နှင်းကလေးများ စဲချင်သလိုလို သတင်းကြရသည်။ နှင်းသည် ဆောင်း၏ ရတနာ မဟုတ်လော့။ ဆောင်းနတ်ဒေဝီသည် သူ၏လက်ဝတ်လက်စား ရတနာတို့ကို ချွတ်သိမ်းတော့မည့်ဟန် ပြင်နေပြီ။ ဟန်တစ်ခါပြင် ရွှေစင်ဆယ်စင်း ဟူဘိ၏သို့။ ကောင်းကင်၌ မြူခြည်လိုလို နှင်းလိုလို မြင်လိုက်မိ၏။
ဆောင်းဖြင့်လည်းဆောင်း၊ နွေဖြင့်လည်းနွေ မဟုတ်ချေပြီ။ မပြတ်မသား ၀ိုးတဝါး နိုင်လှချေ၏။ ဘယ်ကမ်းသို့ လှမ်းရမည်မသိပြီ။ မကြာမီ နွေငှက်ကလေးများ လာရောက်၍ ဆောင်းနတ်သမီးကို လူပျိုလှည့်ကြချေမည်။ ဆောင်းနတ်သမီးခမျာ စိတ်နုရှာသည်။ အညှာလွယ်သည်ဟု မဆိုနိုင်သော်လည်း အယုံလွယ်တတ်ပေသည်။ သို့နှင့် နွေ၏ ရင်ခွင်တွင် မကြာခင်ပင် ရောက်၍ မိမိဘဝကို မြှုပ်နှံလိုက်ရချေတော့မည်။
လုူတို့သည် ဗုဒ္ဓ၏ ထံပါးသို့ချဉ်း၍ သနပ်ခါးနံ့သာတုံးတို့ဖြင့် မီးပူဇော်ကြကုန်၏။ ဆောင်းဝဋ္ဋ်မှ ကျွတ်စေလိုဟန်တူသည်။ ဆောင်းနတ်သမီးသည် လူတို့အား အအေးဖြင့် နှိပ်စက်မိခဲ့သလော။ နှိပ်စက်ကလူပြုခြင်းကား မဟုတ်ရှာပါပေ။ အများပြည်သူ အေးချမ်းစေလိုသော စေတနာရိုးသာဖြစ်ပေသည်။ သို့ရာတွင် လောကသည် တစ်ဖက်သတ်ကို မကြိုက်၊ အအေးကိုလည်းတမ်း၏။ အပူကိုလည်းလွမ်း၏။ မျှတမှုကို လိုလားချေသည်။ ဆောင်းပြောင်းရပေဦးမည်သာ။ ဆောင်းနတ်ဒေဝီ ဘယ်ဆီသို့ သွားမည်နည်း။
ပိတောက်မှ သရဖီသို့ (တင္မိုး)
No comments:
Post a Comment