နိုဝင်ဘာလောက်ကတည်းက ခြေခေါက်လဲပြီး ရထားတဲ့ ဒဏ်ရာက အကင်းကို မသေဘူး။ တရုတ်ဆေးစည်းတာလဲ ထူးပြီး သက်လာမလားဘူး။ ဒါနဲ့ သက်ဆိုင်ရာ အထူးကုတစ်ယောက်ယောက်နဲ့ ပြကြည့်ဦးမှ ဆိုပြီး မေးမြန်းစုံစမ်းလို့ အာရှတော်ဝင်မှာ အရိုးအထူးကုတစ်ယောက်နဲ့ ပြဖြစ်တယ်။ ပထမရက်မှာတင် သွေးစစ် ဆီးစစ် ဓါတ်မှန်ရိုက်တာတွေရယ် သောက်ဆေးဝယ်တာရယ် စမ်းသပ်ခရယ်နဲ့ သုံးသောင်းခွဲကုန်သွားတယ်။
ဆရာကြီးက အင်္ဂါနဲ့ သောကြာမှာထိုင်တယ်။ နောက်တစ်ခေါက်မပြခင် ပေးထားတဲ့ သောက်ဆေးတွေသောက်ရင်း သတိထားမိတာက ဗိုက်ပြန်အောင့်လာတယ်။ အစာအိမ်ဖြစ်ဖူးတဲ့ ကိုယ့်အတွက် သူပေးတဲ့ဆေးတွေက အဆင်မပြေလှဘူးဖြစ်နေတယ်။ ဒါတောင် အစာအိမ်အတွက် ဆေးနှစ်မျိုးတွဲပေးထားတယ်။ ဒါနဲ့နောက်တစ်ခေါက်ပြန်ပြတော့ ကျွန်တော်က အဲဒီအကြောင်းတွေပြောပြတယ်။ ဆရာကြီးက ခင်ဗျားခြေတောက်က အရိုးတော့မကျိုးဖူး အရွတ်ထိခိုက်သွားတယ်တဲ့ (အလဲ့ ... ကလပ်အသင်းက ဘောလုံးသမားတွေလိုလို ဘာလိုလို) ဒါနဲ့ အမြန်ဆုံးသက်သာအောင်ထိရောက်တဲ့နည်းက အရိုးနှစ်ခုဆက်တဲ့နေရာက အရွတ်ထဲကို ဆေးထိုးထည့်မလားတဲ့ ။ ဒါနဲ့ ကျွန်တော်လည်း မြန်မြန်ပျောက်ချင်တာနဲ့ ထိုးမယ်ပေါ့။ ခြေမျက်စေ့ဘေးနားက joint ထဲကို ထိုးထည့်တာ။ တကယ်ထိုးတော့ အားပါးပါး နာလိုက်တာ ဆံပင်မွှေးတွေတောင် ထောင်တက်သွားသလားအောက်မေ့ရတယ်။
နောက်တစ်ခေါက်မှာ အနောက် ခြေဖနောက် အပေါ် ဘေးနှစ်ဖက်နေရာကို ထပ်ထိုးတယ်။ ဒီနေ့ပြတော့ သောက်ဆေးပဲပေးလိုက်တော့တယ်။ နားနားနေနေနဲ့ ခြေတောက်ကို သိပ်မသုံးပါနဲ့တဲ့။ ကိုယ်တွေကလည်း အလုပ်ကိစ္စနဲ့ ဟိုသွားဒီသွား၊ ရုံးမှာနေရင်လဲ ဟိုလျှောက်ဒီလျှောက်နဲ့ နားဖြစ်တယ်ကို မရှိပါဘူး။ ဒီစနေ ပဲခူးက ရွာကို သွားစရာရှိသေးတယ်။ ပြီးရင် နောက်အပတ်မှာ မန္တလေးကို ဟောပြောပွဲနဲ့ စာမေးပွဲကိစ္စ သွားပေးရဦးမယ်။ စာရင်းချုပ်လိုက်တော့ တစ်သိန်း သုံးသောင်းလောက် ထွက်သွားတယ်။ အာရောဂျံမရမံလာဘံ တဲ့ ဟုတ်ပေစွ ဟုတ်ပေစွ။
No comments:
Post a Comment