Friday, January 18, 2008

အာဝါဟ ၀ိဝါဟ

အခုတလောမှာ မင်္ဂလာဆောင်ကိစ္စအတွက် ဘာရယ်မဟုတ်ပဲ တော်တော်အလုပ်ရှုပ်နေတယ်။ အင်း... ကိုယ်က စနစ်တကျ မစီစဉ်နိုင်တာကြောင့်လည်း ဖြစ်နိုင်တယ်။ အိမ်ခန်းငှား၊ အိမ်အသုံးအဆောင်လေး အနည်းအပါးဝယ်၊ ဖိတ်စာအပ်၊ ပြန်ကမ်းဖို့ Thank you ball point လုပ်၊ တိုက်ပုံချုပ်၊ ဖိတ်မဲ့သူတွေစာရင်းလုပ်၊ လိုက်ဖိတ်....ကြည့်လိုက်တော့လည်း သိပ်ကြီးကျယ်ခန်းနား ခက်ခဲတဲ့ ကိစ္စတွေတော့မဟုတ်။

ရင်းနှီးသူများကတော့ ဘာပစ္စည်းလိုလဲပြောပါ အဲဒါလေးတွေ လက်ဖွဲ့မယ်ဆိုပြီး 0ffer ပေးကြပါတယ်။ မွှေ့ယာဖိုးပေးမဲ့လူတွေ၊ ရေခဲသေတ္တာ ၀ယ်ပေးမဲ့သူတွေ၊ DVD Player ၀ယ်ပေးမဲ့သူငယ်ချင်း၊ Microwave ယူမလား Gas မီးဖိုနဲ့ အိုးယူမလား TV ယူမလား.... အဲ စသည် စသည်ဖြင့်ပေါ့။ သူတို့ မေးတာတွေကို ဖြေရင်း မျက်စိထဲပြေးမြင်မိတာက .....ဟုတ်ကဲ့ခင်ဗျား ဆရာတော်ကြီးကျောင်းဆောင်မှာ မိုးဖို့ သွပ်ဘယ်နှစ်ချပ်၊ မျက်နှာကျက်၊ ပြူတင်းတခါး... အလှူရှင်တွေကို စောင့်မျှော်နေပါတယ်ခင်ဗျား.... ဆိုတဲ့ အော်လန်နဲ့ အော်တဲ့ အလှူခံတွေကို... သွားတွေးမိတယ်။ အဟီး ဘာပဲဖြစ်ဖြစ်သူတို့က ပေးချင်တယ်ဆိုလို့ အနော်ကလည်း လိုတာလေးတွေ ပြောပြတာပါ။ Suzuki Wagon R+ လေးတစ်စီးလောက် ပေးမယ့်သူရှိရင်လဲ စိတ်မဆိုး ပါဘူးဗျာ။

လူလိုက်ဖိတ်ရတဲ့ ကိစ္စကတော့ အတော်လေးအချိန်ပေးရတယ်။ တချို့တွေကို ဖုန်းဆက်၊ လိပ်စာမေး၊ မတွေ့တာကြာပြီဖြစ်တဲ့သူတွေကို တခြားလူတွေကတဆင့် ဆက်သွယ်ဖို့လိပ်စာ ဖုန်းနံပါတ်တောင်း စသည်ဖြင့်ပေါ့။ နယ်ကလူတွေကိုကတော့ မန္တလေး၊ မိထ္ထီလာ တို့ကို အမြန်ချောပို့က ပို့၊ မော်လမြိုင်က အမျိုးတွေကိုကတော့ မိန်းမရဲ့ ရုံးခွဲကတဆင့်ပို့ပေါ့။ အမြန်ချောပို့ ဆိုတာကလည်း ဘယ်နေရာမှာမြန်တယ်မသိ လွန်ခဲ့တဲ့ သောကြာကပို့ထားတဲ့ဖိတ်စာများ ဗုဒ္ဓဟူးနေ့အထိ မန္တလေးကို မရောက်သေး။ လိပ်မူထားတဲ့သူကိုလည်း ဖုန်းဆက်မရ။ ရှိစေတော့ နံမည်ကိုက အမြန်ချောပို့ဆိုတာကိုး :D

ဖိတ်စာစာအိတ်ပေါ်မှာ နံမည်တွေရေးတော့ နောက်ဒုက္ခတစ်ခုတွေ့ပြန်ရော။ တစ်ချို့လူတွေကြတော့ ဦးဘယ်သူနှင့် ဇနီးပေါ့ဗျာ။ ဒါပေမဲ့ တစ်ချို့ကိုကြတော့ ရင်းနှီးမှုကို ပြချင်တဲ့အနေနဲ့ မိန်းမ နံမည်ကိုလည်းရေးချင် တစ်ချို့နံမည်တွေက မမှတ်မိ၊ တစ်ချို့က ခပ်ဝါးဝါး ဖြစ်နေ ဒုက္ခ :) အဲဒီတော့လည်း တစ်ချို့ကိုကျတော့လည်း မနီ၊ မ၀ါ၊ မစိမ်း စသည်ဖြင့် ရောကြိတ်ရတော့တာပေါ့ :D မှားရေးမိရင်လဲ ကျွန်မကို မဖိတ်ပဲ နောက်မိန်းမကို ဖိတ်တာလား ဆိုပြီး ပြဿနာရှာခံရဦးမယ်။ တစ်ရက်တစ်ရက် လမ်းကြောင်းဆွဲပြီး ဘတ်စ်ကားတစ်တန်၊ ခြေကျင်တစ်တန် တစ်ချို့နေရာကြတော့လည်း Taxi နဲ့ လိုက်ဖိတ်ရတာပေါ့။ နီးစပ်ရာလူရှိရင်လည်း ပို့ပေးပါဆိုပြီး တစ်ချို့လူတွေဆီမှာထားခဲ့ရတာပေါ့။ ဖိတ်ချင်တဲ့သူနဲ့ ဖိတ်စာအရေအတွက်နဲ့ ကြည့်ပြီး တစ်ချို့ကို လည်း ပေါင်းပြီး ဖိတ်လိုက်ရတာပေါ့။ အခုတော့ တော်တော်ဖိတ်ပြီးသွားပါပြီ။ ဆယ်စောင်လောက်ပဲကျန်မယ်။ ဒါပေမဲ့ ရင်းနှီးတဲ့သူတွေထဲက ကျန်ခဲ့ရင် ဆဲခံရမှာဆိုတော့ ဘယ်သူကျန်ဦးမလဲလို့လဲ အမြဲဆက်စဉ်းစားနေရတယ်။ တစ်ချို့ကြတော့လည်း list လုပ်တုန်းကမပါဘူး၊ လမ်းမှာတွေ့မှ သတိရပြီး ဖိတ်လိုက်ရတဲ့လူတွေလည်းရှိတယ်။ အိတ်ထဲမှာ ဖိတ်စာ သုံးလေးစောင် အမြဲဆောင်ထားရတယ်။

ဧည့်ခံပွဲမှာရိုက်ဖို့နဲ့ အလှဓါတ်ပုံရိုက်ဖို့ကိုတော့ ဓါတ်ပုံဆရာကို မန္တလေးက တကူးတက မှာရတယ်။ ဆရာကလည်း မအားမလပ်တဲ့ကြားက ရန်ကုန်ဆင်းလာပြီး လာရိုက်ပေးပါမယ်တဲ့။ သူ့အပြင် ရန်ကုန်က ခပ်ချောချော ဘလော့ကာ ဓါတ်ပုံဆရာတစ်ယောက်ကိုလည်း အားဖြည့်ပြီး ရိုက်ပေးဖို့ မေတ္တာရပ်ခံထားတယ်။ ဒါ့အပြင် နောက်ထပ်အကိုကြီးတစ်ယောက်က သူကိုတိုင် ဒီဇိုင်းဆွဲ ခဲတို့ပြီး ကိုယ်တိုင်ဆင်ထားတဲ့ မီးဆလိုက်တွေနဲ့ ဓါတ်ပုံဆရာလေးများ ရိုက်ရင် အားဖြည့်ထည့်ပေးပါမယ်တဲ့။ အပြင်မှာဝယ်ရယ် တစ်ရာကျမဲ့ ပစ္စည်းကို သူဘာသာ ပင်ပင်ပန်းပန်း နှစ်ရာသုံးရာ အကုန်ခံဆင်ထားတဲ့ မီးဆလိုက်တွေဗျ။ ကျွန်တော့်မှာ အမေမွေးကတည်းက ရုပ်မလှတဲ့အပြင် အခုဆို အသက်ကကြီးတော့ ဆံပင်ကဖြူ၊ ဗိုက်ပူ ၀တုတ်ဆိုတော့ ဒီဆရာလေးနှစ်ပါးရဲ့ အံ့မခန်း ဓါတ်ပုံပညာတွေနဲ့ နည်းနည်းလေးများ ကြည့်ပျော်ရှုပျော် ဓါတ်ပုံလေးတွေများရမလားဆိုတဲ့ မ၀ံ့မရဲ မျှော်လင့်ချက်ကလေးနဲ့ပေါ့ :D



3 comments:

Anonymous said...

I take the photo of the week. Because if we were met again in future, I need to compare your wife in the photo with the one at that time. (new or old) :) Just joke. I take for really want to keep.
Really match.

Anonymous said...

Done a thing need to do in life. Good job. Well done.

Anonymous said...

Congratulations!!!
Finally you got married. :D

Ashay Lay