Wednesday, December 5, 2007
အောင်စည်ဟိန်း ရဲ့ သမိုင်းနောက်ဆက်တွဲ
ဆောင်းပါးနှစ်ဆယ့်နှစ်ပုဒ်ပါပါတယ်။ နောင်ရိုးတိုက်ပွဲနှင့် ပတ်သက်၍၊ တပုဿ ဘလ္လိကညီနောင် တို့ရဲ့ဇာတိမြေအကြောင်း၊ အနန္တသူရိယ၏ မျက်ဖြေလင်္ကာဆိုင်ရာပြသနာ စသည်ဖြင့် စိတ်ဝင်စားဖွယ် ဆောင်းပါးတွေပါရှိပါတယ်။ သဘောကျတာတစ်ခုက စာရေးသူဟာ ရေးတဲ့အကြောင်းအရာနဲ့ ပတ်သက်တဲ့ စာတမ်းတွေ သမိုင်းမှတ်တမ်းတွေ ကျမ်းတွေကို အများကြီး လေ့လာဖတ်ရှုပြီးမှ Thesis ရေးသလိုပုံစံမျိုး နဲ့ ရေးသားတာကိုပါ။ ရေးသားထားတဲ့ အကြောင်းအရာ ခေါင်းစဉ်တွေကို စိတ်ဝင်စားစရာအရမ်းကောင်းပါတယ်။ သမိုင်းအချက်အလက်တွေ ကျမ်းတွေကိုးကားပြီး တင်ပြထားတာဆိုတော့ ပိုပြီးတောင် ဗဟုသုတရစေပါတယ်။
သမိုင်းစိတ်ဝင်စားသူများဖတ်ကြည့်စေချင်ပါတယ်။ ဆက်ညွှန်းရင် မြင်းထိန်းငတာက ၀န်ကြီးဦးဖိုးလှိုင်ရဲ့ ကျမ်းတွေကောင်းလိုက်တာလို့ ချီးမွမ်းသလိုဖြစ်နေမှာစိုးလို့ပါ။ :P
ဆောင်းရယ် နှင်းရယ်
ပြန်မဲ့ရက်အထိ နှင်းတွေက ဆက်တိုက်ကျနေတုန်းပဲ။ နေ့ခင်းပိုင်းဆို နေရောင်မြင်ရပေမဲ့ ရေခဲတွေက မပျော်ဘူး။ ညဖက်ဆို အပူချိန်က အနှုတ် သုံး လေး ဒီဂရီလောက်ဖြစ်သွားတယ်။ အစောပိုင်း တစ်ရက် နှစ်ရက် အရမ်းပျော်ပေမဲ့ ပြန်ခါနီးမှာတော့ အဲဒီ ရာသီဥတုကြီးကို နည်းနည်းစိတ်ပျက်သွားတယ်။ နှင်းတွေက ကျတုန်းသာလှတာ။ ပြီးရင် ရေခဲပြင်ကြီး ဖြစ်သွားရော။ တစ်ချို့နေရာတွေမျာ ညစ်ပတ်ပြီး ငါးဈေးတန်းက ရေခဲရိုက်နေတဲ့နေရာလိုပဲခံစားရတယ်။ ပြီးတော့ ချော်လဲလိုက်တာလဲ တဗိုင်းဗိုင်းပဲ။ ကျွန်တော်တို့သာမန် Shoe ဖိနပ်တွေနဲ့ လျှောက်လို့ သိပ်မကောင်းဘူး။ ဒါပေမဲ့ဘယ်လောက်အေးအေး ညဖက်တွေဆိုတော့ အမြဲထွက်လည်တာပဲ။ လမ်းပေါ် လျှောက်သွားလိုက်၊ တော်တော်လေး အေးလာပြီဆို Supermarket တစ်ခုထဲခဏ၀င်ငေးလိုက်နဲ့။ ဘယ်လောက်သတိထားထား တစ်နေ့ကို နှစ်ခါသုံးခါတော့ ချော်လဲတယ်။ ရေခဲတွေဖြစ်ပြီးမာသွားပြီဆိုတော့ အတော်ကို နာတယ်ဗျ။
အင်း ...... အခွင့်အခါကြုံရင် နှင်းတွေကျတဲ့ဆောင်းရက်တွေ ကြုံချင်ပါသေးတယ်ဗျာ။
Monday, December 3, 2007
စာကလေးသို့ ပန်ကြားချက်
ဆီးနှင်းတစ်ပြိုက် မိုးတစ်လိုက် ဟူသောဆိုရိုးစကားအတိုင်း ဆီးနှင်းတစ်လှည့်၊ မိုးတစ်လှည့် တန်ဆာဆင်ခဲ့လေပြီ။ ကောက်ပင်တို့လည်း အသီးအနှံတို့ဖြင့် ငိုက်လာကြကုန်၏။ ရွှေရောင်သည် လယ်တောကို လွှမ်းခဲ့လေသည်။
ကောက်ပင်တို့သည် အနာဂတ်၏ သာယာမှုကို ကြိုတင်သိမြင်စေ၏။ ဤရွှေသီးရွှေနှံတို့သည် လယ်သမား၏ ချွေးသီးချွေးပေါက်များမှ ထွက်ပေါ်လာခြင်းဟု စဉ်းစားမိသူသည် မြေရှင်မဟုတ်နိုင်ချေ။
လယ်ကန်သင်း၌ စာကလေးတို့သည် အသီးအနှံပေါ်ချိန်ကို စောင့်စားနေကြ၏။
အမြီးငေါ့ငဲ့နှင့်စာကလေးသည် အမှည့်ဝင်းတော့မည့် စပါးနှံကို မျှော်လင်းတကြီး စောင့်နေရှာသည်။
အို.... စာကလေးငဲ့၊ သင့်အမူအရာ အကျင့်သည် မြေပိုင်ရှင်နှင့် တထေရာတည်းပါတကား။ သူတစ်ပါး၏လက်ဖြင့် စိုက်ပျိုးခဲ့ပြီးမှ သင်က အသီးအနှံကို ဆွတ်လိုသည်မှာ တရားပါသလော။
သင်သည် သနားဖွယ်ရှိပေစွ။ သင့်ကို မြေရှင်နှင့်နှိုင်းမိသည်ကိုပင် ငါစိတ်မကောင်းပါ။ သင့်မှာ သားကလေး၊ သမီးကလေးများအတွက် ၀မ်းစာလိုပေလိမ့်မည်။ သင့်သားသမီးကလေးများကလည်း စပါးနှံချီလာမည့်သင့်ကို မျှော်ရှာကြပေမည်။ ငါခွင့်ပေးပါ၏။ သင်အလိုရှိသလောက် ကိုက်ချီ ပျံသန်းပါလေ။ သို့သော် ငါမှာပါရစေ။ စပါးနှံများမှည့်ရင့်ပြီဟု မြေရှင်ကိုတော့ သတင်းမပေးလိုက်ပါနှင့်ဦး။
(တင်မိုး - ပိတောက်မှသရဖီသို့ ...မှ)
ခ၀ဲရိုင်းလေး
နှင်းကိုသောက်၍ ခ၀ဲညွန့်ကလေး ငေါက်ခဲ့ပြီ။ ခ၀ဲရိုင်းကလေးပွင့်ခဲ့ပြီ။ ခ၀ဲရိုင်းသည် မြို့ကြီးပြကြီးအလယ် မတင့်တယ်ခဲ့။ တောကြိုအုံကြား၌သာ ပေါက်ခဲ့၏။ ပွင့်ခဲ့၏။ ငါ့အိမ်ရှေ့၌ ခ၀ဲစင်ကလေး ရှိရာ ဤပန်းကလေး ပျော်မြူးစွာပွင့်၏။ လွတ်လပ်သောလေကို ရှူ၏။ ယာတောကို ဖြတ်၍ တိုက်ခတ်သော လေသည် သင့်မိတ်ဆွေစစ် ဖြစ်ဘိ၏။ သင်၏နေရာသည် နိမ့်ကျ၏။ သို့သော် သင်ပျော်၏။
အို....ခ၀ဲရိုင်းလေး
သင့်၌ မွှေးပျံ့သောရနံ့မရှိ။ သို့သော် သင်သည်ရိုး၏။ သင်၏ရိုးဂုဏ်သည်ပင် အကြိုင်ဆုံးသော ရနံ့ပေတည်း။ သင့်၌ လှပသောအဆင်းမရှိ။ အ၀ါရောင်အဆင်း ၀င်းကာမျှဖြစ်၏။ သို့သော် သင်၏အဆင်းသည် ပကတိအဆင်း၊ သဘာဝထံမှ ဆေးရောင်စုံငှား၍ ခြယ်လှယ်ထားခြင်း မဟုတ်။ ပကတိအဆင်းသည်ပင် သင်၏ အတင့်တယ်ဆုံးသော အလှပေးတည်း။
အို....ခ၀ဲရိုင်းလေး
သင့်၌ အားငယ်ဟန်လည်းမရှိ။ ထောင်လွှားဟန်လည်းမပြ။ သင်နေတတ်သလို နေ၏။ သင့်သဘာဝအလျောက် ဖူး၏။ ပွင့်၏။ မျိုးစေ့ချ၏။ သင့်အမူအရာသည် အပြစ်ကင်းစင်လှ၏။ သင့်ပတ်ဝန်းကျင်မှ ဆင်းရဲသူ ဆင်းရဲသားများနှင့် တစ်ထေရာတည်းဖြစ်၏။ သင့်အမူအရာသည် ချစ်ဖွယ်အကောင်းဆုံးပေတည်း။
Jokes from Voice Journal
ကောက်နုတ်ဖော်ပြထားသော အကြောင်းအရာများသည် သက်ဆိုင်ရာ media သို့မဟုတ် စာရေးသူများ၏ အာဘော်သာဖြစ်ပြိး The Voice အယ်ဒီတာအဖွဲ့အနေဖြင့် သဘောတူခြင်း မတူခြင်းကို အပေါင်း လက္ခဏာဖြစ်စေ၊ အနှုတ်လက္ခဏာဖြစ်စေ ထူခြားသောအသွင်တစ်ခု ဆောင်နေပါက စာဖတ်ပရိသတ်များ သတိပြုမိစေလို၍ ပြန်လည် ကိုးကား ဖော်ပြခြင်းဖြစ်ပါသည်.......ဆိုပြီး ဘောင်သတ်မှတ်ထားတယ်။ ဒီတစ်ပါတ်တော့ စာဖတ်သူတွေကို ပြုံးရွှင်ရယ်မော စေချင်သလားမသိ ဟာသလေးတွေထည့်ပေးထားတယ်ဗျ။ Voice ကို ကြိုက်တာ ဒါလေးတွေပါတယ်။
၂၀၀၄ခုနှစ်တွင် အိမ်ထောင်စုများ၏ အခြေအနေကို စစ်တမ်းကောက်ယူခဲ့ဖူးပါကြောင်း၊ လေ့လာမှုစစ်တမ်းအရ နေထိုင်ရေးနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံတွင် အိမ်ထောင်စုများ၏ ၉၄.၂%သည် ကိုယ်ပိုင်အိမ်များပိုင်ဆိုင်ကြပြီး ကျေးလက်နှင့် မြို့ပြများတွင် အိမ်ထောင်စုများ၏ ၉၉%သည် အာမခံရှိသည့် နေထိုင်ခွင့်ရှိနေကြကြောင်း .....
21 Nov 07 ထုတ်ကြေးမုံသတင်းစာ (စာမျက်နှာ ၅) ကရင်ပြည်နယ် ဖာပွန်မြို့နယ်ကြံ့ဖွံ့အသင်းအတွင်းရေးမှူး၏ ဆွေးနွေးတင်ပြချက်။
၂၀၀၇ ခုနှစ်စက်တင်ဘာလအတွင်း နိုင်ငံတော်တွင် ဆူပူမှုဖြစ်ရန် ဖန်တီးသည့် လုပ်ရပ်များပေါ်ပေါက်ခဲ့ကြောင်း၊ ပါဝင်သော အဖျက်သမားများသည် ထောင်ဂဏာန်းတောင်မရှိသဖြင့် ၅၄သန်းကျော်ရှိသော မြန်မာနိုင်ငံသားများနှင့် နှိုင်းယှဉ်လျှင် အပုံတစ်သိန်းပုံတစ်ပုံပင် မရှိပါကြောင်း ....
ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး အသင်းဝင်၂၄.၅သန်းကျော်၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင် ၃.၃သန်းကျော်၊ ကြက်ခြေနီအသင်းဝင် ၂.၄သန်းကျော်၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင် တစ်သိန်းခွဲကျော်နှင့် နှိုင်းယှဉ်လျှင် ပြည်ပအားကိုး ပုဆိန်ရိုးအရေအတွက်သည် မြင့်မိုရ်တောင်နှင့် ဆီးစေ့လို မနှိုင်းယှဉ်နိုင်အောင် ကွာခြားလှပါကြောင်း
21 Nov 07 ထုတ်ကြေးမုံသတင်းစာ (စာမျက်နှာ ၆) မအူပင်မြို့နယ်ကြံ့ဖွံ့အသင်းအတွင်းရေးမှူး၏ ဆွေးနွေးတင်ပြချက်။
တန်ဆောင်မုန်း
ဝါလကျွတ်ပြောင်း၊
ကြာကနှောင်းသော်
ဒေါင်းဌက်ကတွန်၊ ဆောင်းလက်မွန်၌
စွန်ကလည်းဝဲ၊ တွန်ကြဆဲတွင်
ဝမ်းဘဲကကွေ၊ ချမ်းမြဲထွေ၍
လေကလည်းပြောက်၊ ချေကလည်းဟောက်နှင့်
မဟာမင်းလှ မင်းခေါင်ကျော်ဦးရွန်း
Saturday, December 1, 2007
Ju Mong ကိုးရီးယားဇာတ်လမ်းတွဲ
Gojoseon ဆိုတဲ့ရှေးဟောင်းကိုးရီးယားအင်ပါယာ ဟာ ဟန်တရုတ်တွေနဲ့ စစ်မက်ဖြစ်ပြီး ပြိုကွဲသွားတယ်။ နယ်စားပယ်စားတွေနဲ့ သူတလူငါတမင်းပေါ့။ ဟန်တဂရုတ်တွေရဲ့ သြဇာခံပေါ့။ အဲဒီအချိန်မှာ Hae Mosu ဆိုတဲ့သူရဲကောင်းတစ်ယောက်ပေါ်လာပြီး ဟန်တရုတ်တွေကို တော်လှန်တယ်။ Gojoseon refugee တွေကို ကာကွယ်ပေးတယ်။ Buyeoနယ်စားလေး Geumwa က သူ့ရဲ့သွေးသောက်ပေါ့။ ဒဏ်ရာရလို့ ထွက်ပြေး တိမ်းရှောင်နေရင်း သူ့ကို ကူညီခဲ့တဲ့၊ ဒုက္ခရောက်ပြီး တကောင်ကြွက်ဖြစ်နေရှာတဲ့ Haebaek ရွာသူကြီးသမီး Yo hwar နဲ့ အကြောင်းပါဖို့ဖြစ်လာတယ်။ Buyeo နယ်စားကြီးနဲ့ အမတ်ရဲ့ အကောက်ကြံမှုကြောင့် ဟန်တရုတ်တွေရဲ့ အဖမ်းခံပြီး မျက်လုံးနှစ်ဖက်အဖောက်ခံရတယ်။ အဲဒီအချိန်မှာ Yo Hwar မှာ ကိုယ်ဝန်ရှိနေပြီ။ Hae Mosu ကိုတရုတ်ပြည်ကိုအပို့ လမ်းမှာ နယ်စားလေးက ဖြတ်တိုက်ပြီးကယ်ဖို့ကြိုးစားပေမဲ့ Hae Mosu ချောက်ထဲကြသေသွားတယ်။
သားလေးမွေးပြီးနောက် Yo Hwar က Buyeo နယ်စားလေးဆီခိုဝင်တယ်။ နယ်စားမင်းသေတော့ Geumwa နယ်စားဖြစ်လားတယ်။ Hae Mosu ရဲ့ သားလေးကို သူ့သားအရင်းတွေနဲ့ မခြား ပြုစုစောင့်ရှောင့်ခဲ့တယ်။ ဒါပေမဲ့ သူတို့သားအမိက မိဘုရားကြီးနဲ့ သားနှစ်ယောက်တို့ရဲ့ အနိုင်ကျင့်မှုကို အမြဲခံရတယ်။ သားလေးနံမည်က Ju Mong ။ နယ်စားမင်းနဲ့ သူ့အမေက သူ့အပေါ် မျှော်လင့်ချက်ကြီးကြပေမဲ့ သူကတော့ ပေါ့ပေါ့နေ ပေါ့ပေါ့စား ဖြစ်နေတယ်။ အကိုနှစ်ယောက်နဲ့ အတူခရီးသွားပြီး အကောက်ကြံခံရ ပြီး ဒုက္ခတွေရောက်... ပြီးတော့ နန်းတော်ကနေ မောင်းထုတ်ခံရပြီး ကိုယ့်ဘ၀ကိုယ်ရုန်းကန်ရတဲ့အချိန်ကစပြီး Ju Mong တစ်ယောက် ပြောင်းလဲလာတယ်။ မိန်းကလေးနှစ်ယောက်နဲ့လည်းဆုံတွေ့ခဲ့ရပြီ။ ယောက်ျားလေးဆန် ထက်မြက်တဲ့ ကုန်သည်မျိုးနွယ်စုအကြီးအကဲရဲ့သမီး So Seo No (ဒီမိန်းကလေးမွေးတဲ့အချိန်မှာ Hae Moesu က ဓါးပြတွေရန်က ကာကွယ်ပေးခဲ့ရသေးတယ်။) နောက်တစ်ယောက်က နန်းတော်ထဲမှာကတည်းက သိကျွမ်းခဲ့ပြီး သူ့ကြောင့် အပြစ်ပေးခံရပြိး အပြင်ရောက်နေတဲ့ Bu Yaung ။

သူ့ဖခင်နဲ့လဲ ခဏတာပြန်ဆုံရပြီး ဓါးပညာ ကိုယ်ခံပညာ အမွေရလိုက်တယ်။ သေပြီထင်နေတဲ့ Hae Moesu ကမသေဘူး ချောက်ထဲကြပြီးနောက်မှာ လျှို့ဝှက်ဂူကြီးထဲက ထောင်မှာ အဖမ်းခံနေရတာ အနှစ်နှစ်ဆယ်ကျော်။ နောက်မှ Buyeo နယ်စားရဲ့ အမတ်မင်းနဲ့ သားနှစ်ယောက် အကောက်ကြံသတ်လို့ အသက်ဆုံးရှာတယ်။ Hae Mosu နဲ့ နယ်စားမင်း ... အရမ်းချစ်ကြတဲ့ သွေးသောက်နှစ်ယောက် ပြန်မဆုံလိုက်ဘူး။
တစ်နေ့မှာ နယ်စားကြီးက မင်းသားသုံးယောက် ကိုခေါ်ပြီး Crown Prince နေရာအတွက် ယှဉ်ပြိုင်စေတယ်။ Buyeoနယ်အတွက် ဘယ်သူက အကျိုးရှိဆုံးဆောင်ရွက်ပေးနိုင်မလဲ၊ တိုင်းသူပြည်သားများရဲ့ ချစ်ခင် လေးစားမှုကို ဘယ်သူ အများဆုံးရမလဲပေါ့ ..... အရင်ဆုံးမွေးတဲ့သားမို့ အရာပေးတာမျိုးမလုပ်ချင်ဘူးတဲ့။ တကယ်တမ်းမှာတော့ Ju Mongကို အခွင့်အရေးပေးတာပါ။ သူ့သွေးသောက် Hae Moesu နဲ့အတူ မျှော်မှန်းခဲ့တဲ့ ဟန်တရုတ်တွေကို ပြန်တိုက်ပြီး အင်ပါယာနိုင်ငံကြီးတစ်ခု ပြန်လည် ထူထောင်ဖို့ပေါ့ ......
ဝါး .... ရေးရင်နဲ့ တောင်အခုအိပ်ချင်နေတယ်။ ဘာပဲဖြစ်ဖြစ်ဒီညလည်း ဆက်ကြည့်ဖြစ်ဦးမှာပဲ။ မနက်ဖန် sunday ဆိုတော့ အိုကေပေါ့။