နှင်းကိုသောက်၍ ခ၀ဲညွန့်ကလေး ငေါက်ခဲ့ပြီ။ ခ၀ဲရိုင်းကလေးပွင့်ခဲ့ပြီ။ ခ၀ဲရိုင်းသည် မြို့ကြီးပြကြီးအလယ် မတင့်တယ်ခဲ့။ တောကြိုအုံကြား၌သာ ပေါက်ခဲ့၏။ ပွင့်ခဲ့၏။ ငါ့အိမ်ရှေ့၌ ခ၀ဲစင်ကလေး ရှိရာ ဤပန်းကလေး ပျော်မြူးစွာပွင့်၏။ လွတ်လပ်သောလေကို ရှူ၏။ ယာတောကို ဖြတ်၍ တိုက်ခတ်သော လေသည် သင့်မိတ်ဆွေစစ် ဖြစ်ဘိ၏။ သင်၏နေရာသည် နိမ့်ကျ၏။ သို့သော် သင်ပျော်၏။
အို....ခ၀ဲရိုင်းလေး
သင့်၌ မွှေးပျံ့သောရနံ့မရှိ။ သို့သော် သင်သည်ရိုး၏။ သင်၏ရိုးဂုဏ်သည်ပင် အကြိုင်ဆုံးသော ရနံ့ပေတည်း။ သင့်၌ လှပသောအဆင်းမရှိ။ အ၀ါရောင်အဆင်း ၀င်းကာမျှဖြစ်၏။ သို့သော် သင်၏အဆင်းသည် ပကတိအဆင်း၊ သဘာဝထံမှ ဆေးရောင်စုံငှား၍ ခြယ်လှယ်ထားခြင်း မဟုတ်။ ပကတိအဆင်းသည်ပင် သင်၏ အတင့်တယ်ဆုံးသော အလှပေးတည်း။
အို....ခ၀ဲရိုင်းလေး
သင့်၌ အားငယ်ဟန်လည်းမရှိ။ ထောင်လွှားဟန်လည်းမပြ။ သင်နေတတ်သလို နေ၏။ သင့်သဘာဝအလျောက် ဖူး၏။ ပွင့်၏။ မျိုးစေ့ချ၏။ သင့်အမူအရာသည် အပြစ်ကင်းစင်လှ၏။ သင့်ပတ်ဝန်းကျင်မှ ဆင်းရဲသူ ဆင်းရဲသားများနှင့် တစ်ထေရာတည်းဖြစ်၏။ သင့်အမူအရာသည် ချစ်ဖွယ်အကောင်းဆုံးပေတည်း။
ဆရာတင်မိုး - (ပိတောက်မှသရဖီသို့)စာအုပ်ရဲ့ တန်ဆောင်မုန်းလနဲ့ ဆိုင်တဲ့အပိုင်းထဲက ကောက်နုတ် ဖော်ပြထားတာပါ။ သည်စာအုပ်လေးက မြန်မာတစ်ဆယ့်နှစ်လရာသီအကြောင်းလေးတွေကို ကဗျာလိုလို စကားပြေလှလှလိုလိုမျိုးလေး ရေးထားတယ်။ ဆရာတင်မိုးကတော့ Patient Strong ရဲ့ Through the Year စာအုပ်လေးကို တွေ့ပြီး ကိုယ့်နည်းကိုယ့်ဟန်နဲ့ စီမံ စိတ်ကူးကြည့်ချင်လို့ ဒီစာအုပ်လေးကို ရေးဖြစ်တယ်လို့ဆိုပါတယ်။ ရေးရတာသိပ်ပြီး စိတ်ကြည်နူးတာပဲတဲ့။ ဖတ်ရတဲ့ ကျွန်တော်တို့တတွေလဲ အရမ်းစိတ်ကြည်နူးရပါတယ်။
ဆရာကြီးက ကျွန်တော့် အရင်းနှီးဆုံးသူငယ်ချင်းတွေထဲက တစ်ယောက်ဖြစ်တဲ့ဥာဏ်မိုးရဲ့ ဖခင်ပါ။ အလယ်တန်း ကျောင်းသားဘ၀ကတည်းက သိကျွမ်းခဲ့တာ။ နောက်ပိုင်းအင်းစိန်က အိမ်လှလှလေးကို ပြောင်းနေတော့လည်း မကြာမကြာရောက်ဖြစ်တယ်။ အေးချမ်းတည်ငြိမ်တဲ့ အပြုံးနဲ့ ဆရာကြီးရဲ့ရုပ်သွင်ကို အခုထိ အမှတ်ရနေမိသေးတယ်။ အခုတော့ အဖေရော သားပါ မရှိရှာတော့ဘူး။ တနေ့က စာအုပ်ပုံကိုရှင်းရင်း အဲဒီစာအုပ်လေးပြန်ထွက်လာလို့ ဥာဏ်မိုးကိုရော ဦးတင်မိုးကိုပါ သတိရမိတာနဲ့ ထုတ်ထားလိုက်တာ။
No comments:
Post a Comment