Tuesday, January 15, 2008

အန်ချင်တယ် ထန်းရည်ဗူးလွယ်လို့

ညက အိပ်မက်မက်တယ်။ မန္တလေး ကြာနီကန်သင်းချိုင်းအလွန်က အိမ်ရှေ့မင်းထန်းတောမှာ ကိုယ်ခန္ဓာ ကြီးကြီး ဆံပင်ကောက်ကောက် ရုပ်ဆိုးဆိုး အကောင်ကြီးတစ်ကောင်ရယ်၊ ပိန်ပိန်ကပ်ကပ် ရုပ်ဆိုးဆိုး စာကလေးလို အကောင်လေးတစ်ကောင်ရယ် နဲ့ ထန်းရည်သောက်နေကြတယ်ဆိုပြီးတော့။ လေပြေလေးကလည်းတိုက်လို့ ထန်းရည်လေးကလည်းကောင်းမှကောင်း။ ကြက်လတ်လတ်ဆပ်ဆပ်ကို အပြေးအလွှား သတ်ပြီးချက်လာပေးတဲ့ ကြက်ကာလသားချက်ရယ်၊ ပဲကြီးလှော်လေးရယ်။ သခင်မတောင်ဖက်ကို လှမ်းမျှော်ကြည့်လို့လည်းရသေး။ တရေးနိုးတော့ ပါးစပ်ထဲမှာပဲ ထန်းရည်အရသာလေး ကျန်နေသလိုလို... ထင်ယောင်ထင်မှားတွေဖြစ်လို့။

ထန်းရည်သောက်တဲ့အကြောင်းရေးနေရင်း ခေါင်းထဲမှာ ကဗျာလေးတစ်ပုဒ်ဝင်လာတယ်။ ဆရာသော်တာဆွေ ပြောင်ပြီးရေးထားတဲ့ ကဗျာလေးပါ။

ထန်းတောကအပြန်
အန်ချင်တယ် ထန်းရည်ဗူးလွယ်လို့
မောင်မူးတယ်လေး။

မနက်ခင်းဆီက
ချက်ပုလင်းဖြူ မောင်မြင်တော့
ဝက်နံကင် ဘဲကင်ကြီးနဲ့ရယ်
မြည်းလိုက်ချင်သေး။

မူရင်း ဆရာဇော်ဂျီရဲ့ ကဗျာကတော့ (ခေါင်းထဲမှတ်မိတာချရေးတာဆိုတော့ အနည်းငယ် လွဲကောင်း လွဲနိုင်ပါသည်။)

လယ်တောကအပြန်
ပန်ချင်တယ် ခရေဖူးဆိုလို့
မောင်ခူးကာပေး။

မနက်တုန်းဆီက
ကြော့ဆုံးကို မောင်မြင်တော့
သူ့ဆံနွယ် နှင်းဆီပွင့်နဲ့ရယ်
ဂုဏ်တင့်တယ်လေး။

No comments: