေးဆို ချိုချို ခါးခါး ဘယ်ဟာမျိုးမှ မသောက်ချင်။ Vitazone ပင်ထွေးထွေးထုတ်နေ၍ မနည်း တိုက်ရသည်။ 29.3.72 မနေ့က ရုံးစတက်သည်။ ရုံးရောက်ရောက်ခြင်း ဒုမှုးကြီးအား ခလေးကောင်းစွာနေမကောင်း၍ ခွင့်သုံးရက်ခန့် ယူလိုကြောင်းပြောသည်။ .
.
ယူပါဟုဆိုသဖြင့် ခွင့်တိုင်စာတင်လိုက်သည်။ မောင်ထွန်းခိုင်အတွက် တပ်တွင် စာရင်းဝင်ရန် စခန်းချုပ်ရုံး၌ လိုအပ်သော ပုံစံများ သွားယူခဲ့သည်။ မွေးလက်မှတ်နှင့် တင်ရမည်ဖြစ်သည်။ ရုံးပြန်တက်မှ ဆက်လုပ်ရမည်။ ညနေရုံးမှအိမ်ပြန်ရောက်သောအခါ တအိမ်သားလုံး အောက်ထပ်တွင်ရောက်နေကြသည်။ ယခုပင် မောင်ထွန်းခိုင် တက်သည်ဟုဆိုသည်။ သားကတော့ ပုံဟန်မပျက် လန်းဆန်းလျက် တွေ့ရသည်။ သူ့အမေရောက်သောအခါ တိုင်ပင်ကြပြီးနောက် အရပ်ထဲရှိ သဘာဝဓမ္မဆရာထံ သွားပြသည်။ အုပ်ဆေး တိုက်ဆေး ပေးလိုက်သည်။ ၈ကျပ်ပေးရသည်။ ကိုဂျော်နီအိမ်သို့ သွားရောက် အကျိုးအကြောင်းပြောသည်။ ဆေးပေးလိုက်ပြီးနောက် စိတ်မချက အိပ်ဟုဆိုသဖြင့် မှုးအောင်ခင်ထံ ကားတောင်းပြီး သွားကြသည်။ ကိုဂျော်နီအိမ်ရောက်သောအခါ တစုံတရာ ဆေးမတိုက်ဘဲ စောင့်ကြည့်သည်။ တညလုံး ဘာမှမဖြစ်။ မမြင့်ကြည်နှင့် ၂ယောက်သား မောင်ထွန်းခိုင်ကို စောင့်ကြည့်ရင်း တညလုံးကုန်သည်။ နှစ်နှစ်ခြိုက်ခြိုက် တရေးမျှ မအိပ်လိုက်ရ။ 
.
နောက်နေ့မနက် အိမ်သို့ပြန်လာကြသည်။ မောင်ထွန်းခိုင်သည် လန်းဆန်းလျက် ရွှင်မြူးလျက်ရှိသည်။ 29.3.72 မနက်စောစော ၈းဝဝနာရီခန့် ထမင်းစားပြီး ဒပ်ဖရင်ဆေးရုံ ဆေးဆိုင်တွင် ကိုဂျော်နီဝယ်ခိုင်းသော Valium 2 အရည်ဆေးသွားဝယ်သည်။K 81 05 ပေးရသည်ဆိုမှ ဘဏ်သို့သွား၍ ငွေထုတ်သည်။ ငွေရသောအခါ ဂျာနယ်ကျော် မမလေးဆီသွားစုံစမ်းသည်။ နေ့လည် တနာရီနှင့် သုံးနာရီကြားလာနိုင်သည်ဟုဆိုသည်။ အိမ်ပြန်လာပြီး မှုးအောင်ခင်ထံဖုန်းဆက်၍ ကားတောင်းသည်။ မရှိ။ အစည်းအဝေးသွားသည်ဟုဆိုသည်။ ဗကမြဘူးထံ ဖုန်းဆက်ရာတွင်လည်း ရုံးတွင်မရှိ။ ဗကတင်ဝင်းအား ကားလိုချင်ကြောင်းပြောသည်။ နေ့လည် ၁နာရီကျော်ကျော်တွင် ကားရောက်လာသည်။ မမလေးက သားမောင်ထွန်းခိုင်သည် နေသမားဖြစ်ကြောင်းပြောသည်။ အမေက လသမားဖြစ်၍ နို့မတိုက်ရန် ပုခက်နှင့်မတည့်၍ ပုခက်မဆင်ရန် တတ်နိုင်က နို့ဆီတိုက်ရန်ပြောသည်။ သားသည် ငယ်လွန်း၍ သောက်ဆေးမပေး လိမ်းဆေးပေးလိုက်သည်။ ၄င်းလိမ်းဆေးနှင့် သနပ်ခါး နံသာရှောက်ရည်လိမ်းရန်။ စံပယ်ပန်းအနံ့ လှိုင်လှိုင်ပေးရန် တက်သောအခါ ခြေဖဝါးကို ရှောက်သီးနှင့်ဆားနှင့်တိုက်ရန် မှာသည်။ တက်သောအခါ မော်တော်ကားလျှောက်မောင်းရန် မှာသည်။ 
.
အိမ်ပြန်ရောက်သောအခါ ပုခက်ဖြုတ်သည်။ အမေနို့ဆက်မတိုက်ရန် ဆုံးဖြတ်ကြသည်။ နို့ဆီပြောင်းတိုက်သည်။ စံပယ်ပန်းများဝယ်၍ သားအား အနံ့ပေးသည်။ နေုာက်ဆက်မတက်ရန် ဆုတောင်းမိကြသည်။ 30.3.72 ည ၂နာရီခန့်တွင် သားတက်သည်။ မမလေးမှာသည့်အတိုင်လုပ်ကြသည်။ သူခိုင်းသမျှလုပ်ရာမှ ယခုလို တက်လာခြင်းဖြစ်သည်။ မနက်၉နာရီခန့် ညှော်နံ့များရသည်။ မနေ့က တနေ့လုံးသူ့အဖွား ဝင်းထဲအိမ်တွင်သွားချုပ်ထားသော ပိတ်ခြင်ထောင်ထဲဝင်နေသည်။ အညှော်နံ့ပျောက်ပျောက်ခြင်း အပြင်မထွက်မိဘဲ ခဏနေမိသည်။ သားသည် မှေးမှေးလေး အိပ်နေရာမှ တက်လာသည်။ မမလေးမှာသည့်အတိုင်း လုပ်ကြသည်။ သူ့အဖွားက ကြက်သွန်ဖြင့် မှုတ်ခြင်းက အကျပို၍ မြန်သည်ဟုဆိုကာ ကြက်သွန်ဖြင့်မှုတ်သည်။ ကြက်သွန်ကြောင့်လား မမလေးဆေးကြောင့်လားမသိ အတက်ကျသွားသည်။ သူမှာသည့်အတိုင်း သုံးဘီးကားခေါ်၍ ကန်တော်ကြိး ၂ပတ်လိုက်မောင်းပြီး ပြန်လာခဲ့သည်။ အပြန် မမလေး ရုံးသို့ဝင်သည်။ မရောက်သေး။ အိမ်ပြန်ရောက်ပြီး ထမင်းစားသောက်ပြီးနောက် မမလေးရုံးသို့ ထပ်သွားသည်။ မရောက်သေး။ တနာရီကျော်မှရောက်မည်ဟုဆိုသည်။ အိမ်ပြန်ရောက်ပြီး နောက်ထပ်သွားမှ တွေ့သည်။ ညကနှင့် ဒီမနက် ၂ကြိမ်တက်ကြောင်း ပြောပြရာ သူမှာထားသည့်အတိုင်းပင်လုပ်ရန်ပြောသည်။
.
 ဝမ်းချုပ်ကြောင်း မနေ့က ဝမ်းမသွား၍ Baby Lex တိုက်ရာ မနက်တက်ပြီးတုန်းက ဝမ်းသွားကြောင်း ပြောပြသည်။ တခြားဘာဆေးမှ မတိုက်ရန် သူမှာသည့်အတိုင်းလုပ်က ဝမ်းသွားမည်ဖြစ်ကြောင်းပြောသည်။ အိမ်ပြန်ရောက်ပြီးနောက် သူမှာခဲ့သည်များကို ပြောပြသည်။ လောလောဆယ် ဘာဆေးမှ မတိုက်သေးရန် ပြောသည်။ ညနေ လေးနာရီခန့်တွင် အိပ်ယာမှ နိုးလာရာမှ တက်ပြန်သည်။ ခါတိုင်းထက် နည်းနည်းပိုကြာသည်။ မျက်ဖြူလန်လွန်း၍ မမလေးမှာသည့်အတိုင်း မျက်စိထဲသို့ ရှောက်ရည်အနည်းငယ် ခပ်လိုက်မိသည်။ ဒီတခေါက်တက်ပြီးနောက် ဒီအိမ်တွင် ပူ၍လှောင်၍ ဖြစ်မည်ဟုထင်၍ ဝင်းထဲအိမ်သို့သွားကြသည်။ 
.
တအိမ်လုံး ဝမ်းသာကြသည်။ ကိုစုရောက်လာသည်။ အကျိုးအကြောင်းပြောပြသောအခါ ကိုစု အိမ်ခဏ ပြန်သွားသည်။ ပြန်လာသောအခါ ယခုလိုဖြစ်ခြင်းသည် မိဘမောင်နှမများ စိတ်တွင်ထင်သလို အပ ပရာဂ တစုံစရာကြောင့် မဟုတ်ကြောင်း အားလုံးကောင်းသွားအောင် ၁.၄.၇၂ စနေနေ့ညနေဖက်နေဝင်ချိန်တါင် ရွှေတိဂုံဘုရာ်း စနေဒေါင့်၌ ဆီမီးပူဇော်ရန်ပြောသည်။ ဖယောင်းတိုင်တထုတ်ကိုလည်းပေးသည်။ ဘိုးဘိုးများက ပေးလိုက်သည်ဟု ဆိုသည်။ ကိုစုက ဤသို့ဆို၍ အားလုံး စိတ်လက်ပေါ့ပါးသွားကြသည်။ သားအားစိတ်မချနိုင်ပဲ ၂ယောက်လုံး စောင့်ကြည့်နေမိသည်။ ည ၁ဝနာရီခန့်တွင် တခါတက်ပြန်သည်။ မမလေး မှာသည့်အတိုင်းပင် လုပ်ကြသည်။ ခဏအကြာတွင်ကောင်းလာသည်။ ယခုဆိုလျှင် ၁၈.၃.၇၂ ရက်နေ့မှစက စုစုပေါင်းတက်သည်မှာ ၅ကြိမ်ရှိပြီဖြစ်သည်။ တကြိမ်တက်ပြီးတိုင်း သားသည် သိသိသာသာ ပင်ပန်း နွမ်းနယ်ပုံပေါ်သည်။ သားလေးလုံးဝကောင်းလာပါစေ .....

Monday, January 18, 2010

အဖေ့ဒိုင်ယာရီထဲက ကျွန်တော် (၂)

25.12.71 သားအတွက်နံမည်တောင်းရန် ယနေ့မနက်စောစော မျိုးမျိုးတို့နှင့်အတူ ကျိုက်ပတိုင်သို့သွားသည်။ 26.12.71 ယနေ့မနက်စောစော ကိုကြည်က နိုး၍ သား၏ နံမယ် ကိစ္စပြောသည်။ မောင်ထွန်းခိုင် ဟုအမည်ပေးသည်။ ရက်တရာပြည့်သော ၁၉.၃.၇၂ ရက်နေ့တွင်မှ ခေါ်ရမည်ဖြစ်သည်။ ထိုနေ့ နံနက်(၅)နာရီနှင့် (၆)နာရီကြားတွင် နံမယ်ပေးရမည်။ နံနက်(၅)နာရီကျော်နေတက်ချိန်တွင် ခလေး၏အဘိုးက ခလေး၏လက်နှစ်ဖက်ကို ဆုပ်ကိုင်ရမည်။ ခလေး၏လက်များကို လက်အုပ်ချီထားစေရမည်။ ကလေး၏ဖခင်ကချီထားရမည်။ ခလေး၏အဖိုးက ခလေး၏လက်အုပ်အတွင်းသို့ အောင်သပြေပန်းတခိုင်ထည့်ပေးပြီး ခလေး၏လက်ကို မိမိ၏လက်များဖြင့် ဆုပ်ကိုင်ပြီးလျှှင် "ငါ့မြေးအား မောင်ထွန်းခိုင် ဟုအမည်ပေးသည် ဟု ပြောဆိုရမည်။ ၄င်းနောက် "ယနေ့ နံမည်ပေးသည့် နေ့မှစ၍ အောင်သပြေပန်းကဲ့သို့ အစစအရာရာ အောင်မြင်ပြီးလျှင် သြဇာကိတ္တိမ ကြီး၍ အသက်ရာကျော်ရှည်ပါစေသော်" ဟု ဆုပေးရမည်။ 
.
၄င်းနောက် ခလေး၏မိခင်က ခလေးကို ချီပြီးလျှင်ခလေး၏အဖွားအား လက်အုပ်ချီပုံပြုလုပ်စေရမည်။ ထိုအခါ ခလေး၏ အဖွားက နဝရတ်ကိုးပါးစီချယ်ထားသော ရွှေမောင်းလည်ဆွဲကို ခလေးအားဆွဲပေးရမည်။ ထို့နောက် "ငါ့မြေး မောင်ထွန်းခိုင်သည် ယနေ့မှစ၍ ရတနာ(ရ)ပါး စီးပွားဥစ္စာ အဖြာဖြာတို့သည် တိုးတက်ပြီးလျှင် အစစ အရာရာ ကြံတိုင်းအောင်၍ ဆောင်တိုင်းမြောက်ပြီးလျှင် အသက်ရာကျော်ရှည်ပါစေသော်" ဟု ဆုပေးရမည်။ ရွှေမောင်းကို - မောင်း၏ဘေးပါတ်လည်တွင် နဝရတ် (ဂ)ပါးစီပြီး မောင်း၏ဘုတွင်ပတ္တမြားကို တပ်ဆင်ရမည်။ အမည်ပေးသောနေ့တွင် ဘုရားနှင့်တကွ ဆရာသမားများအား အုန်းဆွမ်းကပ်လှူပူဇော်ရမည်။ အောင်သပြေ ပန်းကပ်ရမည်။ လိုရာဆုတောင်းရမည်။ အောင်သပြေပန်းကို အနာအဆာကင်းဆင်၍ စင်းလုံးချော ဖြစ်စေရမည်။ 
.
ခလေးအားနံမည်ပေးပြီးသောအခု ခလေး၏ဖခင်က ခလေး၏ညာလက်မောင်းကို ကိုင်ပြီး နံမည်ကို သုံးခွန်းခေါ်ရမည်။ ခလေး၏အမေက ခလေး၏ဘယ်လက်မောင်းကို ကိုင်ပြီး နံမည်ကို သုံးခွန်းခေါ်ရမည်။ ခလေးမိဘများက ထိုနေ့တွင် ခလေးအားလက်ဆောင်ပစ္စည်း မပေးရ။ လက်ဆောင်ပေးသောသူများအား အောင်သပြေပန်းတခိုင်စီပြန်ပေးရမည်။ ဧည့်သည်များအား အုန်းထမင်းနှင့် ကြိုက်ရာဟင်းတခုခုကျွေးရမည်။ ဤသို့ပြုလုပ်ရသည်မှာ - ခလေး၏တသက်တာလုံးအတွက်ဖြစ်သည်။ ခလေးသည် စနေသား အဓိပတိဘွား ဖြစ်သည်။ တနင်္ဂနွေအထွန်းဖြစ်သည်။ ထက်မြက်သူဖြစ်မည်။ တလောက မော်လမြိုင်အဘိုးထံမှ စာလာသည်။ သူ့အဖိုးက ခလေးသည် စနေသား အဓိပတိဘွားဖြစ်၍ မုချ လူရည်ချွန်ဖြစ်လိမ့်မည်- စာတွင်ရေးခဲ့သည်။

29.12.71
ယနေ့ညနေသား ခါတိုင်းကဲ့သို့မလန်း - ငို၍ ငို၍ နေသည်။ တခုခုတင်းတင်းကြပ်ကြပ်ခံစားနေရပုံရသည်။ သူ့အမေက ခလေး တနေ့လုံး ခါတိုင်းကဲ့သို့ အီးမပေါက်ကြောင်း ညနေဝမ်းသွားရာတွင်လည်း နည်းကြောင်း ပြောသည်။ ထို့ကြောင့် Gripe Mixture လဘက်ရည်ဇွန်းဝက် တိုက်လိုက်သည်။ ၈နာရီကျော်တွင် ဝမ်းသွားသည်။ နေသာသွားပုံရသည်။ ညတနာရီခန့်တွင်မှ နိုးသည်။ ထို့နောက် တနာရီတခါမျှ နိုးသည်ဟု သူ့အမေကပြောသည်။ ခါတိုင်းဆိုလျှင် ၉နာရီကျော်တွင်အိပ်ပြီး ၁၂နာရီခန့်တွင် တခါနိုး၍ နို့စို့သည်။ နောက် ၂နာရီခန့်တခါ နိုး၍ နို့စို့သည်။

30.12.71 ယနေ့သား ခါတိုင်းကဲ့သို့ပင် လန်းဆန်းသည်။ ယနေ့ညနေ နို့ဘူးတစ်ခါတိုက်သည်။ တလောက သူ့အမေ တနေ့ နို့ဘူးတခါတိုက်သည်။ နောက်နေ့ဝမ်းသွားရာတွင် ဖြူနေ၍ သူ့အမေထပ်မတိုက်ဘဲထားသည်။ ယနေ့ စကားကြုံ၍ မေးကြည့်ရာ ဗိုလ်မှုးမြင့်သိန်းက နို့ဘူးတိုက်လျှင် ယခုကဲ့သို့ပင်ဖြစ်ကြောင်းပြော၍ ယနေ့ ထပ်တိုက်ခြင်းဖြစ်သည်။
.
11.01.72 ယနေ့သား တလပြည့်သည်။ တလပြည့်လျှင် လာပြပါဆိုထား၍ ယနေ့ မင်္ဂလာဒုံဆေးရုံကြီးသို့ သူ့အမေ သွားပြသည်။ ဗကအောင်ခင်က ကားစီစဉ်ပေးသည်။ နှစ်ပေါင်တိုးလာသည်။ အစစအားလုံး ချွတ်ယွင်းချက်မရှိ မတွေ့ရ။ ၁၁နာရီကျော် အိမ်ပြန်ရောက်ပြီး သားနေမကောင်းဖြစ်သည်။ ကိုယ်ပူလာသည်။ ပူလွန်း၍လောမသိ တက်သလို ဖြစ်သွားသည်ဟုဆိုသည်။ 
.
ညကလည်းကောင်းကောင်းမအိပ်။ ကိုယ်ကို ညှစ်လျှက် ညီးလျက်နေသည်ဟု ဆိုသည်။ ဝမ်းလည်းခါတိုင်းလောက်မသွား။ ဒီကနေ့ ဆေးရုံအသွားအပြန် လေအေးများ မိ၍ အအေးပတ်သွားခြင်း ဖြစ်ပေမည်။ လွန်ခဲ့သော တရက်နှစ်ရက်ကလည်း အကြောင်းကြောင်းကြောင့် အအေးမိလေသလားမသိ။ ပြန်လည်စဉ်းစားရာတွင်လည်း မှားစရာတခုမှ မတွေ့မိ။ မနက်ဘက်နေပူစာလှုံရန် အိမ်ရှေ့သို့ ထွက်သည်ကိုသာ တွေးမိသည်။ ညနေဖက်တွင် သူ့အဖွား ကိုဂျွန်နီထံသို့သွား၍ ဆေးသွားယူခဲ့သည်။ ၆နာရီကျော်ခန့်တွင် ဝမ်းသွားသည်။ ၄င်းနောက် ဆေးတိုက်သည်။ ဆေးများတိုက်ပြီး တက်သကဲ့သို့ဖြစ်ပြန်သည်။ ဝတ်ပေးထားသော အနွေးထည်ကို ကမန်းကတမ်းချွတ်ပစ်လိုက်ရသည်။ ၄င်းနောက် ကောင်းသွားသည်။ နေသာသလိုဖြစ်သွားသည်။ ခြေလက် လှုပ်ခါဖြင့် ပေါ့ပေါ့ပါးပါး ဖြစ်သွားသည်။ နှစ်ခါသုံးခါ ဟတ်ချိုးလည်းခြေသည်။ ဒီညကောင်းသွားမည့်ပုံပင် ဖြစ်သည်။ ကောင်းပါစေလို့ ပြင်းပြင်းပြပြ ဆုတောင်းမိသည်။ 
.
သင်တန်းတက်နေ၍ အိမ်မှာအိပ်ချင်လျှက် မအိပ်နိုင်ပဲ ကျောင်းသို့ စိတ်တပူပူဖြင့် ပြန်လာခဲ့ရသည်။ ယနေ့ အိမ်ပြန်ရာတွင် ဘတ်စကားစောင့်ရ၍ ၅နာရီမှ ရောက်သည်။ ရောက်သောအခါ သူ့အမေ ရင်ခွင်တွင် ညှိုးနွမ်းစာ မှိန်းနေသော သားကို တွေ့ရသည်။ သားနေမကောင်း၍ ကျောင်းသို့ အချိန်မှီ ပြန်မရောက်ပဲ ၈နာရီမှ ရောက်သည်။ လူသာကျောင်းမှာ ရှိသော်လည်း စိတ်ကတော့ သားထံတွင် ကျန်ခဲ့သည်။ ၁၂.၁.၇၁ ညက တညလုံး သားထံသို့ စိတ်ရောက်နေသည်။ အိပ်၍မဖြောင့်-မနက် ၈း၂ဝတွင် ဗကတင်ဝင်းထံဖုန်းဆက်မေးကြည့်သည်။ သားနေကောင်းသည်တဲ့ - ခုမှ စိတ်အေးရ တော့သည်။ ထမင်းစားပြီး အိမ်ပြန်သွားသည်။ ၁၂နာရီခန့် အိမ်ရောက်သည်။ သားအိပ်ပျော်နေသည်။ လန်းဆန်း အေးညိမ်းစွာတွေ့ရသည်။ 
.
သူ့အမေက ညက တညလုံး နေကောင်းကြောင်း ပြောသည်။ နေမကောင်း သော်လည်း အမေကို ဒုက္ခအနည်းငယ်မျှမပေး - လိမ္မာလှသောသားတဲ့ ... ညကအိပ်မပျော်မီ ဘုရားစာများတတ်သမျှရွတ်ပြီး သားအတွက် ဆုတောင်းပေးနေမိသည်။ အိပ်ရာမှ နိုးတိုင်းလည်း ဆုတောင်းလိုက် အဖေများကို တ လိုက်ဖြင့်သာ အချိန်ကုန်သည်။သားဆက်ပြီး နေမကောင်း မဖြစ်ပါစေနဲ့.... နေ့လည်က ရသမျှ အချိ်န်တနာရီခန့်တွင် သားမျက်နှာကိုဘဲ တစိမ့်စိမ့် ကြည့်မဝဖြစ်နေသည်။ သီတာမည်သော သားရဲ့ရုပ်ရည် .... 
.
29.02.72   ၁၂ပတ်ထဲရောက်လာပေပြီ။ သားသည် အရှိန်မပျက် ကြိးထွားလာခဲ့သည်။ မျက်နှာကြီး ပြည့်ဝန်းလျက် ကျန်းမာဝဖြိုးလျက်ရှိသည်။ 

15.02.72 ရက်နေ့က အိမ်ဖော်ကောင်မလေး ပျင်း၍ ဆက်မနေနိုင်တော့ပါဆို၍ အိမ်မှပြန်သွားသည်။ သူ့အဖွား တယောက်တည်း တနေ့လုံးထိန်းနေရသည်။ သူ့အမေက ရုံးပြန်ရောက်မှ ထမင်းချက် အဝတ်လျှော်လုပ်ရသည်။ ရုံးမှ ပင်ပင်ပန်းပန်းပြန်ရောက်ပြီး အိမ်တွင်လည်း အနားမရ အလုပ်များရသည်။ တခါတရံ ညတွင် သားခဏ ခဏနိုးသဖြင့် အိပ်ပျက်သေးသည်။ သို့ဖြင့် ပင်ပန်းလွန်း၍ သူ့အမေ ပိန်၍ပင်သွားသည်။ ကံကောင်းထောက်မစွာ 
.
၅.၂.၇၂ ရက်နေ့တွင် မော်လမြိုင်မှအဖွားက အဖေါ်တယောက် ခေါ်၍ရောက်လာသည်။ သား၏ကုသိုလ်ပင် အစစအရာရာ အဆင်ပြေလာသည်။ 
.
၆.၂.၇၂ ရက်နေ့တွင် တပ်မှ Vitazone ဝယ်၍ ရခဲ့သဖြင့် ယခု နေ့စဉ် တိုက်ကျွေးနေသည်။ ၁၆.၂.၇၂ ရက်နေ့တွင် Vitazone ၄ပုလင်းထပ်ရသည်။ အောက်မှသားအတွက် တပုလင်းပေးလိုက်သည်။ အဖိုးဖြစ်သူက ထမင်းနှင့်အခြားတစုံစရာ မကျွေးသေးရန် နို့ပင်ဆက်တိုက်ရန် စာရေးခဲ့သည်။

Saturday, January 16, 2010

အဖေ့ဒိုင်ယာရီထဲက ကျွန်တော် (၁)



11.12.71 စနေနေ့ လေတပ် ပြေးခုန်ပစ်ပြိုင်ပွဲနေ့. ဒိုင်လူကြီးလုပ်ရမည်ဖြစ်၍ နံနက် ဂး၃ဝနာရီခန့်တွင် သွန်းရန် ဗကမြဘူးတို့ လာကြိုမည်ဖြစ်သည်။
.
အိပ်ယာမှထသည့်အချိန်မှစ၍ မမြင့်ကြည်က ဗိုက်အနည်းငယ်နာလာကြောင်းပြောသည်။ ထို့‌ကြောင့်ဗိုလ်မှူးသာခင်းကားနှင့် ဗကမြဘူးတို့ ရောက်လာကြသောအခါ မင်္ဂလာဒုံသို့ မမြင့်ကြည်အား တပါတည်း ခေါ်လာခဲ့သည်။ ဆေးရုံသို့ပို့သည်။ ဆေးရုံတွင် မန္တလေးမြို့၌ တပ်တွင်းပညာပေးတက်စဉ်ကဆုံခဲ့သော ဒေါက်တာ ဗိုလ်မှူး ဒေါ်ခင်ညိုညိုနှင့်ဆုံ၍ အပ်ခဲ့သည်။  ၁၀:၀၀ နာရီခန့်တွင် ဆေးရုံမှ ပြန်လာ၍ အားကစားကွင်းသို့သွားသည်။
.
ညနေလေးနာရီခန့်တွင် ဆေးရုံသို့ရောက်သောအခါ မမြင့်ကြည်မီးဖွားပြီးဖြစ်ကြောင်း တွေ့ရသည်။ နေ့လည် ၃:ဝဝနာရီတွင်ဖွားသည်။ သားယောင်္ကျားဖြစ်သည်။ ၆ပေါင် ၁၄အောင်စ အလေးချိန်ရှိသည်။ မမြင့်ကြည်က သူ့သား၏ ဆံပင်များနက်ပြီးများကြောင်း လက်ကို ကိုက်၍နေကြောင်း အေးကြောင်း ဝမ်းသာအားရပြောသည်။ ဧည့်သည်များလာချိန် ခလေးများကို အပြင်ထုတ်မထား၍ မတွေ့ခဲ့ရ။ မိခင်ရော ကလေးပါ ကျန်းမာကြသည်။
12.12.71 ညနေ မမြင့်ကြည်အားသွားကြည့်သည်။ ကျန်းမာ၍ လမ်းလျှောက်လျှက်ရှိကြသည်။ 13.12.71
ယနေ့မမြင့်ကြည် ဆေးရုံမှဆင်းသည်။ ဆေးရုံမှ အိမ်သို့ပြန်ရန်ကားကို ဗကအောင်ခင်က စီစဉ်ပေးသည်။ အီကြီးနှင့် မမြင့်ကြည်၏အမေတို့က သွားကြိုကြသည်။ မစန်းနွယ်လည်းလိုက်သွားကြောင်းသိရသည်။ ညနေ ရုံးမှ အိမ်သို့ ပြန်ရောက်သောအခါ အိမ်တွင် ခလေးကို စတင်တွေ့ရသည်။ ခလေးငယ်တို့၏ ထုံစံအတိုင်း နီတာရဲလေးဖြစ်သည်။ ဆံပင်များက မဲနက်ပြီး များပြားကြောင်းတွေ့ရသည်။ ဟိုလူနှင့်တူသလိုလို သည်လူနှင့်တူသလိုလို - ညတွင် အေးလွန်းသောကြောင့်လားမသိ။ ကောင်းစွာ မအိပ် ငို၍နေသည်။
14.12.71 ယနေ့ညလည်းသား ခဏခဏငိုသည်။ အအေးဒဏ်ကို ခံနိုင်သောကြောင့်ပင်ဖြစ်သည်။ 15.12.71 ယနေ့ည သားကောင်းစွာအိပ်သည်။ ၂ခါသာထသည်။ နို့စို့သေးပေါက်ပြီး ပြန်အိပ်သည်။ 20.12.71
ယနေ့ အမှတ်(၂) စစ်ဆေးရုံတွင်း B.C.G ဆေး သွားထိုးသည်။ ဆေးထိုးစဉ် မငိုကြောင်း သူ့အမေကပြောသည်။ ဆေးထိုးသော်လည်း ခါတိုင်းကဲ့သို့ပင်ရှိသည်။ ပို၍ ငိုခြင်း အီခြင်းမရှိ။
ဆေးရုံသွားရန်ကားကို ဗကအောင်ခင် ကပင် စီစဉ်ပေးသည်။

Wednesday, January 13, 2010

ခရီးသွား ထွန်းလင်းထွန်း

ပြီးခဲ့တဲ့ week end က ငွေဆောင်ရောက်ခဲ့တယ်။ သားလေးအတွက် ပထမဆုံး ခရီးဝေးထွက်ခြင်းပေါ့။ ကံမကောင်းချင်တော့ သောကြာနေ့ညထွက်ကတည်းက ကလေးကဖျားချင်သလိုဖြစ်နေတာ ငွေဆောင်မှာ နေတဲ့ နှစ်ရက်လုံး အပြင်းဖျားပါရော။ ညဖက်တွေ ပွေ့ချီထားပေးရတယ်။ တော်သေး၏ ဆေးတွေ ဆောင်လာခဲ့လို့။ တနင်္လာနေ့မနက် ပြန်ခါနီးမှာတော့ အဖျားကျသွားတယ်။ အနီကွက်တွေ ထလာတယ်။
.
 ရန်ကုန်ရောက်မှ ဆရာဝန်ပြန်ပြကြည့်တော့ ဂျိုက်သိုးလိုမျိုးဖြစ်တာတဲ့။ နောက်တစ်ရက် နှစ်ရက်လောက်ဆို ကောင်းသွားမှာပါ။ အခုတော့ ဆော့နေလိုက်တာ နေမကောင်းဖြစ်နေတယ်တောင် မထင်ရဘူး။ လှိုင်းတွေပုတ်နေတာကို သားက အရမ်းကြိုက်တယ်။ အာဝုန်း အာဝုန်း....ဆိုပြီး လှိုင်းတွေကို ကြည့်ပြီး သဘောတွေကျနေလိုက်တာ။ ကိုယ်ပူနေတော့ ရေတော့ မဆော့လိုက်ရရှာဘူး။ နောက်နည်းနည်းလေး ကြီးမှ တစ်ခေါက်လောက် ထပ်ပို့ပေးရမယ်။

Friday, October 30, 2009

နားခိုဖို့ ပြင်ဆင်ခြင်း

ဒီတလောမှာ အင်တာနက်က ကျော်ရခွရခက်နေတာရယ် အလုပ်များနေတာရယ်၊ MCPA ကအလုပ်တွေရယ် ဝယ်ထားတဲ့အိမ်ခန်းလေးကို ပြင်နေတာရယ်နဲ့ ဘလော့ကိုတောင် လှည့်မကြည့်ဖြစ်ဘူး။ အခုလဲ ၅၂ လမ်းအိမ်ခန်းအတွက် ဘက်ထရီအိုးဝယ်လာပြီး လာထားရင်း အနီးနားက အင်တာနက်ဆိုင်လေးကနေ ဝင်ဖြစ်လို့။ အိမ်ပြင်နေတာ တစ်လနီးပါးရှိပြီ။ ငွေလဲ ငါးဆယ်ကျော်လောက်ချောသွားပြီ။ အခုတော့ ရုပ်လုံးလေးနည်းနည်းထွက်လာပြီပေါ့။ အခန်းနှစ်ခန်းဖွဲ့ပြီးပြီ။ ရေချိုးခန်း၊ အိမ်သာ၊ မီးဖိုခန်းတွေ ပြင်ပြီး ကြွေပြားကပ်ပြီပြီ။ မီးကြိုးတွေရိုက်ပြီးပြီ။ ဒီနေ့တော့ ရှာထိုးကြမ်းခင်းတွေကို ချောနေကြလေရဲ့။ 
.
အိပ်ခန်းနှစ်ခုအတွက် အလူမီနီယံ ပြူတင်းပေါက်တွေ တံခါးတွေလုပ်ဖို့ကျန်သေးတယ်။ အိမ်ခန်းစပြင်မယ်ဆိုကတည်းက ကျွန်တော်ရော မိန်းမရောကို မအားတာ။ ကိုယ်တိုင် တိုင်းထွာပြီး Microsoft Visio လေးနဲ့ အခန်းတွေဖွဲ့ကြည့်တယ်။ လုပ်ပေးတဲ့ လက်သမားဆရာကြီးက ကိုယ့်သူငယ်ချင်းမောင်တင်အောင်လေးဆီကပဲ။ iNTEGRA ရုံးခန်းက ကိစ္စတွေဆိုလဲသူ့ကိုပဲခိုင်းနေကျပေါ့။ တကယ်တန်းပြင်ကြတော့ တစ်ယောက်လောက်စောင့်ပြီး ကြည့်နေနိုင်ပြောနေနိုင်မှရယ်။ မဟုတ်ရင် တလွဲတချော်တွေဖြစ်ကုန်ရော။ Program ရေးတာမှားလို့ ဖျက်ရပြင်ရရင် မသိသာပေမဲ့ အခုဟာက ထင်းထင်းကြီးကို ဖြစ်နေရော။ မီးကြိုးပြေးရမဲ့နေရာတွေ၊ မီးဖိုအုတ်ခုံ၊ ရေကန်.... အိုး စုံနေတာပဲ။ ဒါတောင် မိန်းမက အစောပိုင်းမှာ နှစ်ပတ်လောက် ခွင့်ယူပြီး ကိုယ်တိုင် ကြီးကြပ်နေလို့ တော်တော့တယ်။ ဒါတောင် သူခိုးဝင်ဖောက်သွားလို့ ဆေးပုံးတွေ နှစ်သိန်းဖိုးလောက်ပါသွားတယ်။ ထီပေါက်သွားတာပေါ့ :D နောက်တစ်ပတ်လောက်ဆိုရင်တော့ လက်စသတ်ပါပြီ။ ဆိုတော့ နောက်လအလယ်လောက်မှာ ဒီအိမ်ခန်းကို ပြောင်းဖြစ်မယ်။ အဲဒီကြမှပဲ မိတ်ဆွေသူငယ်ချင်းများကို အိမ်တက်ဖိတ်ကျွေးတော့မယ်။ မဟာဗန္ဓုလလမ်းနဲ့ လမ်း၅ဝထိပ်မှာ ပလက်ဖောင်းပေါ်ထိုင်သောက်လို့ရတဲ့ ဘီယာဆိုင်လေးရှိတယ်။ စျေးသက်သာတယ် ထိုင်လို့ကောင်းတယ်။ အရင် ၅၁လမ်းမှာနေတုန်းကထိုင်နေကျပေါ့။ ဒီအခန်းသစ်ကို ပြောင်းလာပြီးရင် ဒီဆိုင်လေးမှာ ပြန်ထိုင်လို့ရပြီပေါ့။ :)

Friday, October 2, 2009

ဘီလီယံနာပါ

ခပ်ပေါ့ပေါ့မမှတ်နဲ့။ ကျုပ်က ဘီလီယံနာဗျ။ 50 Billion Dollar တောင်မှ။ ဒါတောင် တစ်ရွက်ထဲ ထုတ်ပြသေးတာနော့် :P ။ ကျုပ်ရဲ့ ပိုက်ဆံအိတ်ထဲမှာ အခုကို ရှိနေတယ်။ ဘာပဲဖြစ်ဖြစ် ကျုပ်တို့နိုင်ငံက ငါးထောင်တန်က ဒီ ဇင်ဘာဘွေပိုက်ဆံနဲ့စာလိုက်ရင် သုည ခုနစ်လုံးတောင် နည်းသေးတာပဲ။ :D ဒါပေမဲ့ ဇင်ဘာဘွေမှာ ကြက်ဥသုံးလုံးကို 100 Billion Dollar တဲ့။ ဖြစ်ရလေ ... ကျုပ်ရဲ့ 50 Billion Note က ဒါဆိုရင် ငုံးဥတစ်လုံးလောက်ပဲရမှာ.
ပေါ့ LOL

ါ့ 

Tuesday, September 22, 2009

Google Fast Flip

 ဒီမနက် သတင်းတွေ ဟိုဒီလျှောက်ဖတ်ကြည့်ရင်း Google ကအသစ်ထုတ်လိုက်တဲ့ Google Fast Flip ဆိုတာလေးကို လျှောက်ကြည့်မိတယ်။ popular သတင်းတွေ၊ latest news တွေ၊ လူစိတ်ဝင်စားမှုအများဆုံး အဖတ်အများဆုံးသတင်းတွေကို ကဏဿဍအလိုက် သတင်းရရှိရာ source အလိုက် တင်ထားပေးတယ်။ first page ကိုပဲ ဖောှပြပေးထားတာဖြစ်ပြီး အသေးစိတ်ဖတ်ချင်ရင်တော့ သက်ဆိုင်ရာ source သတင်း site ကို သွားဖတ်ရမယ်။ Google အနေနဲ့ Washington Post, Business Week, BBC, Newsweek စတဲ့ သတင်းဌာနတွေနဲ့ ချိတ်ဆက် ဆောင်ရွက်ပေးထားတာဖြစ်ပါတယ်။ Fast Flip နဲ့ Goggle က အဓိကလုပ်ပေးချင်တာတွေကတော့
fast browsing

natural magazine-style navigation,

recommendations from friends and other members of the community and
a selection of content that is serendipitous and personalized.

တို့ပဲဖြစ်ပါတယ်။ 

အချိန်ကုန်စေတဲ့ facebook game တွေ

Facebook နဲ့ သူ့ထဲက ဂိမ်းတွေက အတော့ကို အချိန်ကုန်စေတာပဲ။ တစ်နေ့တစ်နေ့မှာ facebook ထဲဝင် ဟိုလုပ်ဒီလုပ် လုပ်နေတဲ့ အချိန်တွေကမနည်းလှဘူး။ စိတ်အပန်းဖြေရုံဆိုလဲ ခဏဆိုတော်ရောပေါ့ အဲဒီလိုလဲမဟုတ်ဘူး။ မနက်ဆိုရုံးရောက်တာနဲ့ ပထမဆုံးလုပ်ဖြစ်တာက email စစ်တာနဲ့ facebook ဝင်တာ။ 
.
ဘယ်သူတွေပါတွေများ ရေးထား share လုပ်ထားပါလိမ့်ပေါ့။ ဓါတ်ပုံတွေတင်ထားရင် ဝင်ကြည့် tag လုပ်၊ ဟိုပြောဒီပြောဝင်ပြော... ပြီးတာနဲ့ gameတွေ စပါပြီ။ Mafia ထဲဝင်ပြီး jobတွေလုပ်တယ်။ stamina ကုန်တဲ့အထိတော့ ပစ်လိုက်သေးတယ်။ ငွေတွေကို bank ထဲထည့်တယ်။.. energy pack ပို့တယ် လက်ဆောင်တွေလက်ခံတယ်။ ပြန်ပို့တယ်။ 
.
နောက်တစ်ခါ farmville နဲ့ FarmTown .... စိုက်မယ်ပျိုးမယ် ရိတ်ကြမယ် ရောင်းကြမယ်ပေါ့။ FarmTown က online သူရင်းငှားငှားပြီး လယ်ထွန်တာ စိုက်တာလုပ်လို့ရတော့ နည်းနည်းသက်သာတာပေါ့။ ဒါတောင် connection မကောင်းလို့ လူငှားမရရင် သီးနှံတွေပုတ်ကုန်မှာစိုးတာနဲ့ ကိုယ်တိုင် ရိတ်ရရော။ တစ်ခါတစ်လေ FarmVille နဲ့ ဿFarmTown ဆော့ပြီးသွားရင် mouse နှိပ်ရလွန်းလို့ လက်တွေကို ညောင်းလို့ ....
.
 ဒီကြားထဲ ငါးကလည်းမွေးလိုက်သေးတယ်။ ငါးတွေက တစ်နေ့တစ်ခါလောက်မှ အစာဝင်မကျွေးရင် သေကုန်ပြန်ရော။ ငါးကန်ကရေညှိတွေတက်နေလို့ တိုက်ပေးရသေး ....
.
 ပြီးပြီလားဆိုတော့ အများကြီးကျန်သေးတယ်။ မြို့တည်ပြီးအခွန်ကောက် ပြီး စီမံခန့်ခွဲရတဲ Metropolis ဆိုတာကလည်း ဆော့သေး။ ကိုယ့်မြို့သူမြို့သားတွေ happiness ကျသွားရင် အခွန်အခမရတော့ဘူး။ ဒါကိုလည်းမှန်မှန်ဝင်ကြည့်ရသေး။ 
.
ပြီးရင် Zoo Builder ထဲမှာလည်း တရိစဿဆာန်ရုံလေးလည်း ဆောက်လိုက်သေး။ ဒါတောင် Castle Age တို့ Friend for Sale တို့ဆိုတာတွေရှိသေးတယ်။ ခုနကတင် ရုံးလာဖို့အိမ်ကအထွက် မိန်းမကမှာလိုက်သေးတယ်။ သူ့ငါးတွေကို အစာကျွေးလိုက်ပါဦးတဲ့ :) ပြီးခဲ့တဲ့တစ်ခေါက်ခရီးသွားတုန်းက BKK Airport မှာအလကားပေးထားတဲ့ ကွန်ပျူတာနဲ့ internet သုံးရင်းတောင် facebook ဝင်လိုက်သေး။ ကိုယ်သုံးပြီးတော့ ကိုယ့်နောက်ကစောင့်နေတဲ့ ဥရောပသူ အမျိုးသမီးလေးကလည်း facebook ပဲ။ တစ်ခါတလေစဉ်းစားမိတယ် facebook ဆိုတာကြီးပျက်သွားရင် မရှိတော့ရင် အချိန်တွေအတောှ ပိုထွက်လာပြီး လူတော့ ဘာလုပ်ရမှန်းမသိဖြစ်နေမှာပဲလို့ ...

Saturday, September 5, 2009

Zawgyi 2009 and Win 2003 server

ကျွန်တော့်စက်ထဲက ဇော်ဂျီဖောင့်အဟောင်းကို ကိုစိုးမင်းရေးထားတဲ့ ဖောင့်အသစ်နဲ့ လက်ကွက် program နဲ့ ဒီနေ့မှ အောင်မြင်စွာပြောင်းလိုက်နိုင်ပါပြီ။ ကျွန်တော့် PC က Windows 2003 Server ပါ။ တလောက KeyMaster.exe ကို install လုပ်ပြီး စ run တော့ exceptional error ဆိုပြီးထွက်သွားပါတယ်။ ဒီကြားထဲမှာ မအားတာနဲ့ ဒါကို မလုပ်ဖြစ်ဘူး။ ဒီနေ့တော့ ညီလင်းဆက်လဲ online ရှိနေတာနဲ့ လှမ်းမေးလိုက်တော့ သူက ကိုစိုးမင်းကို တဆင့်မေးပေးမယ်တဲ့။ ဒါနဲ့ သူတို့ ညွှန်ကြားတဲ့အတိုင်းလုပ်လိုက်တော့ keymaster.exe အောင်မြင်စွာ run လို့ရသွားပါပြီ။
.
ပြသဿသနာပေးနေတာက Windows ရဲ့ Data Execution Prevention (DEP) feature ပါ။ အဲဒါလေးကို disable လုပ်ပေးလိုက်ရင် အဆင်ပြေသွားပါတယ်။ ဆောင်ရွက်ပုံ My Computer ကို right click နှိပ် properties ကိုခေါ်ပါ။ “Advance” tab ထဲက Startup and Recovery ရဲ့ setting ကိုဝင်ပါ။ အဲဒီမှာ System startup … Default operating system ကို edit လုပ်ပါ။ NoExecute=….. ကို NoExecute=AlwaysOff လို့ပြောင်းပြီး save လုပ်လိုက်ပါ။ Windows ကို restart ပြန်လုပ်လိုက်တဲ့အခါ KeyMaster program ချောချောမောမော တက်လာပါလိမ့်မယ်။ အခုဒီပို့စ်ကို ဇော်ဂျီ၂၀၀၉နဲ့ ရိုက်ပါတယ်။

Thursday, September 3, 2009

Snow LeoPard


ဘာရယ်မဟုတ်ပါဘူး Apple site သွားကြည့်ရင်း Snow Leopard Mac OS ကြော်ငြာထားတဲ့ နှင်းတွေနဲ့ ဒီကျားသစ်ပုံလေးကို သဘောကျလို့ ကူးလာတာ။


Wednesday, September 2, 2009

Low Level Programming

၁၉၈၉ခုနှစ်ဦးပိုင်းလောက်မှာ ကျွန်တော်ပထမဦးဆုံးကွန်ပျူတာနဲ့ထိတွေ့ခွင့်ရခဲ့တယ်။ မြို့ထဲ ဗိုလ်အောင်ကျော် လမ်းနဲ့ မဟာဗန္ဓုလလမ်းဆုံနားက MCC မှာ Basic Computer Course စတက်ဖြစ်ခဲ့တယ်။ သင်တန်းမတက်ရခင် တစ်ပါတ်လောက်အလို စိန့်အော်ဂက်စတင်း အထက်တန်းကျောင်း ဆုပေးပွဲနေ့မှာ သူငယ်ချင်းကိုနေထွန်းသိန်းက သူ့အိမ်မှာ ကွန်ပျူတာရှိတဲ့အကြောင်း စလေ့လာနေကြောင်းပြောပြီး ကျွန်တော့်ကိုလဲ အားရင် သူ့အိမ်လာခဲ့ဖို့ ခေါ်ပါတယ်။ တဆက်တည်းသူက program လုပ်ရတာသဘောကြကြောင်း ပြောပါတယ်။ (သူကအဲဒီအချိန်မှာ လေကြောင်းဦးစီးဌာနအတွက် Payrollကို Lotus 123 macro တွေနဲ့ ရေးပေးထားပြီး အဲဒါကို Dbase III Plus နဲ့ program အဖြစ်စရေးနေပြီ။ စာအုပ်ဖတ်ပြီးတွယ်နေတာ။ ကျွန်တော်က ကွန်ပျူတာဆိုတာကိုတောင် မမြင်ဖူးသေးဘူးရယ်) 
.
ကျွန်တော့်အတွက် ကွန်ပျူတာဆိုတာကို စပြီးကြားဖူးတာအဖေ့ဆီကပါ။ ရှစ်တန်းကျောင်းသား အရွယ်လောက်က အဖေက Time magazine ထဲကဆောင်းပါးတစ်ပုဒ်ဖတ်ပြရင်း Computer Engineer ဆိုတဲ့အလုပ်တွေ ပိုပိုပြီး ခေတ်စားလာကြောင်း ဒါကြောင့် အင်ဂျင်နီယာလုပ်ချင်တဲ့ ကျွန်တော့်ကို ကြီးလာရင် ြုဖစ်နိုင်ရင် အဲဒီလမ်းကြောင်းလိုက်ကြည့်သင့်ကြောင်း ပြောဖူးပါတယ်။ အဖေကလည်း လေတပ်ကဗိုလ်မှူး ဆိုသော်လည်း လက်နက်ကရိယာတွေနဲ့ပတ်သက်လို့ အမေရိကားကို တစ်နှစ်လောက် training သွားဖူးသူ ဆိုတော့ electronic ဘာသာရပ်ပိုင်းကို သိပ်တော့မစိမ်းလှဘူးပေါ့။ အဲဒီတုန်းကသိတာကတော့ ကွန်ပျူတာဆိုတာ ဂဏန်းတွက်စက်အကြီးစား ပိုပြီးအများကြီးလုပ်နိုင်ဆိုတာလောက်ပါပဲ။ 
.
MCCကို သင်တန်းအပ်တော့ သူတို့သင်မဲ့ Course Outline ကိုသိလာတယ်။ အဲဒီထဲမှာ Programming ဆိုတာကိုတွေ့လိုက်တယ်။ နေထွန်းသိန်းပြောတာလဲ ကြားဖူးထားတော့ သင်တန်းမတက်ရခင် စာလေးဘာလေး ကြိုဖတ်ထားမယ်လို့ ဆုံးဖြတ်လိုက်တယ်။ အဲဒီအချိန်လောက်က ကျွန်တော်က British Library မှာ member ဖြစ်နေပြီ။ အဲဒီခေတ်က Library ကြေးက တစ်နှစ်မှ ခုနစ်ဆယ့်ငါးကျပ်လားပဲ။ အဲဒီကနေ ဝထ္ထုစာအုပ်တွေငှားဖတ်တာလေ။ ဒါနဲ့ပဲ programming စာအုပ်ရှာဖို့ British Library ကို ချီတက် သွားတာပေါ့။ 
.
Library မှာ ရှာရင်းဖွေရင်း Low level Programming ဆိုပြီးစာအုပ်တစ်အုပ်သွားတွေ့တယ်။ Low Level ဆိုတော့ ခပ်နိမ့်နိမ့် beginner level တွေအတွက်ဖြစ်မယ်ဆိုပြီး ကိုယ့်ဘာသာကောက်ချက်ချလို့ အဲဒီစာအုပ်ကို ငှားလာတာပေါ့။ စိတ်အားတက်ကြွစွာနဲ့ စာအုပ်ကို စဖတ်တယ်။ ဘာမှကိုနားမလည်ဘူး။ ကြိတ်မှိတ်ပြီး စဉ်းစားရင်းဆက်ဖတ်တယ်။ အစပိုင်းလေးငါးရွက်ကိုတင် သုံးလေးခေါက်ပြန်ဖတ်တယ်။ ခေါင်းတွေမူးလာရော။ ဘယ်လိုလုပ်နားလည်ပါ့မလဲ။ ကွန်ပျူတာဆိုတာကို မြင်တောင်မမြင်ဖူးသေးတဲ့သူက Assembly တို့ Machine Language တို့ရေးထားတဲ့ စာအုပ်ကို သွားဖတ်မိနေတာကိုး .... 
.
:D အယ်... ဘယ်လိုဖြစ်ပါလိမ့်။ Low level တောင် ဒီလောက်ခက်နေရင် High level ဆိုရင်တော့ ငါတော့ ခက်ချေပြီ။ ဒီဘာသာရပ်ကို လိုက်စားဖို့ ဉာဏ်မမီဘူးထင်တယ်လို့တောင် တွေးမိလာတယ်။ ဒါလဲမဟုတ်သေးပါဘူး။ ငါက ကျောင်းသားဘဝမှာလဲ အများနဲ့ယှဉ်ရင် ထိပ်ပိုင်နားမှာပဲ။ သချာင်္လဲဝါသနာပါတယ်။ ကျွမ်းကျင်တယ်။ ဒီ programming ဆိုတဲ့ ဘာသာရပ်ကိုက အရမ်းခက် နေတာလားပေါ့ တောင်တွေး မြောက်တွေးနဲ့ ဘယ်လိုမှ ဆက်ဖတ်လို့ နားမလည်တော့တဲ့အဆုံး စာအုပ်ကို Library ပြန်အပ်လိုက်ရတယ်။ အခုချိန်အဲဒီ အဖြစ်အပျက်လေးကို ပြန်တွေးမိတိုင်း ပြုံးမိတယ်။ ကိုနဗနပြောသလို အ တာ မဟုတ်ဘူး Lack of experience ပဲထားပါတော့။

Sunday, August 30, 2009

ဖြစ်ရလေ အာကြီးရယ်

ManU 2 - 1 Arsenal ပထမပိုင်းမပြီးခင်လေးမှာ Arshavinရဲ့ ဂိုးနဲ့ဦးဆောင်နေတဲ့ အာဆင်နယ် အတွက် အားရတဲ့ စိတ်လေးတွေတောင် ဘယ်ရောက်သွားမှန်းမသိ။ Almunia ရဲ့ Rooneyကို ဖမ်းဆွဲသလိုဖြစ်သွားလို့ ပေးလိုက်ရတဲ့ ပင်နယ်တီက .... အော် အနည်းဆုံးသရေပေါ့လေ။ တစ်ဂိုး လောက်တော့ ထပ်သွင်းမှာပါ... ဖြေသိမ့်တွေးလို့မှမဆုံးသေး Diaby က အားရပါးရ ကိုယ့်ဂိုးပေါက်ထဲကို တန်းနေအောင် တိုက်သွင်း လိုက်ပါလေရော။ ကောင်းလေစွ။
.
 သူများဂိုးပေါက်ကို သွင်းဖို့ ကြိုးစားရင် အတော့်ကို ခက်ခက်ခဲခဲ သွင်းရပြီး မတော်တဆ အဖြစ်ကလည်း တိုက်ဆိုင်လှချေလား။ တမင်ချိန်ပြီးတိုက်သွင်းရင်တောင် ဝင်ဖို့ အတော်ခက်တဲ့နေရာ။ ဒီပွဲကတော့ အသင်းကြီးနှစ်သင်းကန်တယ်ဆိုတာ တကယ့်ကို ဘုရားစူးပါပဲ။ စုတ်ပြတ်သတ်နေတာပဲ။ Van Persie ရဲ့တိုင်ထိသွားတဲ့ ပြစ်ဒဏ်ဘောရယ် နောက်ဆုံးမိနစ် Gallas လူကျွံဘောဖြစ်သွားတဲ့ ဂိုးရယ် ... မရလိုက်တာက အာဆင်နယ် ကံဆိုးတယ်ပြောရမလား မန်ယူ ကံကောင်းတယ် ပြောရမလားမသိ။ အနော် မောင်ထွန်းခိုင်ကတော့ လောင်းထားတာရှုံးလို့ ဘကြီးဇော်မိုးနဲ့ ကိုရဲတို့ကို GlenFiddich Single Malt 12 Years ဝယ်တိုက်ရပါတော့မည် :(

Tuesday, August 25, 2009

အဖိုးနဲ့အဖေ …. ကျွန်တော်နဲ့သားသား

အဖိုးဆိုတာ ကျွန်တော့်အတွက် မှတ်ဉာဏ်အာရုံထဲမှာ ၀ိုးတိုးဝါးတားရယ်။ ငယ်ငယ်တုန်းက လှည်းတန်း ပန်းခြံလမ်း ကောင်စီရုံးဘေးကအိမ်မှာနေစဉ်က အဖိုးအဖွားတို့က အောက်ထပ်မှာ နေပြီး ကျွန်တော်တို့က အပေါ်ထပ်မှာနေတာကိုတော့ သတိရတယ်။ အဖိုး (အဖေရဲ့အဖေ)က အငြိမ်းစား မူလတန်းပြကျောင်းဆရာ။ အဲဒီတော့ သူ့မြေးဦး ကျွန်တော့်ကို ကကြီးခခွေး အ အထိရေးတတ်အောင် သင်ပေးသွားခဲ့တယ်။ 
.
အဲဒီတုန်းက သူသိပ်မကျန်းမာတော့။ လည်ချောင်း ကင်ဆာကြောင့် ဆေးရုံမတက်ရခင်အထိ ကျွန်တော့်ကို စာတွေသင်သွားကြောင်း အဖေက ပြန်ပြောပြဖူးတယ်။ ကိုယ်တိုင်လည်း အဖိုးစာသင်ပေးတာကို ၀ိုးတဝါး မှတ်မိနေတယ်။ အဖိုးဆုံးတော့ အဖေ့တပ်ကရဲဘော်တွေ အိမ်ရှေ့မှာ မိုးကာစနဲ့ တဲကြီးလိုလာထိုးကြတာ၊ အိမ်ကို လူတွေအများကြီးလာကြတာ၊ ကားစီးပြီးသွားကြတော့ ပန်းတွေကြားမှာ စန့်စန့်ကြီးအိပ်နေတဲ့ အဖိုးကို ၀ိုင်းအုံကြည့်နေကြတာ… တစ်ပိုင်းတစ်စ ရေးတေးတေးတွေလောက်ပဲ မှတ်မိတော့သည်။ အဖိုးနဲ့ ဒီထက်ရင်းရင်းနှီးနှီး အချိန်ကြာကြာနေဖို့ အကြောင်းမဖန်ခဲ့ဘူးပေါ့။
.
 ကျွန်တော့်ကလေးဘဝအကြောင်းတွေ ပြန်စဉ်းစားမိရင် အဖေအကြောင်းတွေ အများကြီးပါတယ်။ မနေ့ညနေက သားသား မောင်ထွန်းလင်းထွန်း အပြင်ထွက်ချင်တယ်ဆိုပြီး တံခါးကို လက်ညှိုးထိုးနေတာနဲ့ အောင်ဆန်းကွင်းနားက City Mart ကို လိုက်ပို့ရင်း ဟိုးအရင်တုန်းတွေက ညဖက်တွေဆို အဖေက လှည်းတန်းထိပ်က ဆိုင်တန်းလေးတွေဆီကို လမ်းလျှောက်ပို့ပေးရင်း ရေခဲမုန့်ကျွေးတာတွေ ပြန်စဉ်းစားမိတယ်။ အဲဒီတုန်းက ရေခဲမုန့်က တစ်ခု တစ်မတ်ပဲရှိသေးတယ်။ 
.
ရုံးပိတ်ရက်တွေဆိုရင်လဲ လှည်းတန်းဘူတာကနေ သံလမ်းအတိုင်းလမ်းလျှောက်ပြီး ဆင်မလိုက်သဘောင်္ကျင်းနားက ကန်စွန်းခင်းတွေနား ကစားဖို့ လိုက်ပို့ပေးတတ်တယ်။ အဲဒီမှာ ရွံ့တွေဗွက်တွေနဲ့ ပေတူးနေအောင် ဆော့ပြီးမှ အိမ်ပြန်ကြတာ။ အခုမှ ပြန်တွေးကြည့်ရင် အဖေ့ရဲ့ training တွေက အတော်ကောင်းခဲ့တာ ပြန်တွေ့ရတယ်။ ကလေးကို ကိုယ့်အားကိုယ်ကိုး ကိုယ်ကြိုက်တာကိုယ်လုပ် ကိုယ်ဖြစ်ကိုယ်ခံ ဆိုတာမျိုးကို တော်တော်ငယ်ငယ်ကတည်းက မသိမသာ သင်ပေးထားတာ။ 
.
၂တန်း မတက်ရခင်နွေရာသီမှာလည်း အမေ့မောင်ဝမ်းကွဲက ကချင်ပြည်နယ် ကာမိုင်းမှာ မင်္ဂလာသွားဆောင်ဖို့ရှိတာကို ကျွန်တော့်ကို တစ်ယောက်တည်း သူတို့နဲ့ထည့်ပေးလိုက်တယ်။ ငယ်တော့ သိပ်မမှတ်မိပေမဲ့ မန္တလေး မြစ်ကြီးနား မိုးကောင်း ကာမိုင်း တို့ ရောက်ဖူးခဲ့တယ်။ ၂တန်းကျောင်းသားတုန်းက စိန့်ဖလိုးဘေးနားက မူလတန်းကျောင်းလေးမှာနေရတာ။ တစ်ရက်မှာ အပြန်ကျောင်းကားရောက်မလာတာနဲ့ ကျန်တဲ့သူတွေကစောင့်နေကြပေမဲ့ ကျွန်တော်ကိုယ့်ဘာသာ မဟာမြိုင်မှတ်တိုင်လောက်ကနေ လမ်းတန်းကုန်းဆင်းအထိ လမ်းလျှောက်ပြန်သွားတယ်။ ကလေးပျောက်လို့ ဆိုပြီး အုတ်အော်သောင်းနင်းဖြစ်ကုန်ရော.. :D 
.
အဲဒီအချိန်လောက်မှာပဲ အမေက လွိုင်ကော်ပြောင်းရတယ်။ ညီမတွေနဲ့ အရင်သွားနှင့်တော့ ရန်ကုန်အိမ်မှာ အဖေနဲ့ ကျွန်တော်ပဲကျန်တယ်။ ကျောင်းသွားရင် အဖေက အိမ်သော့လေးကိ ဘောင်းဘီအိတ်ထဲချိတ်လေးနဲ့ ထည့်ပေးထားတယ်။ ကျောင်းကပြန်ရောက်လို့ သော့ခတ်ထားရင် ကိုယ်ဘာသာဖွင့်ဝင်ပေါ့။ ညဖက် duty ကြရင်လည်း ကျွန်တော့်ဘာသာအိပ်ပေါ့။ ထမင်းစားဖို့က စားပွဲပေါ်မှာကြည့် ဟင်းမရှိရင် ပိုက်ဆံ ဆယ်တန်လေး ထားပေးခဲ့တယ်။ ကိုယ့်ဘာသာ လှည်းတန်းထိပ်နားက ရွှေမြိုင်ဆိုတဲ့ ဆိုင်လေးမှာ စတုမတူ ပုလင်းလွတ်လေးနဲ့ သွားထွက်ဝယ်ပေါ့။ 
.
အခုခေတ်လို တီဗွီလဲမရှိသေးပါဘူး။ စားသောက်ပြီးရင် ကျွန်တော့်ရဲ့အပန်းဖြေကစားနည်းက အိမ်ကြမ်းပြင်တွေ ပြည်အောင် မြေဖြူနဲ့ လေယာဉ်ပုံတွေဆွဲတာပဲ။ ကျောင်းပိတ်ရက်ဆိုရင် အဖေက သူ့ရုံးကို ခေါ်သွားတတ်တယ်။ (မင်္ဂလာဒုံ ၅၀၂) အဖေက လက်နက်အရာရှိဆိုတော့ ရုံးလိုက်သွားရင် သေနတ်စင်တွေကြား ကစားရတာပေါ့။ တစ်ခါတစ်လေ လေယာဉ်ရုံကို လိုက်ပို့တယ်။ လေယာဉ်တွေပေါ် တစ်စီးပြီး တစ်စီးတက်ကြည့် ဆော့ပေါ့။ တော်တော်ပျော်စရာကောင်းတယ်။ နေ့လည်နေ့ခင်းဆိုရင် လက်နက်တိုက်အရှေ့က အရိပ်ကောင်းတဲ့ ဗံဒါပင်ကြီး အောက်မှာထိုင်ပြီး တူသေးသေးတစ်ချောင်းနဲ့ ဗံဒါစေ့ထုစားတာ ပြန်စဉ်းစားမိတော့ အခုတောင် စားချင်စိတ်ပေါ်လာသေး။ 
.
စနေနေ့တွေဆိုရင် လှည်းတန်းဘူတာကနေ မြို့ပတ်ရထားစီးပြီး မြို့ထဲမှာ ရုပ်ရှင်လိုက်ပြလေ့ရှိသေးတယ်။ ရထားခက ပြားသုံးဆယ်။ ဘုရားလမ်းဘူးတာမှာဆင်း … စကော့စျေးကို ဖြတ်ထွက်ပြီးရင် ရုပ်ရှင်ရုံတွေဖက် လမ်းလျှောက်သွားတာပေါ့။ အများအားဖြင့် ပပဝင်းနဲ့ ဂုဏ်ရုံမှာ ကြည့်လေ့ရှိတယ်။ ရုပ်ရှင်ပြီးရင် လဟာပြင် စျေးထဲမှာ ဆီချက်ဝယ်ကျွေးတယ်။ 
.
အဖေ မိထ္ထီလာရှမ်းတဲလေတပ်ကို ပြောင်းရတော့လည်း ကျွန်တော်တစ်နှစ်လောက် လိုက်နေဖြစ်သေးတယ်။ အရာရှိရိပ်သာ လူပျိုဆောင်အခန်းမှာပဲ။ ရှေးဟောင်းနှောင်းဖြစ်တွေ ပြန်စဉ်းစားရင် ဟိုရောက်ဒီရောက်နဲ့ ဆုံးမှာကို မဟုတ်ဘူး။ ကိုယ့်ရဲ့သားတော်မောင်လေးကိုလည်း အဖေက ကျွန်တော့်ကို ပြုစုပျိုးထောင် ပေးသလောက် ကောင်းကောင်လုပ်ပေးနိုင်ပါ့မလားလို့တောင်တွေးမိတယ်။ ဒါနဲ့ အဖေ့ရဲ့ training အထိုက်အလျောက် ရအောင်ဆိုပြီး မောင်ထွန်းလင်းထွန်းကို အဖေတို့အိမ်ဖက် တစ်ပတ် နှစ်ခေါက်လောက် သွားသွား ပို့ပေးနေတယ်။ အဖေတို့အမေတို့လည်း သူတို့မြေးဦးလေးဆိုတော့ ကလေးသွားပို့ရင်ပျော်တာပေါ့။ 
.
သားလေးရပြီးမှ Life is Beautiful ရုပ်ရှင်ကားကို ဟိုးတလေလေးက Family TV5က ပြန်ပြလို့ ကြည့်မိတယ်။ မျက်ရည်ကျပြီး စူးစူးနစ်နစ်ခံစားရတယ်။ အရင်ကြည့်တုန်းက ဝမ်းနည်းခံစားရပေမဲ့ မတူဘူး။ ဘေးမှာ ကွေးကွေးလေးအိပ်ပျော်နေတဲ့ သားလေးကိုလှည့်ကြည့်ရင်း ရုပ်ရှင်ကားထဲက ကလေးအဖေလောက် မစွမ်းဆောင်နိုင်ရင်တောင် အဖေ အတတ်နိုင်ဆုံး သားကလေးကို စောင့်ရှောက်ပျိုးထောင်ပေးသွားမယ်လို့ … စိတ်ထဲကပြောနေမိတယ်။

Friday, August 7, 2009

ထွန်းလင်းထွန်း တစ်နှစ်ပြည့်မွေးနေ့


မနေ့ကသားသား အသက်တစ်နှစ်ပြည့်မွေးနေ့ပေါ့။ ဧည့်သည်တွေမဖိတ်ဖြစ်တော့ပဲ နှစ်ဖက်အဖိုးအဖွား အန်တီများ သားရဲ့ဝမ်းကွဲမောင်နှမများနဲ့ပဲ မွေးနေ့ပွဲလေးကို အိမ်မှာပဲလုပ်ပေးဖြစ်တယ်။
 
ကိတ်မုန့်ကတော့ မော်လမြိုင်ရောက် သူ့ဒေါ်ကြီး sponsor လုပ်သွားတာပေါ့။ တီတီနှစ်ယောက်က ဘောလုံးတွေဝယ်လာပြီး မှုတ်ပေးသေးတယ်။ သားကြိုက်တယ်ဗျ။ 

 ဖေဖေ မေမေတို့ရဲ့ မွေးနေ့လက်ဆောင် ကားပုံတဲ။ အထဲမှာ ရောင်စုံဘောလုံး တစ်ရာပါတယ်ဗျ။   သားမွေးနေ့လက်ဆောင်ရတဲ့ ငါးဖန်ချိုင့်လေးပေါ့။ သားကတော့ တစ်ခါတည်း လက်နှိုက်ထည့်ပြီး ငါးဖမ်းဖို့ လုပ်တော့တာပဲ

  

Tuesday, August 4, 2009

Kiss 2 ဒုတ္ခ


သိပ်မကြာသေးခင်က ကိုယ့်မဟေသီ ဂျပန်ကအပြန် Canon EOS Kiss-2 (450D) တစ်လုံးဝယ်လာလေရဲ့။ ဝယ်ဖြစ်သွားတဲ့အကြောင်းအရင်းက ဂျပန်ကိုအသွား အိမ်မှာ ကင်မရာမေ့ခဲ့ပါလေရော။ တိုကျိုရောက်တော့ ဟိုရိုက်ဒီရိုက် ဓါတ်ပုံရိုက်ချင်စိတ်ကပေါက်လာ ကင်မရာကမရှိ .. အဲဒီတော့ ဝယ်ရိုက်မယ်ပေါ့။ အိမ်မှာက အသေး တစ်လုံး (Sony CyberShot) တစ်လုံးရှိပြီးသားလဲဖြစ်နေ ယောက်ျားဖြစ်တဲ့ ကျွန်တော်က တစ်ချိန်မှာ SLR တစ်လုံးဝယ်မယ်လိ်ု့ ပြောထားဖူးတော့ ရသိန်းခွဲလောက်တန်ဖိုးရှိတဲ့ အဲဒါကြီးကို ဝယ်ချလာပါလေရော။ 
.
ဝယ်လာတော့လဲ ဟိုရိုက်ဒီရိုက် ရိုက်ဖြစ်တာပေါ့။ ဒီကင်မရာလေးရမှ ကိုထွန်းခိုင်ကြီး ကင်မရာကြီးယူခဲ့ပါဦး စမ်းကြည့်ရအောင် ဓါတ်ပုံထွက်ရိုက်ရင်ခေါ်မယ်နော်... စသည်ဖြင့် ဓါတ်ပုံဆရာမိတ်ဆွေအချို့ရဲ့ လူရာသွင်းမှုကို ခံရလို့လဲ ဝမ်းသာရသေး ခွိ။ ဓါတ်ပုံရိုက်မှ ကင်မရာကြီးရှိမှ လူရာဝင်ပေသကိုး။ ကောင်းလှောင့်တေး ကောင်းလှောင့်တေး။ ဒါကြီးရပြီးတော့ မျောက်အုန်းသီးရသလို ဟိုရိုက်ဒီရိုက်ပေါ့။ မွန်ဂိုလီးယားသွားတုန်းက ဒါကြီးယူသွားဖြစ်လို့ ရှုခင်းတွေ ရိုက်လို့ကောင်းလိုက်တာ။ Kit Lens 18-55 နဲ့ပဲဆိုတော့ တစ်ချို့ပုံတွေရိုက်ရတာ စိတ်သွားတိုင်း ကိုယ်မပါ။ တယ်လီဆွဲရိုက်ချင်သလိုလို အပါချာကျယ်တဲ့ မှန်ဘီလူးမျိုး လိုချင်လာသလိုလို ... အင်း ငွေတော့ ထပ်ကုန်ချေတော့မည်။ 
.
လွန်ခဲ့တဲ့ တစ်ရက်နှစ်ရက်က ကြည့်ဖြစ်တော့ အားပါးပါး ကင်မရာကြိုးမှာ မှိုတွေကပ်နေပါလား ဒါနဲ့ ပြူးတူးပြဲတဲ နဲ့ ပျက်ပြီလားဆိုုပြီး နားလည်သူများကိုပြရသပေါ့။ တော်သေး၏။ Lens တို့ Sensor တို့အထိ မှိုမရောက်သေး။ ဒီအတိုင်းပဲ သူ့အိတ်ထဲထည့်ပြီး ဘီဒိုထဲ ထည့်ထားတာကိုး။ ကိုသူရကြီးကတော့ dry box ဆိုလားဝယ်ပြီး သိမ်းရမတဲ့ တစ်သိန်းခွဲ နှစ်သိန်းလောက်ရှိသတဲ့ မြတ်ချွာဖျား .... lens ဝယ်ချင်လို့ ယားနေတာတောင် ပိုက်ပိုက် သိပ်မရှိလို့ ငြိမ်နေရတာကို။ ဒါပေမဲ့ သုံးလေးသောင်းလောက် အကုန်ခံပြီး box တစ်မျိုးနဲ့ ထည့်သိမ်းလဲ ရသတဲ့။ လောလောဆယ်တော့ ဘုရားစင်ထဲထည့်ပြီး ၂၄နာရီမီးထွန်းထားတယ်။ ကောင်းရော။ ယောက်ခမကတော့ မနက် ဘုရားရှိခိုးရင် ကိုယ်တို့ရဲ့ Canon Kiss-2 ကြီးကိုပါ အဆစ် ကန်တော့နေရလေရဲ။ သာဓု သာဓု သာဓု .... :D