Monday, March 24, 2008

တပေါင်းလတပေါင်းလ တောင်နှင့်တောလည်း သင်းချောမညို၊ ၀ါလိုနီမြန်း လေဝန်းလွှင့်ချောက်၊ ရတုရောက်က ပိတောက်ရွှေရိုး၊ သာနိုးရွှေစံ ဝတ်ဆံရွှေခဲ၊ ပုလဲချပ်စီ သရဖီလည်း၊ ရုံးညီတင့်လှ ခါကိုလင့်လျက်၊ ငုံရင့်ကင်းမည်။ ပွင့်ရွက်စည်က၊ နွေလည်ခါလု နှစ်ရတုသည် ယခုမပေါ် လှည့်လေလော။ ဇေယျရန္တမိတ်

တပေါင်းလ 

တောင်နှင့်တောလည်း  သင်းချောမညို၊ 

၀ါလိုနီမြန်း လေဝန်းလွှင့်ချောက်၊ 

ရတုရောက်က ပိတောက်ရွှေရိုး၊ 

သာနိုးရွှေစံ ဝတ်ဆံရွှေခဲ၊ 

ပုလဲချပ်စီ သရဖီလည်း၊ 

ရုံးညီတင့်လှ ခါကိုလင့်လျက်၊ 

ငုံရင့်ကင်းမည်။ 

ပွင့်ရွက်စည်က၊ 

နွေလည်ခါလု နှစ်ရတုသည် 

ယခုမပေါ် လှည့်လေလော။ 

 

ဇေယျရန္တမိတ်

ကျေးဇူးတင်ရပါလေသည် ....

အင်တာနက်မရတဲ့အခါတွေတိုင်း Back bone ဆိုတဲ့ ခါးရိုးကြီး ကျိုးတာပဲလားဟင်? အခုတလောမှာ လာတစ်လှည့် ပြတ်တစ်လှည့်နဲ့ နှေးနေတဲ့ အင်တာနက်ကြီးက မရတစ်ချက် ပျက်တစ်ချက်နဲ့ အရမ်းကို စိတ်ပျက်စရာဖြစ်နေပါပြီရော။ ဒီလိုနဲ့ blog ကိုတောင်မရေးနိုင်တော့တဲ့ ဘဝ။ speed အရမ်းနှေးနေချိန်မှာ blog ကို login တောင်လုပ်မရတော့ဘူးဗျ။ Email ကနေ post လုပ်မယ်ဆိုပြန်တော့ Gmail က ဝင်မရတဲ့အခါတွေကများနေတယ်။

သူငယ်ချင်းတစ်ယောက်ပြောသလို ဒီမှာနေရတာ အရာရာကို ကြံဖန်ပြီး ကျေးဇူးတင်လို့ စိတ်ချမ်းသာအောင်နေရတဲ့ အကျင့်လေးရနေပါပြီရော။ အော် ..လုံးဝမရတာနဲ့စာရင်တော့ ပြတ်တစ်ချက် ပြုတ်တစ်ချက်လေးကိုပဲ ကျေးဇူးတင်နေရ။ gmailလေး တစ်ချက်လောက်ဝင်သွားပြီး email ခေါင်းစဉ်လေးတွေ မြင်ရရင်ပဲ ဝမ်းသာကျေးဇူးတင်ရ ... နေ့တစ်ပိုင်းပေးနေတဲ့ လျှပ်စစ်မီးလေးကို ကျေးဇူးတင်နေရ ။ တင်တင်မြသီချင်းတစ်ပုဒ်ထဲကလို ကျေးဇူး...တင်ရပါလေသည်....ဆိုပြီးပဲ သီချင်းလေးငြီးရမလား ...

Friday, February 29, 2008

အာကြီးရဲ့ ခရောင်းလမ်း

မန်ယူကို လေးဂိုးပြတ်ရှုံးပြီးတဲ့နောက်မှာ ကစားသမားတွေရဲ့ စိတ်ဓါတ်ကို ထိခိုက်သွားပုံပေါ်တယ်။ အေစီမီလန်ကို အိမ်ကွင်းမှာ ကစားရတဲ့ပွဲကို ဂိုးမရှိသရေပွဲဖြစ်သွားတယ်။ ထားလိုက်ပါတော့ အေစီဆိုတာကလည်း အစဉ်အလာရှိတဲ့ ဥရောပချန်ပီယံအသင်းပေကိုး။ ဆိုးသွားတာက အရင်အပတ်က ဘာမင်ဂမ်နဲ့ပွဲမှာပါ။ ဒါဆေးဗား ခြေကျိုးသွားကတော့ မတတ်နိုင်ဘူး။ ဖြစ်ချင်လို့ တိုက်ဆိုင်လို့ဖြစ်သွားတယ်လို့ပဲ မှတ်လိုက်ပါတယ်။

ဒါပေမဲ့ ဆယ်ယောက်ပဲကျန်တဲ့ အမှတ်ပေးဇယားအောက်နားက အသင်းကို ဖိဖိစီးစီးမကစားနိုင်ပဲ ပွဲပြီးလုပြိးခင်မှာ ပင်နာတီပေးလိုက်ရပြီး သရေဖြစ်သွားတာ တော်တော်ဆိုးတယ်။ အဖိုးတန်နှစ်မှတ် ဆုံးသွားတာပေါ့။ အသင်းခေါင်းဆောင် ဂါးလက်စ်ရဲ့ အပြုအမူကလည်း professional မဆန်လိုက်တာ။ ခေါင်းဆောင်မပီသဘူးလို့ လဲပြောချင်တယ်။ မန်ယူက မန်စီးတီးကို အိမ်ကွင်းမှာ ရှုံးခဲ့ပေမဲ့ နောက်နှစ်ပွဲမှာ ဂိုးပြတ်အနိုင်ကစားသွားတယ်။

ဒီအပတ်လဲ အာဆင်နယ်က မလွယ်ကြောပဲ။ ဗီလာကွင်းမှာ သွားကန်ရမှာ။ ရှုံးရင် မန်ယူက နံပါတ်တစ်ပြန်ဖြစ်တော့မယ်။ သရေဆိုရင်တော့ အမှတ်ပေးဇယားကို ဆက်ဦးဆောင်နိုင်ဦးမယ်လို့ မျှော်လင့်တာပဲ။ မန်ယူကတော့ ဖူဟမ်ကို နိုင်မှာပါ။ ဒီပွဲပြီးရင် အေစီမီလန်ကွင်း သွားကန်ရမဲ့ပွဲက ပိုဆိုးတယ်။

အကြိုဗိုလ်လုပွဲတက်ဖို့ မျှော်လင့်ချက်က ခပ်ရေးရေးပဲဖြစ်နေတယ်။ ဒါပေမဲ့ တစ်နှစ်က အိမ်ကွင်းမှာ အင်တာမီလန်ကို ဂိုးပြတ်ရှုံးခဲ့ပြီးမှ အဝေးကွင်းမှာ အနိုင်ပြန်ကန်ပြီး နောက်တစ်ဆင့်တက်သွားဖူးတဲ့ သာဓကတော့ရှိတယ်။ ရှေ့တန်းက အဒီဘေယာနဲ့ ဘန်တနာက သိပ်မကြာခင်ကပဲ အချင်းများထားတာ။ ဗန်ပါစီကလည်း ပွဲပြည့်ဆော့နိုင်ဦးမှာ မဟုတ်သေးဘူး။ ရိုစင်းစကီး ပြန်ကစားနိုင်မယ်ဆိုရင်တော့ အတော်ကောင်းမယ်။ ဘာပဲဖြစ်ဖြစ် အာကြီးကံကောင်းပါစေဗျာ။

Tuesday, February 19, 2008

အထူးကု အထူးနှုန်း

နိုဝင်ဘာလောက်ကတည်းက ခြေခေါက်လဲပြီး ရထားတဲ့ ဒဏ်ရာက အကင်းကို မသေဘူး။ တရုတ်ဆေးစည်းတာလဲ ထူးပြီး သက်လာမလားဘူး။ ဒါနဲ့ သက်ဆိုင်ရာ အထူးကုတစ်ယောက်ယောက်နဲ့ ပြကြည့်ဦးမှ ဆိုပြီး မေးမြန်းစုံစမ်းလို့ အာရှတော်ဝင်မှာ အရိုးအထူးကုတစ်ယောက်နဲ့ ပြဖြစ်တယ်။ ပထမရက်မှာတင် သွေးစစ် ဆီးစစ် ဓါတ်မှန်ရိုက်တာတွေရယ် သောက်ဆေးဝယ်တာရယ် စမ်းသပ်ခရယ်နဲ့ သုံးသောင်းခွဲကုန်သွားတယ်။

ဆရာကြီးက အင်္ဂါနဲ့ သောကြာမှာထိုင်တယ်။ နောက်တစ်ခေါက်မပြခင် ပေးထားတဲ့ သောက်ဆေးတွေသောက်ရင်း သတိထားမိတာက ဗိုက်ပြန်အောင့်လာတယ်။ အစာအိမ်ဖြစ်ဖူးတဲ့ ကိုယ့်အတွက် သူပေးတဲ့ဆေးတွေက အဆင်မပြေလှဘူးဖြစ်နေတယ်။ ဒါတောင် အစာအိမ်အတွက် ဆေးနှစ်မျိုးတွဲပေးထားတယ်။ ဒါနဲ့နောက်တစ်ခေါက်ပြန်ပြတော့ ကျွန်တော်က အဲဒီအကြောင်းတွေပြောပြတယ်။ ဆရာကြီးက ခင်ဗျားခြေတောက်က အရိုးတော့မကျိုးဖူး အရွတ်ထိခိုက်သွားတယ်တဲ့ (အလဲ့ ... ကလပ်အသင်းက ဘောလုံးသမားတွေလိုလို ဘာလိုလို) ဒါနဲ့ အမြန်ဆုံးသက်သာအောင်ထိရောက်တဲ့နည်းက အရိုးနှစ်ခုဆက်တဲ့နေရာက အရွတ်ထဲကို ဆေးထိုးထည့်မလားတဲ့ ။ ဒါနဲ့ ကျွန်တော်လည်း မြန်မြန်ပျောက်ချင်တာနဲ့ ထိုးမယ်ပေါ့။ ခြေမျက်စေ့ဘေးနားက joint ထဲကို ထိုးထည့်တာ။ တကယ်ထိုးတော့ အားပါးပါး နာလိုက်တာ ဆံပင်မွှေးတွေတောင် ထောင်တက်သွားသလားအောက်မေ့ရတယ်။

နောက်တစ်ခေါက်မှာ အနောက် ခြေဖနောက် အပေါ် ဘေးနှစ်ဖက်နေရာကို ထပ်ထိုးတယ်။ ဒီနေ့ပြတော့ သောက်ဆေးပဲပေးလိုက်တော့တယ်။ နားနားနေနေနဲ့ ခြေတောက်ကို သိပ်မသုံးပါနဲ့တဲ့။ ကိုယ်တွေကလည်း အလုပ်ကိစ္စနဲ့ ဟိုသွားဒီသွား၊ ရုံးမှာနေရင်လဲ ဟိုလျှောက်ဒီလျှောက်နဲ့ နားဖြစ်တယ်ကို မရှိပါဘူး။ ဒီစနေ ပဲခူးက ရွာကို သွားစရာရှိသေးတယ်။ ပြီးရင် နောက်အပတ်မှာ မန္တလေးကို ဟောပြောပွဲနဲ့ စာမေးပွဲကိစ္စ သွားပေးရဦးမယ်။ စာရင်းချုပ်လိုက်တော့ တစ်သိန်း သုံးသောင်းလောက် ထွက်သွားတယ်။ အာရောဂျံမရမံလာဘံ တဲ့ ဟုတ်ပေစွ ဟုတ်ပေစွ။

Thursday, February 14, 2008

Wind of change?

အခုတလောမှာ အလုပ်ကိစ္စပြီးရင် အများဆုံး ပြောဖြစ်ကြတာကတော့ အခြေခံဥပဒေအတွက် ဆန္ဒခံယူပွဲ၊ ရွေးကောက်ပွဲနဲ့ တိုင်းပြည်ရဲ့ အနာဂါတ် ကျွန်တော်တို့ရဲ့ အနာဂါတ်အကြောင်းပါ။ သူငယ်ချင်းတွေ မိတ်ဆွေတွေကြားမှာကို အယူအဆတွေက အမျိုးမျိုးပါ။ ကိုယ့်ဖဲကိုယ်ချိုး လိုရာဆွဲပြီးရေးထားတာကို ဘာလို့ထောက်ခံရမှာလဲ။ ထာဝရ နဖားကြိုးထိုးပြီး သားစဉ်မြေးဆက် အုပ်စိုးချင်တဲ့ အကြံစည်ပဲ... လက်ကို မခံနိုင်ဘူး ...... လို့ ဆိုတဲ့ သူတွေကလဲဆိုကြတယ်။

အိုကွယ် ... ဥပဒေက မည်သို့ပင်ဆိုစေကာမူ....ဆိုတဲ့အခြေအနေထက်တော့ ထပ်ဆိုးနိုင်မယ်မထင်ပါဘူး။ ရသလောက်လေးယူထား။ နောက်တော့ပြောင်းကြတာပေါ့။ ၁၀၀% စစ်အာဏာနဲ့ အုပ်ချုပ်နေရာကနေ ဘာပဲပြောပြော ရွေးကောက်ပွဲကတင်မြှောက်ထားတဲ့အစိုးရဖြစ်လာမယ်လေ။ ၂၅%က သူတို့လိုရာလူထည့်မယ်ဆိုတဲ့အချက်တော့ရှိတာပေါ့ဗျာ။ ဒါပေမဲ့ ဒါလေးအကြောင်းပြုလို့ စီးပွားရေးလေး ဦးမော့ပြီး လူတွေများ ချောင်လည်လာမလားပေါ့ဗျာ .... စသည်ဖြင့်ပြောတဲ့သူတွေကလည်း ပြောကြတာပေါ့။

တစ်ဦးချင်းဆီက ဘယ်လိုကန့်ကွက်တယ် ထောက်ခံတယ်ပြောနေပြောနေ တိုင်းပြည်နဲ့အဝှမ်း တကယ်တမ်း အချိန်မှာ ဘယ်လိုဖြစ်လာမယ်ဆိုတာ (Aggregate Result) ကို ကျွန်တော်ပို စိတ်ဝင်စားမိတယ်။ ဒီအခြေခံဥပဒေ အသက်ဝင်လာဖို့က မဲပေးပိုင်ခွင့်ရှိသူရဲ့ ၅ဝရာခိုင်နှုန်းကျော်ရမယ်လို့ဆိုထားတာကိုး။ ဒါဆိုရင် အစိုးရဝန်ထမ်းတွေက (စစ်သားတွေအပါအဝင်) မဲပေးပိုင်ခွင့်ရှိသူတွေရဲ့ ရာခိုင်နှုန်းဘယ်လောက်လဲ ? ကြံ့ခိုင်ရေးကရော အင်အားဘယ်လာက်ရှိသလဲ။ သူလို့ အင်အားလို့ ဖော်ပြထားတဲ့ ကိန်းဂဏာန်းတွေကရော တကယ့်အင်အားတွေဖြစ်ပါ့မလား? ဘာပဲပြောပြော စက်တင်ဘာလ အဖြစ်အပျက်နောက်ပိုင်းမှာ ဘီဘီစီဘယ်လို ဘီအိုအေ ဘယ်ကဲ့သို့ ဆိုတဲ့စာတွေကိုင်ပြီး ကန့်ကွက်ဆန္ဒပြတယ်ဆိုတဲ့သူတွေ (သူတို့မျက်နှာတွေက စိတ်မပါပါဘူး ခိုင်းလို့ လုပ်ရတာပါ ဘာညာ ပြောချင်တာပြော) သူတွေတွေကရော အခု ထောက်ခံမဲထည့်ဟေ့ဆိုရင် ထည့်ကြမှာလား။ အဲဒီလို လူတွေရဲ့ အရေအတွက်ဘယ်လောက်ရှိမလဲ?

ရန်ကုန် မန္တလေး စတဲ့မြို့ကြီးတွေရဲ့ လူဦးရေ (၁၈နှစ်အထက်ပေါ့ဗျာ) ဘယ်လောက်လဲ? ကျေးလက်ဒေသတွေရဲ့ လူဦးရေ? လူဦးရေထဲမှာ လုပ်ငန်းရှင်၊ အစိုးရမဟုတ်တဲ့အပြင်ဝန်ထမ်း၊ လယ်သမား၊ ကုန်သည်၊ လက်လုပ်လက်စား အစိုးရဝန်ထမ်း ... စတဲ့ အမျိုးအစားတွေထဲမှာ ဘယ်လို ပျံ့နှံနေသလဲ? ဒီအခြေခံဥပဒေကြီးကို ထောက်ခံကြတယ် ကန့်ကွက်ကြတယ် ... ဘယ်ဖက်က အလေးသာတယ်လို့မှန်းမလဲ?

ကိုယ်က ကန့်ကွက်ချင်တဲ့သူဆိုရင် ဒါကြီးအသက်မဝင်လာအောင် ဘာတွေလုပ်ပြီး တားဆီးမလဲ။ ထောက်ခံတဲ့သူဆိုရင်လဲ ထောက်ခံတယ်ဆိုတဲ့ဖက်က ဘယ်လောက်အလေးသာလဲ ၅၀%ကျော်မဲရအောင် ဘာတွေလုပ်ရမလဲ .... အချိန်ကတော့ သိပ်မရတော့ဘူး။ ဘာပဲပြောပြော ဒီ ၂နှစ် ၃နှစ်အတွင်းမှာ စီးပွာရေးကတော့ ကျပြီးရင်းကျရင်းပါပဲ။ ကုမ္ပဏီတွေ ပြင်ပ စီးပွားရေး အဖွဲ့အစည်းတွေ ကုန်သည်တွေအနေနဲ့ လှိုုင်းလုံးတစ်လုံးကြောင့် လဲကျရာက ကုန်းထမလို့လုပ်တုန်း နောက် လှိုင်းလုံး တစ်လုံးက ဖင်ပိတ်ကန်တာ ခံရပြန်ရော။ ဒီလိုနဲ့လုံးချာလည်လိုက်နေကြတာ။ ဆိုင်မဆိုင်တော့မသိဘူး (တိုက်ဆိုင်နေတာလဲဖြစ်နိုင်ပါတယ်)

စက်တင်ဘာ အဖြစ်အပျက်နောက်ပိုင်းမှာ ဒေါ်စုနဲ့ ဆက်ဆံရေးဝန်ကြီးတို့ တွေ့ဆုံဆွေးနွေးကြတယ်၊ အခြေခံဥပဒေမူကြမ်းကို ရေးဆွဲနေပြီ စတဲ့သတင်းတွေနဲ့တင် စီးပွားရေးလေးက အတော်အတန်တည်ငြိမ်လို့ ပြန်လည်ဦးမော့လာချင်တဲ့ အရိပ်အရောင်လေးတွေ တွေ့နေရတယ်။ ဘယ်လောက်အထိ တက်ရိပ်ပြမလဲဆိုတာကိုတော့ ဆက်ပြီးစောင့်ကြည့်နေတုန်းပဲ။ ဘယ်လမ်းပဲသွားသွား စီးပွားရေးလေး ဦးမော့လို့ လူတွေလူတန်းစေ့လေး နေနိုင်စားနိုင် လုပ်ကိုင်နိုင်ကြဖို့က ကျွန်တော် ဖြစ်စေချင်တဲ့ ပထမဦးတည်ချက်ပါပဲ။

Tuesday, February 12, 2008

နွေသို့ခြေတစ်လှမ်း

နှင်းကလေးများ စဲချင်သလိုလို သတင်းကြရသည်။ နှင်းသည် ဆောင်း၏ ရတနာ မဟုတ်လော့။ ဆောင်းနတ်ဒေဝီသည် သူ၏လက်ဝတ်လက်စား ရတနာတို့ကို ချွတ်သိမ်းတော့မည့်ဟန် ပြင်နေပြီ။ ဟန်တစ်ခါပြင် ရွှေစင်ဆယ်စင်း ဟူဘိ၏သို့။ ကောင်းကင်၌ မြူခြည်လိုလို နှင်းလိုလို မြင်လိုက်မိ၏။

ဆောင်းဖြင့်လည်းဆောင်း၊ နွေဖြင့်လည်းနွေ မဟုတ်ချေပြီ။ မပြတ်မသား ၀ိုးတဝါး နိုင်လှချေ၏။ ဘယ်ကမ်းသို့ လှမ်းရမည်မသိပြီ။ မကြာမီ နွေငှက်ကလေးများ လာရောက်၍ ဆောင်းနတ်သမီးကို လူပျိုလှည့်ကြချေမည်။ ဆောင်းနတ်သမီးခမျာ စိတ်နုရှာသည်။ အညှာလွယ်သည်ဟု မဆိုနိုင်သော်လည်း အယုံလွယ်တတ်ပေသည်။ သို့နှင့် နွေ၏ ရင်ခွင်တွင် မကြာခင်ပင် ရောက်၍ မိမိဘဝကို မြှုပ်နှံလိုက်ရချေတော့မည်။

လုူတို့သည် ဗုဒ္ဓ၏ ထံပါးသို့ချဉ်း၍ သနပ်ခါးနံ့သာတုံးတို့ဖြင့် မီးပူဇော်ကြကုန်၏။ ဆောင်းဝဋ္ဋ်မှ ကျွတ်စေလိုဟန်တူသည်။ ဆောင်းနတ်သမီးသည် လူတို့အား အအေးဖြင့် နှိပ်စက်မိခဲ့သလော။ နှိပ်စက်ကလူပြုခြင်းကား မဟုတ်ရှာပါပေ။ အများပြည်သူ အေးချမ်းစေလိုသော စေတနာရိုးသာဖြစ်ပေသည်။ သို့ရာတွင် လောကသည် တစ်ဖက်သတ်ကို မကြိုက်၊ အအေးကိုလည်းတမ်း၏။ အပူကိုလည်းလွမ်း၏။ မျှတမှုကို လိုလားချေသည်။ ဆောင်းပြောင်းရပေဦးမည်သာ။ ဆောင်းနတ်ဒေဝီ ဘယ်ဆီသို့ သွားမည်နည်း။

ပိတောက်မှ သရဖီသို့
(တင္မိုး)

ထမနဲပွဲတော်မှ

တပို့တွဲ၊ ကျွဲပင်လျှင် ချိုဖျားက အေးသတတ်။ ဤသို့ စာဆိုရှိသည်။ ဆောင်းနှောင်းဖြစ်၍ အစွမ်းကုန် ဆောင်းလက်စွမ်း ပြလေရော့သလားမသိ။ ခိုက်ခိုက်တုန်အောင် အေးလှ၏။ မြတ်စွာဘုရားသခင်ပင်လျှင် ခြေဖျားလက်ဖျား မီးကင်တော်မူရသည်ဟု ဆိုကြ၏။ ဟုတ်ပေမည်။ အလွန်အေးမြလှပေသည်။ နှင်းဝေဝေတွင် ထမနဲပွဲသည် ပျော်ဖွယ်ကောင်းလှ၏။

ဒယ်ကြီးများဖြင့် ဆီနိုင်နိုင်၊ နှမ်းနိုင်နိုင် အုန်းဆံနိုင်နိုင် ထမနဲထိုးကြ၏။ ကောက်ညှင်းဆန်တို့ကလည်း စေးလှသနှင့်။ ကျေးလက်ရွာသားတို့ စုပေါင်းညီညာသော သဘောကို သရုပ်ဆောင်၏။ ထမနဲကို နှင့်ငွေ့ဝေချိန်တွင်ပင် ဘုရားအား လှူ၏။ ရွာဦးကျောင်းသို့ရောက်အောင်ပို့၏။ တစ်အိမ်တက်ဆင်း ထမနဲဝေငှ ကမ်းလှမ်း၏။ တပို့တွဲလ နံနက်စောစောတွင် စေတနာ မွှေးကြိုင်လျက်ရှိသည်ကို ခံစားနိုင်လောက်ပေ၏။

အများနှင့် ၀ိုင်းကြဝန်းကြသော သဘောသည် မြန်မာ့သဘော ဖြစ်ပေသည်။ ထမနဲကို အဘိုးအို အဘွားအိုများပင်လျှင် တမြုံ့မြုံ့စားနိုင်၏။ ငါတို့နိုင်ငံ၏ စေတနာ ဂုဏ်သိက္ခာကို ထမနဲစားရင်း ဆင်ခြင်နိုင်သည်။ ထမနဲသည် တရားမဟော။ သို့သော် ညီညွတ်မှု၊ ချစ်ကြည်မှု၊ အကျိုးဆောင်မှုတို့၏ လက်တွေ့ကောင်းကျိုးကို ပြနေဘိသကဲ့သို့ ရှိ၏။ အာဂ ထမနဲပေ။

ပိတောက်မှ သရဖီသို့ (တင်မိုး)