Friday, November 30, 2007

တစ်ချိန်က ရှမ်းတဲနဲ့ ကျွန်တော်ဦးဦးများ

ကုန်းမြင့်သာစားသောက်ဆိုင်ရောက်တော့ ခြောက်နာရီကျော်ကျော်ရှိနေပြီ။ တိုးကြီးက အ၀က စောင့်နေတယ်။ ဦးကယားလေး၊ ဦးညွန့်ခင်တို့က ရောက်နှင့်နေကြပြီ။ အဘမြင့်သိန်းကတော့ မလာနိုင်ဘူး နေမကောင်းဖြစ်နေလို့။ ကျွန်တော်သူတို့ကို မတွေ့တာ အနှစ်နှစ်ဆယ်ကျော်ခဲ့ပြီပဲ။ ၀မ်းသာအားရနှုတ်ဆက်ကြ ရီကြမောကြပေါ့။ ထွန်းထွန်းလေးလို့ သူတို့သိတဲ့ ဆယ်နှစ်သားကောင်လေးတောင် အခု သုံးဆယ့်ခြောက်နှစ်ရှိပြီလေ။ အဖေနဲ့ သူတို့တွေက ရှမ်းတဲ လကသ လေတပ်စခန်း အရာရှိရိပ်သာမှာ အခန်းကပ်ရက်နေခဲ့ကြတဲ့သူတွေပေါ့။ တော်တော်လည်း ရင်းနှီးကြတယ်။ အကြောင်းကြောင်းနဲ့ အဆက်အသွယ်ပြတ်နေကြတာကြာပြီ။ ကျွန်တော့်သူငယ်ချင်းတိုးကြီးက အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်စင်သင်တန်းလာတက်တော့ ဦးကယားလေးက အဲဒီက ကျောင်းအုပ်ကြီးဖြစ်နေတယ်။ အဲဒီကနေ အဖေတို့တသိုက်ပြန်ဆက်သွယ်မိကြတာ။

ရှမ်းတဲ (လကသ)ကိုကျွန်တော်အဖေနဲ့လိုက်နေတော့ လေးတန်းကျောင်းသားပေါ့။ တပ်တွင်းက ကျောင်းမှာပဲ တက်တာပါ။ အမေနဲ့ ညီမများက လွိုင်ကော်မှာလေ။ အဖေကလည်း တစ်ယောက်တည်းဆိုတော့ အရာရှိရိပ်သာက အခန်းမှာပဲနေတယ်။ အဲဒီအခန်းလေးမှာပဲ ကုတင်တစ်လုံးထိုးပြီးနေတာပေါ့။ အရာရှိလေသူရဲတွေကြားမှာ ကျွန်တော်က မင်းသားပေါ့။ ကလေးဆိုလို့ အရာရှိရိပ်သာမှာ ကျွန်တော်ပဲရှိတာ။ အဲဒီအချိန်မှာ ဦးကယားလေး၊ အဘမြင့်သိန်းတို့က QFI (Qualified Flying Instructor)၊ ဦးညွန့်ခင်က စက်မှုလက်မှုတပ်ခွဲ၊ အဖေက လက်နက်တိုက်အရာရှိပေါ့။ အဖေတာဝန်နဲ့ ရန်ကုန်ပြန်တာတို့ ခရီးသွားတာတို့ ဆိုရင် ဒီဦးဦးတွေပဲ ကျွန်တော့်ကို ကြည့်ရှုစောင့်ရှောက်ပေးကြတာ။

ညစာကတော့ အရာရှိရိပ်သာ ထမင်းစားခန်းမှာပေါ့။ ကျောင်းက မနက်တစ်ပိုင်းပဲ။ ကျောင်းဆင်းရင် အဖေ့ လက်နက်တိုက်ကို သွားတယ်။ အဲဒီမှာထမင်းစားတာပေါ့။ ကျွန်တော်က သူများကလေးတွေလို ကော်သေနတ်တွေ ၀ါးသေနတ်တွေနဲ့ကစားစရာမလိုဘူး။ ဆော့စရာ သေနတ်တွေ ပုံလို့။ အဲ... ကျွန်တော့်ကို ကျည်မရှိစစ်ဆေးပြီးမှပေးကိုင်တာပါ။ သတ်မှတ် area လဲကျော်လို့မရပါဘူး။ အားရက်တွေမှာ ဦးဦးတွေ ခေါ်ရင် လေယာဉ်လိုက်စီးပေါ့။ အဆောင်မှာနေတဲ့ အချိန်တွေမှာ အဘမြင့်သိန်းရဲ့ ၀ါးပတ္တလားကြီးကို သွားဆော့၊ ဦးဦးကယားလေး စစ်တုရင်ထိုးရင် ထိုင်ကြည့် ...နေခဲ့ရတာ အတော်ပျော်စရာပါ။ တပ်တွင်းဘ၀က အပြင်နဲ့တော့်မတူဘူး။

ဆံပင်ညှပ်တာ၊ ရုပ်ရှင်ကြည့်တာတွေ ပိုက်ဆံမပေးရဘူး။ တိုကင်ပြားရတယ်။ ခရင်ဆိုဒါ သောက်ချင်ရင်လဲ bar မှာ အဖေ့ ကိုယ်ပိုင်နံပါတ်ပြောလိုက်ရုံပဲ။ 1322 ဆိုရင်အားလုံးငြိမ်းတယ်။ လကုန် လခထုတ်မှ အဖေ့ဆီက ဖြတ်တာပေါ့။ ညဖက် ထမင်းသွားစားရင်း ဦးဦးတွေ ဘိလိယက်ထိုးတာထိုင်ကြည့်။ bar ကခုံမြင့်မြင့်ကြီးပေါ် မမှီမကမ်း တက်ထိုင်၊ ခရင်ဆိုဒါယူသောက် ... တစ်ခါတစ်လေ .. သားသား လာ ယောက်ျားလေး တစ်ငုံချ... ဆိုရင်လဲ မငြင်းတမ်းပဲ။ သူတို့ကတော့ အာမီရမ်ပေါ့။ အဖေနဲ့ ဦးဦးတွေ အရက်ဝိုင်း လုပ်ကြပြီဆိုရင်လဲ အမြည်းတွေပြင်ဆင်၊ ရေခဲရေပုလင်းတွေထုတ်ပေး။ ပြီးရင် ဘေးမှာထိုင်ပြီး အမြည်းစားပေါ့။

ပိတ်ရက်တွေဆို မိထ္ထီလာကန်ဖက် ဌက်ပစ်ထွက်ကြ။ ငြိမ့်နေတာပဲ။ အဲဒီမှာ ခြောက်လကျော်နေခဲ့တယ်။ နောက်တော့ အဖေက ငါ့သားကို ဒီမှာဆက်ထားရင် ဂျစ်ပစီဖြစ်တော့မယ်ဆိုပြီး လွိုင်ကော်ကို ပြန်ပို့လိုက်လေရဲ့။ လေးတန်း အတန်းတင်စာမေးပွဲကို လွိုင်ကော်မှာဖြေရတယ်။ တော်တော်ငယ်ငယ်ကတည်းက တစ်ယောက်တည်းနေခဲ့ရတဲ့အကျင့်၊ တော်သလို နေထိုင်စားသောက်၊ မိမိကိုယ်ကိုစောင့်ရှောက် ဆိုတဲ့ အကျင့်ကောင်းလေးတစ်ခုရခဲ့တယ်လို့ ဆိုရမယ်။

Wednesday, November 28, 2007

နိုင်ငံတော်ဆိုတဲ့လူကြီး

အဲဒီနိုင်ငံတော်ဆိုတာ ဘယ်လိုလူစားမျိုးလဲဟင်? ကျွန်ုပ်သည် နိုင်ငံတော်ဖြစ်သည်ဆိုတဲ့ လူဝီဘုရင်လိုခပ်ဆိုးဆိုးကောင်ကြီးလား? နိုင်ငံတော်ဟာ လူပုဂ္ဂိုလ်ဆိုရင် ဘယ်ရာထူးအဆင့်အထိ လူတွေ အကြုံးဝင်မလဲ? သတင်းစာထဲက စာသားလေးတွေကို ဖတ်နေမိလို့ပါ။ နိုင်ငံတော်က မေတ္တာစေတနာ အပြည့်နဲ့ ပြည်သူတို့ရဲ့ အကျိုးစီးပွားအတွက် ငွေအကုန်အကျခံပြီး ဖောက်လုပ်ပေးခဲ့တဲ့ ရန်ကုန် မန္တလေး မီးရထား နှစ်လမ်းသွား ဒွေးလမ်းကြီးဟာ တကယ်တော့ မေတ္တာလမ်းကြီးဖြစ်ကြောင်း .... ရီချင်သွားလို့။

အဲဒီနိုင်ငံတော်ဆိုတဲ့လူကြီးက သူ့အမေလင် ပိုက်ဆံတွေနဲ့ ဒီမီးရထားလမ်းကြီးကို အကုန်အကျခံ ဖောက်ခဲ့တာပေါ့နော်။ တိုင်းပြည်၊ နေထိုင်ကြတဲ့ ပြည်သူ ပြည်သားများ၊ အစိုးရ .... အဲဒီလိုရှိတဲ့ဆီမှာ တိုင်းပြည်က မြေပေါ်မြေအောက် သယံဇာတ တွင်းထွက်တွေဟာ ပြည်သူတွေအားလုံးပိုင်တယ်။ အစိုးရဆိုတာ ပြည်သူ့ကိုယ်စားလှယ်၊ ပြည်သူတို့ ထမ်းဆောင်သော အခွန်အခတွေ၊ ဝင်ငွေတွေနဲ့ တိုင်းပြည်နဲ့ ပြည်သူတို့ရဲ့အကျိုးအတွက် တာဝန်ထမ်းဆောင် ပေးနေသူတွေ ဆိုတဲ့အချက်တွေ၊ servant leader ဆိုတဲ့သဘောတရားမျိုးတွေ.... လီကွမ်းယုကြီး စင်ကာပူကို ဘယ်လို ထူထောင်လာတယ် ဆွဲတင်ခဲ့တယ်ဆိုတာတွေ ...

သေချာတယ် ဒါတွေကို ကျွန်တော်တို့ရဲ့ နိုင်ငံတော်လို့အမည်ခံထားတဲ့ ပုဂ္ဂိုလ်များ မသိတာလား မသိချင်ယောင်ဆောင်နေတာလား ...။ Top Gun ရုပ်ရှင်ကားထဲမှာ ဇာတ်လိုက် (Tom Cruse) က သင်တန်းမှာ တိုက်လေယာဉ်ကို စတန့်ထွင်မောင်းတော့ သူ့ရဲ့ သင်တန်းမှူးက ဆူပါတယ်။ Tax payer's money နဲ့ ဝယ်ထားတဲ့ ဒီလေယာဉ်ပျံကို ပျက်စီးသွားစေနိုင်တဲ့ ပျက်ကျသွားနိုင်တဲ့ အပြုအမူမျိုးတွေ မလုပ်သင့်ကြောင်း ပြောပါတယ်။ အဲဒီ tax payer's money ဆိုတဲ့ ခံယူချက်အတွေးလေးကို ပြောချင်တာပါ။

ပြည်သူ့ဝန်ထမ်းဆိုတဲ့ role ကို ပေါ်လွင်စေတဲ့ စကားလေးလို့ ကျွန်တော်မြင်ပါတယ်။ ကျွန်တော်တို့ဆီက နိုင်ငံတော်ဆိုတဲ့လူကြီးများ ဒါမျိုးလေးတွေ တွေးနိုင်တဲ့ အသိဉာဏ်လည်း ရှိပုံမပေါ်ပါဘူး။ Nothing lasts forever.... ကျွန်တော် အင်မတန့် အင်မတန်ကို ကြိုက်တဲ့စကားလေးပါ။ ညီအစ်ကိုဝမ်းကွဲ ၉၉ယောက်နဲ့ အရင်းတစ်ယောက်ကို သတ်ပြီး မင်းဖြစ်လာ၊ အိန္ဒိယတခွင် စစ်မက်ပြုပြီး အာဏာစက်ချဲ့ ...နောက်ပိုင်းမှာ သာသနာတွေပြု၊ ရေတွင်း ရေကန် စေတီပုထိုးတွေ ရှစ်သောင်းလေးထောင်ကျော် တည်ဆောက်ခဲ့တဲ့ အာသောကဘုရင်ကြီးတောင် သေခါနီးတော့ ( အမတ်တွေက ဘဏ္ဍာတိုက်တွေကို ပိတ်ပစ်ကြလို့) နောက်ဆုံးတော့ လက်ထဲက ကိုက်လက်စ ဇီးဖြူသီးတစ်ခြမ်းပဲ ကိုယ်ပိုင်ကျန်ပါတယ်တဲ့ ....

စိတ်ဆင်းရဲ ကိုယ်ဆင်းရဲနဲ့ သေသွားပြီး မြွေကြီးသွားဖြစ်ပါသတဲ့။ သိပ်မကြာခင်ကမှ နာလိုက်ရတဲ့ သီတဂူဆရာတော်ကြီးရဲ့ တရာေးလးပါ။ ဧကရာဇ်မင်းကြီး၏ ဘဝနိဂုံးတဲ့။ ဒို့ဆီက နိုင်ငံတော်ဆိုတဲ့ အကောင်ကြီးရဲ့ နိဂုံးကိုလည်း ကြည့်လိုက်ချင်သေး .....

Monday, November 26, 2007

ထီဆိုင်က ပိုစတာတွေ

လွန်ခဲ့တဲ့တစ်ပါတ်က ဂျာနယ်တစ်ခုမှာဖတ်လိုက်ရတယ်။ ရန်ကုန်မြို့တွင်းမှာ အမြင်မတော်တဲ့ Wall poster ကြီးတွေကို ပေးမတင်တော့ဘူးတဲ့။ ဒါလေးနဲ့ဆက်စပ်ရင်း ပြောချင်တာလေးတစ်ခု ပေါ်လာလို့ပါ။ မြို့ထဲတွေ လူစည်ကားရာလမ်းဆုံလမ်းခွတွေမှာ ထီဆိုင်ကြီးတွေတွေ့မှာပေါ့။ အခုနောက်ပိုင်းမှာ သတိထားမိတာက ထီဆိုင်ရှေ့မှာ အမျိုးသမီး model ပုံတွေကို ချိတ်ထား၊ ထောင်ထားတာတွေကိုပါပဲ။ ပုံတွေကတော့ ရှယ်ပဲ။ အမျိုးသမီးကလေးများ သူတို့ရှိတာလေးတွေကို ပရိသတ် မမြင် မြင်အောင် မထင်ရှား ထင်ရှားအောင် ရှယ်အနေအထားမျိုးတွေနဲ့ ကိုယ်ဟန်ပြထားတဲ့ ပုံတွေ။

သူတို့မိသားစုတွေ မိဘမောင်ဘွားတွေ ထီလားထိုးရင် ကြည့်ရဲပါ့မလားတောင်မသိဘူး။ ဆိုင်ကတော့ ဘာစိတ်ကူးနဲ့ ပြထားတယ်မသိ၊ ကိုယ်ကတော့ လျှောက်တွေးနေမိတယ်။ ပုံတွေကတော့ အမျိုးသား ပရိသတ်ကို ရည်ရွယ်တာပဲ။ ထီပေါက်ရင် ဒါမျိုးလေးတွေရမှာလား။ ဒါမှမဟုတ် ဒါမျိုးလေးတွေကို စိတ်ကူးပြီး ထီထိုးရမှာလား။ ပူရိသ ယောက်ျားများ ဒီပုံလေးတွေကြည့်ပြီး ထိုးချင်စိတ်တွေတော့ ပေါ်လာမှာလား ...

သေချာတာက ဒီလိုပုံတွေချိတ်ဆွဲတဲ့အတွက် ခွင့်ပြုချက် ဆင်ဆာယူရပုံမပေါ်ဘူး။ ဟိုးအရင်တုန်းက ရှားရှားပါးပါး အရက်ဆိုင် ဘီယာဆိုင်မှာ ချိတ်ထားတဲ့ ခပ်ဟော့ဟော့ အရက်ဘီယာ ကြော်ငြာမျိုး တစ်ခုနှစ်ခုသာ တွေ့ဖူးတာဗျ။ အခုနောက်ပိုင်းထီဆိုင်တွေ တစ်ဆိုင်နဲ့တစ်ဆိုင် အပြိုင် မင်းသမီးတွေ မော်ဒယ်လေးတွေရဲ့ ပုံတွေကို ပြလာကြတယ်။ (ရှယ် posငtion တွေနဲ့ သရုပ်ပြထားတာ ... ဂလု) မိတ်ဆွေ ... မြို့ထဲသွားရင်းလာရင်း ထီဆိုင်တွေတွေ့ရင် ကျွန်တော်ပြောတဲ့ ပုံလေးတွေကို သတိထား ကြည့်လိုက်ကြပါဗျာ။ ထိုးချင်စိတ်များ ပေါ်လာကြသလားလို့ .... :P
 

the way you express

တနင်္ဂနွေနေ့ညနေက လက်ရှိ EMBA နှစ်တန်းရဲ့ ဘောလုံးပွဲရှိလို့ ခဏသွားကြည့်ဖြစ်တယ်။ အဲဒီမှာ လက်ရှိ 6th Batch က ကျွန်တော့် အကိုကြီးတစ်ယောက်နဲ့ စကားပြောကြရင်း သူက ဘန်ကောက်သွားဦးမယ် ဘာမှာဦးမလဲမေးတာနဲ့ အကြောင်းတိုက်ဆိုင်လို့ စိတ်ထဲပြန်သတိရလာတယ်။ ပြောချင်တာလေးတွေ။ ရန်ကုန်လေဆိပ် international departure အဆောင်ကြီးအကြောင်းပါ။ ဧပြီမှာ MBA Trip သွားတော့ အဲဒီ အဆောက်အဦကြီးမဖွင့်သေးဘူး။ အဟောင်းဖက်ကနေထွက်ရတယ်။ လေယာဉ်ဆီရောက်ဖို့ ထုံးစံအတိုင်း ကားစီးပေါ့။ August ထဲမှာ ITPEC စာမေးပွဲကိစ္စနဲ့ နောက်တစ်ကြိမ်ထွက်တော့ ဒီအဆောက်အဦကြီး့ ဖွင့်နေပြီ။ သားသားနားနားနဲ့ နိုင်ငံတကာ အဆင့်မီတယ် (တစ်စုံတစ်ခုသော အတိုင်းအတာအထိပေါ့ဗျာ) ဆိုပြီး နည်းနည်းကျေနပ်သွားတယ်။ လေယာဉ်ပေါ်တက်တော့လည်း Tube နဲ့ ... လန်းတယ် ပေါ့ဗျာ။

ချီးမွမ်းလို့ မဆုံးသေးခင်မှာပဲ (စိတ်တော်တော်လေသွားတယ်) ကျွန်တော့်အမြင်မှာ အင်မတန်မ ှရုပ်ဆိုးလှတဲ့နေရာတစ်ခု သွားတွေ့တယ်။ Toilet တွေရဲ့ အဝင်အဝမှာပါ။ အထဲက အားလုံးကောင်းတယ်။ အဝင်အဝမှာ အခြားလေဆိပ်တွေမှာလိုပဲ ယောက်ျားပုံ မိန်းမပုံ၊ တွန်းလှည်းနဲ့လူပုံ စတဲ့ logo ပုံလေးတွေ ချိတ််ထားတယ်။ အရမ်းဆိုးသွားတာက စာထိုးထားတာပါ။ Men, Women, Invalid တဲ့ဗျား။ ကောင်းကြသေးရဲ့လား။

ကျွန်တော့်အမြင်မှာတော့ အဲဒီ Invalid ဆိုတဲ့စာကြီးက ခေတ်မီခမ်းနားတဲ့ ဒီလေဆိပ် အဆောက်အဦကြီးကို လုံးဝ တန်ဖိုးကျအောင် ဖျက်ဆီးလိုက်သလိုပဲ။ သွားဖူးသမျှ ဟောင်ကောင်လေဆိပ်၊ အင်ချွန်းလေဆိပ်၊ နာရီတာလေဆိပ်၊ ဟနွိုင်းလေဆိပ်တွေမှာ international နားလည်တဲ့ လူရုပ်ပုံလေးတွေပဲသုံးကြတာပဲ။ ဒီလို Invalid ဆိုတဲ့ စာမျိုးကြီး မတွေ့ဖူးပါဘူး။ စဉ်းစားကြည့်ပါ ..ကျွန်တော်က ကံမကောင်း အကြောင်းမလှလို့ အမေမွေးကတည်းက မသန်မစွမ်းဆိုပါတော့။ ခရီးသွားဖြစ်လို့ toilet ဝင်ရင် အဲဒီ Invalid ဆိုတဲ့စာတမ်းကြီးက ကျွန်တော့်ကို ဆီးကြိုနေတယ်။ ကျွန်တော်ဘယ်လို ခံစားရမလဲ...

ဘယ်ပညာရှိကများ ဒီလိုတွေရေးဖို့ ခိုင်းထားလဲ မသိပါဘူးဗျာ။

Just in time

ခက်သည်။ ဒီအကျင့်ဆိုးက ဘယ်တော့မှပျောက်တော့မှာ မဟုတ် အရိုးစွဲနေပြီ။ စာသံပေသံနဲ့ပြောရင်တော့ Just in time (JIT) ပေါ့။ တီချယ်ကြီးကြားရင်တော့ သူသင်ပေးတဲ့ စာများကို အလွဲသုံးစား လုပ်လေခြင်းဆိုပြီး အဆူခံရဦးမယ်။ Term paper တင်ရဖို့ လေးငါးရက်ပဲကျန်တော့သည်။ လကုန်ရင် အကြမ်းတင်ရမယ်။ ပြီးရင် ဒီစာတမ်းနဲ့ လူတွေ့စစ်ဆေးတာက နောက်လထဲမှာ။ Term paper တွေ ရေးရတော့မယ် ဆိုတော့လဲ ဒီလိုပဲ ယောင်ဝါးဝါးနဲ့ အချိန်ဆွဲနေခဲ့တာ။ ခေါင်းစဉ်လေးရွေးလိုက် အင်တာနက်ပေါ်တက် ဟိုရှာဒီရှာလုပ်လိုက် ကျောင်းသင်ရိုးဖတ်စာအုပ်တွေ ပြန်ဖတ်ကြည့်လိုက်နဲ့။

ဒီကြားထဲ အရေးအခင်းတွေ မတည်မငြိမ်တွေဖြစ်တာနဲ့ ( သိပ်တော့မဆိုင်သလိုပဲ) ခရီးသွားရတာနဲ့၊ DOF 2007 မှာ ဖတ်ဖို့ စာတမ်းရေးရတာနဲ့ ဘာညာ ဘာညာ အကြောင်းပြပြီး စာတမ်းကိစ္စကို ပစ်ထားတာကြာလှပေါ့။ အခု တန်ဆောင်မုန်းလပြည့် ရုံးပိတ်ရက်ကမှစပြီး သုတ်ခြေတင်ကာ စရေးလေသတည်းပေါ့။ အခုမှ Abstract ပြီးလို့ chapter တွေ ခွဲတုန်းရှိသေးတယ်။ မနက်ဖန်လောက် supervisor ဆရာမနဲ့ သွားတွေ့ရဦးမယ်။ ညကတောင် ရေးမယ်ဆိုပြီး သူငယ်ချင်း ဖိုးလမင်းအိမ်သွား ဘီယာထွက်သောက်၊ အိမ်ပြန်ရောက်တော့ ရေးဖို့ပျင်းသေးတာနဲ့ အသစ်ဝယ်ထားတဲ့ Allias ဇာတ်လမ်းတွဲလေးကို ကြည့် ... အင်း ... ခက်သေးသည်။

စနေ တနင်္ဂနွေနှစ်ရက်ကတော့ စာတွေနဲ့ လုံးပန်းနေလို့ ဘလော့လဲ မရေးဖြစ် မဖတ်ဖြစ်ဖူး။ ဒီတစ်ပတ်လောက်လဲ စာတမ်းနဲ့ လုံးပန်းနေရဦးမှာဗျ။ ကိုယ်တို့ကတော့ just in time ပါပဲ။

Friday, November 23, 2007

ဘိုင့်ဘိုင် အင်္ဂလန်

အင်္ဂလန်ဘောလုံးအသင်းကြီးတော့ နံမည်ကြီး ထမင်းငတ် ဖြစ်လေပြီ။နောက်ဆုံးအချိန်အထိ ကံကြမ္မာက မျက်နှာသာ ပေးခဲ့ပါသေးတယ်။ နောက်ဆုံးပွဲ အိမ်ကွင်းမှာ သရေကန်ရင်တောင် ခြေစစ်ပွဲအောင်နေတဲ့ အနေအထားမှာ ခရိုအေးရှားရဲ့ နောက်ဆုံးမိနစ်ပိုင်း အနိုင်ဂိုးကြောင့် အင်္ဂလိပ်တွေ အိမ်မက်က လန့်နိုး ခဲ့ကြရပါပြီ။ နဂိုကတည်းက ပရီးမီးယားလိဒ်မှာ အင်္ဂလိပ်လူငယ်ဘောလုံးသမားများ နေရာမရဖြစ်နေလို့ နိုင်ငံခြားသား ဘောလုံးသမား အရေအတွက် ကို ကန့်သတ်ဖို့ FA က အသံတွေ တညံညံထွက်နေတဲ့ အချိန်မှာ အခုလို ခြေစစ်ပွဲမအောင်တော့ ဘယ်လိုဖြစ်လာဦးမယ်ဆိုတာ အတော့ကို စိတ်ဝင်စားစရာ ကောင်းနေပါပြီ။

အဲဒီနောက်ဆုံံးပွဲကန်မဲ့ညက ဘာလို့မှန်းမသိ အင်္ဂလန်ကို ရှုံးပြီးထွက်သွားစေချင်စိတ်တွေ ပေါ်နေမိတယ်။ သရေကန်ရင်တောင် တက်ပြီဆိုပေမဲ့ စိတ်ထဲမှာ သူတို့ ခြေစစ်ပွဲမအောင်သင့်ဘူး မထိုက်တန်ဘူးလို့ ခံစားနေရလို့ပဲ။ နောက်နေ့မနက်စောစော ဂျာနယ်ဝယ်ဖတ်ပြီးတော့ ရလဒ်ကို သိလိုက်ရတဲ့အချိန်မှာ စိတ်ထဲမှာ ဘဝင်ကျသွားသလိုပဲ။

သိပ်တော့မဆိုင်ပေမယ့် ဒီအပတ်သောကြာက Eleven ဂျာနယ်မှာ ထူးထူးခြားခြား သတင်းတိုလေးတစ်ပုဒ်ကို ဖတ်လိုက်မိတယ်။ ခြေစစ်ပွဲကစားရန်လာတဲ့ ခရိုအေးရှားအသင်းမှ တာဝန်ရှိသူတစ်ဦးအား အင်္ဂလန်လေဆိပ်မှ ပစ္စည်းအလစ်သုတ် မသင်္ကာမှုနဲ့ ခေတ္တ ထိန်းသိမ်းပြီး စစ်ဆေးမေးမြန်းတယ်တဲ့။ အဲဒီအချိန်မှာ ကစားသမားများလဲ ရှိနေတယ်တဲ့။ မနေ့ညကသူငယ်ချင်းတွေ ဆုံကြတော့ တစ်ယောက်က ဒီသတင်းလေးအကြောင်းပြောပြီး ခရိုအေးရှားတွေ သောက်မြင်ကတ်ပုဒ်မနဲ့ အင်္ဂလန်ကို အနိုင်ကစားသွားတာ ဖြစ်မယ်တဲ့။ ခရိုအေးရှားတွေက ရှုံးရင်တောင် ဘာမှဖြစ်ဘူးလေ။ ခြေစစ်ပွဲက အောင်ပြီးသားကိုး။

အခုလိုခြေစစ်ပွဲမအောင်တဲ့အတွက် ယူရိုပွဲကြီးကရမဲ့ ဆုကြေး၊ ရုပ်သံလွှင့်ခ၊ ခရီးသွားလုပ်ငန်းများ၊ လောင်းကစားဒိုင်များ စသည် စသည်ဖြင့် စုစုပေါင်း ဒေါ်လာနှစ်ဘီလီယံလောက်တန်တဲ့ စီးပွားရေး အခွင့်အလန်းတွေကို လက်လွှတ်လိုက်ရပြီ ဖြစ်ပါတယ်။

Wednesday, November 21, 2007

ဆရာ့ဆုံးမစကား

ဆရာကြီး ဒေါက်တာ ခင်မောင်ကြွယ်က အသက်ခုနစ်ဆယ်ကျော်နေပြီဖြစ်ပေမဲ့ ကျန်းမာသွက်လက် နေတုန်းပဲ။ EMBA အတန်းတွေကို စာလဲ လာသင်ပေးနေသေးတယ်။ ကျွန်တော်တို့ကို project management သင်ပေးပါတယ်။ ကျွန်တော့်မှာ အရင်က Project Management ကို သိသလိုလို တတ်သလိုလိုနဲ့ ယောင်ဝါးဝါးရယ်။ ဆရာလမ်းညွှန်ပြသမှုအောက်မှာ အများကြီးမျက်စိပွင့် နားပွင့် ဖြစ်ရတယ်။ ဆရာက lecture တိုင်းမှာ အတန်းသားများ ပါဝင် ဆွေးနွေးလာအောင် လမ်းကြောင်း ပေးနိုင်တယ်။ ကျွန်တော်တို့ ငြင်းခုံကြ ဆွေးနွေးကြပြီးရင် သူကအနားသတ်ပေးတယ်။ လိုအပ်တာ ဖြည့်စွက်တယ်။ ကြည်လင်ပြီး ပြုံးနေတဲ့ မျက်နှာထားနဲ့ အင်မတန်သဘောကောင်းတဲ့ ဆရာတစ်ဦးပါ။ သူနဲ့ စာသင်ခွင့်ရတာကို ကျွန်တော်တို့ အရမ်းကံကောင်းနေပြီ။ အဲ ... ဒါက ဆရာ့အကြောင်းအနည်းအကျဉ်း ပြောပြတာပါ။

တကယ်ပြောချင်တာက (ကျွန်တော်လဲမေ့မသွားအောင်မှတ်ထားချင်လို့) ဆရာကန်တော့ပွဲမှာ ပြောခဲ့တဲ့ ဆုံးမစကားတွေပါ။ EMBA ဆရာကန်တော့ပွဲတုန်းက ဆရာကြီးဒေါက်တာ ခင်မောင်ကြွယ်ရဲ့ ဆုံးမသြဝါဒစကား အနှစ်ချုပ်လေးပါ။

ယုံကြည်၊ ကျန်းမာ၊ ရိုးဖြောင့်စွာဖြင့်၊ ၀ိရိယနဲ့ယှဉ် အမှန်မြင်....

၁) ယုံကြည်မှု trust, confident ကိုယ်လုပ်နေတဲ့အလုပ်အပေါ်မှာ ကိုယ်လျှောက်နေတဲ့လမ်းအပေါ်မှာ ယုံကြည်မှုရှိရမယ်။ ကိုယ်ကိုယ်တိုင်ကမှ ကိုယ်လုပ်တာမယုံကြည်ရင် တန်ဖိုးမထားရင် employeeတွေ customer တွေရဲ့ ယုံကြည်မှုကို ဘယ်လိုမှမရနိုင်ဘူး။

၂) ကျန်းမာခြင်း ဘဝမှာ useful ဖြစ်စေဖို့ အတွက် ကျန်းမာနေဖို့လိုမယ်။ မကျန်းမာရင် ဘာမှမလုပ်နိုင်ဘူး uselessပဲ။ တစ်နည်းအားဖြင့်ကြည့်ရင် ကျန်းမာခြင်းဆိုတာဟာ self developmentပဲ မိမိကိုယ်ကိုစောင့်ရှောက်ခြင်းပဲဖြစ်တယ်။

၃) ရိုးသားမှု Honestey ဘဝအတွက် ရည်ရှည်အတွက် အရမ်းကို အရေးကြီးတယ်။ ကိုယ်က ရိုးသားပါတယ် အော်ဟစ်ပြနေစရာမလိုဘူး၊ တကယ်ရိုးဖြောင့်ရင် တစ်ဖက်က ဆက်ခံကြည့်တာနဲ့သိတယ် ၊ ခံစားပြီးကို သိတယ်။

၄) လုံ့လဝိရိယ - လုံ့လဝိရိယရှိမှတိုးတက်မယ်။ ပျင်းရင်ဖျင်းမယ် အမြဲတန်း တက်ကြွအဆင်သင့်ဖြစ်နေရမယ်။

၅) အမှန်အတိုင်းမြင်သိမှု - အဖြစ်အပျက်တို့ရဲ့ သဘောအမှန်ကိုမြင်ရမယ်၊ ဥပမာ လောကုတ္တရာဆိုရင် ဖြစ်ပျက် မြင်တယ်ပေါ့။ လောကီမှာလဲ ဆန်းစစ်ဝေဖန် ပိုင်းဖြတ်မှုနဲ့ အကြောင်းတရားမှန် သဘောမှန် အဖြစ်အပျက်မှန် root cause ကို သိမြင်နိုင်အောင်ကြိုးစားကြရမယ်။

ဒီငါးချက်က လောကီ လောကုတ် နှစ်ဖြာ အကျိုးများစေပါမယ်တဲ့။