Tuesday, January 15, 2008
အန်ချင်တယ် ထန်းရည်ဗူးလွယ်လို့
ထန်းရည်သောက်တဲ့အကြောင်းရေးနေရင်း ခေါင်းထဲမှာ ကဗျာလေးတစ်ပုဒ်ဝင်လာတယ်။ ဆရာသော်တာဆွေ ပြောင်ပြီးရေးထားတဲ့ ကဗျာလေးပါ။
ထန်းတောကအပြန်
အန်ချင်တယ် ထန်းရည်ဗူးလွယ်လို့
မောင်မူးတယ်လေး။
မနက်ခင်းဆီက
ချက်ပုလင်းဖြူ မောင်မြင်တော့
ဝက်နံကင် ဘဲကင်ကြီးနဲ့ရယ်
မြည်းလိုက်ချင်သေး။
မူရင်း ဆရာဇော်ဂျီရဲ့ ကဗျာကတော့ (ခေါင်းထဲမှတ်မိတာချရေးတာဆိုတော့ အနည်းငယ် လွဲကောင်း လွဲနိုင်ပါသည်။)
လယ်တောကအပြန်
ပန်ချင်တယ် ခရေဖူးဆိုလို့
မောင်ခူးကာပေး။
မနက်တုန်းဆီက
ကြော့ဆုံးကို မောင်မြင်တော့
သူ့ဆံနွယ် နှင်းဆီပွင့်နဲ့ရယ်
ဂုဏ်တင့်တယ်လေး။
Monday, January 14, 2008
Holy cow!
Consul: Ur name please
Saudiarabian: Abdul Aziz
Consul: Sex??
Saudi: 6 times a week
Consul: I mean , male or female?
Saudi: Both male and female, sometimes even goats
Consul: Holy-cow!!!
Saudi: Cows and dogs too
Consul: Man, isn’t that hostile???
Saudi: Horse Style, Dog Style, Any Style..
Consul: Oh.. dear!!!!
Saudi: Deer??? No deer, they run too fast!!
:D :D :D
Saturday, January 12, 2008
သိကြားသာသနာပါ အမရယ်
အခုလျှပ်တပြက်က ဒါကို ဗန်းပြပြီး လူစိတ်ဝင်စားအောင်လုပ်ပုံရတယ်။ ငါးပွက်ရာ ငါးစာချ .... တော်တော် အဆင့်အတန်းမရှိတဲ့ဂျာနယ်။ ကိုယ့်ဦးတည်ချက် ကိုယ့်တန်ဖိုးဆိုတာလည်း လုံးဝရှိပုံမရှိ။ ငွေရ စောင်ရေ တက်ရင်ပြီးရောဆိုတာမျိုး ဖြစ်နေတယ်။ မျက်နှာဖုံးတင်စရာ လူစိတ်ဝင်စားမဲ့ သတင်းတွေ အဲဒီလောက်တောင် ရှားပါးနေပြီလား။ သတင်းမရှာတတ်တော့ဘူးလား။
မင်းသားဒွေး သေတုန်းက သတင်းဦး သတင်းထူးအဖြစ် MyanmarTimes ကအချပ်ပိုနဲ့ အဖုံးတင်ခဲ့တာမျိုးက တစ်မျိုးပေါ့။ အဲဒါမျိုးကိုက လက်ခံပေးလို့ရသေးတယ်။
ပြီးခဲ့တဲ့ လေးငါးပတ် ကတည်းက သတိထားမိတာက လျှပ်တပြက်မှာ အစိုးရကို ဖော်လန်ဖားလုပ်တာတွေ၊ ပွဲဆူမဲ့ ဖွတဲ့ အတင်းအဖျင်းတွေပဲ တွေ့နေရတာ။ ပြီးခဲ့တဲ့ နှစ်ပတ်လောက်ကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်ဆံရေးဝန်ကြီးပုံကို မျက်နှာဖုံးပြည့်ထည့်ထားတာ သတိထားမိတယ်။ အခုနောက်ပိုင်း ကိုယ်တိုင် ၀ယ်မဖတ်တဲ့အပြင် သူများ ၀ယ်ထားတာကိုတောင် လှန်မကြည့်ဖြစ်တော့ဘူး။ ဟိုးအရင် ဂျာနယ်ခေတ်ဦးက နံမည်ကောင်းခဲ့တဲ့ လျှပ်တပြက်ဆိုတဲ့ ဂုဏပုဒ်ကိုမှ အားမနာ။
ဆုံးသွားရှာပြီဖြစ်တဲ့ သူငယ်ချင်းဥာဏ်မိုး တစ်ချိန်က ပြောခဲ့တဲ့စကားလေးကို ပြန်သတိရမိသေး။ ဒီကောင်တွေက ဖက်ခွက်စားတွေကွ ... ယုံကြည်ချက် ခံယူချက်ဆိုတာ ဘာမှမရှိဘူး။ တက်တဲ့အစိုးရ ငါ့အစိုးရဆိုတဲ့ သာကူးတွေတဲ့။ ရှစ်ဆယ့်ရှစ်ကာလက တရားတွေတက်ဟော ဆန္ဒတွေပြ၊ စစ်တပ်အစိုးရ လဲတက်ရော အကော်ဒီယံကြီးတကားကားနဲ့ ဖားသီချင်းတွေဆိုနေလိုက်တာများ .. ငါတို့ အဖေတို့လို စာရေးဆရာတွေ ကဗျာဆရာတွေကမှ တကယ့်ကို ယုံကြည့်ချက် ခံယူချက် အပြည့်ရှိတာတဲ့ .... သူငယ်ချင်းက စိတ်ဆိုးမာန်ဆိုးနဲ့ ပြောခဲ့တာလေးပါ။ အခုတော့ ကိုယ့်သူငယ်ချင်းရော သူ့အဖေပါ မရှိရှာတော့ဘူး။ ဘာပဲဖြစ်ဖြစ်ပါ အခုဆို စာပေလောကမှာလဲ ဖော်လန်ဖားတွေ လုပ်စားတွေတွေနေရသလို ရုပ်ရှင်သရုပ်ဆောင် လောကမှာလဲ ကိုကျော်သူတို့လို ကိုဇာဂနာတို့လို လူတွေလည်း ရှိသေးတာပဲ။ ဘယ်လောကသားရယ်ဆိုပြီး ၀ါးလုံးရှည်နဲ့ရမ်းတာမျိုးဆိုရင် မတရားသလို ဖြစ်နေမှာပေါ့နော်။
Wednesday, January 9, 2008
အားကျခြင်းနှင့် အားမရခြင်း
အင်္ဂလိပ်စာမှာ အခြေခံအားဖြင့် မင်းတို့ ခုခေတ် ဆယ်တန်းကောင်လေးတွေလောက်သာ တတ်ခဲ့တဲ့ အောင်သင်းဟာ တောင်တွင်းမှာ အင်္ဂလိပ်စာ လေ့လာခဲ့ရပုံကို ပြောပါဦးမယ်။
ငါက အင်္ဂလိပ်စာအခြေခံကို ထောင်ထဲမှာ သင်ခဲ့ရတာပါ။ ဒါ့ကြောင့် အပြင်ကို ရောက်လာတော့ ဒီအချိန်မှာ အထက်တန်းကျောင်း အင်္ဂလိပ်စာ ပြဌာန်းစာအုပ်ကလေးတွေကို တစ်အုပ်မကျန် ဖတ်ပါတယ်။ မှတ်ပါတယ်။ အဲဒါလေးတွေကို စီရင်တဲ့ ဆရာကြီးက မိုက်ကယ်ဝက်စ်ဆိုတဲ့ ဆရာကြီးပါ။ သူကပဲ တွဲဖက်ပြီး ဖတ်ကြဖို့ ဂန္တ၀င် ၀ထ္ထုကြီးတွေကို အလွယ်အကျဉ်း simplied and abridged ပြန်ရေးပြီး ထုတ်လိုက်ပါသေးတယ်။ သူလွယ်ကျဉ်းလုပ်ထားတဲ့ စာအုပ်တွေကလဲ ဆာရိုက်ဒါဟတ်ဂတ်တို့ ဆာဝေါလ်တာစကော့တို့ ရေးတဲ့စာအုပ်တွေ များတယ်။ ဒီတော့ ငါတို့က ဆရာကြီး ရွှေဥဒေါင်းရဲ့ ပရိသတ်မဟုတ်လား။ ရူပနန္ဒီ ရူပကလျာဏီဆိုတာတွေ၊ ရတနာသိုက်၊ စောလမုန်သိုက်ဆိုတာတွေ အသည်းစွဲဖြစ်နေခဲ့တော့ ဖတ်လို့ကို မ၀နိုင်ဘူး။ ဆရာကြီးကလဲ မူရင်း အင်္ဂလိပ်စာရဲ့ အလှကို ပါနိုင်သမျှပါအောင် လုပ်ထားတော့ ၀တ္ထု ဇာတ်လမ်း ဇာတ်ကောင်ကိုသာမကပဲ စာ ကိုပါ စွဲတော့တာကိုး။ ဒီတော့ စကားအသုံးအနှုန်း၊ ၀ါကျတည်ဆောက်ပုံတွေပါ ခေါင်းထဲ စွဲကျန်ရစ်တာပေါ့။
ရန်ကုန်ကို တစ်နှစ်မှာ နှစ်ခါ၊ သုံးခါလောက် ဆင်းလာလေ့ရှိပါတယ်။ ရောက်လိုက်ရင် ပလက်ဖောင်း စာအုပ်အဟောင်းဆိုင်လေးတွေကို ၀င်ပြီးမွှေလေ့ရှိပါတယ်။ အဲဒီတုန်းက စိန့်ဂျွန်း၊ စိန့်ပေါ၊ မက်သဒစ် စတဲ့ ကျောင်းကြီးတွေက အင်္ဂလိပ်စာ ပြဌာန်းစာအုပ်ချင်း မတူကြဘူး။ အဲဒီကျောင်းသုံး စာအုပ်အဟောင်းတွေ အလွန်ပေါတာကိုး။ တစ်အုပ်မှ တစ်မတ်၊ ငါးမူးပဲပေးရတာ။ အဲဒါတွေကို ဖတ်စာအစုံလိုက် ၀ယ်ရင်တောင်မှ တစ်ဆယ်၊ ဆယ့်ငါးကျပ် မကုန်ဘူး။ အဲဒါတွေကို သိမ်းကျုံး ၀ယ်လာပြီး ဖတ်စာ တစ်ကနေပြီး လေးငါးခြောက်အုပ် အကုန်ဖတ်တာပဲ။ သင်ခန်းစာတိုင်းမှာပါတဲ့ လေ့ကျင့်ခန်း၊ ကွက်လပ်ဖြည့် ဆိုတာတွေ ကိုလဲ စိတ်ထဲမှာ ဖြေကြည့်လိုက်တာပဲ။
ငါက ကဗျာကိုလဲ ၀ါသနာပါလေတော့ ဆယ်တန်းမှာ ပြဌာန်းတဲ့ ကဗျာစာအုပ်တွေကို တစ်ပုဒ်မကျန် အကုန်ဖတ်တယ်။ ဒီတုန်းက အိန္ဒိယကထုတ်တဲ့ ကဗျာအဖွင့် စာအုပ်တွေကို ၀ယ်လို့ရတယ်။ အဲဒီစာအုပ်တွေကို ဖတ်ပြီး ကဗျာအရသာကို ခံစားရတာပေါ့။ တစ်ချို့ကဗျာတွေကိုဆိုရင် ကြိုက်လွန်းလို့ ခုထက်တိုင် နှုတ်ငုံရနေပါသေးတယ်။
......
ရန်ကုန်ကို ရောက်သခိုက်မှာ ရီးဒါးဒိုင်ဂျက်လို မဂ္ဂဇင်းမျိုးတွေကိုလဲ အဟောင်းဆိုင်မှာ တစ်အုပ် တစ်မတ်၊ ငါးမူးနဲ့ ၀ယ်လာတာပေါ့။ ပါသမျှဆောင်းပါး အကုန်ကိုတော့ ဘယ်မှာ ဖတ်တတ်ဦးမှာလဲ။ နားလည်သမျှလေးတွေ လျှောက်ဖတ်ပေါ့။ ..... ဘယ်သူ့အကူအညီကို အားကိုးရသလဲဆိုတော့ အဘိဓာန်ပါပဲ။ ပထမဆုံး စပြီးသုံးခဲ့ရတဲ့ အဘိဓာန်ကတော့ ပြောခဲ့တဲ့ မစ္စတာဝက်စ်ရဲ့ New Method English Dictionary ပါပဲ။ ကျောင်းသားသုံးဆိုတော့ သိပ်ပြီး မပြည့်စုံလှဘူး။ ဒီတော့ အောက်စဖို့ အဘိဓာန်၊ ချိမ်းဘား အဘိဓာန်တွေ တက်ကိုင်ရတော့တာပေါ့။ အဲဒီ အဘိဓာန်ကြီးတွေရဲ့ ဖွင့်ဆိုချက်တွေကို ပင်ပင်ပန်းပန်း ဖတ်ခဲ့ရတာ။ ဒီနည်းနဲ့ပဲ အင်္ဂလိပ်စာကို ဆည်းပူးခဲ့ရပါတယ်။
မင်းတို့ကတော့ တကယ့်ကို ကျွမ်းကျင်ကြပါတယ်။ ဒါပေမဲ့ ကိုယ့်ကျွမ်းကျင်မှုကို အသုံးချတာမှာတော့ ငါတို့ခေတ်က လူငယ်တွေရဲ့ ခြေဖျားတောင် မမီဘူးလို့ ရက်ရက်စက်စက် ပြောပစ်လိုက်ချင်တယ်။ ၀က်ဘ်ဆိုက်တဲ့။ ဘာသုံးသလဲမေးကြည့်တော့ များသောအားဖြင့် ဂိမ်းတဲ့။ ချက်တင်းတဲ့။ ယိမ်းနွဲ့ပါးနဲ့ ငါးခုတ်နေတဲ့ ကောင်တွေလို့သာ ပြောလိုက်ချင်တော့တယ်။ ယိမ်းနွဲ့ပါးဆိုတာ မော်ဒယ်ဂဲလ် နာမည်များ ထင်နေကြဦးမလားမသိဘူး။
ငါ့စကားလုံးတွေ ပြောပေါက် ဆိုပေါက်တွေ ကြမ်းနေရင်လဲ သည်းခံကြပေတော့ကွာ။ မင်းတို့ကို ငါတို့ထက် ပိုပြီး ထက်ထက်မြက်မြက် ဖြစ်စေချင်လွန်းလို့ဆိုတာ သဘောပေါက်ကြပါတော့။
မင်းတို့မှာ ကွန်ပျူတာရှိနေရင် ကလေးသုတစွယ်စုံ စီဒီတွေ တစ်ပုံကြီးရှိပါတယ်။ ဈေးကလည်း ချိုပါဘိသနဲ့။ အဲဒီစီဒီ တစ်ချပ်ရှိရင် ဖတ်ပါလေရော့။ ကွန်ပျူတာနဲ့ ထိုင်မဖတ်ချင်ရင် စာကူးပြီးထုတ်လိုက်ပေါ့။ လက်ဖက်ရည်ဖိုးလောက် ကုန်တာပါ။ အဘိဓာန်စာအုပ်တစ်အုပ် ဘေးမှာချပြီး ဖတ်ကြည့်ပါလား။ မင်းဟာ ဆယ်တန်းမအောင်ရင်လဲ အဲဒီအခြေခံလောက် ရှိပြီးသားဖြစ်ရင် ခြောက်လလောက် လုပ်ကြည့်စမ်းပါ။ မယုံနိုင်လောက်အောင် တိုးတက်လာပါလိမ့်မယ်။ အင်္ဂလိပ်စာရော အသိဥာဏ်၊ အတွေးအခေါ်ပါ တိုးတက် လာပါလိမ့်မယ်။အေး - မင်းက တကယ်တိုးတက်ချင်ရင်ပေါ့။
ခွာညိုပွင့် ယဉ်စစ
ခွာညိုပွင့်တွင် အယဉ်ကို မြင်တတ်သော မိန်းကလေး၏ စိတ်ဓာတ်ကို လေးမြတ်မိသည်။ ခွာညိုပွင့်၏ အလှသည် ဣနြေ္ဒရသည်။ သိမ်မွေ့သည်။ မော်ကြွားဟန် မရှိချေ။
ဖြူစင်သော နှင်းသည် ခွာညိုပွင့်ကလေး၏ မျက်နှာပေါ်တွင် လန်းဆန်းအောင် ဆွတ်လိုက်သည်။ ပြာမြမြ ခွာညိုသည် သိမ်မွေ့စွာ ပြုံးနေသကဲ့သို့ ရှိလေသည်။
တောစပ်ကလေး၌ ခွာညိုပန်သော မိန်းကလေးသည် ကျေနပ်သောအသွင် ကြည်လင်စွာ ပြုံးလေသည်။ သူနှင့် ခွာညိုသည် တစ်နှစ်မှ တစ်ခါသာ ဆုံရသည်။ သို့ရာတွင် ခဏဆုံရခြင်းကို ဘယ်အခါမှ မမေ့နိုင်ရှာပေ။
ကဗျာဆရာကလေးသည် ခွာညိုပွင့်အနီးသို့ ရစ်သီရစ်သီ လုပ်ကာ အလှအယဉ်ကို အကဲခတ်လေသည်။ သူ့နှလုံးသားတွင် သိမ်မွေ့ ယဉ်ကျေးသော ကာရန် မပွင့်ဖူးသဖြင့် တေးမဆိုနိုင်ဘဲ ရှိလေသည်။ ခွာညိုပွင့် အနီး၌ ယောင်လည်လည် လုပ်ကာ တေးအစအနများကို စပ်ဟပ်ကြည့်နေတုန်း ရှိလေသည်။
သူ့စိတ်ထဲ၌ မိန်းကလေးနှင့် ခွာညို ပနံရသကဲ့သို့ ကာရန်အလှနှင့် ပနံမရနိုင်သဖြင့် မကျေမချမ်း ဖြစ်နေရှာလေသည်။
ကဗျာဆရာလေး၏ နှလုံးသားတွင် အေးမြ ချမ်းမြေ့သောအခါ ကာရန်ကလေးများ အစီအရီ ဖူးပွင့်ပေလိမ့်မည်။
ပိတောက်မှ သရဖီသို့ (တင်မိုး)
Thursday, January 3, 2008
စလောင်းတွေ
မနေ့မနက်က နိုးတော့ အဖေက သူ့သူငယ်ချင်းတစ်ယောက်နဲ့ ဖုန်းပြောနေတယ်။ ဖုန်းချပြီး သူကလာပြောတယ် သားရေ စလောင်းတွေကိုတော့ ကိုင်ပြီတဲ့။ အတည်မပြုရသေးတဲ့ သတင်းအရ တစ်နှစ်ကို လိုင်စင်ကြေးက ဆယ်သိန်းတဲ့။ အဖေက ဆက်ပြောတယ် ငါတို့ ပြန်မတပ်ဖြစ်တာတောင် ကံကောင်းတယ်တဲ့။ ကောလဟာလတွေအရ စလောင်းတပ်ထားတဲ့ တိုက်တွေကို ဓါတ်ပုံနဲ့ မှတ်တမ်းတင်ထားတယ်တဲ့။
အားလုံး မသေမချာတွေဖြစ်နေပေမဲ့ သေချာတာတစ်ခုက သက်ဆိုင်ရာအနေနဲ့ သူတို့ ထိန်းချုပ်မှုနဲ့ လုံးဝကင်းလွတ်နေတဲ့ ဒီစလောင်းတွေကို တစ်နည်းနည်း ထိန်းချုပ်ချင်နေတာ ကြာပြီဗျ။ ပြီးခဲ့တဲ့ ပူပူနွေးနွေးအဖြစ်အပျက်တွေတုန်းက ဒီစလောင်းနဲ့ ဘလော့တွေကြောင့် လိမ်သမျှတွေပေါ် လုပ်သမျှတွေ နာရီပိုင်းအတွင်း မီဒီယာတွေ ပေါ်တက်လာပြီး ပြည်သူများကြည့်ခွင့်ရခဲ့ကြလို့ သတင်းစာနဲ့ မြန်မာ့ရုပ်မြင်သံကြားက အော်သမျှ လှိမ့်သမျှတွေ ဘူးပေါ်သလို အလိမ်ပေါ်ခဲ့ရတာတွေကိုလည်း အစာကြေပုံမရဘူး။
အိမ်မှာကလည်းအရင် အိမ်ခန်းအဟောင်းတုန်းက ရှစ်ပေစလောင်းလေးတပ်ထားတာ။ အဖေက သတင်းတွေကြည့် ကျွန်တော်က ဘောလုံးပွဲကြည့်တာပေါ့။ အခုတိုက်ခန်းသစ်ရောက်တော့ တိုက်ပိုင်ရှင်ကပေးမတပ်ဘူးဗျ။ ခေါင်မိုးပေါ်တင်ခွင့်မပေးဘူး။ ဒါနဲ့ပဲ ၀ရန်တာမှာ ဒီလိုပဲ ဖြုတ်ပြီး ပုံထားတာ။ ၀ရံတာကနေပဲ ထုတ်ပြီး တပ်မယ်တော့ စိတ်ကူးထားတာ အလုပ်တွေများတာနဲ့ မလုပ်ဖြစ်ပါဘူး။ အခုတော့ မတပ်ဖြစ်တာပဲ ခပ်ကောင်းကောင်း ဖြစ်နေတယ်။
တစ်ဖက်ကကြည့်ရင်လဲ တီဗွီလိုင်းတွေရောင်းနေတဲ့ Family TV5 ရောင်းကောင်းအောင် လုပ်ပေးသလိုဖြစ်နေပြီ။ TV5 ကလည်း မသက်သာပါဘူး။ စက်ဖိုး တပ်ဆင်ခက ကနဦး နှစ်သိန်းဝန်းကျင်၊ ဘောလုံးပွဲတွေပါတဲ့ Package က တစ်လ တစ်သောင်းခွဲဝန်းကျင်ဆိုတော့ ၀ယ်တပ်နိုင်ဦးမယ်မထင်ပါဘူး။ အခုအတိုင်းပဲ စနေတနင်္ဂနွေ ဘောလုံးပွဲချိန်ဆို ဘီယာဆိုင်သွားထိုင်ပြီး ကြည့်တာပဲ ကောင်းပါတယ်။