Monday, April 28, 2008

Beijing Olympic 2008










































































မဲရံုမဲရံုဆီကို

ငွေတစ်ထောင်နဲ့ဝယ်လာတဲ့ အခြေခံဥပဒေ မူကြမ်းလေးကို ဖင်ပြန်ခေါင်းပြန် သုံးလေးခေါက်ဖတ်လိုက် မျဉ်းကြောင်းတွေသားလိုက်နဲ့လုပ်ပြီးသကာလမှ တော်ရှာပါပေ့လိပ်မျိုးနွယ်တို့ရယ်လို့ ကောင်းချီးပေးလိုက်မိတယ်။ ဒါပေမဲ့အရေးမကြီးပါဘူး ကိုယ်မှတားလို့မရနိုင်တာ။ သူတို့ကလည်း တွက်ချက်ပြီး ကြိုတင်ပြင်ဆင်မှုတွေ လုပ်သလောက် လုပ်ထားတယ်ဆိုတာ အသိသာကြီးကို တွေ့နေရတာပဲ။

လူတွေအများစုကြားမှာ ဘယ်လိုမဲပေးမယ်ဆိုတာ ဝေတေဝါးတားဖြစ်နေကြတယ်။ ကျွန်တော်တို့ရော မဲပေးရမှာလား တစ်အိမ်တစ်ယောက်ပဲမဟုတ်ဘူးလားလို့ မေးတဲ့သူကလည်းမေးသေးတယ်။ ဒုက္ခ။ တစ်ချို့ကလည်း ကြက်ခြေခတ်ချင်ပေမဲ့ ပြန်သိနိုင်တဲ့နည်းလမ်းတွေ (ဥပမာ ကင်မရာတွေထားမယ်ဆိုပြီး)ကို ကြောက်ပြီး အမှန်လေးပဲခြစ်ရမလားဆိုပြီး တွေဝေနေကြတယ်။ ဘာပဲပြောပြောပါ။ ခမောက်ကို တံဆိပ်နှိပ်ခတ်ခဲ့ပြီးတဲ့ ဒီကာလတွေမှာ အရိုက်အနှက် အဖမ်းအဆီးမခံရပဲ သွေးမြေမကျပဲ ကန့်ကွက်ဆန္ဒပြလို့ရတဲ့ အခွင့်ကောင်းတစ်ခုလို့ မမြင်သင့်ဘူးလား။

ကိုယ့်ဘာသာ ယုံကြည်လို့ အမှန်ခြစ်ရင်တော့ တစ်မျိုးပေါ့။ အဲ ..ကန့်ကွက်ချင်ရင်တော့ မဲရုံကို ကိုယ်တိုင်သွားပြီး ကြက်ခြေခတ်ဖို့ လိုလိမ့်မယ်။ ခင်ဗျားမဲသွားမထည့်ရင် ခင်ဗျားကိုယ်စား သူတို့က ထောက်ခံမဲလုပ်လိုက်လို့ ရနိုင်တဲ့ အခြေအနေတွေရှိတယ်။ ဥပမာ နေရာတစ်ခုမှာ မဲပေးပိုင်ခွင့်ရှိသူ တစ်သောင်းမှာ ခြောက်ထောင်ပဲ မဲလာပေးတယ်ဆိုပါစို့။ မဲရုံပိတ်ချိန်မှာ ကြိုတင် အမှန်ခြစ်ထားတဲ့ မဲသုံးထောင်လောက်ကို ထည့်လိုက်ဖို့ အလွယ်လေး။ မဲလာပေးတဲ့သူတွေရဲ့ လက်မှတ်နဲ့ အမည်စာရင်းကို ပြန်ကြေငြာဖို့လည်းမလိုဘူးလေ။ 

Thursday, April 24, 2008

ပိတောက်နေရာ

စျေးသို့အသွား ဘွားကနဲ ပိတောက်ပန်းကို တွေ့သည်။ စျေးသည်၏ ဗန်းထဲတွင် ဘယ်အချိန်က ရောက်လာကြသည်မသိ။ မနေ့က ပိတောက်ပင်ပေါ်မှာ ယနေ့ ပန်းဆိုင်မှာ၊ ရေရာ အနိမ့်အမြင့် ပြောင်းလဲခဲ့ပြီ။ သို့သော် သူ့အဆင်းကား ဝင်းထိန်ထိန်ပင်။

သူဆင်းရဲမသည် ပန်းဆိင်ရှေ့တွင် ရုတ်တရက် လာရပ်သည်။ သူမျက်နှာသည် ပိတောက်ပန်းနှင့်အတူ ဝင်းထိန်လျက်။ မကြာမီ မိန်းမပျို၏ ဦးခေါင်းထက်တွင် ပိတောက်ပန်းလိုက်ပါသွားသည်။ သူဆင်းရဲမ၏ ဦးခေါင်းပေါ်တွင် ဖြစ်စေကာမူ ပိတောက်ပန်းကလေး၏ ရွှင်လန်းခြင်းကား ပျောက်မည် မဟုတ်ချေ။

နေရာ အနိမ့်အမြင့်ကို မှီ၍ အရောင်မပြောင်းခဲ့။ ဝင်းထိန်လျက်သာ။ ဤပန်းသည် အပြစ်ကင်းစင်သော နေရာ၌ ထာဝစဉ် ခေါင်းထောင်နေပေလိမ့်မည်။

(ပိတောက်မှသရဖီသို့ - တင်မိုး)

တန်ခူးလ

မခူးချင်စမ်းပါနဲ့
နှစ်ဆန်းခါတော်မီမို့
ဇမ္ဗော်ရည် ပြေပြေလိမ်းကာပ
ခပ်သိမ်းနယ်စုံစုံသို့
ပွင့်ငုံကိုလင့်ကုန်ကြတော့လို့
ခေါင်းကြွကာ ဆာဝေဝေနဲ့
သူလဲလေ လောကီသားလိုပ
ကြွားချင်လှပေလိမ့်မယ်။

တသိန်တင့်ပါဘိ
တိမ်မြင့် ရီပြာပြာက
ကြည်သာသာ ပင့်လေအဖြူးတွင့်ဖြင့်
တီတာတာ ပွင့်ရွှေဖူးငယ်တို့
လည်ယှက်ကာ ဘယ်ညာလူးလေတော့
သူတို့လို ဘယ်သူမြူးနိုင်ပါ့ 

ထူးပါဘိတယ်။ 

 

ဇော်ဂျီ

Tuesday, April 8, 2008

(၁၀)နှစ်ပြည့်

အခုတလောက thinker ဝင်ရေးသွားတဲ့ comment ထဲကလို ကိုးနတ်ရှင်နှိပ်စက်တာနဲ့ ဘလော့ရေးရတယ်ကို မရှိပါဘူး။ log in တောင် ဝင်လို့မရတာ။ မတတ်နိုင်ပါဘူး။ ဖြစ်ချင်တာ မဖြစ်တဲ့ဘဝမှာ ဖြစ်ချင်တာ ဖြစ်စမ်းကွာဆိုပြီး ကောလိပ်ဂျင်နေဝင်းလို ငြီးချင်းချရမလားမသိ။

ပြီးခဲ့တဲ့စနေနေ့ ဧပြီ(၅)ရက်က ကိုယ်တို့ ကုမ္ပဏီရဲ့ ၁ဝနှစ်ပြည့် ညစာစားပွဲလေးလုပ်ဖြစ်တယ်။ လူခုနစ်ဦးလောက် စလုပ်ခဲ့တဲ့ အဖွဲ့အစည်းလေးက အခုဆို ဝန်ထမ်း ရဝကျော်ရှိနေပြီ။ ဒါပေမဲ့ လုပ်သက်ဆယ်နှစ်ပြည့်တဲ့လူဆိုလို့ ကိုယ်တို့ founder သုံးယောက်ပဲကျန်တယ်။ ဘဝသံသရာရထားကြီးလို လူတွေက ဆင်းလိုက်တက်လိုက်နဲ့ ခရီးဆက်ခဲ့ကြတာပေါ့။ ဘာပဲဖြစ်ဖြစ် စိတ်ကျေနပ်ပါတယ်။ အတိုင်းအတာတစ်ခုအထိ အောင်မြင်ခဲ့တယ ်ဆိုပြီးလည်း အားရကျေနပ်ဖြစ်မိတယ်။ ၁ဝနှစ်တာခရီးဆိုပြီးတော့လည်း လေးငါးဆယ်ရွက် မှတ်တမ်းလေး ရေးထားဖြစ်သေးတယ်။

Dinner ညက ဝန်ထမ်းအသစ်တွေရော ဖိတ်ထားတဲ့ ဧည့်သည်တွေပါဖတ်ရအောင် စားပွဲတစ်ဝိုင်းကို တစ်အုပ်စီတင်ထားပေးသေးတယ်။ (၁၀)နှစ်ပြည့်တဲ့အချိန်မှာ တစ်ချိန်က ကိုယ်နဲ့ဒိုးတူပေါင်ဖက် ကုန်းရုန်းလုပ်ခဲ့သူတွေက အဝေးရောက်ကုန်ပြီ။ ဘာပဲဖြစ်ဖြစ် ဘွဲယူထားတဲ့ ပညာလေးနဲ့ပဲ သူများဆီမှာ ဝန်ထမ်းမလုပ်တော့ပဲ ကိုယ်ပိုင်အလုပ်လေးကိုပဲ တစိုက်မတ်မတ် လုပ်ချင်ခဲ့တဲ့ ဆန္ဒလေးကတော့ အထိုက်အလျောက်ပြည့်ခဲ့ပြီလို့ဆိုရမှာပေါ့။ ဒီဆယ်နှစ်တာ ကလည်း တကယ့်ကို ခရောင်းလမ်း ပါပဲ။ အခုပြန်တွေကြည့်ရင်တော့ ဆင်းရဲ ဒုက္ခတွေဟာ ကိုယ်တို့အတွက် ချိုမြိန်တဲ့ အမှတ်ရစရာလေးတွေပေါ့။

Monday, March 24, 2008

တပေါင်းလတပေါင်းလ တောင်နှင့်တောလည်း သင်းချောမညို၊ ၀ါလိုနီမြန်း လေဝန်းလွှင့်ချောက်၊ ရတုရောက်က ပိတောက်ရွှေရိုး၊ သာနိုးရွှေစံ ဝတ်ဆံရွှေခဲ၊ ပုလဲချပ်စီ သရဖီလည်း၊ ရုံးညီတင့်လှ ခါကိုလင့်လျက်၊ ငုံရင့်ကင်းမည်။ ပွင့်ရွက်စည်က၊ နွေလည်ခါလု နှစ်ရတုသည် ယခုမပေါ် လှည့်လေလော။ ဇေယျရန္တမိတ်

တပေါင်းလ 

တောင်နှင့်တောလည်း  သင်းချောမညို၊ 

၀ါလိုနီမြန်း လေဝန်းလွှင့်ချောက်၊ 

ရတုရောက်က ပိတောက်ရွှေရိုး၊ 

သာနိုးရွှေစံ ဝတ်ဆံရွှေခဲ၊ 

ပုလဲချပ်စီ သရဖီလည်း၊ 

ရုံးညီတင့်လှ ခါကိုလင့်လျက်၊ 

ငုံရင့်ကင်းမည်။ 

ပွင့်ရွက်စည်က၊ 

နွေလည်ခါလု နှစ်ရတုသည် 

ယခုမပေါ် လှည့်လေလော။ 

 

ဇေယျရန္တမိတ်

ကျေးဇူးတင်ရပါလေသည် ....

အင်တာနက်မရတဲ့အခါတွေတိုင်း Back bone ဆိုတဲ့ ခါးရိုးကြီး ကျိုးတာပဲလားဟင်? အခုတလောမှာ လာတစ်လှည့် ပြတ်တစ်လှည့်နဲ့ နှေးနေတဲ့ အင်တာနက်ကြီးက မရတစ်ချက် ပျက်တစ်ချက်နဲ့ အရမ်းကို စိတ်ပျက်စရာဖြစ်နေပါပြီရော။ ဒီလိုနဲ့ blog ကိုတောင်မရေးနိုင်တော့တဲ့ ဘဝ။ speed အရမ်းနှေးနေချိန်မှာ blog ကို login တောင်လုပ်မရတော့ဘူးဗျ။ Email ကနေ post လုပ်မယ်ဆိုပြန်တော့ Gmail က ဝင်မရတဲ့အခါတွေကများနေတယ်။

သူငယ်ချင်းတစ်ယောက်ပြောသလို ဒီမှာနေရတာ အရာရာကို ကြံဖန်ပြီး ကျေးဇူးတင်လို့ စိတ်ချမ်းသာအောင်နေရတဲ့ အကျင့်လေးရနေပါပြီရော။ အော် ..လုံးဝမရတာနဲ့စာရင်တော့ ပြတ်တစ်ချက် ပြုတ်တစ်ချက်လေးကိုပဲ ကျေးဇူးတင်နေရ။ gmailလေး တစ်ချက်လောက်ဝင်သွားပြီး email ခေါင်းစဉ်လေးတွေ မြင်ရရင်ပဲ ဝမ်းသာကျေးဇူးတင်ရ ... နေ့တစ်ပိုင်းပေးနေတဲ့ လျှပ်စစ်မီးလေးကို ကျေးဇူးတင်နေရ ။ တင်တင်မြသီချင်းတစ်ပုဒ်ထဲကလို ကျေးဇူး...တင်ရပါလေသည်....ဆိုပြီးပဲ သီချင်းလေးငြီးရမလား ...