Monday, December 31, 2007

Welcome 2008

ဒီနေ့ဟာ ၂၀၀၇ခုနှစ်ရဲ့ နောက်ဆုံးနေ့လေးပါ။ တစ်နှစ်ပြီး တစ်နှစ် သက္ကရာဇ်တွေ ပြောင်းပြောင်းသွားတာလဲ မြန်လိုက်တာ။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၃၁ရက်ဆိုတာလဲ မနေ့တစ်နေ့ကလိုပဲ စိတ်ထဲ ထင်နေမိသေးတယ်။ ဒီလိုနဲ့ပဲ အသက်တောင်အတော်ကြီးလို့ ဘ၀ခရီးတစ်ဝက်ကျော်ရောက်ခဲ့ပြီပေါ့။ ၂၀၀၇ကနေ ၂၀၀၈ အပြောင်းက ကျွန်တော့်အတွက်တော့ major change ပါပဲ။

နှစ်သစ်မှာ -

ရုံးခန်းအသစ်မှာ အလုပ်စလုပ်ရမယ်။

တစ်ကိုယ်ရည် တစ်ကာယသမား ဘ၀ကနေ အိမ်ထောင်သည်ဘ၀ကို ရောက်ခဲ့ပါပြီ။ နှစ်သစ်မှာ မိန်းမအသစ်နဲ့ပေါ့ဗျာ ( ၂၆ ဒီဇင်ဘာကမှ လက်မှတ်ထိုး လက်ထပ်ထားတာဆိုတော့ မိန်းမအသစ်လို့ ပြောရမှာပေါ့နော် :P)

နေထိုင်တဲ့ မြို့နယ်အသစ် ... ရပ်ကွက်အသစ် ... တိုက်ခန်းအသစ် ... ပတ်ဝန်းကျင်အသစ် .... ရုံးသွား ရုံးပြန် စီးရမဲ့ ဘတ်စ်ကားနံပါတ်အသစ်၊ အိမ်အသုံးအဆောင်ပစ္စည်းအသစ် ... အိပ်ယာအသစ် ... ထမင်းဟင်း လက်ရာသစ် ..... အားလုံးအသစ်တွေနဲ့ ၂၀၀၈ ကို စတင်ရပါတော့မယ်။ ဟောင်းတာဆိုလို့ ကျွန်တော်ပဲရှိမယ်။ ဒါပေမဲ့ စိတ်သစ်လူသစ် ခွန်အားသစ်တွေနဲ့ပေါ့ဗျာ။


ဒါနဲ့ စကားမစပ် ကျွန်တော့်ဘာသာ အားအားယားယား စိတ်ကူးတည့်ရာ တွေးမိတွေးရာ လက်ယားလို့ လျှောက်ရေးနေသော ဘလော့ ပိုစ့်များကို လာရောက် ဖတ်ရှုကြကုန်သော မိတ်တွေအပေါင်းတို့ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး စိတ်သစ်လူသစ်ခွန်အားသစ်တွေနဲ့ နှစ်သစ်မှာ အောင်မြင်မှုတွေ ပျော်ရွှင်မှုတွေ ဆထက်တပိုး တိုးနိုင်ကြပါစေဗျာ ...... :D

So far so good Arsenal :)

ကံကောင်းပါစေအာဆင်နယ်။ ဒီဇင်ဘာခရောင်းလမ်းကို ခက်ခက်ခဲခဲကျော်ဖြတ်ခဲ့ပြီးချိန်မှာတော့ နှစ်သစ်ကူးရဲ့ ချန်ပီယံအဖြစ် ဆက်လက် ချီတက်ဆဲပါ။ လျှင်လျှင်မြန်မြန် ကစားကွက်လှလှတွေနဲ့ ပရိသတ်ကို ဖျော်ဖြေပြီး ရသ မြောက်ပါပေတယ်။ ကပ်လျက်ဒုတိယ မန်ယူကို ၂မှတ်၊ ချယ်ဆီးကို ၆မှတ်နဲ့ လီဗာပူးကို ၁၀မှတ် ဖြတ်ထားနိုင်ပါပြီ။ ချန်ပီယံဖြစ်ဖို့ကတော့ ဆက်ပြီး ကြိုးစားရဦးမှာပါ။ ဘောလုံးဆိုတာကလည်း လုံးနေတယ်လေ။

မထင်မှတ်တာတွေဖြစ်တတ်တာလဲ ဘောလုံးပွဲရဲ့ ရသ တစ်ခုပါပဲ။ ဥပမာ ပြီးခဲ့တဲ့စနေက မန်ယူက ၀က်စ်ဟမ်း ကို ရှုံးတဲ့ပွဲမျိုးပေါ့။ တစ်ဂိုးနိုင်နေပြီမှ ရတဲ့ ပင်နာတီ လဲမ၀င် နှစ်ဂိုးထပ်ပေးရပြီး ရှုံးချက်နာလိုက်လေ။ မန်ချက် အနေနဲ့ ပြီးခဲ့တဲ့အပတ်က ပွဲပြီးခါနီးရတဲ့ လက်ဆောင် ပင်နာတီနဲ့ နိုင်ခဲ့ပေမဲ့ ဒီအပတ်မှာတော့ လက်ဆောင်ထပ်ရတဲ့ ပင်နာတီကို ဂိုးအဖြစ် မပြောင်းနိုင်ခဲ့ဘူး။

အာဆင်နယ်အနေနဲ့ ဘိုရိုကိုရှုံး၊ ပို့စ်မောက်ကို သရေကျခဲ့ပေမဲ့ စပါးနဲ့ အဲဗာတန်ကို အနိုင်ယူနိုင်ခဲ့ပါတယ်။ လာမဲ့ အင်္ဂါနေ့မှာတော့ ၀က်စ်ဟမ်းနဲ့ ပွဲကျပ်တစ်ပွဲထပ်ကစားရပါဦးမယ်။ တနင်္ဂနွေမှာ အသင်းငယ် ဘန်လေနဲ့ FA ကစားရမယ်။ ချန်ပီယံလိဒ်ရှုံးထွက်မှာ အေစီမီလန်နဲ့ ရင်ဆိုင်ရမှာဖြစ်ပေမဲ့ အသက်ကြီး AC အသင်းကို ဖြတ်ကျော်သွားနိုင်မယ်လို့ မျှော်လင့်နေမိတယ်။


Thursday, December 27, 2007

About Face

ပြီးခဲ့တဲ့ စနေက Seminar လေးတစ်ခုပြောဖြစ်တယ်။ MICT Park မှာပါ။ MIT က ကိုထွန်းသူရ ပြန်ရောက်တုန်း တစ်ခုလုပ်ချင်တယ် သူက Data to Knowledge topic နဲ့ ပြောမယ်။ ကျွန်တော့်ကို လည်း တစ်ခုပြောပေးပါဆိုလို့။ ခေါင်းစဉ်ကတော့ Factors influencing the successful implementation of Business software ပါ။ ကျွန်တော့်ရဲ့ EMBA Paper ခေါင်းစဉ်ပါပဲ။ Customer Expectation, Software Attributes, Implementation Environment, After-Sales service ဆိုပြီး လေးပိုင်းပြောတဲ့အထဲက software attributes အောက်က User Interface အပိုင်းကို ပိုပြီး အလေးထား ပြောဖြစ်သွားတယ်။ paper ရေးရင်တော့ အဲဒီလောက့်ထည့်မှာမဟုတ်ဘူး။ ကျွန်တော်ပြောသမျှတော်တော်များများက Alan Cooper ရဲ့ စာအုပ်နှစ်အုပ်ထဲက ကောက်နုတ်ထားတာပါ။ About Face 2 နဲ့ The Inmates are Running the Asylum ဆိုတဲ့စာအုပ်နှစ်အုပ်ပါ။

Alan Cooper ဆိုတဲ့လူကလည်း နယ်နယ်ရရမဟုတ်။ Visual Basic ကို ဖန်တီးခဲ့တဲ့သူပါ။ ပြီးမှသူက Microsoft ကို ရောင်းလိုက်တာဗျ။ User Interface Design နဲ့ ပတ်သက်ရင်တော့ သူက ဆရာကြီးတပါးပါပဲ။ ခုနက ပြောတဲ့ စာအုပ်နှစ်အုပ်ကို ရုံးက ကျွန်တော့် MD က အရင်မှာပြီးဖတ်တာ။ ပြီးတော့မှ သူက ကောင်းတယ် ဖတ်ကိုဖတ်ရမယ့် စာအုပ်ဆိုပြီး ညွှန်းတာနဲ့ ဖတ်ဖြစ်သွားတာ။ About Face က programmer တွေ web designer တွေ ဖတ်ကို ဖတ်သင့်တဲ့စာအုပ်ပါ။ လူတွေသုံးရလွယ် နားလည်ရလွယ်တဲ့ programတွေ interface တွေကို ဘယ်လို ဖန်တီးမလဲဆိုတာတွေ အသေးစိတ်ပါတယ်ဗျ။ Goal directed Designပေါ့။ Userတွေ လုပ်ချင်တဲ့ ကိစ္စတွေကို လူလိုတွေး လူလိုလုပ်လို့ရအောင် ကွန်ပျူတာဆန်ဆန် digital ဆန်ဆန်ကြီး ကန့်လန့် မတွေးရအောင် design ချထားတဲ့ interface တွေ အကြောင်းပေါ့။ ဖတ်ကြည့်စေချင်ပါတယ်ဗျာ။ အခုဆို About Face 3 ဆိုပြီး နောက်ဆုံး Edition တောင်ထွက်နေပြီ။

About Face

Wednesday, December 26, 2007

turning point

ဘလော့တောင်မရေးဖြစ်တာကြာပြီ။ အခုတလော ရှုပ်တာမှ လည်ထွက်နေရော။ ရုံးပြောင်းတဲ့ကိစ္စရော၊ ကိုယ့်ရဲ့ မင်္ဂလာကိစ္စရောပေါ့။ အတွင်းဖက်ကွန်ဒိုက ရုံးခန်းရဲ့ အိမ်ရှင်က ရောင်းမှာဆိုတော့ ဆက်မငှားတော့ဘူး။ ဒါနဲ့ အနီးအနား နောက်တစ်နေရာ ရှာရတယ်။ ဒုတိယထပ်နဲ့ တတိယထပ် နှစ်ထပ် ငှားလိုက်ရတယ်။ အရင် ရုံးခန်းက ရှစ်ဆယ် ပတ်လည်ဆိုတော့ ကျယ်တယ်လေ။ အခု ပြောင်းပြီးပေမဲ့ ဖုန်းတွေ network တွေ ကအကုန်မရသေးဘူး။ ADSL တပ်ထားတဲ့ ဖုန်းကလည်း လိပ်စာပြောင်းရတော့ ရောက်မလာသေးဘူး။

နောက်တစ်ခု။ ဒီမနက်က ပုဇွန်တောင်တရားရုံးမှာ လက်မှတ်ထိုးဖြစ်တယ်။ အိမ်ထောင်ရှင်ဖြစ်ပြီပေါ့။ ဆွမ်းကျွေးကတော့ နောက်လ ၂၆မှ။ ရက်တွေက ကျပ်နေလို့။ အခန်းရှာရ၊ ဖိတ်စာရိုက်၊ ဖိတ်မဲ့သူတွေကို စာရင်းလုပ်၊ လက်စွပ်လုပ် လက်မှတ်ထိုးဖို့စီစဉ် ခန်းဝင်ပစ္စည်းတွေလိုက်ကြည့် ... အို ရှုပ်နေတာပဲ။ ဒါတောင် သူများတွေလို ပွဲထွက် လမ်းလျှောက် လက်စွပ်လဲ ပန်းကုံးစွပ်ဆိုရင် ဘယ်လောက်များ အလုပ်ရှုပ်လိုက်မလဲ ....

Tuesday, December 18, 2007

အပျင်းပြေပေါ့ဗျာ



မန္တလေးအသွား လေယာဉ်ပေါ်မှာ အပျင်းပြေကိုဇော်နိုင်မေးထားတဲ့ ဥာဏ်စမ်းလေးပါ။ အရောင်မချယ်ထားတဲ့ အပိုင်းတွေကို ဒီလိုပိုင်းပေးပါ။

A ကို နှစ်ပိုင်းပိုင်းပါ။
B ကို သုံ
းပိုင်းပိုင်းပါ။
C ကို လေး
ပိုင်းပိုင်းပါ။
D ကို ခုနစ်ပိုင်းပိုင်းပါ။

ပြောဖို့မေ့သွားလို့။ ပုံသဏ္ဍာန်တူ ဧရိယာတူ အပိုင်းတွေ ပိုင်းပေးရမှာပါ။

ချယ်ထားတဲ့အပိုင်းတွေက စတုရန်းကြီးရဲ့ လေးပုံတစ်ပုံပါ။ (ကျွန်တော့်ပုံက မှန်းဆွဲလိုက်တာဆိုတော့ စကေး မကိုက်ဘူး ဖြစ်နေတယ်)

ဘလော့လာဖတ်တဲ့ သူငယ်ချင်းများ အပျင်းပြေပေါ့ဗျာ။

Sick Myanmar ICT Weak

ဒီဇင်ဘာ ၁၃။
ရတနာပုံဆိုင်ဘာစီးတီး teleport ဖွင့်ပွဲနဲ့အတူ Six Myanmar ICT Week (သူတို့ရဲ့မူရင်းစာလုံးပေါင်းအတိုင်း) ကို အဲဒီမှာပဲကျင်းပပါတယ်။ ကျွန်တော်တို့က ဒီဖွင့်ပွဲနဲ့ ICT Week မှာ ပြုလုပ်တဲ့ programming ပြိုင်ပွဲကို ကြီးကြပ်ဆောင်ရွက်ပေးဖို့ သွားခဲ့ပါတယ်။ MCPA အသင်းက စီစဉ်ပေးမှုနဲ့ ဒီဇင်ဘာ ၁၃ရက်နေ့ ညနေ Airbagan Flight နဲ့ မန္တလေးကို တက်ခဲ့ပါတယ်။ ကံကောင်းချင်တော့ မန်းလေးကို အရင်ဆင်းမဲ့ ဂျက် လေယာဉ်ပျံဖြစ်နေလို့ မိနစ်၅၀လောက်ပဲစီးလိုက်ရပါတယ်။ လေဆိပ်က Cube Terminal တွေရှိပေမဲ့ လေယာဉ်ကနေ လေဆိပ်အဆောက်အဦအထိ ကားနဲ့ပဲလာခေါ်တယ်။ ခန်းနားလှပပေမဲ့ အသုံးမ၀င် လူမရှိ ဖြစ်နေတဲ့ မန်းလေး အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ မန်လေး မြို့ထဲက ကျွန်တော်တို့တည်းမဲ့ Great Wall Hotel ကို ဗင်ကားငှားသွားတာ တစ်သောင်းရှစ်ထောင်ကျပ်ပေးရပါတယ်။ အဲဒီညကတော့ မိုးလည်း ချုပ်ပြီမို့ ရတနာပုံကို မတက်တော့ပဲ မန်းလေးမှာပဲအချိန်ကုန်ကျပါတယ်။ ပြိုင်ပွဲမေးခွန်းတွေကို print ထုတ် photo copy ဆွဲတဲ့ ကိစ္စတွေကိုအရင်လုပ်ထားလိုက်ပါတယ်။ ပြီးတော့ ရွှေခိုင်မှာ အကင်စား ဘီယာ သောက်ကြပြီး ကမ္ဘာသစ်မှာ ခဏလောက် သီချင်းဆိုကြပါတယ်။ ဟိုတယ်ပြန်ရောက်တော့လည်း အလာဘ သလာဘ ပြောနေကြရင်း တော်တော်နဲ့ မအိပ်ဖြစ်ပါဘူး။

ဒီဇင်ဘာ ၁၄။
ဖွင့်ပွဲလုပ်မဲ့နေ့ပါ။ Great Wall Hotel ကနေ ကားတွေ ခြောက်နာရီထွက်မယ် ပြောထားပေမဲ့ ကျွန်တော်တို့ သုံးရောက်လုံး အိပ်ယာထနောက်ကျပါတယ်။ ဟိုတယ်ခန်းကလည်း တစ်ခန်းတည်းမှာ သုံးယောက် တည်းရတာဆိုတော့ ရေချိုးခန်းအိမ်သာသုံးတာနဲ့ အချိန်အတော်ကုန်ပြီး နံနက်စာစားဖို့ ဟိုတယ် ပထမထပ်ကို ရောက်တော့ ခြောက်နာရီထိုးဖို့ ဆယ်မိနစ် နီးပါးရှိနေပြီ။ ဟိုတယ်က ကျွေးတဲ့ ရှမ်းခေါက်ဆွဲကို ကသောကမျော ပါးစပ်ထဲထိုးသွင်း ကော်ဖီနဲ့ အတင်းမျှောချလို့ နံနက်စာကို အဆုံးသတ်ပြီး ကားဆီကို အပြေးအလွှား သွားကြရတယ်။ ကားက လေးစီးရှိပေမဲ့ လိုက်မဲ့လူတွေများနေလို့ နေရာမရတော့ဘူး။ မတ်တပ်လိုက်ရတယ်။ ကံကောင်းချင်တော့ ခွေးခြေခုံလေးတစ်ခုရလို့ အဆင်းအတက်အပေါက်လှေကားကို ခြေချရင်း ထိုင်လိုက်လာခဲ့တယ်။ ၂၁မိုင်မှာ ခဏနားပေးတယ်။ ပြန်ထွက်ပြီး သိပ်မကြာဘူး ရတနာပုံ ဆိုင်ဘာစီးတီးလို့ခေါ်တဲ့ နေရာကို ရောက်ပါတယ်။ Teleport အဆောက်အအုံကိုတော့ တော်တော်ကောင်းကောင်းလေး ဆောက်ထားတယ်ဗျ။ လမ်းတွေရှိနေပြီ။ လျှပ်စစ်မီးအတွက် ဓါတ်မီးတိုင်တွေရှိနေပြီ။ ရေလည်း ရပြီ။ ဒါပေမဲ့ တယ်လီပို့အပြင် တစ်ခြားဆိုလို့ Incubation center လို့ခေါ်တဲ့ တစ်ထပ် အဆောက်အဦလေး သုံးလုံးပဲရှိသေးတယ်။ တကယ်အလုပ်စလုပ်ဖို့ဆိုရင် ၀န်ထမ်းတွေနေဖို့ စားဖို့ တွေ
အဆင်မပြေနိုင်သေးဘူး။ Teleport နဲ့ programming ပြိုင်ပွဲလုပ်တဲ့ Incubation center နဲ့က ဆယ်မိနစ် ကျော်ကျော်လောက်လမ်းလျှောက်ရတယ်။ တကယ်အလုပ်လုပ်ရင်တော့ ဒီဝင်းအတွင်းမှာသွားလာဖို့ စက်ဘီး၊ ဆိုင်ကယ် တို့လိုမယ်။

ကျွန်တော်တို့ရောက်တော့ Teleport အရှေ့မှာ လူတွေအတော်ရောက်နှင့်ပြီ။ အချိန်က ခုနစ်နာရီခွဲ လောက်ပဲရှိဦးမယ်။ ကျောင်းသားလေးတွေ၊ ပန်းပွားအက ကကြမဲ့ ကျောင်းသူလေးတွေ၊ ကြံ့ဖွံ့က ပုဆိုးစိမ်းတွေ၊ အမျိုးသမီးရေးရာ ဘာညာ...စသည်ဖြင့် ဖွင့်ပွဲလုပ်မဲ့ teleport ရှေ့ကွင်းပြင်မှာ လူတွေရုန်းစုရုန်းစုပေါ့။ ကျွန်တော်လို့လည်း အဆောက်အဦင်္ထဲဝင်ပြီး ဟိုလျှောက်လျှောက် ဒီလျှောက်လျှောက်ပေါ့။ အတော်ကြာမှသိရတာက လာဖွင့်ပေးမဲ့ သက်ဆိုင်ရာ ပထမလူကြီးမင်းနဲ့အဖွဲ့က ပန်းမြို့တော်မှာ ကျောင်းဆင်းပွဲတက်ပြီးမှ လာကြမှာတဲ့။ ဆယ်တစ်နာရီလောက်မှရောက်မှာတဲ့။ အပြင်ကလူအုပ်နဲ့ ကျောင်းသားကျောင်းသူလေးတွေ ကတော့ ဒီလိုပဲနေပူထဲမှာ ငုတ်တုတ်စောင့်ကြပေါ့။ နေရောင်ခြည်သည် ရောဂါပိုးတို့ကို သေစေ၏တဲ့ .... သူတို့လေးတွေ ကျန်းမာစေဖို့ပါ။ ကျွန်တော်တို့ကတော့ တယ်လီပို့နောက်ထဲက ကော်ဖီဆိုင်လေးမှာ ကော်ဖီ သောက်ရင်းအချိန်ဖြုန်းကြတာပေါ့။ ဆယ့်တစ်နာရီကျော်မှာ သက်ဆိုင်ရာအဖွဲ့ရောက်လာပြီး တတိယလူကြီးမင်းက ခလုပ်နှိပ်ဖွင့်လှစ်ပါတယ်။ မိုးပျံပူဖောင်း တစ်သောင်း၊ ဖွင့်ပွဲ bannerကို ဆွဲတင်သွားတဲ့ ဘောလုံးကြီး သုံးလုံး လေထဲကို တက်သွားတယ်။ လူကြီးမင်းများ အတော်သဘောကျသွားပုံရတယ်။ တက်သွားတဲ့မိုးပျံပူဖောင်းတွေ၊ banner တွေချိတ်ထားတဲ့ မိုးပျံဘောလုံးကြီးတွေ အားလုံးပေါင်း ကုန်ကျစရိတ်က သိန်းနှစ်ရာရှိပါတယ်တဲ့။ ကဲ ... software မရေးတော့ပဲ ပြောင်းပြီး မိုးပျံပူဖောင်းပဲ ရောင်းရင်ကောင်းမလား စဉ်းစားမိတယ်။ ၀န်ကြီးမင်းကလည်း ပထမလူကြီးမင်း ခရီးစဉ်နဲ့တိုက်ပြီး မျက်နှာလုပ်ချင်ပုံရတယ်။ တကယ်က ဖွင့်ပွဲသာလုပ်တာ ဘာမှပြီးသေးတာမဟုတ်ဘူး။ အဆောက်အဦ ပဲပြီးသေးတာ။ အလုပ်လဲစသေးတာမဟုတ်ဘူး။ လူကြီးမင်းက ၀န်ကြီးကို ဆယ့်ငါးမိနစ်အချိန်ပေးမယ်တဲ့။ ၀န်ကြီးက ရှင်းလင်းပြပေါ့။ ပြီးတော့ ဇက်တီအီး အယ်ကာတဲလ် စတဲ့ ပြခန်းတစ်ခုနှစ်ခုကို ၀င်ကြည့်တယ်။ ပြီးတော့ ၀န်ကြီးမင်းက ကျန်တာတွေက ကုမ္ပဏီပြခန်းလေးတွေပါ ပထမလူကြီးမင်း မကြည့်ပါနဲ့တော့တဲ့။ လူကြီးလာကြည့်ရင် မျက်နှာပြဖို့ ငွေ အစိတ် သုံးဆယ်စီလောက် အကုန်ခံပြီး ပြခန်းလာလုပ်ထားတဲ့ အဖွဲ့အစည်းများ ငုတ်တုတ်မေ့သွားလေရဲ့။ ပြီတော့ ပထမလူကြီးမင်းက မေးပါတယ်။ တယ်လီပို့ အဆောက်အဦကနေ အပြင်ကို ရှုခင်းတွေလှမ်းကြည့်ရင်း မန္တလေးက ဘယ်ဖက်မှာလဲတဲ့ ......
ပြီးတော့အတော်လေးနေတော့ ပထမလူကြီးမင်းပြန်လည်ထွက်ခွါပါတယ်။ ပြန်ခါနီး မှာကြားသွားပါတယ်။ ညစာကို ကြက်သားနုနုလေးကို ဘူးသီးနဲ့ ကာလသားချက်လေးချက်ပါတဲ့။ ITလောကကြီးတိုးတက်ဖို့ပါ။ :D

ကျွန်တော်တို့က Programming ပြိုင်ပွဲလုပ်မဲ့ နေရာကို ခဏသွားကြည့်ပါတယ်။ စက်တွေက နေရာချတုန်း။ မီးကြိုးတွေ ပြန်ဆွဲပေးနေတယ်။ မန်းလေးပညာရှင် လုပ်ငန်းရှင်အသင်းကလူများ ကလုပ်ပေးတာပါ။ Game ပြိုင်ပွဲကိုလည်း အဲဒီအဆာက်အဦမှာပဲလုပ်မှာပါ။ နေ့လည်ပိုင်းမှာ MCF ကလူကြီးတွေ ပြန်ဆင်းတဲ့ ကားနဲ့ကပ်လိုက်ပြီး မန်းလေး ပြန်ဆင်းလာခဲ့တယ်။ ညဖက်မှာ ၈၂လမ်း ၃၂လမ်းထောင့်က ရွှေလွင်ပြင်မှာထိုင်ဖြစ်တယ်။ လူစုံတယ်။ ကိုမောင်လှ၊ ညီလင်းဆက်၊ သခင်ကြီး၊ ပုဂံနက်၊ ကိုမင်းအို... သူတို့က နောက်နေ့မေမြို့တက်လည်ကြမှာ။ ပြိုင်ပွဲကလည်း စက်တွေ အခက်အခဲကြောင့် တစ်ရက် နောက်ဆုတ် သွားတယ်။ ၁၆ရက်နေ့မှ လုပ်ဖြစ်မယ်။ မေမြို့လိုက်ဖို့ သူတို့အုပ်စုကအတင်းခေါ်ကြတယ်။ ကျွန်တော်က အတူလာကြတဲ့ ပညာရှင်အသင်းကနှစ်ယောက်ရှိသေးလို့မလိုက်တော့ဘူး... ညီလင်းဆက်ကိုပဲ
ခေါ်သွားဖို့ပြောလိုက်တယ်။

ဒီဇင်ဘာ ၁၅။
မနက်ရှစ်နာရီနှစ်ဆယ်လောက် ဖုန်းလာတယ်။ မန်းလေး ရတနာပုံဈေးအပေါ်မှာ programming ပြိုင်ပွဲဝင်မဲ့သူတွေကို ပဏာမရှင်းလင်းဖို့ လူစုထားတာ အကိုတို့ မလာသေးလို့တဲ့။ သောက်ကျိုးနဲ ...အဲဒီ message ကိုမနေ့ကမရလိုက်။ အိပ်ချင်မူးတူး ဖြစ်နေသေးပေမဲ့ ကမန်းကတန်း အိပ်ယာကထ၊ လေးဘီးကား ငှားပြီး အဲဒီကို သွားခဲ့တယ်။ သူတို့တွေကို ရှင်းပြ သိချင်တာတွေမေးပြီးတော့ အပြီးမှာ အနီးနားက မင်းသီဟကို သွားပြီး နံနက်စာစားကြတယ်။ ပြီးတော့ ကိုဇော်မိုးရဲ့ လူတွေ စီစဉ်ပေးမှုနဲ့ မေမြို့တက်လည်ကြတယ်။ နှီးဘုရား၊ ပြီးတော့ မဟာ အံ့ထူးကံသာ၊ ပြီးတော့ ပွဲကောက်ရေတံခွန်၊ နောက်ဆုံးမှာ ကန်တော်ကြီး ပန်းပွဲတော်ပေါ့။
ဝိုင်လည်းသောက်ဖြစ်တယ်။ High Lander ၀ိုင်, အနီးစခန်း နာနတ်ဝိုင်တို့ အတော်ကောင်းတယ်။ တစ်လုံး ငါးထောာင်ပေးရတယ်။ သောက်တာလက်လွန်သွားလို့ လက်ဆောင်ပေးဖို့တောင် မကျန်တော့ဘူး။ ညနေစောင်းပြန်ဆင်းပြီး မန်းလေးကန်တော်ကြီးဘေးက ၁၂ ပန်းနားဆိုတဲ့ ဆိုင်မှာ ညစာစားကြတယ်။ ဘီယာသောက်တယ်။

ဒီဇင်ဘာ ၁၆။
ပြိုင်ပွဲလုပ်တယ်။ Desktop application development နဲ့ Web application development ဆိုပြီး နှစ်ခုပေါ့။ မေးခွန်းကတော့ တစ်ခုတည်းပဲ။ မနက်ခြောက်နာရီခွဲထွက်မယ်ဆိုပေမဲ့ ခုနစ်နာရီကျော်မှထွက်ဖြစ်တယ်။
၂၁မိုင်မှာနားတာနဲ့ ရတနာပုံရောက်တော့ ပြိုင်ပွဲလုပ်မဲ့နေရာကို လမ်းလျှောက်ရတာနဲ့ ကိုးနာရီ ခါနီးမှရောက်တယ်။ တစ်ချိုစက်တွေ install လုပ်ထားတဲ့ Visual Studio.NET တွေ ဒုက္ခပေးလို့ လုပ်ရသေးတယ်။ တစ်ဖွဲ့ဆို install ပြန်လုပ်တာ အတော်စောင့်လိုက်ရတယ်။ တစ်နေ့လုံး အဲဒီမှာပဲ။
နေ့လည်ပိုင်းမှာ ထမင်းစားဖို့ Teleport ဖက်လမ်းပြန်လျှောက်တုန်း ကိုခရုဖုန်းဆက်ပြီး ကားနဲ့လာခေါ်ပေးလို့ သူတို့နဲ့ အတူ ထမင်းထွက်စားတယ်။ မေမြို့လမ်းပေါ်က သီဟကျော်ဆိုတဲ့ဆိုင်လေးမှာ။ ဂေါ်ရခါးညွန့်ကျော်လေး
အတော်စားကောင်းတယ်ဗျ။

Shuttle Bus စီစဉ်ပေးထားသည်ဆိုသော်လည်း လာကြည့်မဲ့လူတွေထင်သလောက်မလာဘူး။
ရွာနီးချုပ်စပ်က လူတွေတော့လာကြပါတယ်။ ကွန်ပျူတာတွေ အင်တာနက်ဆိုတာတွေ ဘာမှန်းသိပုံမရ။ မော်ဒယ်ရှိုးနဲ့ ဆိုနီပြခန်းမှာ ပြထားတဲ့ ရုပ်ရှင်တွေကို စိတ်ဝင်တစားကြည့်ကြရှာတယ်။

ညနေခြောက်နာရီ အဖွဲ့တွေကိုသိမ်းခိုင်းပြီး ကျွန်တော်တို့ သုံးယောက်သူတို့ ဖြေထားတာတွေကို အပြီးစစ်တယ်။ မန်းလေးအသင်းက ကိုရဲနိုင်နဲ့ ကိုညီညီလင်း တို့စောင့်ပေးတယ်။ Resultထုတ်ပေး အစီရင်ခံစာရေးပြီး သူတို့ကားနဲ့ မန်းလေးပြန်ဆင်းတယ်။ မန်းလေးဟိုတယ်ကိုရောက်တော့ မန်ချက်နဲ့ လီဗာပူးပွဲပြီးဖို့ ဆယ်မိနစ် လောက်ပဲ လိုတော့တယ်။ မန်းလေးအသင်းက ကျွန်တော်တို့ပြန်ဖို့ လေယာဉ်လက်မှတ်ကို ဟိုတယ် reception မှာ ထားခဲ့ပေးတယ်။ Thank you.... ခဏနားပြီး အနီးနားက မင်းသားကြီးဟိုတယ်ကို သွားဖြစ်တယ်။ အဲဒီမှာ ထမင်းကြော်လေးစား၊ ဘီယာလေးသောက်ပေါ့။ အာဆင်နယ် ချယ်လ်ဆီးပွဲကို ကြည့်တယ်။ သူတို့က projecter နဲ့ပြတာ။ ပွဲပြီးချိန်မှာ အတော်လေးကို အိပ်ငိုက် သွားပြီ။ ဒါနဲ့ ဟိုတယ်ပြန်လာပြီး သိမ်းဆည်းတဲ့ အလုပ်လေး လုပ်ပေါ့။ ခဏနေတော့ အိပ်ပေါ့။ ကိုဇော်မိုးကအရေးကြီးလို့ လက်မှတ်က ညနေလက်မှတ်ဖြစ်ပေမဲ့ အသင်းဥက္ကဌရဲ့ စီစဉ်ပေးမှုနဲ့ မနက်လေယာဉ်နဲ့ပြန်မှာ။ ကျွန်တော်နဲ့ ၀င်းထိန်က ညနေFlightပါ။

ဒီဇင်ဘာ ၁၇။
မနက်နိုးပြီး အေးအေးဆေးဆေးပဲ ပထမထပ်မှာ နံနက်စာစားပြီး ၀င်းထိန်က သူ့သူငယ်ချင်းနှစ်ယောက်ကို လှမ်းခေါ်ပြီး ဘုရားကြီးကို သွားဖူးကြတယ်။ ပြီးတော့ ဆိုင်တစ်ဆိုင်ဝင်ပြီး လက်ဘက်ရည်သောက်ကြပေါ့။ ကျွန်တော်က မုန့်တီတစ်ပွဲထပ်စားလိုက်သေးတယ်။ ဟိုတယ်ပြန်ရောက်ပြီး ခဏလောက်နှပ်နေလိုက်ပြီး ၁၂ ကျော်ကျော်မှာ check out လုပ်လိုက်တယ်။ အခန်းခကိုတော့ အသင်းကရှင်းမှာ။ ယူသောက်ထားတဲ့ ဆေးလိပ်တွေ အအေးဘူးတွေအတွက် နှစ်သောင်းကျတယ်။ ဒီတစ်ခေါက်ခရီးစဉ်က အသင်းက စရိတ်ခံတယ်ဆိုပေမဲ့ တစ်ဦးစီကို တစ်သိန်းကျော် တစ်သိန်းခွဲလောက်ကုန်ကြတယ်။ လေယာဉ်က ညနေပိုင်းမှ။ အချိန်ဖြုန်းဖို့ ဟိုတယ်အောက်က Satisfy မှာ Foot Massage ၀င်လုပ်လိုက်တယ်။ လျှောက်ရတာများလို့ နာနေတဲ့ခြေတောက်က ပြန်နာနေတယ်လေ။ သူတို့က ဆေးရည်ပူပူလေးမှာ ခြေတောက်ကို စိမ်ပြီ နှိပ်ပေးတယ်။ တော်တော်လေး သက်သာသွားတယ်။ ညနေ လေယာဉ်က Air Bagan လေးနာရီလေးဆယ်ထွက်တယ်။ ညောင်ဦးကို ၀င်သေးတယ်။ ရန်ကုန်ရောက်တော့ ခုနစ်နာရီခွဲကျော်ပြီ။ လူလေး မောင်ရွှေသွေးဝင်းထိန်ရဲ့ ရုံးကားလာကြိုလို့ ကို့ကိုပါအိမ်အထိ လိုက်ပို့ပေးသွားတယ်။ thank you ညီလေး။