Friday, October 30, 2009

နားခိုဖို့ ပြင်ဆင်ခြင်း

ဒီတလောမှာ အင်တာနက်က ကျော်ရခွရခက်နေတာရယ် အလုပ်များနေတာရယ်၊ MCPA ကအလုပ်တွေရယ် ဝယ်ထားတဲ့အိမ်ခန်းလေးကို ပြင်နေတာရယ်နဲ့ ဘလော့ကိုတောင် လှည့်မကြည့်ဖြစ်ဘူး။ အခုလဲ ၅၂ လမ်းအိမ်ခန်းအတွက် ဘက်ထရီအိုးဝယ်လာပြီး လာထားရင်း အနီးနားက အင်တာနက်ဆိုင်လေးကနေ ဝင်ဖြစ်လို့။ အိမ်ပြင်နေတာ တစ်လနီးပါးရှိပြီ။ ငွေလဲ ငါးဆယ်ကျော်လောက်ချောသွားပြီ။ အခုတော့ ရုပ်လုံးလေးနည်းနည်းထွက်လာပြီပေါ့။ အခန်းနှစ်ခန်းဖွဲ့ပြီးပြီ။ ရေချိုးခန်း၊ အိမ်သာ၊ မီးဖိုခန်းတွေ ပြင်ပြီး ကြွေပြားကပ်ပြီပြီ။ မီးကြိုးတွေရိုက်ပြီးပြီ။ ဒီနေ့တော့ ရှာထိုးကြမ်းခင်းတွေကို ချောနေကြလေရဲ့။ 
.
အိပ်ခန်းနှစ်ခုအတွက် အလူမီနီယံ ပြူတင်းပေါက်တွေ တံခါးတွေလုပ်ဖို့ကျန်သေးတယ်။ အိမ်ခန်းစပြင်မယ်ဆိုကတည်းက ကျွန်တော်ရော မိန်းမရောကို မအားတာ။ ကိုယ်တိုင် တိုင်းထွာပြီး Microsoft Visio လေးနဲ့ အခန်းတွေဖွဲ့ကြည့်တယ်။ လုပ်ပေးတဲ့ လက်သမားဆရာကြီးက ကိုယ့်သူငယ်ချင်းမောင်တင်အောင်လေးဆီကပဲ။ iNTEGRA ရုံးခန်းက ကိစ္စတွေဆိုလဲသူ့ကိုပဲခိုင်းနေကျပေါ့။ တကယ်တန်းပြင်ကြတော့ တစ်ယောက်လောက်စောင့်ပြီး ကြည့်နေနိုင်ပြောနေနိုင်မှရယ်။ မဟုတ်ရင် တလွဲတချော်တွေဖြစ်ကုန်ရော။ Program ရေးတာမှားလို့ ဖျက်ရပြင်ရရင် မသိသာပေမဲ့ အခုဟာက ထင်းထင်းကြီးကို ဖြစ်နေရော။ မီးကြိုးပြေးရမဲ့နေရာတွေ၊ မီးဖိုအုတ်ခုံ၊ ရေကန်.... အိုး စုံနေတာပဲ။ ဒါတောင် မိန်းမက အစောပိုင်းမှာ နှစ်ပတ်လောက် ခွင့်ယူပြီး ကိုယ်တိုင် ကြီးကြပ်နေလို့ တော်တော့တယ်။ ဒါတောင် သူခိုးဝင်ဖောက်သွားလို့ ဆေးပုံးတွေ နှစ်သိန်းဖိုးလောက်ပါသွားတယ်။ ထီပေါက်သွားတာပေါ့ :D နောက်တစ်ပတ်လောက်ဆိုရင်တော့ လက်စသတ်ပါပြီ။ ဆိုတော့ နောက်လအလယ်လောက်မှာ ဒီအိမ်ခန်းကို ပြောင်းဖြစ်မယ်။ အဲဒီကြမှပဲ မိတ်ဆွေသူငယ်ချင်းများကို အိမ်တက်ဖိတ်ကျွေးတော့မယ်။ မဟာဗန္ဓုလလမ်းနဲ့ လမ်း၅ဝထိပ်မှာ ပလက်ဖောင်းပေါ်ထိုင်သောက်လို့ရတဲ့ ဘီယာဆိုင်လေးရှိတယ်။ စျေးသက်သာတယ် ထိုင်လို့ကောင်းတယ်။ အရင် ၅၁လမ်းမှာနေတုန်းကထိုင်နေကျပေါ့။ ဒီအခန်းသစ်ကို ပြောင်းလာပြီးရင် ဒီဆိုင်လေးမှာ ပြန်ထိုင်လို့ရပြီပေါ့။ :)

Friday, October 2, 2009

ဘီလီယံနာပါ

ခပ်ပေါ့ပေါ့မမှတ်နဲ့။ ကျုပ်က ဘီလီယံနာဗျ။ 50 Billion Dollar တောင်မှ။ ဒါတောင် တစ်ရွက်ထဲ ထုတ်ပြသေးတာနော့် :P ။ ကျုပ်ရဲ့ ပိုက်ဆံအိတ်ထဲမှာ အခုကို ရှိနေတယ်။ ဘာပဲဖြစ်ဖြစ် ကျုပ်တို့နိုင်ငံက ငါးထောင်တန်က ဒီ ဇင်ဘာဘွေပိုက်ဆံနဲ့စာလိုက်ရင် သုည ခုနစ်လုံးတောင် နည်းသေးတာပဲ။ :D ဒါပေမဲ့ ဇင်ဘာဘွေမှာ ကြက်ဥသုံးလုံးကို 100 Billion Dollar တဲ့။ ဖြစ်ရလေ ... ကျုပ်ရဲ့ 50 Billion Note က ဒါဆိုရင် ငုံးဥတစ်လုံးလောက်ပဲရမှာ.
ပေါ့ LOL

ါ့