Monday, December 31, 2007

Welcome 2008

ဒီနေ့ဟာ ၂၀၀၇ခုနှစ်ရဲ့ နောက်ဆုံးနေ့လေးပါ။ တစ်နှစ်ပြီး တစ်နှစ် သက္ကရာဇ်တွေ ပြောင်းပြောင်းသွားတာလဲ မြန်လိုက်တာ။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၃၁ရက်ဆိုတာလဲ မနေ့တစ်နေ့ကလိုပဲ စိတ်ထဲ ထင်နေမိသေးတယ်။ ဒီလိုနဲ့ပဲ အသက်တောင်အတော်ကြီးလို့ ဘ၀ခရီးတစ်ဝက်ကျော်ရောက်ခဲ့ပြီပေါ့။ ၂၀၀၇ကနေ ၂၀၀၈ အပြောင်းက ကျွန်တော့်အတွက်တော့ major change ပါပဲ။

နှစ်သစ်မှာ -

ရုံးခန်းအသစ်မှာ အလုပ်စလုပ်ရမယ်။

တစ်ကိုယ်ရည် တစ်ကာယသမား ဘ၀ကနေ အိမ်ထောင်သည်ဘ၀ကို ရောက်ခဲ့ပါပြီ။ နှစ်သစ်မှာ မိန်းမအသစ်နဲ့ပေါ့ဗျာ ( ၂၆ ဒီဇင်ဘာကမှ လက်မှတ်ထိုး လက်ထပ်ထားတာဆိုတော့ မိန်းမအသစ်လို့ ပြောရမှာပေါ့နော် :P)

နေထိုင်တဲ့ မြို့နယ်အသစ် ... ရပ်ကွက်အသစ် ... တိုက်ခန်းအသစ် ... ပတ်ဝန်းကျင်အသစ် .... ရုံးသွား ရုံးပြန် စီးရမဲ့ ဘတ်စ်ကားနံပါတ်အသစ်၊ အိမ်အသုံးအဆောင်ပစ္စည်းအသစ် ... အိပ်ယာအသစ် ... ထမင်းဟင်း လက်ရာသစ် ..... အားလုံးအသစ်တွေနဲ့ ၂၀၀၈ ကို စတင်ရပါတော့မယ်။ ဟောင်းတာဆိုလို့ ကျွန်တော်ပဲရှိမယ်။ ဒါပေမဲ့ စိတ်သစ်လူသစ် ခွန်အားသစ်တွေနဲ့ပေါ့ဗျာ။


ဒါနဲ့ စကားမစပ် ကျွန်တော့်ဘာသာ အားအားယားယား စိတ်ကူးတည့်ရာ တွေးမိတွေးရာ လက်ယားလို့ လျှောက်ရေးနေသော ဘလော့ ပိုစ့်များကို လာရောက် ဖတ်ရှုကြကုန်သော မိတ်တွေအပေါင်းတို့ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး စိတ်သစ်လူသစ်ခွန်အားသစ်တွေနဲ့ နှစ်သစ်မှာ အောင်မြင်မှုတွေ ပျော်ရွှင်မှုတွေ ဆထက်တပိုး တိုးနိုင်ကြပါစေဗျာ ...... :D

So far so good Arsenal :)

ကံကောင်းပါစေအာဆင်နယ်။ ဒီဇင်ဘာခရောင်းလမ်းကို ခက်ခက်ခဲခဲကျော်ဖြတ်ခဲ့ပြီးချိန်မှာတော့ နှစ်သစ်ကူးရဲ့ ချန်ပီယံအဖြစ် ဆက်လက် ချီတက်ဆဲပါ။ လျှင်လျှင်မြန်မြန် ကစားကွက်လှလှတွေနဲ့ ပရိသတ်ကို ဖျော်ဖြေပြီး ရသ မြောက်ပါပေတယ်။ ကပ်လျက်ဒုတိယ မန်ယူကို ၂မှတ်၊ ချယ်ဆီးကို ၆မှတ်နဲ့ လီဗာပူးကို ၁၀မှတ် ဖြတ်ထားနိုင်ပါပြီ။ ချန်ပီယံဖြစ်ဖို့ကတော့ ဆက်ပြီး ကြိုးစားရဦးမှာပါ။ ဘောလုံးဆိုတာကလည်း လုံးနေတယ်လေ။

မထင်မှတ်တာတွေဖြစ်တတ်တာလဲ ဘောလုံးပွဲရဲ့ ရသ တစ်ခုပါပဲ။ ဥပမာ ပြီးခဲ့တဲ့စနေက မန်ယူက ၀က်စ်ဟမ်း ကို ရှုံးတဲ့ပွဲမျိုးပေါ့။ တစ်ဂိုးနိုင်နေပြီမှ ရတဲ့ ပင်နာတီ လဲမ၀င် နှစ်ဂိုးထပ်ပေးရပြီး ရှုံးချက်နာလိုက်လေ။ မန်ချက် အနေနဲ့ ပြီးခဲ့တဲ့အပတ်က ပွဲပြီးခါနီးရတဲ့ လက်ဆောင် ပင်နာတီနဲ့ နိုင်ခဲ့ပေမဲ့ ဒီအပတ်မှာတော့ လက်ဆောင်ထပ်ရတဲ့ ပင်နာတီကို ဂိုးအဖြစ် မပြောင်းနိုင်ခဲ့ဘူး။

အာဆင်နယ်အနေနဲ့ ဘိုရိုကိုရှုံး၊ ပို့စ်မောက်ကို သရေကျခဲ့ပေမဲ့ စပါးနဲ့ အဲဗာတန်ကို အနိုင်ယူနိုင်ခဲ့ပါတယ်။ လာမဲ့ အင်္ဂါနေ့မှာတော့ ၀က်စ်ဟမ်းနဲ့ ပွဲကျပ်တစ်ပွဲထပ်ကစားရပါဦးမယ်။ တနင်္ဂနွေမှာ အသင်းငယ် ဘန်လေနဲ့ FA ကစားရမယ်။ ချန်ပီယံလိဒ်ရှုံးထွက်မှာ အေစီမီလန်နဲ့ ရင်ဆိုင်ရမှာဖြစ်ပေမဲ့ အသက်ကြီး AC အသင်းကို ဖြတ်ကျော်သွားနိုင်မယ်လို့ မျှော်လင့်နေမိတယ်။


Thursday, December 27, 2007

About Face

ပြီးခဲ့တဲ့ စနေက Seminar လေးတစ်ခုပြောဖြစ်တယ်။ MICT Park မှာပါ။ MIT က ကိုထွန်းသူရ ပြန်ရောက်တုန်း တစ်ခုလုပ်ချင်တယ် သူက Data to Knowledge topic နဲ့ ပြောမယ်။ ကျွန်တော့်ကို လည်း တစ်ခုပြောပေးပါဆိုလို့။ ခေါင်းစဉ်ကတော့ Factors influencing the successful implementation of Business software ပါ။ ကျွန်တော့်ရဲ့ EMBA Paper ခေါင်းစဉ်ပါပဲ။ Customer Expectation, Software Attributes, Implementation Environment, After-Sales service ဆိုပြီး လေးပိုင်းပြောတဲ့အထဲက software attributes အောက်က User Interface အပိုင်းကို ပိုပြီး အလေးထား ပြောဖြစ်သွားတယ်။ paper ရေးရင်တော့ အဲဒီလောက့်ထည့်မှာမဟုတ်ဘူး။ ကျွန်တော်ပြောသမျှတော်တော်များများက Alan Cooper ရဲ့ စာအုပ်နှစ်အုပ်ထဲက ကောက်နုတ်ထားတာပါ။ About Face 2 နဲ့ The Inmates are Running the Asylum ဆိုတဲ့စာအုပ်နှစ်အုပ်ပါ။

Alan Cooper ဆိုတဲ့လူကလည်း နယ်နယ်ရရမဟုတ်။ Visual Basic ကို ဖန်တီးခဲ့တဲ့သူပါ။ ပြီးမှသူက Microsoft ကို ရောင်းလိုက်တာဗျ။ User Interface Design နဲ့ ပတ်သက်ရင်တော့ သူက ဆရာကြီးတပါးပါပဲ။ ခုနက ပြောတဲ့ စာအုပ်နှစ်အုပ်ကို ရုံးက ကျွန်တော့် MD က အရင်မှာပြီးဖတ်တာ။ ပြီးတော့မှ သူက ကောင်းတယ် ဖတ်ကိုဖတ်ရမယ့် စာအုပ်ဆိုပြီး ညွှန်းတာနဲ့ ဖတ်ဖြစ်သွားတာ။ About Face က programmer တွေ web designer တွေ ဖတ်ကို ဖတ်သင့်တဲ့စာအုပ်ပါ။ လူတွေသုံးရလွယ် နားလည်ရလွယ်တဲ့ programတွေ interface တွေကို ဘယ်လို ဖန်တီးမလဲဆိုတာတွေ အသေးစိတ်ပါတယ်ဗျ။ Goal directed Designပေါ့။ Userတွေ လုပ်ချင်တဲ့ ကိစ္စတွေကို လူလိုတွေး လူလိုလုပ်လို့ရအောင် ကွန်ပျူတာဆန်ဆန် digital ဆန်ဆန်ကြီး ကန့်လန့် မတွေးရအောင် design ချထားတဲ့ interface တွေ အကြောင်းပေါ့။ ဖတ်ကြည့်စေချင်ပါတယ်ဗျာ။ အခုဆို About Face 3 ဆိုပြီး နောက်ဆုံး Edition တောင်ထွက်နေပြီ။

About Face

Wednesday, December 26, 2007

turning point

ဘလော့တောင်မရေးဖြစ်တာကြာပြီ။ အခုတလော ရှုပ်တာမှ လည်ထွက်နေရော။ ရုံးပြောင်းတဲ့ကိစ္စရော၊ ကိုယ့်ရဲ့ မင်္ဂလာကိစ္စရောပေါ့။ အတွင်းဖက်ကွန်ဒိုက ရုံးခန်းရဲ့ အိမ်ရှင်က ရောင်းမှာဆိုတော့ ဆက်မငှားတော့ဘူး။ ဒါနဲ့ အနီးအနား နောက်တစ်နေရာ ရှာရတယ်။ ဒုတိယထပ်နဲ့ တတိယထပ် နှစ်ထပ် ငှားလိုက်ရတယ်။ အရင် ရုံးခန်းက ရှစ်ဆယ် ပတ်လည်ဆိုတော့ ကျယ်တယ်လေ။ အခု ပြောင်းပြီးပေမဲ့ ဖုန်းတွေ network တွေ ကအကုန်မရသေးဘူး။ ADSL တပ်ထားတဲ့ ဖုန်းကလည်း လိပ်စာပြောင်းရတော့ ရောက်မလာသေးဘူး။

နောက်တစ်ခု။ ဒီမနက်က ပုဇွန်တောင်တရားရုံးမှာ လက်မှတ်ထိုးဖြစ်တယ်။ အိမ်ထောင်ရှင်ဖြစ်ပြီပေါ့။ ဆွမ်းကျွေးကတော့ နောက်လ ၂၆မှ။ ရက်တွေက ကျပ်နေလို့။ အခန်းရှာရ၊ ဖိတ်စာရိုက်၊ ဖိတ်မဲ့သူတွေကို စာရင်းလုပ်၊ လက်စွပ်လုပ် လက်မှတ်ထိုးဖို့စီစဉ် ခန်းဝင်ပစ္စည်းတွေလိုက်ကြည့် ... အို ရှုပ်နေတာပဲ။ ဒါတောင် သူများတွေလို ပွဲထွက် လမ်းလျှောက် လက်စွပ်လဲ ပန်းကုံးစွပ်ဆိုရင် ဘယ်လောက်များ အလုပ်ရှုပ်လိုက်မလဲ ....

Tuesday, December 18, 2007

အပျင်းပြေပေါ့ဗျာ



မန္တလေးအသွား လေယာဉ်ပေါ်မှာ အပျင်းပြေကိုဇော်နိုင်မေးထားတဲ့ ဥာဏ်စမ်းလေးပါ။ အရောင်မချယ်ထားတဲ့ အပိုင်းတွေကို ဒီလိုပိုင်းပေးပါ။

A ကို နှစ်ပိုင်းပိုင်းပါ။
B ကို သုံ
းပိုင်းပိုင်းပါ။
C ကို လေး
ပိုင်းပိုင်းပါ။
D ကို ခုနစ်ပိုင်းပိုင်းပါ။

ပြောဖို့မေ့သွားလို့။ ပုံသဏ္ဍာန်တူ ဧရိယာတူ အပိုင်းတွေ ပိုင်းပေးရမှာပါ။

ချယ်ထားတဲ့အပိုင်းတွေက စတုရန်းကြီးရဲ့ လေးပုံတစ်ပုံပါ။ (ကျွန်တော့်ပုံက မှန်းဆွဲလိုက်တာဆိုတော့ စကေး မကိုက်ဘူး ဖြစ်နေတယ်)

ဘလော့လာဖတ်တဲ့ သူငယ်ချင်းများ အပျင်းပြေပေါ့ဗျာ။

Sick Myanmar ICT Weak

ဒီဇင်ဘာ ၁၃။
ရတနာပုံဆိုင်ဘာစီးတီး teleport ဖွင့်ပွဲနဲ့အတူ Six Myanmar ICT Week (သူတို့ရဲ့မူရင်းစာလုံးပေါင်းအတိုင်း) ကို အဲဒီမှာပဲကျင်းပပါတယ်။ ကျွန်တော်တို့က ဒီဖွင့်ပွဲနဲ့ ICT Week မှာ ပြုလုပ်တဲ့ programming ပြိုင်ပွဲကို ကြီးကြပ်ဆောင်ရွက်ပေးဖို့ သွားခဲ့ပါတယ်။ MCPA အသင်းက စီစဉ်ပေးမှုနဲ့ ဒီဇင်ဘာ ၁၃ရက်နေ့ ညနေ Airbagan Flight နဲ့ မန္တလေးကို တက်ခဲ့ပါတယ်။ ကံကောင်းချင်တော့ မန်းလေးကို အရင်ဆင်းမဲ့ ဂျက် လေယာဉ်ပျံဖြစ်နေလို့ မိနစ်၅၀လောက်ပဲစီးလိုက်ရပါတယ်။ လေဆိပ်က Cube Terminal တွေရှိပေမဲ့ လေယာဉ်ကနေ လေဆိပ်အဆောက်အဦအထိ ကားနဲ့ပဲလာခေါ်တယ်။ ခန်းနားလှပပေမဲ့ အသုံးမ၀င် လူမရှိ ဖြစ်နေတဲ့ မန်းလေး အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ မန်လေး မြို့ထဲက ကျွန်တော်တို့တည်းမဲ့ Great Wall Hotel ကို ဗင်ကားငှားသွားတာ တစ်သောင်းရှစ်ထောင်ကျပ်ပေးရပါတယ်။ အဲဒီညကတော့ မိုးလည်း ချုပ်ပြီမို့ ရတနာပုံကို မတက်တော့ပဲ မန်းလေးမှာပဲအချိန်ကုန်ကျပါတယ်။ ပြိုင်ပွဲမေးခွန်းတွေကို print ထုတ် photo copy ဆွဲတဲ့ ကိစ္စတွေကိုအရင်လုပ်ထားလိုက်ပါတယ်။ ပြီးတော့ ရွှေခိုင်မှာ အကင်စား ဘီယာ သောက်ကြပြီး ကမ္ဘာသစ်မှာ ခဏလောက် သီချင်းဆိုကြပါတယ်။ ဟိုတယ်ပြန်ရောက်တော့လည်း အလာဘ သလာဘ ပြောနေကြရင်း တော်တော်နဲ့ မအိပ်ဖြစ်ပါဘူး။

ဒီဇင်ဘာ ၁၄။
ဖွင့်ပွဲလုပ်မဲ့နေ့ပါ။ Great Wall Hotel ကနေ ကားတွေ ခြောက်နာရီထွက်မယ် ပြောထားပေမဲ့ ကျွန်တော်တို့ သုံးရောက်လုံး အိပ်ယာထနောက်ကျပါတယ်။ ဟိုတယ်ခန်းကလည်း တစ်ခန်းတည်းမှာ သုံးယောက် တည်းရတာဆိုတော့ ရေချိုးခန်းအိမ်သာသုံးတာနဲ့ အချိန်အတော်ကုန်ပြီး နံနက်စာစားဖို့ ဟိုတယ် ပထမထပ်ကို ရောက်တော့ ခြောက်နာရီထိုးဖို့ ဆယ်မိနစ် နီးပါးရှိနေပြီ။ ဟိုတယ်က ကျွေးတဲ့ ရှမ်းခေါက်ဆွဲကို ကသောကမျော ပါးစပ်ထဲထိုးသွင်း ကော်ဖီနဲ့ အတင်းမျှောချလို့ နံနက်စာကို အဆုံးသတ်ပြီး ကားဆီကို အပြေးအလွှား သွားကြရတယ်။ ကားက လေးစီးရှိပေမဲ့ လိုက်မဲ့လူတွေများနေလို့ နေရာမရတော့ဘူး။ မတ်တပ်လိုက်ရတယ်။ ကံကောင်းချင်တော့ ခွေးခြေခုံလေးတစ်ခုရလို့ အဆင်းအတက်အပေါက်လှေကားကို ခြေချရင်း ထိုင်လိုက်လာခဲ့တယ်။ ၂၁မိုင်မှာ ခဏနားပေးတယ်။ ပြန်ထွက်ပြီး သိပ်မကြာဘူး ရတနာပုံ ဆိုင်ဘာစီးတီးလို့ခေါ်တဲ့ နေရာကို ရောက်ပါတယ်။ Teleport အဆောက်အအုံကိုတော့ တော်တော်ကောင်းကောင်းလေး ဆောက်ထားတယ်ဗျ။ လမ်းတွေရှိနေပြီ။ လျှပ်စစ်မီးအတွက် ဓါတ်မီးတိုင်တွေရှိနေပြီ။ ရေလည်း ရပြီ။ ဒါပေမဲ့ တယ်လီပို့အပြင် တစ်ခြားဆိုလို့ Incubation center လို့ခေါ်တဲ့ တစ်ထပ် အဆောက်အဦလေး သုံးလုံးပဲရှိသေးတယ်။ တကယ်အလုပ်စလုပ်ဖို့ဆိုရင် ၀န်ထမ်းတွေနေဖို့ စားဖို့ တွေ
အဆင်မပြေနိုင်သေးဘူး။ Teleport နဲ့ programming ပြိုင်ပွဲလုပ်တဲ့ Incubation center နဲ့က ဆယ်မိနစ် ကျော်ကျော်လောက်လမ်းလျှောက်ရတယ်။ တကယ်အလုပ်လုပ်ရင်တော့ ဒီဝင်းအတွင်းမှာသွားလာဖို့ စက်ဘီး၊ ဆိုင်ကယ် တို့လိုမယ်။

ကျွန်တော်တို့ရောက်တော့ Teleport အရှေ့မှာ လူတွေအတော်ရောက်နှင့်ပြီ။ အချိန်က ခုနစ်နာရီခွဲ လောက်ပဲရှိဦးမယ်။ ကျောင်းသားလေးတွေ၊ ပန်းပွားအက ကကြမဲ့ ကျောင်းသူလေးတွေ၊ ကြံ့ဖွံ့က ပုဆိုးစိမ်းတွေ၊ အမျိုးသမီးရေးရာ ဘာညာ...စသည်ဖြင့် ဖွင့်ပွဲလုပ်မဲ့ teleport ရှေ့ကွင်းပြင်မှာ လူတွေရုန်းစုရုန်းစုပေါ့။ ကျွန်တော်လို့လည်း အဆောက်အဦင်္ထဲဝင်ပြီး ဟိုလျှောက်လျှောက် ဒီလျှောက်လျှောက်ပေါ့။ အတော်ကြာမှသိရတာက လာဖွင့်ပေးမဲ့ သက်ဆိုင်ရာ ပထမလူကြီးမင်းနဲ့အဖွဲ့က ပန်းမြို့တော်မှာ ကျောင်းဆင်းပွဲတက်ပြီးမှ လာကြမှာတဲ့။ ဆယ်တစ်နာရီလောက်မှရောက်မှာတဲ့။ အပြင်ကလူအုပ်နဲ့ ကျောင်းသားကျောင်းသူလေးတွေ ကတော့ ဒီလိုပဲနေပူထဲမှာ ငုတ်တုတ်စောင့်ကြပေါ့။ နေရောင်ခြည်သည် ရောဂါပိုးတို့ကို သေစေ၏တဲ့ .... သူတို့လေးတွေ ကျန်းမာစေဖို့ပါ။ ကျွန်တော်တို့ကတော့ တယ်လီပို့နောက်ထဲက ကော်ဖီဆိုင်လေးမှာ ကော်ဖီ သောက်ရင်းအချိန်ဖြုန်းကြတာပေါ့။ ဆယ့်တစ်နာရီကျော်မှာ သက်ဆိုင်ရာအဖွဲ့ရောက်လာပြီး တတိယလူကြီးမင်းက ခလုပ်နှိပ်ဖွင့်လှစ်ပါတယ်။ မိုးပျံပူဖောင်း တစ်သောင်း၊ ဖွင့်ပွဲ bannerကို ဆွဲတင်သွားတဲ့ ဘောလုံးကြီး သုံးလုံး လေထဲကို တက်သွားတယ်။ လူကြီးမင်းများ အတော်သဘောကျသွားပုံရတယ်။ တက်သွားတဲ့မိုးပျံပူဖောင်းတွေ၊ banner တွေချိတ်ထားတဲ့ မိုးပျံဘောလုံးကြီးတွေ အားလုံးပေါင်း ကုန်ကျစရိတ်က သိန်းနှစ်ရာရှိပါတယ်တဲ့။ ကဲ ... software မရေးတော့ပဲ ပြောင်းပြီး မိုးပျံပူဖောင်းပဲ ရောင်းရင်ကောင်းမလား စဉ်းစားမိတယ်။ ၀န်ကြီးမင်းကလည်း ပထမလူကြီးမင်း ခရီးစဉ်နဲ့တိုက်ပြီး မျက်နှာလုပ်ချင်ပုံရတယ်။ တကယ်က ဖွင့်ပွဲသာလုပ်တာ ဘာမှပြီးသေးတာမဟုတ်ဘူး။ အဆောက်အဦ ပဲပြီးသေးတာ။ အလုပ်လဲစသေးတာမဟုတ်ဘူး။ လူကြီးမင်းက ၀န်ကြီးကို ဆယ့်ငါးမိနစ်အချိန်ပေးမယ်တဲ့။ ၀န်ကြီးက ရှင်းလင်းပြပေါ့။ ပြီးတော့ ဇက်တီအီး အယ်ကာတဲလ် စတဲ့ ပြခန်းတစ်ခုနှစ်ခုကို ၀င်ကြည့်တယ်။ ပြီးတော့ ၀န်ကြီးမင်းက ကျန်တာတွေက ကုမ္ပဏီပြခန်းလေးတွေပါ ပထမလူကြီးမင်း မကြည့်ပါနဲ့တော့တဲ့။ လူကြီးလာကြည့်ရင် မျက်နှာပြဖို့ ငွေ အစိတ် သုံးဆယ်စီလောက် အကုန်ခံပြီး ပြခန်းလာလုပ်ထားတဲ့ အဖွဲ့အစည်းများ ငုတ်တုတ်မေ့သွားလေရဲ့။ ပြီတော့ ပထမလူကြီးမင်းက မေးပါတယ်။ တယ်လီပို့ အဆောက်အဦကနေ အပြင်ကို ရှုခင်းတွေလှမ်းကြည့်ရင်း မန္တလေးက ဘယ်ဖက်မှာလဲတဲ့ ......
ပြီးတော့အတော်လေးနေတော့ ပထမလူကြီးမင်းပြန်လည်ထွက်ခွါပါတယ်။ ပြန်ခါနီး မှာကြားသွားပါတယ်။ ညစာကို ကြက်သားနုနုလေးကို ဘူးသီးနဲ့ ကာလသားချက်လေးချက်ပါတဲ့။ ITလောကကြီးတိုးတက်ဖို့ပါ။ :D

ကျွန်တော်တို့က Programming ပြိုင်ပွဲလုပ်မဲ့ နေရာကို ခဏသွားကြည့်ပါတယ်။ စက်တွေက နေရာချတုန်း။ မီးကြိုးတွေ ပြန်ဆွဲပေးနေတယ်။ မန်းလေးပညာရှင် လုပ်ငန်းရှင်အသင်းကလူများ ကလုပ်ပေးတာပါ။ Game ပြိုင်ပွဲကိုလည်း အဲဒီအဆာက်အဦမှာပဲလုပ်မှာပါ။ နေ့လည်ပိုင်းမှာ MCF ကလူကြီးတွေ ပြန်ဆင်းတဲ့ ကားနဲ့ကပ်လိုက်ပြီး မန်းလေး ပြန်ဆင်းလာခဲ့တယ်။ ညဖက်မှာ ၈၂လမ်း ၃၂လမ်းထောင့်က ရွှေလွင်ပြင်မှာထိုင်ဖြစ်တယ်။ လူစုံတယ်။ ကိုမောင်လှ၊ ညီလင်းဆက်၊ သခင်ကြီး၊ ပုဂံနက်၊ ကိုမင်းအို... သူတို့က နောက်နေ့မေမြို့တက်လည်ကြမှာ။ ပြိုင်ပွဲကလည်း စက်တွေ အခက်အခဲကြောင့် တစ်ရက် နောက်ဆုတ် သွားတယ်။ ၁၆ရက်နေ့မှ လုပ်ဖြစ်မယ်။ မေမြို့လိုက်ဖို့ သူတို့အုပ်စုကအတင်းခေါ်ကြတယ်။ ကျွန်တော်က အတူလာကြတဲ့ ပညာရှင်အသင်းကနှစ်ယောက်ရှိသေးလို့မလိုက်တော့ဘူး... ညီလင်းဆက်ကိုပဲ
ခေါ်သွားဖို့ပြောလိုက်တယ်။

ဒီဇင်ဘာ ၁၅။
မနက်ရှစ်နာရီနှစ်ဆယ်လောက် ဖုန်းလာတယ်။ မန်းလေး ရတနာပုံဈေးအပေါ်မှာ programming ပြိုင်ပွဲဝင်မဲ့သူတွေကို ပဏာမရှင်းလင်းဖို့ လူစုထားတာ အကိုတို့ မလာသေးလို့တဲ့။ သောက်ကျိုးနဲ ...အဲဒီ message ကိုမနေ့ကမရလိုက်။ အိပ်ချင်မူးတူး ဖြစ်နေသေးပေမဲ့ ကမန်းကတန်း အိပ်ယာကထ၊ လေးဘီးကား ငှားပြီး အဲဒီကို သွားခဲ့တယ်။ သူတို့တွေကို ရှင်းပြ သိချင်တာတွေမေးပြီးတော့ အပြီးမှာ အနီးနားက မင်းသီဟကို သွားပြီး နံနက်စာစားကြတယ်။ ပြီးတော့ ကိုဇော်မိုးရဲ့ လူတွေ စီစဉ်ပေးမှုနဲ့ မေမြို့တက်လည်ကြတယ်။ နှီးဘုရား၊ ပြီးတော့ မဟာ အံ့ထူးကံသာ၊ ပြီးတော့ ပွဲကောက်ရေတံခွန်၊ နောက်ဆုံးမှာ ကန်တော်ကြီး ပန်းပွဲတော်ပေါ့။
ဝိုင်လည်းသောက်ဖြစ်တယ်။ High Lander ၀ိုင်, အနီးစခန်း နာနတ်ဝိုင်တို့ အတော်ကောင်းတယ်။ တစ်လုံး ငါးထောာင်ပေးရတယ်။ သောက်တာလက်လွန်သွားလို့ လက်ဆောင်ပေးဖို့တောင် မကျန်တော့ဘူး။ ညနေစောင်းပြန်ဆင်းပြီး မန်းလေးကန်တော်ကြီးဘေးက ၁၂ ပန်းနားဆိုတဲ့ ဆိုင်မှာ ညစာစားကြတယ်။ ဘီယာသောက်တယ်။

ဒီဇင်ဘာ ၁၆။
ပြိုင်ပွဲလုပ်တယ်။ Desktop application development နဲ့ Web application development ဆိုပြီး နှစ်ခုပေါ့။ မေးခွန်းကတော့ တစ်ခုတည်းပဲ။ မနက်ခြောက်နာရီခွဲထွက်မယ်ဆိုပေမဲ့ ခုနစ်နာရီကျော်မှထွက်ဖြစ်တယ်။
၂၁မိုင်မှာနားတာနဲ့ ရတနာပုံရောက်တော့ ပြိုင်ပွဲလုပ်မဲ့နေရာကို လမ်းလျှောက်ရတာနဲ့ ကိုးနာရီ ခါနီးမှရောက်တယ်။ တစ်ချိုစက်တွေ install လုပ်ထားတဲ့ Visual Studio.NET တွေ ဒုက္ခပေးလို့ လုပ်ရသေးတယ်။ တစ်ဖွဲ့ဆို install ပြန်လုပ်တာ အတော်စောင့်လိုက်ရတယ်။ တစ်နေ့လုံး အဲဒီမှာပဲ။
နေ့လည်ပိုင်းမှာ ထမင်းစားဖို့ Teleport ဖက်လမ်းပြန်လျှောက်တုန်း ကိုခရုဖုန်းဆက်ပြီး ကားနဲ့လာခေါ်ပေးလို့ သူတို့နဲ့ အတူ ထမင်းထွက်စားတယ်။ မေမြို့လမ်းပေါ်က သီဟကျော်ဆိုတဲ့ဆိုင်လေးမှာ။ ဂေါ်ရခါးညွန့်ကျော်လေး
အတော်စားကောင်းတယ်ဗျ။

Shuttle Bus စီစဉ်ပေးထားသည်ဆိုသော်လည်း လာကြည့်မဲ့လူတွေထင်သလောက်မလာဘူး။
ရွာနီးချုပ်စပ်က လူတွေတော့လာကြပါတယ်။ ကွန်ပျူတာတွေ အင်တာနက်ဆိုတာတွေ ဘာမှန်းသိပုံမရ။ မော်ဒယ်ရှိုးနဲ့ ဆိုနီပြခန်းမှာ ပြထားတဲ့ ရုပ်ရှင်တွေကို စိတ်ဝင်တစားကြည့်ကြရှာတယ်။

ညနေခြောက်နာရီ အဖွဲ့တွေကိုသိမ်းခိုင်းပြီး ကျွန်တော်တို့ သုံးယောက်သူတို့ ဖြေထားတာတွေကို အပြီးစစ်တယ်။ မန်းလေးအသင်းက ကိုရဲနိုင်နဲ့ ကိုညီညီလင်း တို့စောင့်ပေးတယ်။ Resultထုတ်ပေး အစီရင်ခံစာရေးပြီး သူတို့ကားနဲ့ မန်းလေးပြန်ဆင်းတယ်။ မန်းလေးဟိုတယ်ကိုရောက်တော့ မန်ချက်နဲ့ လီဗာပူးပွဲပြီးဖို့ ဆယ်မိနစ် လောက်ပဲ လိုတော့တယ်။ မန်းလေးအသင်းက ကျွန်တော်တို့ပြန်ဖို့ လေယာဉ်လက်မှတ်ကို ဟိုတယ် reception မှာ ထားခဲ့ပေးတယ်။ Thank you.... ခဏနားပြီး အနီးနားက မင်းသားကြီးဟိုတယ်ကို သွားဖြစ်တယ်။ အဲဒီမှာ ထမင်းကြော်လေးစား၊ ဘီယာလေးသောက်ပေါ့။ အာဆင်နယ် ချယ်လ်ဆီးပွဲကို ကြည့်တယ်။ သူတို့က projecter နဲ့ပြတာ။ ပွဲပြီးချိန်မှာ အတော်လေးကို အိပ်ငိုက် သွားပြီ။ ဒါနဲ့ ဟိုတယ်ပြန်လာပြီး သိမ်းဆည်းတဲ့ အလုပ်လေး လုပ်ပေါ့။ ခဏနေတော့ အိပ်ပေါ့။ ကိုဇော်မိုးကအရေးကြီးလို့ လက်မှတ်က ညနေလက်မှတ်ဖြစ်ပေမဲ့ အသင်းဥက္ကဌရဲ့ စီစဉ်ပေးမှုနဲ့ မနက်လေယာဉ်နဲ့ပြန်မှာ။ ကျွန်တော်နဲ့ ၀င်းထိန်က ညနေFlightပါ။

ဒီဇင်ဘာ ၁၇။
မနက်နိုးပြီး အေးအေးဆေးဆေးပဲ ပထမထပ်မှာ နံနက်စာစားပြီး ၀င်းထိန်က သူ့သူငယ်ချင်းနှစ်ယောက်ကို လှမ်းခေါ်ပြီး ဘုရားကြီးကို သွားဖူးကြတယ်။ ပြီးတော့ ဆိုင်တစ်ဆိုင်ဝင်ပြီး လက်ဘက်ရည်သောက်ကြပေါ့။ ကျွန်တော်က မုန့်တီတစ်ပွဲထပ်စားလိုက်သေးတယ်။ ဟိုတယ်ပြန်ရောက်ပြီး ခဏလောက်နှပ်နေလိုက်ပြီး ၁၂ ကျော်ကျော်မှာ check out လုပ်လိုက်တယ်။ အခန်းခကိုတော့ အသင်းကရှင်းမှာ။ ယူသောက်ထားတဲ့ ဆေးလိပ်တွေ အအေးဘူးတွေအတွက် နှစ်သောင်းကျတယ်။ ဒီတစ်ခေါက်ခရီးစဉ်က အသင်းက စရိတ်ခံတယ်ဆိုပေမဲ့ တစ်ဦးစီကို တစ်သိန်းကျော် တစ်သိန်းခွဲလောက်ကုန်ကြတယ်။ လေယာဉ်က ညနေပိုင်းမှ။ အချိန်ဖြုန်းဖို့ ဟိုတယ်အောက်က Satisfy မှာ Foot Massage ၀င်လုပ်လိုက်တယ်။ လျှောက်ရတာများလို့ နာနေတဲ့ခြေတောက်က ပြန်နာနေတယ်လေ။ သူတို့က ဆေးရည်ပူပူလေးမှာ ခြေတောက်ကို စိမ်ပြီ နှိပ်ပေးတယ်။ တော်တော်လေး သက်သာသွားတယ်။ ညနေ လေယာဉ်က Air Bagan လေးနာရီလေးဆယ်ထွက်တယ်။ ညောင်ဦးကို ၀င်သေးတယ်။ ရန်ကုန်ရောက်တော့ ခုနစ်နာရီခွဲကျော်ပြီ။ လူလေး မောင်ရွှေသွေးဝင်းထိန်ရဲ့ ရုံးကားလာကြိုလို့ ကို့ကိုပါအိမ်အထိ လိုက်ပို့ပေးသွားတယ်။ thank you ညီလေး။



Thursday, December 13, 2007

ဆောင်းမနက်

လေပြေသည် ကောက်သစ်ဦး၏ မွှေးပျံ့သောရနံကို သယ်ဆောင်ခွင့်ရ၍ ဂုဏ်ယူဝင့်ကြွားလျက် ရှိချေသည်။ မိုးတိမ်တို့သည် အာကာသ၌ လူးလာ ကျက်စားခွင့်ရ၍ ပျော်ရွှင်နေကြကုန်၏။

ကလေးငယ်တို့သည် တလင်းတွင် ဖုန်မှုန့်အလူးလူး ကစားခွင့်ရ၍ အပျော်ကြီး ပျော်နေကြကုန်သည်။ အဘွားအိုတို့သည် နံနနက်ခင်း နေစာလှုံခွင့်ရသဖြင့် နေရောင်ခြည်ကို ကျေးဇူးတင်နေကြကုန်သည်။

မြစ်ပြင်ပေါ်တွင်ကား ရေခိုးရေငွေ့ ဝေတုန်းရှိသေးသည်။ တံငါလှေကလေးတို့သည် ရေငွေ့မှုန်မှုန် နှင်းငွေ့မှုန်မှုန်ကြားဝယ် လှေဦးထိုး၍ တရွေ့ရွေ့ သွားလေပြီ။

ရဟန်းသံဃာ တို့သည် နှင်းတစ်စက် နေရောင်တစ်လက် နံနက်ခင်း၌ ရွာတွင်းသို့ ဆွမ်းခံဝင်လာကြကုန်၏။

တံတားလေးသည် ချောင်းကိုဖြတ်၍ ခွထားလျက်ရှိသည်။ ဤတံတားပေါ်တွင်ကား နေထွက်မှ နေ၀င်ထိ ကူးသန်းကြသူတို့ မနည်းပေ။ တောသွား တောပြန်တို့ ဖြစ်ကြပေမည်။

ဆောင်းတွင်းမနက်သည် ကြည်နူးဖွယ် ကောင်းပေသည်။ အေးမြသော အရသာ၊ ပျော်ရွှင်သောအရသာ၊ လှုပ်ရှားသော အရသာတို့ကို ခံစားနိုင်ပေသည်။

သို့သော် ဆောင်းတွင်းမနက်သည် ထာဝစဉ် တည်တံ့မည်ဟုတ်၊ မကြာမီ နှင်းနှင့်အတူ ပျောက်ကွယ်ပေမည်။ ဆောင်းမနက်၏ ခေတ္တ ပေးနိုင်သော စိတ်အေးချမ်း ပျော်ရွှင်မှုကား တသသ သတိရစရာပင်။

(ပိတောက်မှသရဖီသို့ - တင်မိုး)

Wednesday, December 12, 2007

သဇင်၏ ထုချေလွှာ

မလိုသူတို့က သဇင်ကို "အမြင့်စံပန်း"ဟု မေးငေါ့ကြကုန်၏။ "စိတ်နေမြင့်လှချည့်"ဟု ဝေဖန်ကြကုန်၏။ ခက်လက် စိမ်းမြ မိုးမခဘဲ ပွင့်တတ်သောကြောင့် မာန်ကြီးပလေဟု ဆိုသူတို့ ဆိုကြကုန်၏။

သဇင်ကို အထင်မမှားပါလင့်။ သဇင်သည် ကိုယ့်အားကို ကိုးလိုပါသည်။ မိုးကို မမှီခိုလိုပါ။ မိုးကို မှီ၍ သဇင်ပွင့်ရမည်ဖြစ်လျှင် အားအင်ကြီးသော မိုး၏ ပြုသမျှ နုရမည့်ဘ၀သို့ ရောက်ရချိမ့်မည်။

နှင်းသည် သဇင်၏ အဖော်ကောင်း ဖြစ်သည်။ နှင်းသည် အေးဆေးသည်။ ရိုးရှာသည်။ အကူအညီ ပေးတတ် ရှာသည်။ ၀င့်ဝင့် ၀ါဝါ မဟုတ်ချေ။ မိတ်ကောင်းပီပီ ဖြူစင်သော နှလုံးဖြင့် သဇင်ကို ပွင့်လန်းစေသည်။

အချို့စာဆိုတို့က သဇင်ကို "မြေနှင့်ရန်ဘက်"ဟု စွပ်စွဲကြကုန်၏။ ရန်ဘက်မဟုတ်ပါလေ။ သဇင်သည် မြေ၏ ကျေးဇူးကို မသိသော ပန်းမဟုတ်။ မြေကိုလည်း ရန်မပြု။ မိုးကိုလည်း မမျှော်မှန်း။ မိမိဘာသာ အေးအေးလူလူ နှင့်မွှေးကြိုင်စွာ ပွင့်တတ်သော ပန်းပင်တည်း။

ထို့ကြောင့် မြို့ကြီးပြကြီး၌ သဇင်မပွင့်လိုခြင်း ဖြစ်ပါသည်။

တောထဲတောင်ထဲ၌ ရိုးရိုးအေးအေး ပွင့်လိုသော ပန်းသာဖြစ်ပါသည်။

နန်းတော်သူသာ ဆင်စေတော့ဟု မရွယ်ကိုးပါ။ ဘ၀တူ ကျေးလက်သူကလေး၏ ဦးခေါင်းထက်၌ မွှေးကြိုင်လိုပါသည်။ ဖောက်ပြန်သော လူ့စနစ်ကြောင့်သာ သဇင်သည် နန်းတွင်း၌ အချုပ်အနှောင် ခံရခြင်းဖြစ်ပါသည်။ သဇင်၏ လွတ်လပ်စွာ ပွင့်လိုသော ဆန္ဒကို အငြိုးကြီးသူတို့ သိကောင်းတန်ပါသည်။

(ပိတောက်မှသရဖီသို့ တင်မိုး)

နတ်တော်လ

နတ်တော်ဆန်း၍
လျှံထွန်းရောင်ဝါ၊ သူရိယာလျှင်
အ၀ါမမူ၊ အဖြူအနီ
စုံစီခြယ်လွင်၊ ပြင်ထပ်တွင်၌
နေ၀င်မြင်သည်၊ ရွှေဝပြည်ကား
ဆီးရည်ပတ်ချုပ်၊ မှိုင်းအုပ်ပျပျ
ပုညတောင်ဆီ၊ ရည်လျက်မလင်း
မ၀င်းအုံ့မှိုင်း၊ စစ်ကိုင်းတစ်ဖက်
သန်လျက်ပေါ်ထွန်း၊ ကွန်းများတံခွန်
နန်းဗိမာန်မှာ
လေသွန်ဖြည်းလှည့် လိမ့်တကား။


ရှင်ထွေးနာသိန်

Tuesday, December 11, 2007

Happy Birthday to Me :)

ဟက်ပီဘတ်ဒေးပါ မောင်ထွန်းရေ .....
ဘာလိုလိုနဲ့ မင်းအသက် ၃၆နှစ်တောင်ရှိပါရော့လား။ အခုထိ လဲကျလိုက်ပြန်ထလိုက် ရုန်းကန်လိုက်နဲ့ မင်း လူမွေးလူတောင်မပြောင်ရောင်သေးဘူးမဟုတ်လား။ ၃၃နှစ်ရှိပြီ နေ့တိုင်း (၃၃) ဘတ်စ်ကားနဲ့ ရုံးသွား နေရတုန်းပဲ လို့ အဲဒီမွေးနေ့တုန်းက မင်းသူငယ်ချင်းတွေကို ပြောခဲ့တာ မှတ်မိသေးလား။ အခုလည်း မင်း (၃၃)ဘတ်စ်ကားကို အားပေးနေရဆဲမဟုတ်လား။ ငွေရေးကြေးရေးဆိုလဲ ဒီလိုပဲ ပြတ်တစ်လှည့် မရှိတစ်လှည့်နဲ့ သံသရာလည်နေတာပဲမဟုတ်လား။ ပညာလေးကလည်း မတောက်တစ်ခေါက် .... အဲ ... ပညာဆိုတာကို မင်းရလိုက်တဲ့ စက္ကူစာရွက် အရေအတွက်နဲ့ တိုင်းတာရမှာလား .. ပထမဆုံး စာရွက်က America ရောက်သွား စာရွက်ပိုင်ရှင်မင်းကတော့ ဒီမှာပဲကျန်ခဲ့ :) ၊ နောက်တစ်ရွက်က သွားကို မထုတ်ဖြစ်လို့ ရကို မရသေး ... အဲ လက်ထဲပြစရာ တစ်ရွက်တော့ရှိတယ် လေကွာ။ ဘာပဲပြောပြော နောက်နှစ်လ သုံးလဆို မဟာ...bla bla စက္ကူတစ်ရွက်ထပ်ရဦးမှာပါကွာ။ စာရွက်နှစ်ရွက်ကိုင်ထားတဲ့ မောင်ဖိုးထွန်းပေါ့ကွာ .... လောလောဆယ်လည်း အဲဒီစာရွက်တွေပြပြီး အလုပ်ရှာစရာမှမလိုတာကွာ။


ကံအကျိုးပေးနည်းရတဲ့အထဲ သူပျင်းကလည်းကြီးသေး ....
ပိုက်ဆံတစ်ပြားမှမရှိလည်း သူသိက္ခာရှိချင်သေးသတဲ့ ...
အသက်သာကြီးလို့သွားတယ် ကျွန်တော့်အိပ်မက်တွေမပြောင်းလဲ ...

ကိုငှက်ကြီးသီချင်းတွေက မင်းအတွက် သီးသန့်ပဲစပ်ပေးထားသလိုလို ... ဘာပဲပြောပြောပါကွာ ဖြေသိမ့် တွေးပေးရမယ်ဆိုရင် မင်းကို ဂရုစိုက်ကြတဲ့ အမေနဲ့ အဖေရှိသေးတယ်။ မင်းရဲ့သူငယ်ချင်းတွေ.... မင်းရဲ့ စာအုပ်တွေရှိတယ်။ DVD တွေအများကြီး ....အိမ်မရှိ ကားမရှိ ဟန်းဖုန်းမရှိပေမဲ့ မင်းချမ်းသာပါတယ်ကွာ။ အခုဆို မင်းနဲ့အတူ ဆင်းရဲသည်ဖြစ်စေ ချမ်းသာသည်ဖြစ်စေ အေးအတူပူအမျှ နားလည်ခံစားပေးမဲ့ ဘ၀ကို အတူလက်တွဲရုန်းကန်မဲ့ လက်တွဲဖော်လည်း ရှိလာပြီမဟုတ်လား .. မင်းမြတ်နိုးလို့ လုပ်ချင်လွန်းလို့ ဘယ်သူတွေဘယ်လောက်တိုက်တွန်းသည်ဖြစ်စေ အကြံပေးသည်ဖြစ်စေ တရွာတကျေး ပြောင်းလုပ်ဖို့ မစဉ်းစားပဲ ကုတ်ကပ်ပြီး လုပ်နေသေးတဲ့ အလုပ်ကလေးကလည်း အကောင်းကြီးမဟုတ်တာတောင် ပိတ်လိုက်ရတဲ့ အခြေအနေတော့ မရောက်သေးပါဘူး။ မရှိမရှားလေးပါကွာ .....

ဘာပဲဖြစ်ဖြစ် မင်းပျော်တယ်မဟုတ်လား ..... Happy birthday ပါကွာ .....

Monday, December 10, 2007

ကမ္ဘောဒီးယားသင်ခန်းစာ

ဒီတစ်ပတ်ထုတ် Voice ဂျာနယ်က အောင်ထွဋ္ဋ် ရဲ့ ဆောင်းပါးလေးပါ။ တစ်ချို့အချက်အလက်လေးတွေ မှတ်ထားချင်လို့ ဒီမှာကောက်နုတ်ပြီး ကူးတင်ထားပါတယ်။

ပြည်သူတွေဆိုတာ သူတို့အတွက် တကယ်အလုပ်လုပ်ပေးနေတယ်လို့ ထင်ရင် လုပ်ပေးတဲ့လူကို ထောက်ခံလေ့ရှိပါတယ် ...

ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်ရဲ့ အင်တာဗျုးတစ်ခုက မှတ်သားစရာစကားလေးတစ်ခွန်းပါ။

ကမ္ဘောဒီးယားနိုင်ငံက ၁၉၉၃ခုနှစ်ကမှ ပြာပုံဘ၀မှ စတင်ခဲ့ရတာပါ။ (ကုလသမဂ္ဂ ကြားဖြတ်အာဏာပိုင်အဖွဲ့၏ လက်အောက်မှ အချုပ်အချာအာဏာပိုင် နိုင်ငံအဖြစ် ပြန်လည်ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။) လက်ရှိလူဦးရေ ၁၄သန်းနီးပါးသာရှိသော်လည်း GSM တယ်လီဖုန်းပေါင်း ၁.၄သန်း အသုံးပြုနေကြပါတယ်။ ခရီးသွားလုပ်ငန်းနဲ့ CMP လို့ခေါ်တဲ့ အထည်ချုပ်လုပ်ငန်းကို အဓိက လုပ်ကိုင်ပါတယ်။ လူတစ်ဦးစီ၏ တစ်နှစ်ဝင်ငွေသည် ဒေါ်လာ ၂၆၀၀ကို ရောက်ရှိနေပါပြီ။ မကြာသေးမီက ကမ်းလွန်ပင်လယ်ပြင်ရေပိုင်နက်အတွင်းမှာ ရေနံနဲ့ သဘာဝဓါတ်ငွေ့တွေလည်း ရှာဖွေတွေ့ရှိထားပါသေးတယ်။

ကိုယ်တွေက ငုံ့ကြည့်ခဲ့သူတွေက ပုခုံးခြင်းယှဉ်ရုံသာမက စပြီးတောင် ကျော်တက်နေပါပြီ။ ဒီဆောင်းပါးကို ဖတ်ကြည့်ပြီး ကျွန်တော် တော်တော်လေးကို ရင်လေးသွားပါတယ်။ နောက်ဘယ်နှစ်နှစ်မှာ မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှရဲ့ ဓါးမနောက်ပိတ်ခွေးဖြစ်လာမလဲဆိုတာ....

အာကြီး စရှုံးပြီ :(


ဒီနှစ်ဘောလုံးရာသီမှာ ပရီးမီးယားလိဒ်မှာ ရှုံးပွဲမရှိသေးတဲ့ အာဆင်နယ် မနေ့က စရှုံးပါပြီ။ မစ်ဒယ်ဘရိုကို နှစ်ဂိုးတစ်ဂိုးနဲ့ ရှုံးတာ။ ဒါတောင် ချေပဂိုးက ဒုတိယပိုင်းအကုန်မှ ပြန်သွင်းနိုင်တာ။ မနေ့ညက မင်္ဂလာဆောင် ညစာစားပွဲတစ်ခုသွားနေလို့ ပွဲကို အစကစပြီး မကြည့်လိုက်ရဘူး။ ညစာစားပွဲပြီးတော့ အပြေးအလွှား အိမ်နားက ဘီယာဆိုင်ကို သွားကြည့်တော့ တစ်ဂိုး ဂိုးမရှိနဲ့ ရှုံးနေတယ်။ ဒီမနက်မှ ဂျာနယ်ဖတ်ကြည့်တော့ ပွဲစပြီး လေးမိနစ်လောက်ကတည်းက ပင်နာတီပေးလိုက်ရပြီး ဘိုရိုက တစ်ဂိုးရသွားတာ။ ဘိုရိုကလည်း မနေ့ညက အတော်ကို ခြေစွမ်းထက်နေတယ်။ အတင်းဝင် အတင်းထွက် မြန်မြန်ဆန်ဆန်နဲ့ ကွင်းလယ်ကို ချုပ်ပြီးကစားသွားတာ အာဆင်နယ် ကစားကွက်ကို ပျက်ပျက်သွားတယ်။ အလယ်တန်းနဲ့ ရှေ့တန်း အချိတ်အဆက်ပျက်နေတယ်။ ဘိုရိုရဲ့ကွင်းလယ်အဖျက်ကစားတာ အတော်ကောင်းတယ်။

တစ်ဂိုးဂိုးမရှိဆိုတော့ အာဆင်နယ်ရဲ့ ထုံးစံအတိုင်း ဒုတိယပိုင်းပြီးခါနီးတွေမှာ ချေပဂိုးနဲ့ အနိုင်ဂိုးတွေ သွင်းမှာပဲ ဆိုပြီး ဆက်အားပေးနေတာ နောက်တစ်ဂိုးထပ်ပေးလိုက်ရပါရော .... :( ဒီပွဲရှုံးသွားတော့ မန်ချက်နဲ့ တစ်မှတ်ပဲ ကွာတော့တယ်။ နောက်တစ်ပတ်မှာ မန်ချက်က လီဗာပူးနဲ့ အဝေးကွင်းမှာ။ အာကြီးက အိမ်ကွင်းမှာ ချယ်ဆီးနဲ့။ အမှတ်ပေးဇယားအထက်အောက် နေရာ အပြောင်းအလဲတွေဖြစ်လာနိုင်တဲ့ပွဲစဉ်တွေပဲ။ စောင့်ကြည့်ရဦးမှာပေါ့။

Saturday, December 8, 2007

ICT 2007

လွန်ခဲ့တဲ့နှစ်ရက်လောက်က ကိုကျော်နိုင် (Living Color) ရုံးကို အလည်ရောက်လာလို့ ကိုနေရယ်၊ သူရယ်၊ ကျွန်တော်ရယ် စကားထိုင်ပြောဖြစ်ကြတယ်။ မြန်မာပြည် ITC အကြောင်းတွေပေါ့။ ဆရာကြီးလုပ်ပြီး ဆွေးနွေးဝေဖန်ကြတာမျိုးတော့ မဟုတ်ပါဘူး။ ဒီလိုပဲ ကော်ဖီသောက်ကြရင်း အလာဘ သလာဘတွေပြောကြရင်း ITC လောကအကြောင်း စကားလမ်းကြောင်း ပြောင်းသွားကြတာ။ ၂၀၀၇ ခုနှစ်အတွင်းပေါ့။

ပထမပြောဖြစ်တာက စင်ကာပူပါ။ ဒီနှစ်မှာ ပြောင်းရွှေ့ပြီး အလုပ်သွားလုပ်ကြသူတွေပိုများလာတယ်။ IT နဲ့ ဆက်စပ်တဲ့ ပတ်ဝန်းကျင်ကလူတွေ တော်တော်များများ စင်ကာပူရောက်ကုန်တယ်။ စင်ကာပူရောက်နေတဲ့ ကျွန်တော့်အဖွဲ့အစည်းကလူတွေနဲ့တင် ဟိုမှာ ရုံးခွဲဖွင့်လို့ကို ရနေပြီဗျ :D ။ အဲဒါနဲ့ တစ်ဆက်တည်း ဆွေးနွေး ဖြစ်တာက local အဖွဲ့အစည်းတွေအတွက် ကျွမ်းကျင်လုပ်သားများ ဆုံးရှုံးရခြင်းနဲ့ HR Development Plan အကြောင်းပါ။ ဒီလိုသာ အစုလိုက်အပြုံလိုက်ဆက်ပြီး ပြောင်းရွှေ့နေကြရင် Local က ICT လောကရဲ့ အနာဂတ်က ဘယ်လိုများဖြစ်လာမလဲပေါ့။

ဆက်စပ်ပြီးပြောဖြစ်တာနောက်တစ်ခုက ITC လောကရဲ့ တစ်နိုင်တစ်ပိုင်လုပ်ငန်းငယ်လေးများ ရပ်ဆိုင်း သွားခြင်းပါ။ သင်တန်းကျောင်းလေးတွေ၊ တစ်နိုင်တစ်ပိုင် နှစ်ယောက်သုံးယောက်နဲ့ software application/ web လုပ်ငန်းလုပ်ဆောင်နေသူတွေ၊ Hardware Service ဆောင်ရွက်နေတဲ့လုပ်ငန်းလေးတွေ ရပ်ကုန်ကြတယ်။ အကြောင်းအရင်းက အဲဒီလူတွေ စင်ကာပူထွက်သွားကြလို့ပါပဲ။ အဲဒီတော့ သူတို့ရဲ့ market share လေးတွေက အဖွဲ့အစည်းအကြီးတွေဆီရောက်လာတယ်။ ဥပမာ ကျွန်တော်တို့ ရောင်းရတဲ့ software customer အချို့ဆို အရင်က အဲဒီလို တစ်နိုင်တစ်ပိုင်ရေးနေသူတွေကို software အပ်ထားတာ၊ တစ်ချို့ကလည်း ၀ယ်ပြီးသုံးနေပြီးသား။ ဒါပေမဲ့ သူတို့တွေ စင်ကာပူထွက်သွားကြတော့ ဆက်လည်းရေးလို့ ပြင်လို့မရ serviceလဲ မရကြတော့ ပြောင်းသုံးကြရတာပါ။

နောက်အကြောင်းတစ်ခုက internet connectionပါ။ စက်တင်ဘာမှာ ရက်အတန်ကြာ ပိတ်သွားတဲ့အချိန်မှာ Outsoucing လုပ်နေတဲ့ အဖွဲ့အစည်းတွေ ကော့နေအောင် ခံလိုက်ရတယ်။ နိုင်ငံခြားကို ဖုန်တွေဆက်၊ လူကြုံနဲ့ CDလေးတွေထည့်ပေး၊ programmer တွေကို နိုင်ငံခြားအရေးပေါ်လွှတ်နဲ့ အတော့်ကို ရှုပ်ယှက်ခတ် သွားကြတယ်။ စရိတ်တွေလည်း အတော်ထောင်းသွားတယ်။ အခုသူတို့စဉ်းစားလာကြတာက နောက်တစ်ခါ ထပ်ပျက်ရင် ဘယ်လိုလုပ်ကြမလဲဆိုတဲ့ အဖြေပါ။ စရိတ်နည်းတဲ့ အိမ်နီးချင်းနိုင်ငံတစ်ခု (ဥပမာ ကမ္ဘောဒီယား )မှာ ရုံးခွဲသွားဖွင့်မလား၊ မူဆယ်ဖက်တက်ပြီး ရုံးခွဲဖွင့် ကြယ်ခေါင်ဖက်က internet connection လိုင်းယူမလားစသည်ဖြင့်ပေါ့။

ပြီးတော့ နောက်တစ်ခုက online media ရဲ့ အစွမ်းပါ။ မြန်မာပြည်သူတွေရော သက်ဆိုင်ရာကတွေပါ ဘယ်လောက်စွမ်းတယ်ဆိုတာသိသွားတယ်။ သိလို့ပဲ စက်တင်ဘာလက ရေအောက်က ဖန်ကြိုးမျှင်လိုင်း ပြတ်သွားတာ (သဘောင်္ဝင်တိုက်သွားတာဖြစ်နိုင်ပါတယ် :P)၊ blogspot ပိတ်သွားတာတွေဖြစ်လာတာပေါ့။ သက်ဆိုင်ရာနဲ့ပတ်သက်တဲ့ အဖွဲ့အစည်းများကလည်း counter ပြန်လုပ်ဖို့ blog ရေးနည်း တွေဘာတွေ ကြိုးစားသင်နေကြတာ blogတွေလုပ်လာတာ တွေ့ရပါတယ်။ blog နဲ့ blogger တွေ အကြောင်းပြောဖြစ်ရင်း ဇော်ဂျီဖောင့်လေးအကြောင်းလဲ ပြောဖြစ်တယ်။ လွတ်လပ်မှုရဲ့ အနှစ်သာရလေးပါ။ မြန်မာယူနီကုတ် ဖွန့်လေးတစ်ခု အတွက် မတန်တဆ ဈေးတွေတောင်း လူတွေကို တရားစွဲ စိတ်အနှောက်အယှက် ဖြစ်အောင်လုပ်ခဲ့တဲ့ အဖြစ်အပျက်တွေရှိခဲ့ပါတယ်။ font လေးတစ်ခု ရေးထားတာကို ဘုရားပဲပွင့်တော့မလို အင်္ဂါဂြိုဟ်ကို ပဲ ဒုံးပျံလွှတ်တော့မလိုလုပ်နေကြတဲ့ ခပ်တိမ်တိမ်လူတွေကြောင့် ဒီ Fnont လေး ပေါ်လာတယ်လို့လည်း ပြောလို့ရပါတယ်။ အခုဆို blogger တွေနဲ့ မြန်မာ site တော်တော်များများမှာ တွင်ကျယ်နေတာလေးကို ကြည့်ရင်းကို ပီတိဖြစ်ရပါတယ်။

နောက်တစ်ချက်က USB memory stick တွေနဲ့ Virus တွေအကြောင်းပါ။ အရင် Floppy Disk ခေတ်ကလည်း ဒီလိုကူးခဲ့တဲ့ အဖြစ်ပျက်တွေရှိပေမဲ့ အခု USB ခေတ်မှာ Virus ကူးတာ အရမ်းများပြီး Computer Service center တွေမှာ Virus ပြသနာကို အတော်များများ ဖြေရှင်းပေးကြရတယ်။ ကွန်ပျူတာသုံးတဲ့ လုပ်ငန်းတွေ မှာလည်း အဲဒီ Virusကြောင့် အလုပ်မှာ နှောင့်နှေးမှုတွေ ပျက်စီးမှုတွေ ကြုံနေရတာလဲတွေနေရပါတယ်။ အကောင်းဖက်ကတွေးရင်တော့ လူတွေက Virus ပြသနာ Security ပြသနာတွေကို အလေးထားလာ သတိပြုမိလာကြပါတယ်။

ပြီးတော့ နောက်အပတ်ထဲမှာဖွင့်မဲ့ ရတနာပုံ Cyber City အကြောင်းပါ။ အိန္ဒိယက ဘန်ကလောမြို့ လိုအထိဖြစ်လာမှာလား နိုင်ငံခြားက ဘယ်သူတွေလာပြီး Invest လုပ်ကြမှာလဲပေါ့။ တစ်ဆက်တည်း စဉ်းစားမိတာက နိုင်ငံခြားက လာပြီးလုပ်ကိုင်ရင် ပြည်တွင်းက လုပ်ငန်းများမှာ HR ဆုံးရှုံးခြင်းဆိုတာတွေ ထပ်ပေါ်လာမှာပါပဲ။ ကိုယ့်ဆီမှာ ကျပ် ခုနစ်သောင်း ရှစ်သောင်းနဲ့လုပ်နေသူကို သူတို့က USD200 လောက်ပေးခေါ်ရင် အတော်များများ ပြောင်းလုပ်ကြမှာပေါ့နော်။ ဒါပေမဲ့ အဲဒီမှာ လုပ်ငန်းတွေရောက်လာရင် မန်းလေးနဲ့ မေမြို့ကလူတွေ Logistic supply and serice ဖက်မှာ အလုပ်အကိုင်အခွင့်အလမ်းတွေ ပွင့်သွားနိုင်ပါတယ်။

အင်း.. လာမဲ့အပတ်ထဲမှာ Cyber City ဖွင့်ပွဲမှာ လုပ်မဲ့ Programming Comptition ပြိုင်ပွဲလုပ်ပေးဖို့ အကဲဖြတ်ဖို့သွားရဦးမယ်။ ဒီရာသီဆို မေမြို့မှာ အရက်သောက်လို့ကောင်းမှာတော့ အမှန်ပဲဗျ :)

Wednesday, December 5, 2007

အောင်စည်ဟိန်း ရဲ့ သမိုင်းနောက်ဆက်တွဲ

စာအုပ်လေးတစ်အုပ် လက်တို့ပြီးညွှန်ချင်ပါတယ်။ အောင်စည်ဟိန်းရဲ့ သမိုင်း၏ နောက်ဆက်တွဲစာမျက်နှာများ နှင့် လူနှင့်ပတ်ဝန်းကျင်ဆိုင်ရာ ဆောင်းများများ ဆိုတဲ့စာအုပ်ပဲဖြစ်ပါတယ်။ ဈေးကွက်ဂျာနယ်ဖတ်ရင်း ဆရာကြီး ဦးအောင်သင်း က အဲဒီစာအုပ်လေးကို ညွှန်းထားတဲ့ ဆောင်းပါးလေးကို ဖတ်မိရာက စိတ်ဝင်စားသွားတာပါ။ ပန်းဆိုးတန်း စာအုပ်ဆိုင်တွေကို လိုက်ရှာတော့ မရဘူး၊ ကုန်နေပြီတဲ့။ ပြီးခဲ့တဲ့ တနင်္ဂနွေက အချစ်နဲ့အတူ မျက်မှန်သွားလုပ်ရင်း ဗိုလ်ချုပ်လမ်းပေါ်က အရုဏ်သစ်စာပေကနေရခဲ့တာ။

ဆောင်းပါးနှစ်ဆယ့်နှစ်ပုဒ်ပါပါတယ်။ နောင်ရိုးတိုက်ပွဲနှင့် ပတ်သက်၍၊ တပုဿ ဘလ္လိကညီနောင် တို့ရဲ့ဇာတိမြေအကြောင်း၊ အနန္တသူရိယ၏ မျက်ဖြေလင်္ကာဆိုင်ရာပြသနာ စသည်ဖြင့် စိတ်ဝင်စားဖွယ် ဆောင်းပါးတွေပါရှိပါတယ်။ သဘောကျတာတစ်ခုက စာရေးသူဟာ ရေးတဲ့အကြောင်းအရာနဲ့ ပတ်သက်တဲ့ စာတမ်းတွေ သမိုင်းမှတ်တမ်းတွေ ကျမ်းတွေကို အများကြီး လေ့လာဖတ်ရှုပြီးမှ Thesis ရေးသလိုပုံစံမျိုး နဲ့ ရေးသားတာကိုပါ။ ရေးသားထားတဲ့ အကြောင်းအရာ ခေါင်းစဉ်တွေကို စိတ်ဝင်စားစရာအရမ်းကောင်းပါတယ်။ သမိုင်းအချက်အလက်တွေ ကျမ်းတွေကိုးကားပြီး တင်ပြထားတာဆိုတော့ ပိုပြီးတောင် ဗဟုသုတရစေပါတယ်။

သမိုင်းစိတ်ဝင်စားသူများဖတ်ကြည့်စေချင်ပါတယ်။ ဆက်ညွှန်းရင် မြင်းထိန်းငတာက ၀န်ကြီးဦးဖိုးလှိုင်ရဲ့ ကျမ်းတွေကောင်းလိုက်တာလို့ ချီးမွမ်းသလိုဖြစ်နေမှာစိုးလို့ပါ။ :P



ဆောင်းရယ် နှင်းရယ်

ဘာလိုလိုနဲ့ နောက်ထပ် ဆောင်းတစ်ခု ရောက်ခဲ့ပြန်ပေါ့။ ရာသီဥတုလေးက နေလို့ကောင်း၊ သောက်လို့ကောင်းလေး။ မနက်ကအိပ်ရာနိုးတော့ ပြူတင်းပေါက်က ၀င်လာတဲ့ လေအေးအေးလေးနဲ့ ချမ်းစိမ့်စိမ့် အရသာလေးကို ခံစားရင်း လွန်ခဲ့တဲ့နှစ်နှစ် ၂၀၀၅က ဆောင်းတွင်းရက်ကလေး တစ်ချို့ကို ပြန်သတိရနေမိတယ်။ ကွန်ပျူတာအသင်းချုပ်ကလွှတ်လို့ ကိုးရီးယား နိုင်ငံ ဆိုးလ်မြို့မှာ eGovernment Course တစ်ခု သွားတက်ရပါတယ်။ အခုလို ဒီဇင်ဘာ လထဲမှာပါ။ သင်တန်းကတော့ ငါးရက်လောက်ပါပဲ။ ဒါပေမဲ့ ဘ၀မှာ ထူးထူးခြားခြား ဆောင်းရက်ကလေးတွေ ဖြစ်ခဲ့တယ်။


အသက်သာ သုံးဆယ်ကျော်ခဲ့တာ ကျွန်တော် နှင်းဆိုတာကို အပြင်မှာ တစ်ခါမှ မတွေ့ဖူးခဲ့ဘူး။ ဆိုးလ်ရောက်မှစတွေ့ဖူးတာပါ။ နှင်းတွေ စကျတဲ့ ညပိုင်းကဆို ပျော်လွန်းလို့ အပြင်လျှောက်သွားနေတာ ခိုက်ခိုက်တုန်အောင်ချမ်းပြီး မျက်နှာတွေ နားရွက်တွေ လက်ဖျားတွေ ထုံနေမှာ ဟိုတယ်ထဲပြန်ဝင်ဖြစ်တယ်။

ပန်မဲ့ရက်အထိ နှင်းတွေက ဆက်တိုက်ကျနေတုန်းပဲ။ နေ့ခင်းပိုင်းဆို နေရောင်မြင်ရပေမဲ့ ရေခဲတွေက မပျော်ဘူး။ ညဖက်ဆို အပူချိန်က အနှုတ် သုံး လေး ဒီဂရီလောက်ဖြစ်သွားတယ်။ အစောပိုင်း တစ်ရက် နှစ်ရက် အရမ်းပျော်ပေမဲ့ ပြန်ခါနီးမှာတော့ အဲဒီ ရာသီဥတုကြီးကို နည်းနည်းစိတ်ပျက်သွားတယ်။ နှင်းတွေက ကျတုန်းသာလှတာ။ ပြီးရင် ရေခဲပြင်ကြီး ဖြစ်သွားရော။ တစ်ချို့နေရာတွေမျာ ညစ်ပတ်ပြီး ငါးဈေးတန်းက ရေခဲရိုက်နေတဲ့နေရာလိုပဲခံစားရတယ်။ ပြီးတော့ ချော်လဲလိုက်တာလဲ တဗိုင်းဗိုင်းပဲ။ ကျွန်တော်တို့သာမန် Shoe ဖိနပ်တွေနဲ့ လျှောက်လို့ သိပ်မကောင်းဘူး။ ဒါပေမဲ့ဘယ်လောက်အေးအေး ညဖက်တွေဆိုတော့ အမြဲထွက်လည်တာပဲ။ လမ်းပေါ် လျှောက်သွားလိုက်၊ တော်တော်လေး အေးလာပြီဆို Supermarket တစ်ခုထဲခဏ၀င်ငေးလိုက်နဲ့။ ဘယ်လောက်သတိထားထား တစ်နေ့ကို နှစ်ခါသုံးခါတော့ ချော်လဲတယ်။ ရေခဲတွေဖြစ်ပြီးမာသွားပြီဆိုတော့ အတော်ကို နာတယ်ဗျ။

အဲဒီလိုရာသီလေးမှာ ကိုးရီးယား ဆိုဂျူးအရက်လေး သောက်ရတာလဲ အင်မတန်ကောင်းတာကိုးဗျ။ အဲဒီတုန်းက ဟိုတယ်ရှေ့က store ဆိုင်က၀ယ်သောက်ရင် တစ်ပုလင်းကို ၀မ် တစ်ထောင့်ငါးရာ။ ရန်ကုန်ပြန်ရောက်လို့ အလွမ်းပြေ သောက်မလို့ကြည့်တော့ တစ်ပုလင်းခြောက်ထောင်ဆိုတော့ တော်တော်ဈေးများနေတာနဲ့ မသောက်ဖြစ်တော့ဘူး။

အင်း ...... အခွင့်အခါကြုံရင် နှင်းတွေကျတဲ့ဆောင်းရက်တွေ ကြုံချင်ပါသေးတယ်ဗျာ။


Monday, December 3, 2007

စာကလေးသို့ ပန်ကြားချက်

ဆီးနှင်းတစ်ပြိုက် မိုးတစ်လိုက် ဟူသောဆိုရိုးစကားအတိုင်း ဆီးနှင်းတစ်လှည့်၊ မိုးတစ်လှည့် တန်ဆာဆင်ခဲ့လေပြီ။ ကောက်ပင်တို့လည်း အသီးအနှံတို့ဖြင့် ငိုက်လာကြကုန်၏။ ရွှေရောင်သည် လယ်တောကို လွှမ်းခဲ့လေသည်။

ကောက်ပင်တို့သည် အနာဂတ်၏ သာယာမှုကို ကြိုတင်သိမြင်စေ၏။ ဤရွှေသီးရွှေနှံတို့သည် လယ်သမား၏ ချွေးသီးချွေးပေါက်များမှ ထွက်ပေါ်လာခြင်းဟု စဉ်းစားမိသူသည် မြေရှင်မဟုတ်နိုင်ချေ။

လယ်ကန်သင်း၌ စာကလေးတို့သည် အသီးအနှံပေါ်ချိန်ကို စောင့်စားနေကြ၏။

အမြီးငေါ့ငဲ့နှင့်စာကလေးသည် အမှည့်ဝင်းတော့မည့် စပါးနှံကို မျှော်လင်းတကြီး စောင့်နေရှာသည်။

အို.... စာကလေးငဲ့၊ သင့်အမူအရာ အကျင့်သည် မြေပိုင်ရှင်နှင့် တထေရာတည်းပါတကား။ သူတစ်ပါး၏လက်ဖြင့် စိုက်ပျိုးခဲ့ပြီးမှ သင်က အသီးအနှံကို ဆွတ်လိုသည်မှာ တရားပါသလော။

သင်သည် သနားဖွယ်ရှိပေစွ။ သင့်ကို မြေရှင်နှင့်နှိုင်းမိသည်ကိုပင် ငါစိတ်မကောင်းပါ။ သင့်မှာ သားကလေး၊ သမီးကလေးများအတွက် ၀မ်းစာလိုပေလိမ့်မည်။ သင့်သားသမီးကလေးများကလည်း စပါးနှံချီလာမည့်သင့်ကို မျှော်ရှာကြပေမည်။ ငါခွင့်ပေးပါ၏။ သင်အလိုရှိသလောက် ကိုက်ချီ ပျံသန်းပါလေ။ သို့သော် ငါမှာပါရစေ။ စပါးနှံများမှည့်ရင့်ပြီဟု မြေရှင်ကိုတော့ သတင်းမပေးလိုက်ပါနှင့်ဦး။


(တင်မိုး - ပိတောက်မှသရဖီသို့ ...မှ)

ခ၀ဲရိုင်းလေး

အို....ခ၀ဲရိုင်းလေး
နှင်းကိုသောက်၍ ခ၀ဲညွန့်ကလေး ငေါက်ခဲ့ပြီ။ ခ၀ဲရိုင်းကလေးပွင့်ခဲ့ပြီ။ ခ၀ဲရိုင်းသည် မြို့ကြီးပြကြီးအလယ် မတင့်တယ်ခဲ့။ တောကြိုအုံကြား၌သာ ပေါက်ခဲ့၏။ ပွင့်ခဲ့၏။ ငါ့အိမ်ရှေ့၌ ခ၀ဲစင်ကလေး ရှိရာ ဤပန်းကလေး ပျော်မြူးစွာပွင့်၏။ လွတ်လပ်သောလေကို ရှူ၏။ ယာတောကို ဖြတ်၍ တိုက်ခတ်သော လေသည် သင့်မိတ်ဆွေစစ် ဖြစ်ဘိ၏။ သင်၏နေရာသည် နိမ့်ကျ၏။ သို့သော် သင်ပျော်၏။

အို....ခ၀ဲရိုင်းလေး
သင့်၌ မွှေးပျံ့သောရနံ့မရှိ။ သို့သော် သင်သည်ရိုး၏။ သင်၏ရိုးဂုဏ်သည်ပင် အကြိုင်ဆုံးသော ရနံ့ပေတည်း။ သင့်၌ လှပသောအဆင်းမရှိ။ အ၀ါရောင်အဆင်း ၀င်းကာမျှဖြစ်၏။ သို့သော် သင်၏အဆင်းသည် ပကတိအဆင်း၊ သဘာဝထံမှ ဆေးရောင်စုံငှား၍ ခြယ်လှယ်ထားခြင်း မဟုတ်။ ပကတိအဆင်းသည်ပင် သင်၏ အတင့်တယ်ဆုံးသော အလှပေးတည်း။

အို....ခ၀ဲရိုင်းလေး
သင့်၌ အားငယ်ဟန်လည်းမရှိ။ ထောင်လွှားဟန်လည်းမပြ။ သင်နေတတ်သလို နေ၏။ သင့်သဘာဝအလျောက် ဖူး၏။ ပွင့်၏။ မျိုးစေ့ချ၏။ သင့်အမူအရာသည် အပြစ်ကင်းစင်လှ၏။ သင့်ပတ်ဝန်းကျင်မှ ဆင်းရဲသူ ဆင်းရဲသားများနှင့် တစ်ထေရာတည်းဖြစ်၏။ သင့်အမူအရာသည် ချစ်ဖွယ်အကောင်းဆုံးပေတည်း။


ဆရာတင်မိုး - (ပိတောက်မှသရဖီသို့)စာအုပ်ရဲ့ တန်ဆောင်မုန်းလနဲ့ ဆိုင်တဲ့အပိုင်းထဲက ကောက်နုတ် ဖော်ပြထားတာပါ။ သည်စာအုပ်လေးက မြန်မာတစ်ဆယ့်နှစ်လရာသီအကြောင်းလေးတွေကို ကဗျာလိုလို စကားပြေလှလှလိုလိုမျိုးလေး ရေးထားတယ်။ ဆရာတင်မိုးကတော့ Patient Strong ရဲ့ Through the Year စာအုပ်လေးကို တွေ့ပြီး ကိုယ့်နည်းကိုယ့်ဟန်နဲ့ စီမံ စိတ်ကူးကြည့်ချင်လို့ ဒီစာအုပ်လေးကို ရေးဖြစ်တယ်လို့ဆိုပါတယ်။ ရေးရတာသိပ်ပြီး စိတ်ကြည်နူးတာပဲတဲ့။ ဖတ်ရတဲ့ ကျွန်တော်တို့တတွေလဲ အရမ်းစိတ်ကြည်နူးရပါတယ်။

ဆရာကြီးက ကျွန်တော့် အရင်းနှီးဆုံးသူငယ်ချင်းတွေထဲက တစ်ယောက်ဖြစ်တဲ့ဥာဏ်မိုးရဲ့ ဖခင်ပါ။ အလယ်တန်း ကျောင်းသားဘ၀ကတည်းက သိကျွမ်းခဲ့တာ။ နောက်ပိုင်းအင်းစိန်က အိမ်လှလှလေးကို ပြောင်းနေတော့လည်း မကြာမကြာရောက်ဖြစ်တယ်။ အေးချမ်းတည်ငြိမ်တဲ့ အပြုံးနဲ့ ဆရာကြီးရဲ့ရုပ်သွင်ကို အခုထိ အမှတ်ရနေမိသေးတယ်။ အခုတော့ အဖေရော သားပါ မရှိရှာတော့ဘူး။ တနေ့က စာအုပ်ပုံကိုရှင်းရင်း အဲဒီစာအုပ်လေးပြန်ထွက်လာလို့ ဥာဏ်မိုးကိုရော ဦးတင်မိုးကိုပါ သတိရမိတာနဲ့ ထုတ်ထားလိုက်တာ။

Jokes from Voice Journal

The Voice ဂျာနယ်မှာ အယ်ဒီတာ့အာဘော်အပြင် နောက်တစ်ခုကြိုက်တာလေးရှိသေးတယ်။ Voice of the Week ဆိုတာလေးပါ။

ကောက်နုတ်ဖော်ပြထားသော အကြောင်းအရာများသည် သက်ဆိုင်ရာ media သို့မဟုတ် စာရေးသူများ၏ အာဘော်သာဖြစ်ပြိး The Voice အယ်ဒီတာအဖွဲ့အနေဖြင့် သဘောတူခြင်း မတူခြင်းကို အပေါင်း လက္ခဏာဖြစ်စေ၊ အနှုတ်လက္ခဏာဖြစ်စေ ထူခြားသောအသွင်တစ်ခု ဆောင်နေပါက စာဖတ်ပရိသတ်များ သတိပြုမိစေလို၍ ပြန်လည် ကိုးကား ဖော်ပြခြင်းဖြစ်ပါသည်.......ဆိုပြီး ဘောင်သတ်မှတ်ထားတယ်။ ဒီတစ်ပါတ်တော့ စာဖတ်သူတွေကို ပြုံးရွှင်ရယ်မော စေချင်သလားမသိ ဟာသလေးတွေထည့်ပေးထားတယ်ဗျ။ Voice ကို ကြိုက်တာ ဒါလေးတွေပါတယ်။


၂၀၀၄ခုနှစ်တွင် အိမ်ထောင်စုများ၏ အခြေအနေကို စစ်တမ်းကောက်ယူခဲ့ဖူးပါကြောင်း၊ လေ့လာမှုစစ်တမ်းအရ နေထိုင်ရေးနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံတွင် အိမ်ထောင်စုများ၏ ၉၄.၂%သည် ကိုယ်ပိုင်အိမ်များပိုင်ဆိုင်ကြပြီး ကျေးလက်နှင့် မြို့ပြများတွင် အိမ်ထောင်စုများ၏ ၉၉%သည် အာမခံရှိသည့် နေထိုင်ခွင့်ရှိနေကြကြောင်း .....

21 Nov 07 ထုတ်ကြေးမုံသတင်းစာ (စာမျက်နှာ ၅) ကရင်ပြည်နယ် ဖာပွန်မြို့နယ်ကြံ့ဖွံ့အသင်းအတွင်းရေးမှူး၏ ဆွေးနွေးတင်ပြချက်။


၂၀၀၇ ခုနှစ်စက်တင်ဘာလအတွင်း နိုင်ငံတော်တွင် ဆူပူမှုဖြစ်ရန် ဖန်တီးသည့် လုပ်ရပ်များပေါ်ပေါက်ခဲ့ကြောင်း၊ ပါဝင်သော အဖျက်သမားများသည် ထောင်ဂဏာန်းတောင်မရှိသဖြင့် ၅၄သန်းကျော်ရှိသော မြန်မာနိုင်ငံသားများနှင့် နှိုင်းယှဉ်လျှင် အပုံတစ်သိန်းပုံတစ်ပုံပင် မရှိပါကြောင်း ....

ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး အသင်းဝင်၂၄.၅သန်းကျော်၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင် ၃.၃သန်းကျော်၊ ကြက်ခြေနီအသင်းဝင် ၂.၄သန်းကျော်၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင် တစ်သိန်းခွဲကျော်နှင့် နှိုင်းယှဉ်လျှင် ပြည်ပအားကိုး ပုဆိန်ရိုးအရေအတွက်သည် မြင့်မိုရ်တောင်နှင့် ဆီးစေ့လို မနှိုင်းယှဉ်နိုင်အောင် ကွာခြားလှပါကြောင်း

21 Nov 07 ထုတ်ကြေးမုံသတင်းစာ (စာမျက်နှာ ၆) မအူပင်မြို့နယ်ကြံ့ဖွံ့အသင်းအတွင်းရေးမှူး၏ ဆွေးနွေးတင်ပြချက်။


တန်ဆောင်မုန်း

ဝါလကျွတ်ပြောင်း၊

ကြာကနှောင်းသော်

ဒေါင်းဌက်ကတွန်၊ ဆောင်းလက်မွန်၌

စွန်ကလည်းဝဲ၊ တွန်ကြဆဲတွင်

ဝမ်းဘဲကကွေ၊ ချမ်းမြဲထွေ၍

လေကလည်းပြောက်၊ ချေကလည်းဟောက်နှင့်


မဟာမင်းလှ မင်းခေါင်ကျော်ဦးရွန်း

Saturday, December 1, 2007

Ju Mong ကိုးရီးယားဇာတ်လမ်းတွဲ

အိပ်ရေးပျက်နေတာ သုံးလေးရက်ရှိပြီ။ အလုပ်ကြိုးစားနေတာတော့မဟုတ်ပါဘူး။ အခွေကြည့်နေလို့။ Ju Mong ဆိုတဲ့ကိုးရီးယားဇာတ်လမ်းတွဲ ကြည့်နေတာပါ။ ဟန်တရုတ်တွေကို တော်လှန်ပြီး ကိုးရီးယားအင်ပါယာထူထောင်ခဲ့တဲ့ Ju Mong ဘုရင်ရဲ့သမိုင်းပါ။ DVD ခြောက်ချပ်မှာ အပိုင်း (၈၁)ပိုင်းပါတယ်။ အင်္ဂလိပ်စာတမ်းထိုးတယ်။ ယုဇနပလာဇာမှာ ၀ယ်ခဲ့တာ။ အားလုံးကို ငွေကျပ် သုံးထောင်ပါ။ အခုကြည့်နေတာ အပိုင်း ၁၄ရောက်သွားပြီ။ အရမ်းစွဲတာပဲ။ ကြည့်ဖြစ်ရင် မိုးလင်းလုနီးပါအထိ ရောက်ရောက်သွားတယ်။ အခုလဲ မြ၀တီမှာ ညခုနစ်နာရီမှာပြနေတယ်။

Gojoseon ဆိုတဲ့ရှေးဟောင်းကိုးရီးယားအင်ပါယာ ဟာ ဟန်တရုတ်တွေနဲ့ စစ်မက်ဖြစ်ပြီး ပြိုကွဲသွားတယ်။ နယ်စားပယ်စားတွေနဲ့ သူတလူငါတမင်းပေါ့။ ဟန်တဂရုတ်တွေရဲ့ သြဇာခံပေါ့။ အဲဒီအချိန်မှာ Hae Mosu ဆိုတဲ့သူရဲကောင်းတစ်ယောက်ပေါ်လာပြီး ဟန်တရုတ်တွေကို တော်လှန်တယ်။ Gojoseon refugee တွေကို ကာကွယ်ပေးတယ်။ Buyeoနယ်စားလေး Geumwa က သူ့ရဲ့သွေးသောက်ပေါ့။ ဒဏ်ရာရလို့ ထွက်ပြေး တိမ်းရှောင်နေရင်း သူ့ကို ကူညီခဲ့တဲ့၊ ဒုက္ခရောက်ပြီး တကောင်ကြွက်ဖြစ်နေရှာတဲ့ Haebaek ရွာသူကြီးသမီး Yo hwar နဲ့ အကြောင်းပါဖို့ဖြစ်လာတယ်။ Buyeo နယ်စားကြီးနဲ့ အမတ်ရဲ့ အကောက်ကြံမှုကြောင့်
ဟန်တရုတ်တွေရဲ့ အဖမ်းခံပြီး မျက်လုံးနှစ်ဖက်အဖောက်ခံရတယ်။ အဲဒီအချိန်မှာ Yo Hwar မှာ ကိုယ်ဝန်ရှိနေပြီ။ Hae Mosu ကိုတရုတ်ပြည်ကိုအပို့ လမ်းမှာ နယ်စားလေးက ဖြတ်တိုက်ပြီးကယ်ဖို့ကြိုးစားပေမဲ့ Hae Mosu ချောက်ထဲကြသေသွားတယ်။

သားလေးမွေးပြီးနောက် Yo Hwar က Buyeo နယ်စားလေးဆီခိုဝင်တယ်။ နယ်စားမင်းသေတော့ Geumwa နယ်စားဖြစ်လားတယ်။ Hae Mosu ရဲ့ သားလေးကို သူ့သားအရင်းတွေနဲ့ မခြား ပြုစုစောင့်ရှောင့်ခဲ့တယ်။ ဒါပေမဲ့ သူတို့သားအမိက မိဘုရားကြီးနဲ့ သားနှစ်ယောက်တို့ရဲ့ အနိုင်ကျင့်မှုကို အမြဲခံရတယ်။ သားလေးနံမည်က Ju Mong ။ နယ်စားမင်းနဲ့ သူ့အမေက သူ့အပေါ် မျှော်လင့်ချက်ကြီးကြပေမဲ့ သူကတော့ ပေါ့ပေါ့နေ ပေါ့ပေါ့စား ဖြစ်နေတယ်။ အကိုနှစ်ယောက်နဲ့ အတူခရီးသွားပြီး အကောက်ကြံခံရ ပြီး ဒုက္ခတွေရောက်... ပြီးတော့ နန်းတော်ကနေ မောင်းထုတ်ခံရပြီး ကိုယ့်ဘ၀ကိုယ်ရုန်းကန်ရတဲ့အချိန်ကစပြီး Ju Mong တစ်ယောက် ပြောင်းလဲလာတယ်။ မိန်းကလေးနှစ်ယောက်နဲ့လည်းဆုံတွေ့ခဲ့ရပြီ။ ယောက်ျားလေးဆန် ထက်မြက်တဲ့ ကုန်သည်မျိုးနွယ်စုအကြီးအကဲရဲ့သမီး So Seo No (ဒီမိန်းကလေးမွေးတဲ့အချိန်မှာ Hae Moesu က ဓါးပြတွေရန်က ကာကွယ်ပေးခဲ့ရသေးတယ်။) နောက်တစ်ယောက်က နန်းတော်ထဲမှာကတည်းက သိကျွမ်းခဲ့ပြီး သူ့ကြောင့် အပြစ်ပေးခံရပြိး အပြင်ရောက်နေတဲ့ Bu Yaung ။



သူ့ဖခင်နဲ့လဲ ခဏတာပြန်ဆုံရပြီး ဓါးပညာ ကိုယ်ခံပညာ အမွေရလိုက်တယ်။ သေပြီထင်နေတဲ့ Hae Moesu ကမသေဘူး ချောက်ထဲကြပြီးနောက်မှာ လျှို့ဝှက်ဂူကြီးထဲက ထောင်မှာ အဖမ်းခံနေရတာ အနှစ်နှစ်ဆယ်ကျော်။ နောက်မှ Buyeo နယ်စားရဲ့ အမတ်မင်းနဲ့ သားနှစ်ယောက် အကောက်ကြံသတ်လို့ အသက်ဆုံးရှာတယ်။ Hae Mosu နဲ့ နယ်စားမင်း ... အရမ်းချစ်ကြတဲ့ သွေးသောက်နှစ်ယောက် ပြန်မဆုံလိုက်ဘူး။

တစ်နေ့မှာ နယ်စားကြီးက မင်းသားသုံးယောက် ကိုခေါ်ပြီး Crown Prince နေရာအတွက် ယှဉ်ပြိုင်စေတယ်။ Buyeoနယ်အတွက် ဘယ်သူက အကျိုးရှိဆုံးဆောင်ရွက်ပေးနိုင်မလဲ၊ တိုင်းသူပြည်သားများရဲ့ ချစ်ခင် လေးစားမှုကို ဘယ်သူ အများဆုံးရမလဲပေါ့ ..... အရင်ဆုံးမွေးတဲ့သားမို့ အရာပေးတာမျိုးမလုပ်ချင်ဘူးတဲ့။ တကယ်တမ်းမှာတော့ Ju Mongကို အခွင့်အရေးပေးတာပါ။ သူ့သွေးသောက် Hae Moesu နဲ့အတူ မျှော်မှန်းခဲ့တဲ့ ဟန်တရုတ်တွေကို ပြန်တိုက်ပြီး အင်ပါယာနိုင်ငံကြီးတစ်ခု ပြန်လည် ထူထောင်ဖို့ပေါ့ ......

ဝါး .... ရေးရင်နဲ့ တောင်အခုအိပ်ချင်နေတယ်။ ဘာပဲဖြစ်ဖြစ်ဒီညလည်း ဆက်ကြည့်ဖြစ်ဦးမှာပဲ။ မနက်ဖန် sunday ဆိုတော့ အိုကေပေါ့။


Friday, November 30, 2007

တစ်ချိန်က ရှမ်းတဲနဲ့ ကျွန်တော်ဦးဦးများ

ကုန်းမြင့်သာစားသောက်ဆိုင်ရောက်တော့ ခြောက်နာရီကျော်ကျော်ရှိနေပြီ။ တိုးကြီးက အ၀က စောင့်နေတယ်။ ဦးကယားလေး၊ ဦးညွန့်ခင်တို့က ရောက်နှင့်နေကြပြီ။ အဘမြင့်သိန်းကတော့ မလာနိုင်ဘူး နေမကောင်းဖြစ်နေလို့။ ကျွန်တော်သူတို့ကို မတွေ့တာ အနှစ်နှစ်ဆယ်ကျော်ခဲ့ပြီပဲ။ ၀မ်းသာအားရနှုတ်ဆက်ကြ ရီကြမောကြပေါ့။ ထွန်းထွန်းလေးလို့ သူတို့သိတဲ့ ဆယ်နှစ်သားကောင်လေးတောင် အခု သုံးဆယ့်ခြောက်နှစ်ရှိပြီလေ။ အဖေနဲ့ သူတို့တွေက ရှမ်းတဲ လကသ လေတပ်စခန်း အရာရှိရိပ်သာမှာ အခန်းကပ်ရက်နေခဲ့ကြတဲ့သူတွေပေါ့။ တော်တော်လည်း ရင်းနှီးကြတယ်။ အကြောင်းကြောင်းနဲ့ အဆက်အသွယ်ပြတ်နေကြတာကြာပြီ။ ကျွန်တော့်သူငယ်ချင်းတိုးကြီးက အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်စင်သင်တန်းလာတက်တော့ ဦးကယားလေးက အဲဒီက ကျောင်းအုပ်ကြီးဖြစ်နေတယ်။ အဲဒီကနေ အဖေတို့တသိုက်ပြန်ဆက်သွယ်မိကြတာ။

ရှမ်းတဲ (လကသ)ကိုကျွန်တော်အဖေနဲ့လိုက်နေတော့ လေးတန်းကျောင်းသားပေါ့။ တပ်တွင်းက ကျောင်းမှာပဲ တက်တာပါ။ အမေနဲ့ ညီမများက လွိုင်ကော်မှာလေ။ အဖေကလည်း တစ်ယောက်တည်းဆိုတော့ အရာရှိရိပ်သာက အခန်းမှာပဲနေတယ်။ အဲဒီအခန်းလေးမှာပဲ ကုတင်တစ်လုံးထိုးပြီးနေတာပေါ့။ အရာရှိလေသူရဲတွေကြားမှာ ကျွန်တော်က မင်းသားပေါ့။ ကလေးဆိုလို့ အရာရှိရိပ်သာမှာ ကျွန်တော်ပဲရှိတာ။ အဲဒီအချိန်မှာ ဦးကယားလေး၊ အဘမြင့်သိန်းတို့က QFI (Qualified Flying Instructor)၊ ဦးညွန့်ခင်က စက်မှုလက်မှုတပ်ခွဲ၊ အဖေက လက်နက်တိုက်အရာရှိပေါ့။ အဖေတာဝန်နဲ့ ရန်ကုန်ပြန်တာတို့ ခရီးသွားတာတို့ ဆိုရင် ဒီဦးဦးတွေပဲ ကျွန်တော့်ကို ကြည့်ရှုစောင့်ရှောက်ပေးကြတာ။

ညစာကတော့ အရာရှိရိပ်သာ ထမင်းစားခန်းမှာပေါ့။ ကျောင်းက မနက်တစ်ပိုင်းပဲ။ ကျောင်းဆင်းရင် အဖေ့ လက်နက်တိုက်ကို သွားတယ်။ အဲဒီမှာထမင်းစားတာပေါ့။ ကျွန်တော်က သူများကလေးတွေလို ကော်သေနတ်တွေ ၀ါးသေနတ်တွေနဲ့ကစားစရာမလိုဘူး။ ဆော့စရာ သေနတ်တွေ ပုံလို့။ အဲ... ကျွန်တော့်ကို ကျည်မရှိစစ်ဆေးပြီးမှပေးကိုင်တာပါ။ သတ်မှတ် area လဲကျော်လို့မရပါဘူး။ အားရက်တွေမှာ ဦးဦးတွေ ခေါ်ရင် လေယာဉ်လိုက်စီးပေါ့။ အဆောင်မှာနေတဲ့ အချိန်တွေမှာ အဘမြင့်သိန်းရဲ့ ၀ါးပတ္တလားကြီးကို သွားဆော့၊ ဦးဦးကယားလေး စစ်တုရင်ထိုးရင် ထိုင်ကြည့် ...နေခဲ့ရတာ အတော်ပျော်စရာပါ။ တပ်တွင်းဘ၀က အပြင်နဲ့တော့်မတူဘူး။

ဆံပင်ညှပ်တာ၊ ရုပ်ရှင်ကြည့်တာတွေ ပိုက်ဆံမပေးရဘူး။ တိုကင်ပြားရတယ်။ ခရင်ဆိုဒါ သောက်ချင်ရင်လဲ bar မှာ အဖေ့ ကိုယ်ပိုင်နံပါတ်ပြောလိုက်ရုံပဲ။ 1322 ဆိုရင်အားလုံးငြိမ်းတယ်။ လကုန် လခထုတ်မှ အဖေ့ဆီက ဖြတ်တာပေါ့။ ညဖက် ထမင်းသွားစားရင်း ဦးဦးတွေ ဘိလိယက်ထိုးတာထိုင်ကြည့်။ bar ကခုံမြင့်မြင့်ကြီးပေါ် မမှီမကမ်း တက်ထိုင်၊ ခရင်ဆိုဒါယူသောက် ... တစ်ခါတစ်လေ .. သားသား လာ ယောက်ျားလေး တစ်ငုံချ... ဆိုရင်လဲ မငြင်းတမ်းပဲ။ သူတို့ကတော့ အာမီရမ်ပေါ့။ အဖေနဲ့ ဦးဦးတွေ အရက်ဝိုင်း လုပ်ကြပြီဆိုရင်လဲ အမြည်းတွေပြင်ဆင်၊ ရေခဲရေပုလင်းတွေထုတ်ပေး။ ပြီးရင် ဘေးမှာထိုင်ပြီး အမြည်းစားပေါ့။

ပိတ်ရက်တွေဆို မိထ္ထီလာကန်ဖက် ဌက်ပစ်ထွက်ကြ။ ငြိမ့်နေတာပဲ။ အဲဒီမှာ ခြောက်လကျော်နေခဲ့တယ်။ နောက်တော့ အဖေက ငါ့သားကို ဒီမှာဆက်ထားရင် ဂျစ်ပစီဖြစ်တော့မယ်ဆိုပြီး လွိုင်ကော်ကို ပြန်ပို့လိုက်လေရဲ့။ လေးတန်း အတန်းတင်စာမေးပွဲကို လွိုင်ကော်မှာဖြေရတယ်။ တော်တော်ငယ်ငယ်ကတည်းက တစ်ယောက်တည်းနေခဲ့ရတဲ့အကျင့်၊ တော်သလို နေထိုင်စားသောက်၊ မိမိကိုယ်ကိုစောင့်ရှောက် ဆိုတဲ့ အကျင့်ကောင်းလေးတစ်ခုရခဲ့တယ်လို့ ဆိုရမယ်။

Wednesday, November 28, 2007

နိုင်ငံတော်ဆိုတဲ့လူကြီး

အဲဒီနိုင်ငံတော်ဆိုတာ ဘယ်လိုလူစားမျိုးလဲဟင်? ကျွန်ုပ်သည် နိုင်ငံတော်ဖြစ်သည်ဆိုတဲ့ လူဝီဘုရင်လိုခပ်ဆိုးဆိုးကောင်ကြီးလား? နိုင်ငံတော်ဟာ လူပုဂ္ဂိုလ်ဆိုရင် ဘယ်ရာထူးအဆင့်အထိ လူတွေ အကြုံးဝင်မလဲ?

သတင်းစာထဲက စာသားလေးတွေကို ဖတ်နေမိလို့ပါ။ နိုင်ငံတော်က မေတ္တာစေတနာ အပြည့်နဲ့ ပြည်သူတို့ရဲ့ အကျိုးစီးပွားအတွက် ငွေအကုန်အကျခံပြီး ဖောက်လုပ်ပေးခဲ့တဲ့ ရန်ကုန် မန္တလေး မီးရထား နှစ်လမ်းသွား ဒွေးလမ်းကြီးဟာ တကယ်တော့ မေတ္တာလမ်းကြီးဖြစ်ကြောင်း .... ရီချင်သွားလို့။ အဲဒီနိုင်ငံတော်ဆိုတဲ့လူကြီးက သူ့အမေလင် ပိုက်ဆံတွေနဲ့ ဒီမီးရထားလမ်းကြီးကို အကုန်အကျခံ ဖောက်ခဲ့တာပေါ့နော်။ တိုင်းပြည်၊ နေထိုင်ကြတဲ့ ပြည်သူ ပြည်သားများ၊ အစိုးရ .... အဲဒီလိုရှိတဲ့ဆီမှာ တိုင်းပြည်က မြေပေါ်မြေအောက် သယံဇာတ တွင်းထွက်တွေဟာ ပြည်သူတွေအားလုံးပိုင်တယ်။ အစိုးရဆိုတာ ပြည်သူ့ကိုယ်စားလှယ်၊ ပြည်သူတို့ ထမ်းဆောင်သော အခွန်အခတွေ၊ ၀င်ငွေတွေနဲ့ တိုင်းပြည်နဲ့ ပြည်သူတို့ရဲ့အကျိုးအတွက် တာဝန်ထမ်းဆောင် ပေးနေသူတွေ ဆိုတဲ့အချက်တွေ၊ servant leader ဆိုတဲ့သဘောတရားမျိုးတွေ.... လီကွမ်းယုကြီး စင်ကာပူကို ဘယ်လို ထူထောင်လာတယ် ဆွဲတင်ခဲ့တယ်ဆိုတာတွေ ... သေချာတယ် ဒါတွေကို ကျွန်တော်တို့ရဲ့ နိုင်ငံတော်လို့အမည်ခံထားတဲ့ ပုဂ္ဂိုလ်များ မသိတာလား မသိချင်ယောင်ဆောင်နေတာလား ...။

Top Gun ရုပ်ရှင်ကားထဲမှာ ဇာတ်လိုက် (Tom Cruse) က သင်တန်းမှာ တိုက်လေယာဉ်ကို စတန့်ထွင်မောင်းတော့ သူ့ရဲ့ သင်တန်းမှူးက ဆူပါတယ်။ Tax payer's money နဲ့ ၀ယ်ထားတဲ့ ဒီလေယာဉ်ပျံကို ပျက်စီးသွားစေနိုင်တဲ့ ပျက်ကျသွားနိုင်တဲ့ အပြုအမူမျိုးတွေ မလုပ်သင့်ကြောင်း ပြောပါတယ်။ အဲဒီ tax payer's money ဆိုတဲ့ ခံယူချက်အတွေးလေးကို ပြောချင်တာပါ။ ပြည်သူ့ဝန်ထမ်းဆိုတဲ့ role ကို ပေါ်လွင်စေတဲ့ စကားလေးလို့ ကျွန်တော်မြင်ပါတယ်။ ကျွန်တော်တို့ဆီက နိုင်ငံတော်ဆိုတဲ့လူကြီးများ ဒါမျိုးလေးတွေ တွေးနိုင်တဲ့ အသိဥာဏ်လည်း ရှိပုံမပေါ်ပါဘူး။

Nothing lasts forever.... ကျွန်တော် အင်မတန့် အင်မတန်ကို ကြိုက်တဲ့စကားလေးပါ။ ညီအစ်ကိုဝမ်းကွဲ ၉၉ယောက်နဲ့ အရင်းတစ်ယောက်ကို သတ်ပြီး မင်းဖြစ်လာ၊ အိန္ဒိယတခွင် စစ်မက်ပြုပြီး အာဏာစက်ချဲ့ ...နောက်ပိုင်းမှာ သာသနာတွေပြု၊ ရေတွင်း ရေကန် စေတီပုထိုးတွေ ရှစ်သောင်းလေးထောင်ကျော် တည်ဆောက်ခဲ့တဲ့ အာသောကဘုရင်ကြီးတောင် သေခါနီးတော့ ( အမတ်တွေက ဘဏ္ဍာတိုက်တွေကို ပိတ်ပစ်ကြလို့) နောက်ဆုံးတော့ လက်ထဲက ကိုက်လက်စ ဇီးဖြူသီးတစ်ခြမ်းပဲ ကိုယ်ပိုင်ကျန်ပါတယ်တဲ့ ....စိတ်ဆင်းရဲ ကိုယ်ဆင်းရဲနဲ့ သေသွားပြီး မြွေကြီးသွားဖြစ်ပါသတဲ့။ သိပ်မကြာခင်ကမှ နာလိုက်ရတဲ့ သီတဂူဆရာတော်ကြီးရဲ့ တရာေးလးပါ။ ဧကရာဇ်မင်းကြီး၏ ဘ၀နိဂုံးတဲ့။

ဒို့ဆီက နိုင်ငံတော်ဆိုတဲ့ အကောင်ကြီးရဲ့ နိဂုံးကိုလည်း ကြည့်လိုက်ချင်သေး .....


Monday, November 26, 2007

ထီဆိုင်က ပိုစတာတွေ

လွန်ခဲ့တဲ့တစ်ပါတ်က ဂျာနယ်တစ်ခုမှာဖတ်လိုက်ရတယ်။ ရန်ကုန်မြို့တွင်းမှာ အမြင်မတော်တဲ့ Wall poster ကြီးတွေကို ပေးမတင်တော့ဘူးတဲ့။ ဒါလေးနဲ့ဆက်စပ်ရင်း ပြောချင်တာလေးတစ်ခု ပေါ်လာလို့ပါ။ မြို့ထဲတွေ လူစည်ကားရာလမ်းဆုံလမ်းခွတွေမှာ ထီဆိုင်ကြီးတွေတွေ့မှာပေါ့။ အခုနောက်ပိုင်းမှာ သတိထားမိတာက ထီဆိုင်ရှေ့မှာ အမျိုးသမီး model ပုံတွေကို ချိတ်ထား၊ ထောင်ထားတာတွေကိုပါပဲ။ ပုံတွေကတော့ ရှယ်ပဲ။ အမျိုးသမီးကလေးများ သူတို့ရှိတာလေးတွေကို ပရိသတ် မမြင် မြင်အောင် မထင်ရှား ထင်ရှားအောင် ရှယ်အနေအထားမျိုးတွေနဲ့ ကိုယ်ဟန်ပြထားတဲ့ ပုံတွေ။ သူတို့မိသားစုတွေ မိဘမောင်ဘွားတွေ ထီလားထိုးရင် ကြည့်ရဲပါ့မလားတောင်မသိဘူး။

ဆိုင်ကတော့ ဘာစိတ်ကူးနဲ့ ပြထားတယ်မသိ၊ ကိုယ်ကတော့ လျှောက်တွေးနေမိတယ်။ ပုံတွေကတော့ အမျိုးသား ပရိသတ်ကို ရည်ရွယ်တာပဲ။ ထီပေါက်ရင် ဒါမျိုးလေးတွေရမှာလား။ ဒါမှမဟုတ် ဒါမျိုးလေးတွေကို စိတ်ကူးပြီး ထီထိုးရမှာလား။ ပူရိသ ယောက်ျားများ ဒီပုံလေးတွေကြည့်ပြီး ထိုးချင်စိတ်တွေတော့ ပေါ်လာမှာလား ... သေချာတာက ဒီလိုပုံတွေချိတ်ဆွဲတဲ့အတွက် ခွင့်ပြုချက် ဆင်ဆာယူရပုံမပေါ်ဘူး။ ဟိုးအရင်တုန်းက ရှားရှားပါးပါး အရက်ဆိုင် ဘီယာဆိုင်မှာ ချိတ်ထားတဲ့ ခပ်ဟော့ဟော့ အရက်ဘီယာ ကြော်ငြာမျိုး တစ်ခုနှစ်ခုသာ တွေ့ဖူးတာဗျ။ အခုနောက်ပိုင်းထီဆိုင်တွေ တစ်ဆိုင်နဲ့တစ်ဆိုင် အပြိုင် မင်းသမီးတွေ မော်ဒယ်လေးတွေရဲ့ ပုံတွေကို ပြလာကြတယ်။ (ရှယ် postion တွေနဲ့ သရုပ်ပြထားတာ ... ဂလု)

မိတ်ဆွေ ... မြို့ထဲသွားရင်းလာရင်း ထီဆိုင်တွေတွေ့ရင် ကျွန်တော်ပြောတဲ့ ပုံလေးတွေကို သတိထား ကြည့်လိုက်ကြပါဗျာ။ ထိုးချင်စိတ်များ ပေါ်လာကြသလားလို့ .... :P

the way you express

တနင်္ဂနွေနေ့ညနေက လက်ရှိ EMBA နှစ်တန်းရဲ့ ဘောလုံးပွဲရှိလို့ ခဏသွားကြည့်ဖြစ်တယ်။ အဲဒီမှာ လက်ရှိ 6th Batch က ကျွန်တော့် အကိုကြီးတစ်ယောက်နဲ့ စကားပြောကြရင်း သူက ဘန်ကောက်သွားဦးမယ် ဘာမှာဦးမလဲမေးတာနဲ့ အကြောင်းတိုက်ဆိုင်လို့ စိတ်ထဲပြန်သတိရလာတယ်။ ပြောချင်တာလေးတွေ။ ရန်ကုန်လေဆိပ် international departure အဆောင်ကြီးအကြောင်းပါ။ ဧပြီမှာ MBA Trip သွားတော့ အဲဒီ အဆောက်အဦကြီးမဖွင့်သေးဘူး။ အဟောင်းဖက်ကနေထွက်ရတယ်။ လေယာဉ်ဆီရောက်ဖို့ ထုံးစံအတိုင်း ကားစီးပေါ့။ August ထဲမှာ ITPEC စာမေးပွဲကိစ္စနဲ့ နောက်တစ်ကြိမ်ထွက်တော့ ဒီအဆောက်အဦကြီ့း ဖွင့်နေပြီ။ သားသားနားနားနဲ့ နိုင်ငံတကာ အဆင့်မီတယ် (တစ်စုံတစ်ခုသော အတိုင်းအတာအထိပေါ့ဗျာ) ဆိုပြီး နည်းနည်းကျေနပ်သွားတယ်။ လေယာဉ်ပေါ်တက်တော့လည်း Tube နဲ့ ... လန်းတယ် ပေါ့ဗျာ။

ချီးမွမ်းလို့ မဆုံးသေးခင်မှာပဲ (စိတ်တော်တော်လေသွားတယ်) ကျွန်တော့်အမြင်မှာ အင်မတန်မှရုပ်ဆိုးလှတဲ့နေရာတစ်ခု သွားတွေ့တယ်။ Toilet တွေရဲ့ အ၀င်အ၀မှာပါ။ အထဲက အားလုံးကောင်းတယ်။ အ၀င်အ၀မှာ အခြားလေဆိပ်တွေမှာလိုပဲ ယောက်ျားပုံ မိန်းမပုံ၊ တွန်းလှည်းနဲ့လူပုံ စတဲ့ logo ပုံလေးတွေ ချိတ်ထားတယ်။ အရမ်းဆိုးသွားတာက စာထိုးထားတာပါ။ Men, Women, Invalid တဲ့ဗျား။ ကောင်းကြသေးရဲ့လား။

ကျွန်တော့်အမြင်မှာတော့ အဲဒီ Invalid ဆိုတဲ့စာကြီးက ခေတ်မီခမ်းနားတဲ့ ဒီလေဆိပ် အဆောက်အဦကြီးကို လုံးဝ တန်ဖိုးကျအောင် ဖျက်ဆီးလိုက်သလိုပဲ။ သွားဖူးသမျှ ဟောင်ကောင်လေဆိပ်၊ အင်ချွန်းလေဆိပ်၊ နာရီတာလေဆိပ်၊ ဟနွိုင်းလေဆိပ်တွေမှာ international နားလည်တဲ့ လူရုပ်ပုံလေးတွေပဲသုံးကြတာပဲ။ ဒီလို Invalid ဆိုတဲ့ စာမျိုးကြီး မတွေ့ဖူးပါဘူး။ စဉ်းစားကြည့်ပါ ..ကျွန်တော်က ကံမကောင်း အကြောင်းမလှလို့ အမေမွေးကတည်းက မသန်မစွမ်းဆိုပါတော့။ ခရီးသွားဖြစ်လို့ toilet ၀င်ရင် အဲဒီ Invalid ဆိုတဲ့စာတမ်းကြီးက ကျွန်တော့်ကို ဆီးကြိုနေတယ်။ ကျွန်တော်ဘယ်လို ခံစားရမလဲ...

ဘယ်ပညာရှိကများ ဒီလိုတွေရေးဖို့ ခိုင်းထားလဲ မသိပါဘူးဗျာ။

Just in time

ခက်သည်။ ဒီအကျင့်ဆိုးက ဘယ်တော့မှပျောက်တော့မှာ မဟုတ် အရိုးစွဲနေပြီ။ စာသံပေသံနဲ့ပြောရင်တော့ Just in time (JIT) ပေါ့။ တီချယ်ကြီးကြားရင်တော့ သူသင်ပေးတဲ့ စာများကို အလွဲသုံးစား လုပ်လေခြင်းဆိုပြီး အဆူခံရဦးမယ်။ Term paper တင်ရဖို့ လေးငါးရက်ပဲကျန်တော့သည်။ လကုန်ရင် အကြမ်းတင်ရမယ်။ ပြီးရင် ဒီစာတမ်းနဲ့ လူတွေ့စစ်ဆေးတာက နောက်လထဲမှာ။ Term paper တွေ ရေးရတော့မယ် ဆိုတော့လဲ ဒီလိုပဲ ယောင်ဝါးဝါးနဲ့ အချိန်ဆွဲနေခဲ့တာ။ ခေါင်းစဉ်လေးရွေးလိုက် အင်တာနက်ပေါ်တက် ဟိုရှာဒီရှာလုပ်လိုက် ကျောင်းသင်ရိုးဖတ်စာအုပ်တွေ ပြန်ဖတ်ကြည့်လိုက်နဲ့။

ဒီကြားထဲ အရေးအခင်းတွေ မတည်မငြိမ်တွေဖြစ်တာနဲ့ ( သိပ်တော့မဆိုင်သလိုပဲ) ခရီးသွားရတာနဲ့၊ DOF 2007 မှာ ဖတ်ဖို့ စာတမ်းရေးရတာနဲ့ ဘာညာ ဘာညာ အကြောင်းပြပြီး စာတမ်းကိစ္စကို ပစ်ထားတာကြာလှပေါ့။ အခု တန်ဆောင်မုန်းလပြည့် ရုံးပိတ်ရက်ကမှစပြီး သုတ်ခြေတင်ကာ စရေးလေသတည်းပေါ့။ အခုမှ Abstract ပြီးလို့ chapter တွေ ခွဲတုန်းရှိသေးတယ်။ မနက်ဖန်လောက် supervisor ဆရာမနဲ့ သွားတွေ့ရဦးမယ်။ ညကတောင် ရေးမယ်ဆိုပြီး သူငယ်ချင်း ဖိုးလမင်းအိမ်သွား ဘီယာထွက်သောက်၊ အိမ်ပြန်ရောက်တော့ ရေးဖို့ပျင်းသေးတာနဲ့ အသစ်ဝယ်ထားတဲ့ Allias ဇာတ်လမ်းတွဲလေးကို ကြည့် ... အင်း ... ခက်သေးသည်။

စနေ တနင်္ဂနွေနှစ်ရက်ကတော့ စာတွေနဲ့ လုံးပန်းနေလို့ ဘလော့လဲ မရေးဖြစ် မဖတ်ဖြစ်ဖူး။ ဒီတစ်ပတ်လောက်လဲ စာတမ်းနဲ့ လုံးပန်းနေရဦးမှာဗျ။ ကိုယ်တို့ကတော့ just in time ပါပဲ။

Friday, November 23, 2007

ဘိုင့်ဘိုင် အင်္ဂလန်

အင်္ဂလန်ဘောလုံးအသင်းကြီးတော့ နံမည်ကြီး ထမင်းငတ် ဖြစ်လေပြီ။နောက်ဆုံးအချိန်အထိ ကံကြမ္မာက မျက်နှာသာ ပေးခဲ့ပါသေးတယ်။ နောက်ဆုံးပွဲ အိမ်ကွင်းမှာ သရေကန်ရင်တောင် ခြေစစ်ပွဲအောင်နေတဲ့ အနေအထားမှာ ခရိုအေးရှားရဲ့ နောက်ဆုံးမိနစ်ပိုင်း အနိုင်ဂိုးကြောင့် အင်္ဂလိပ်တွေ အိမ်မက်က လန့်နိုး ခဲ့ကြရပါပြီ။ နဂိုကတည်းက ပရီးမီးယားလိဒ်မှာ အင်္ဂလိပ်လူငယ်ဘောလုံးသမားများ နေရာမရဖြစ်နေလို့ နိုင်ငံခြားသား ဘောလုံးသမား အရေအတွက် ကို ကန့်သတ်ဖို့ FA က အသံတွေ တညံညံထွက်နေတဲ့
အချိန်မှာ အခုလို ခြေစစ်ပွဲမအောင်တော့ ဘယ်လိုဖြစ်လာဦးမယ်ဆိုတာ အတော့ကို စိတ်ဝင်စားစရာ ကောင်းနေပါပြီ။

အဲဒီနောက်ဆုံးပွဲကန်မဲ့ညက ဘာလို့မှန်းမသိ အင်္ဂလန်ကို ရှုံးပြီးထွက်သွားစေချင်စိတ်တွေ ပေါ်နေမိတယ်။ သရေကန်ရင်တောင် တက်ပြီဆိုပေမဲ့ စိတ်ထဲမှာ သူတို့ ခြေစစ်ပွဲမအောင်သင့်ဘူး မထိုက်တန်ဘူးလို့ ခံစားနေရလို့ပဲ။ နောက်နေ့မနက်စောစော ဂျာနယ်ဝယ်ဖတ်ပြီးတော့ ရလဒ်ကို သိလိုက်ရတဲ့အချိန်မှာ စိတ်ထဲမှာ
ဘ၀င်ကျသွားသလိုပဲ။

သိပ်တော့မဆိုင်ပေမယ့် ဒီအပတ်သောကြာက Eleven ဂျာနယ်မှာ ထူးထူးခြားခြား သတင်းတိုလေးတစ်ပုဒ်ကို ဖတ်လိုက်မိတယ်။ ခြေစစ်ပွဲကစားရန်လာတဲ့ ခရိုအေးရှားအသင်းမှ တာဝန်ရှိသူတစ်ဦးအား အင်္ဂလန်လေဆိပ်မှ ပစ္စည်းအလစ်သုတ် မသင်္ကာမှုနဲ့ ခေတ္တ ထိန်းသိမ်းပြီး စစ်ဆေးမေးမြန်းတယ်တဲ့။ အဲဒီအချိန်မှာ ကစားသမားများလဲ ရှိနေတယ်တဲ့။ မနေ့ညကသူငယ်ချင်းတွေ ဆုံကြတော့ တစ်ယောက်က ဒီသတင်းလေးအကြောင်းပြောပြီး ခရိုအေးရှားတွေ သောက်မြင်ကတ်ပုဒ်မနဲ့ အင်္ဂလန်ကို အနိုင်ကစားသွားတာ ဖြစ်မယ်တဲ့။ ခရိုအေးရှားတွေက ရှုံးရင်တောင် ဘာမှဖြစ်ဘူးလေ။ ခြေစစ်ပွဲက အောင်ပြီးသားကိုး။

အခုလိုခြေစစ်ပွဲမအောင်တဲ့အတွက် ယူရိုပွဲကြီးကရမဲ့ ဆုကြေး၊ ရုပ်သံလွှင့်ခ၊ ခရီးသွားလုပ်ငန်းများ၊ လောင်းကစားဒိုင်များ စသည် စသည်ဖြင့် စုစုပေါင်း ဒေါ်လာနှစ်ဘီလီယံလောက်တန်တဲ့ စီးပွားရေး အခွင့်အလန်းတွေကို လက်လွှတ်လိုက်ရပြီ ဖြစ်ပါတယ်။

Wednesday, November 21, 2007

ဆရာ့ဆုံးမစကား

ဆရာကြီး ဒေါက်တာ ခင်မောင်ကြွယ်က အသက်ခုနစ်ဆယ်ကျော်နေပြီဖြစ်ပေမဲ့ ကျန်းမာသွက်လက်နေတုန်းပဲ။ EMBA အတန်းတွေကို စာလဲ လာသင်ပေးနေသေးတယ်။ ကျွန်တော်တို့ကို project management သင်ပေးပါတယ်။ ကျွန်တော့်မှာ အရင်က Project Management ကို သိသလိုလို တတ်သလိုလိုနဲ့ ယောင်ဝါးဝါးရယ်။ ဆရာလမ်းညွှန်ပြသမှုအောက်မှာ အများကြီးမျက်စိပွင့် နားပွင့် ဖြစ်ရတယ်။ ဆရာက lecture တိုင်းမှာ အတန်းသားများ ပါဝင် ဆွေးနွေးလာအောင် လမ်းကြောင်းပေးနိုင်တယ်။ ကျွန်တော်တို့ ငြင်းခုံကြ ဆွေးနွေးကြပြီးရင် သူကအနားသတ်ပေးတယ်။ လိုအပ်တာ ဖြည့်စွက်တယ်။ ကြည်လင်ပြီး ပြုံးနေတဲ့ မျက်နှာထားနဲ့ အင်မတန်သဘောကောင်းတဲ့ ဆရာတစ်ဦးပါ။ သူနဲ့ စာသင်ခွင့်ရတာကို ကျွန်တော်တို့ အရမ်းကံကောင်းနေပြီ။ အဲ ... ဒါက ဆရာ့အကြောင်းအနည်းအကျဉ်း ပြောပြတာပါ။

တကယ်ပြောချင်တာက (ကျွန်တော်လဲမေ့မသွားအောင်မှတ်ထားချင်လို့) ဆရာကန်တော့ပွဲမှာ ပြောခဲ့တဲ့ ဆုံးမစကားတွေပါ။ EMBA ဆရာကန်တော့ပွဲတုန်းက ဆရာကြီးဒေါက်တာ ခင်မောင်ကြွယ်ရဲ့ ဆုံးမသြ၀ါဒစကား အနှစ်ချုပ်လေးပါ။

ယုံကြည်၊ ကျန်းမာ၊ ရိုးဖြောင့်စွာဖြင့်၊ ၀ိရိယနဲ့ယှဉ် အမှန်မြင်....

၁) ယုံကြည်မှု trust, confident ကိုယ်လုပ်နေတဲ့အလုပ်အပေါ်မှာ ကိုယ်လျှောက်နေတဲ့လမ်းအပေါ်မှာ ယုံကြည်မှုရှိရမယ်။ ကိုယ်ကိုယ်တိုင်ကမှ ကိုယ်လုပ်တာမယုံကြည်ရင် တန်ဖိုးမထားရင် employeeတွေ customer တွေရဲ့ ယုံကြည်မှုကို ဘယ်လိုမှမရနိုင်ဘူး။

၂) ကျန်းမာခြင်း ဘ၀မှာ useful ဖြစ်စေဖို့ အတွက် ကျန်းမာနေဖို့လိုမယ်။ မကျန်းမာရင် ဘာမှမလုပ်နိုင်ဘူး uselessပဲ။ တစ်နည်းအားဖြင့်ကြည့်ရင် ကျန်းမာခြင်းဆိုတာဟာ self developmentပဲ မိမိကိုယ်ကိုစောင့်ရှောက်ခြင်းပဲဖြစ်တယ်။

၃) ရိုးသားမှု Honestey ဘ၀အတွက် ရည်ရှည်အတွက် အရမ်းကို အရေးကြီးတယ်။ ကိုယ်က ရိုးသားပါတယ် အော်ဟစ်ပြနေစရာမလိုဘူး၊ တကယ်ရိုးဖြောင့်ရင် တစ်ဖက်က ဆက်ခံကြည့်တာနဲ့သိတယ် ၊ ခံစားပြီးကို သိတယ်။

၎) လုံ့လ၀ိရိယ - လုံ့လ၀ိရိယရှိမှတိုးတက်မယ်။ ပျင်းရင်ဖျင်းမယ် အမြဲတန်း တက်ကြွအဆင်သင့်ဖြစ်နေရမယ်။

၅) အမှန်အတိုင်းမြင်သိမှု - အဖြစ်အပျက်တို့ရဲ့ သဘောအမှန်ကိုမြင်ရမယ်၊ ဥပမာ လောကုတ္တရာဆိုရင် ဖြစ်ပျက် မြင်တယ်ပေါ့။ လောကီမှာလဲ ဆန်းစစ်ဝေဖန် ပိုင်းဖြတ်မှုနဲ့ အကြောင်းတရားမှန် သဘောမှန် အဖြစ်အပျက်မှန် root cause ကို သိမြင်နိုင်အောင်ကြိုးစားကြရမယ်။

ဒီငါးချက်က လောကီ လောကုတ် နှစ်ဖြာ အကျိုးများစေပါမယ်တဲ့။

Monday, November 19, 2007

မိမိကိုယ်မိမိ ရိုးသားမှုရှိရေး

ဒီတစ်ပတ် Voice ဂျာနယ်ထဲက အယ်ဒီတာ့ အာဘော်လေးကို အရမ်းကြိုက်လို့ လက်ရှိအခြေအနေတွေကို ပညာသားပါပါ ထင်ဟပ်ပြလို့ ကောက်နှုတ်ကူးယူဖေါ်ပြလိုက်ပါတယ်။ ဒုတိယကမ္ဘာစစ်ကာလက ဟစ်တလာအပါအ၀င် နာဇီဗိုလ်ချုပ်ကြီးတွေဟာ လိမ်ညာ ၀ါဒတွေဖြန့်ရင်း နောက်ဆုံး သူတို့ပါမသိစိတ်ကယုံသွားပြီး အဲဒီအလိမ်အညာကြီးတွေကို အမှန်လို့ထင်သွားခဲ့ကြကြောင်း ဖတ်ခဲ့ဖူးပါသည်။ (ဘယ်စာအုပ်လဲတော့ မမှတ်မိတော့)


မိမိကိုယ်မိမိ ရိုးသားမှုရှိရေး

နာမည်ကျော် မင်းကွန်းဆရာတော်ကြီး သက်ရှိထင်ရှားရှိစဉ်က ရုပ်သံမှ မကြာခဏ ကြားခဲ့ရသော မေတ္တာပို့တရားတော်မှ လူအချင်းချင်းလှည့်ဖြားခြင်း ကင်းရှင်းကြပါစေ ဟူသောစကားကို စာဖတ်သူများ မှတ်မိနေဦးမည်ဟု ထင်ပါသည်။

လှည့်ဖြားခြင်းနှင့် ပတ်သက်၍ပြောရလျှင် လူတို့သည် လူအချင်းချင်းလှည့်ဖြားကြရုံသာမက မိမိကိုယ်မိမိကိုလည်း လှည့်ဖြား တတ်ကြကြောင်း သတိပြုမိသူအလွန်နည်းသည်။ သူတစ်ပါးကို လှည့်ဖြားခြင်းနှင့် မိမိကိုယ်မိမိ လှည့်ဖြားခြင်း နှစ်မျိုးအနက် သူတစ်ပါးကိုလှည့်ဖြားခြင်းသည် တစ်နေ့တွင် အဖြစ်မှန်ပေါ်ပေါက်တတ်သော်လည်း မိမိကိုယ်မိမိလှည့်ဖြားခြင်းသည် မည်သည့်အခါမျှ အဖြစ်မှန်မပေါ်တတ်၍ သေသည်အထိ လှည့်ဖြားမှုအောက်တွင် နေထိုင်သွားကြရလေ့ရှိပါသည်။

များသောအားဖြင့် လူတို့သည် မတရားမှု ပြုလုပ်ရသောအခါတွင် မိမိကိုယ်မိမိ မတရားမှုပြုသူအဖြစ် လက်မခံနိုင်သဖြင့် လိုအပ်သော မိမိကိုယ်မိမိ လှည့်ဖြားမှု ပြုလုပ်ကြရသည်။ ထိုလှည့်ဖြားမှုကို ကာယကံရှင်က ယုံကြည်ပြီဆိုလျှင် ထိုမတရားမှုကို ကျူးလွန်နိုင်သကဲ့သို့ ထောက်ပြသူများကိုလည်း လှည့်ဖြားထားသည့်အတိုင်း ယုံကြည်စွာ ပြောဆိုနိုင်သွားသည်ကို တွေ့ရသည်။ အပြောခံရသူအများစုက ထိုသူသည် မိမိကိုယ်ကိုလှည့်ဖြားထားမှန်းမသိသောကြောင့် အဘယ့်ကြောင့် အဘယ်သို့သောသဘောထားဖြင့် ဤသို့ပြောနိုင်သည်ကို နည်းမလည်နိုင်အောင် ရှိကြသည်ကိုလည်း တွေ့ရသည်။

အထူးဖေါ်ပြလိုသည်မှာ မိမိကိုယ်မိမိ လှည့်ဖြားမှုများကို ဖော်ထုတ်နိုင်သူမှာ မိမိကိုယ်တိုင်သာဖြစ်ကြောင်းနှင့် ထိုသို့လှည့်ဖြားထားမှုများကို ဖော်ထုတ်နိုင်ရန်မှာ မိမိကိုယ်မိမိ ရိုးသားမှုရှိရေးသာဖြစ်ပါသည်။

အယ်ဒီတာ (၁၂-၁၁-၂၀၀ရ)

The Voice Weekly (Vol. 4/ No.5)

ယူရို၂၀၀၈ ခြေစစ်ပွဲတွေ

Group A
ပိုလန်က တစ်ပွဲကျန် ၂၇မှတ်နဲ့ ခြေစစ်ပွဲအောင်နေပါပြီ။ သူ့အောက်မှာက ပေါ်တူဂီ ၂၆မှတ်၊ ဖင်လန် ၂၃မှတ်။ နောက်ဆုံးပွဲတွေက ဆားဘီးယားနဲ့ပိုလန်၊ ပေါ်တူဂီနဲ့ ဖင်လန် ထိတ်တိုက်တွေ့ပါတယ်။ ပေါ်တူဂီအနည်းဆုံး သရေကစားနိုင်ရင် ခြေစစ်ပွဲအောင်ပါပြီ။ ဖင်လန်အနေနဲ့ကတော့ နိုင်လို့ ၂၆မှတ်ချင်းတူရင်တောင် Goal difference ကို ကြည့်ရဦးမှာဖြစ်ပါတယ်။

Group B
ပြင်သစ်၊ အီတလီနဲ့ စကော့တလန်တို့အုပ်စုမှာ အီတလီက စကော့တလန်ကို အနိုင်ကစားလိုက်တဲ့အတွက် စကော့တလန်တို့ ပွဲစဉ်အကုန်မှာ ၂၄မှတ်နဲ့ မျှော်လင့်ချက်မဲ့သွားပါပြီ။ စကော့တလန်တို့အနေနဲ့ အီတလီတို့အထက်က ဦးဆောင်ခွင့်ရပေမဲ့ ဂျော်ဂျီယာကို ရှုံးလိုက်တဲ့ပွဲမှာ တော်တော်ဆိုးသွားတယ်။ အဖိုးတန် သုံးမှတ်ဆုံးရှုံးသွားတာပေါ့။ အီတလီက နောက်တစ်ပွဲအနေနဲ့ ဖာရိုးကျွန်းစုကို သက်တောင့်သက်သာ ကစားပြီး နောက်သုံးမှတ်ယူဦးမှာပါ။ အဲဒီတော့ ၂၉မှတ်ပေါ့။ ကြားထဲက ထိုင်နေရင်းခြေစစ်ပွဲအောင်သွားတာကတော့ ပြင်သစ်ဖြစ်ပါတယ်။ နောက်တစ်ပွဲအနေနဲ့ ယူကရိန်းကွင်းမှာသွားကစားဖို့ရှိသေးပေမဲ့ လက်ရှိမှာတင် ၂၅မှတ်ရနေပြီဆိုတော့ အုပ်စုဒုတိယနဲ့ ခြေစစ်ပွဲအောင်နေပါပြီ။


Group C
ဂရိက ၂၈မှတ်နဲ့ ခြေစစ်ပွဲအောင်ပါပြီ။ သူ့နောက်က တူရကီက ၂၁မှတ်၊ နော်ဝေက အမှတ်၂၀ အသီးသီးရနေပါတယ်။ နောက်ဆုံးပွဲအနေဲ့ နော်ဝေးက မော်တာနဲ့ အဝေးကွင်းမှာ။ တူရကီက ဘော့စနီးယားနဲ့ အိမ်ကွင်းမှာပါ။ တူရကီတို့ နောက်ဆုံးပွဲကိုနိုင်လိုက်တာနဲ့ ခြေစစ်ပွဲအောင်ပါပြီ။

Group D
ဂျာမနီနဲ့ ချက် ခြေစစ်ပွဲအောင်ပြီးဖြစ်ပါတယ်။ နောက်ဆုံးပွဲတွေရဲ့ ရလဒ်က အရေးမပါတော့ပါဘူး။

Group E
ခရိုအေးရှားက မက်ဆီဒိုးနီးယားကို ရှုံးတယ်။ ရုရှားက အစ္စရေးကိုရှုံးတယ်။ ရင်တမမနဲ့ စောင့်ကြည့်နေရတဲ့ အင်္ဂလန်အသင်းအတွက် တဒင်္ဂတော့ အသက်ရှူချောင်သွားတာပေါ့။ ရုရှားသာ အဲဒီပွဲနိုင်ခဲ့ရင် အင်္ဂလန်က ယူရိုပွဲကြီးကို လက်ပြကျန်ရစ်တော့မှာကိုး။ အခုတော့ ခရိုအေးရှားက ၂၆မှတ်၊ အင်္ဂလန်က ၂၃မှတ်၊ ရုရှားက ၂၁မှတ်။ ခရိုအေးရှားနဲ့ အင်္ဂလန်ကန်ရမယ်။ ရုရှားက အင်ဒိုရာနဲ့ကန်ရမယ်။ အခုထိ တစ်ပွဲမှ မနိုင်သေးတဲ့ အင်ဒိုရာကို တော့ ရုရှားက အနိုင်ရဖို့များတယ်။ အဲဒီတော့ ပွဲစဉ်အကုန်မှာ ရုရှားက ၂၄မှတ်ရမယ်ပဲထားပါတော့။ ခရိုအေးရှားကတော့ နိုင်နိုင်ရှံးရှုံးတက်နေပြီ။ အင်္ဂလန်နိုင်ရင်တော့ အင်္ဂလန်နဲ့ ခရိုအေးရှားတက်သွားမယ်။ အင်္ဂလန်ရှုံးရင်တော့ ခရိုအေးရှားနဲ့ ရုရှားတက်မယ် (အင်ဒိုရာကိုနိုင်ပြီး ရုရှားနောက်ထပ် ၃မှတ်ရခဲ့ရင်ပေါ့။)

Group F
စပိန်က ၂၅မှတ်နဲ့ ခြေစစ်ပွဲအောင်နေပါပြီ။ ဆွီဒင် က ၂၃မှတ်၊ မြောက်အိုင်ယာလန်က ၂၀မှတ်။ ဆွီဒင်က လတ်ဘီးယားကို အိမ်ကွင်းမှာ ဧည့်ခံကစားရမှာဖြစ်ပြီး မြောက်အိုင်ယာလန်က ခြေစစ်ပွဲအောင်ပြီးဖြစ်တဲ့ စပိန်ရဲ့ကွင်းမှာ သွားကစားရမှာပါ။ ခြေစစ်ပွဲအောင်ပြီးဖြစ်တဲ့ စပိန်ဆီက မြောက်အိုင်ယာလန်တို့ သုံးမှတ်ရကောင်းရနိုင်ပါတယ်။ ဆွီဒင်ကလည်း အနိုင်ကစားတာနဲ့ ခြေစစ်ပွဲအောင်မှာဆိုတော့ လတ်ဘီးယားတွေကို အနိုင်ကစားမယ်လို့ မျှော်လင့်ရပါတယ်။

Group G
ရူမေးနီးယားနဲ့ နယ်သာလန်တို့ ခြေစစ်ပွဲအောင်နေပါပြီ။

uefa.com

EMBA အာစရိယပူဇော်ပွဲနှင့် မိတ်ဆုံစားပွဲ


EMBA အာစရိယပူဇော်ပွဲနှင့် မိတ်ဆုံစားပွဲကို နိုဝင်ဘာ ၁၆ရက် ညနေ ၆နာရီက စပြီး Sedona Hotel မှာ ကျင်းပခဲ့ပါတယ်။ လက်ရှိ ကျောင်းတက်ဆဲ 5th and 6th batch တို့က ဦးဆောင်ပြီးတော့ ရှိသမျှ အတန်းခြောက်တန်းလုံးက ကျောင်းသားတွေပါဝင်ကြပါတယ်။ နယ်ကို တာဝန်နဲ့ ပြောင်းရွှေ့သွားတဲ့ သူတွေကလွဲလို့ ဆရာဆရာမတွေလဲ စုံစုံလင်လင် တက်ရောက်ပေးကြပါတယ်။ ရှေးဦးစွာ ဆရာဆရာမတွေကို ထိုင်ကန်တော့ကြ၊ ပြီးတော့ ဆရာကြီး ဒေါက်တာခင်မောင်ကြွယ်၊ ဆရာမကြီး ဒေါ်ရီရီမြင့်၊ ဒုတိယပါမောက္ခချုပ်၊ ပြီးတော့ ဆရာမကြီးဒေါ်နုနုယဉ် တို့က ဆုံးမသြ၀ါဒ စကာေးပြာကြားကြပါတယ်။ ကျောင်းက စာသင်ခန်းထဲ ပြန်ရောက်ပြီး lecture ပြန်နားထောင်နေရတယ်ဆိုတဲ့ ခံစားချက်မျိုးပေါ်လားပြီး ကျောင်းတက်ခဲ့ချိန်တွေ ကို ပြန်သတိရမိပါတယ်။
ကျောင်းသားတွေကိုယ်စား 2nd Batch က ကိုဝင်းဇင်ဦးနဲ့ 5th Batch ကတစ်ဦးတို့က ကျေးဇူးတင်စကား ပြောကြားကြပါတယ်။ ပြီးတော့ တပျော်တပါး ညစာစားကြ၊ သီချင်းတွေဆိုကြ၊ ဓါတ်ပုံတွေရိုက်ကြပေါ့။

ခြုံပြီးပြောရရင် ပျော်စရာပါ။ ကျောင်းပြီးသွားပြီ (paper တင်ဖို့တော့ကျန်သေးတယ်) ဆိုတော့ ကိုယ့်အလုပ် နဲ့ကိုယ် သူငယ်ချင်းတွေ မတွေ့ဖြစ်ကြတော့ဘူး။ ကိုယ့်နီးစပ်ရာ အလုပ်နဲ့ဆက်စပ်ရာ လူတွေပဲ တွေ့ဖြစ်ကြ တော့တာကိုး။ ဒီလိုပွဲမျိုးလေးတွေရှိမှပဲ သူငယ်ချင်းတွေတွေ့ကြရတာကိုး။ MBA တက်ရတဲ့အထဲမှာ စာသင်ရတာအပြင် ဒီလို လူတွေနဲ့ သိကျွမ်းရတာ အတွေ့အကြုံတွေ အတွေးအခေါ်တွေ စဉ်းစားပုံတွေ ဖလှယ်ရတာ ဆွေးနွေးငြင်းခုံ ကြရတာလဲ ကျွန်တော့်အတွက် တကယ့်ကိုကောင်းတဲ့ အကျိုးရှိတဲ့ experience တစ်ခုပါပဲ။ တစ်ခုပဲ နည်းနည်း ဘ၀င်မကျတာလေးက ကိန်းကြီးခန်းကြီးနိုင်ပြီး ပကာသန ဆန်တာလေးတွေကိုပါပဲ။ ကွန်ပျူတာ တက္ကသိုလ်အတွက် အာစရိယပူဇော်ပွဲတွေကို ဦးဆောင်ကျင်းပတဲ့ ကျောင်းသားဟောင်းအဖွဲ့မှာလဲ ကျွန်တော်ပါပါတယ်။ အဲဒီတုန်းက တက္ကသိုလိ ဓမ္မာရုံမှာပဲကျင်းပခဲ့တာ နှစ်ကြိမ်ရှိသွားပြီ။ သပ်သပ်ရပ်ရပ်လေးနဲ့ ခမ်းခမ်းနားနားလေးပါပဲ။ ကန်တော့ပြီးတော့လဲ ဓမ္မာရုံထဲမှာပဲ ဆရာတွေရော ကျောင်းသားတွေရော စားပွဲဝိုင်းတွေခင်းပြီး နေ့လည်စာစားကြတာပေါ့။ ဘွဲရကျောင်းသား ဟောင်း တွေအားလုံးစုပြီးလုပ်ကြတာပေါ့။

အခု MBA မှာက တစ်ခုခုဆို Sedona, Traders ပေါ်ကကိုမဆင်းတော့ဘူး။ တစ်ချို့နေရာတွေမှာ လိုသည်ထက်ပိုပြီး ကိန်းကြီးခန်းကြီးနိုင်ကြသလိုပဲ။ ဒါလဲ MBA Culture တစ်ခုများလား မသိပါဘူးဗျာ။ ကျွန်တော်တို့ 4th Batch Year End dinner လုပ်တုန်းကလဲ အင်းယားလိပ်မှာ ညစာစားပွဲလုပ်ကြတယ်။ ၁၂သိန်းကျော်လောက်ကုန်သွားတာပေါ့။ အခု ဒီ EMBA အာစရိယပူဇော်ပွဲမှာလဲ ညစာအတွက် တစ်ဦးကို 15USD ပဲထားဦး လူသုံးရာကျော်တယ်။ ဒါပေမဲ့ အဲဒီအတွက်ကုန်ကျစရိတ်ကို 5th Batch က ကျောင်းသူတစ်ဦးက sponsor ပေးသွားတယ်လို့ သိရပါတယ်။ သာဓုပါဗျာ။ လှူနိုင်တန်းနိုင်ကြပါပေတယ်။

Saturday, November 17, 2007

ဗီယက်နမ်က ပန်းချီကားတစ်ချို့

ကျွန်တော်တည်းခဲ့တဲ့ Shereton hotel မှာ ချိတ်ထားတဲ့ ပန်းချီကားလေးတွေကို ဓါတ်ပုံရိုက်ယူလာတာပါ။ ကင်မရာက Coolpix အသေးစားလေးဆိုတော့ နည်းနည်းတော့ distort ဖြစ်ကုန်တယ်။ အဲ .. ကျွန်တော် မရိုက်တတ်လို့လဲဖြစ်နိုင်တယ်။ ဘာပဲဖြစ်ဖြစ် အမြည်းသဘော ခံစားကြည့်လို့ရတာပေါ့ ...

























Photos from Hanoi



Friday, November 16, 2007

၉လမ်းက တရုတ်အရိုးအကြောဆရာ

ချောင်းသာအသွားရခဲ့တဲ့ ခြေတောက်ဒဏ်ရာက အကင်းမသေဘူးဖြစ်နေတယ်။ မပျောက်ဆို ကိုယ်ကလည်း နားနားနေနေကိုမနေဖြစ်သေး။ ချောင်းသာကပြန်လာပြီး သိပ်မကြာဘူး ဟနွိုင်းကို သွား။ အဲဒီကပြန်လာပြီး ပဲခူးက ရွာကိုထပ်သွားနဲ့ ငြိမ်ငြိမ်မှမနေတာကိုး။ မနေ့ညကတော့ ၉လမ်းက တရုတ်ဆရာကိုသွားပြဖြစ်တယ်။ ကိုမင်းဦးညွန်ပေးလို့လေ။ သူခြေခေါက်လဲတုန်းကလည်း အဲဒီဆရာဆီမှာ ဆေးစည်းတယ်တဲ့။ ကောင်းတယ်လို့ပြောဖူးလို့။

၉လမ်း ရွှေပုဇွန်နှစ်ဆိုင်ကြားက လမ်းပေါ့။ ညာဖက်က သုံးလေးအိမ်မြောက်လောက်ပေါ့။ ဒုတိယထပ်ကိုတက်ရတယ်။ အခန်းလေးက ခပ်ကျဉ်းကျဉ်းရယ်။ ၁၅သာသာလောက်ပဲရှိမယ်။ အဲဒီတိုက်ခန်းလေးရဲ့ အရှေ့ဖက်နေရာလေးမှာကုတာ။ ကွပ်ပစ်လေးတစ်ခုချထားတယ်။ လူနာတွေက အဲဒီမှာထိုင်ခိုင်းပြီးကုတာ။ အလှည့်မကျသေးသူတွေအတွက် ခုံလေးတွေချပေးထားတယ်။ ကိုယ့်ရဲ့ တုံကင် နံပါတ်က ၁၆။ ကိုယ်ရောက်တော့ ဆရာက နံပါတ်၅ကိုကြည့်ပေးနေတုန်းပဲ။ လူနာတွေကတော့ စုံနေတာပဲ။ စက်ဘီးမှောက်ပြီး လက်ကျိုးသွားတဲ့ကလေး (ဘာလို့ဆေးရုံမသွားပဲ ဒီမှာလာကုလဲမသိဘူးဗျ)၊ ချော်လဲပြီး အရိုးအက်သွားတဲ့မိန်းမကြီး၊ ရေကဲ့ထည့်ရင်း ခါးမျက်သွားတဲ့ ခပ်၀၀ အမျိုးသမီးငယ်တစ်ဦး၊ ကြက်တောင်ရိုက်ပြီး တကောက်ကွေးနာသွားတဲ့ အမျိုးသားတစ်ဦး ... အဲ အတော်ကို စိတ်ဝင်စားစရာပဲ။

လူနာတိုင်းကို ဒဏ်ရာနေရာကို ကိုင်ကြည့်တယ် နှိပ်တယ်။ ပြီးရင်ဆေးစည်းပေးတယ်။ ဆေးက ဂွမ်းပေါ်မှာ ပွဲညှက်လိုအရောင်မျိုးဆေးတွေတင်ထားတာ။ ပြီးရင် ပတ်တီးစည်းပေါ့။ လက်ကျိုးတဲ့ကလေးကိုတော့ ၀ါးဒုတ်လေးသုံးချောင်းနဲ့ပါစည်းပေးလိုက်တယ်။ အခကြေးငွေကလည်း တစ်ထောင်ကျော်ပဲယူတယ်။ ပြီးရင် ပလပ်စတစ်နဲ့အရက်ထုတ်လေးပေးလိုက်တယ်။ ဆေးစည်းထားတဲ့အပေါ်လောင်းချဖို့တဲ့။ တစ်နေ့ကို သုံးကြိမ်လောက်လောင်းပေးပါတဲ့။ သူပြောတဲ့အတိုင်းလောင်းပြီးတဲ့အချိန်မှာ အနံကအတော်ပြင်းသားဗျ။ အရက်သီးသန့်ဆိုလဲ အဲဒီလောက်အနံမရှိဘူး။ ဆေးနံကလည်းသူ့ချည်းပဲသိပ်မထွက်ဘူး၊ ဆေးစည်းတဲ့အပေါ် အရက်လောင်းလိုက်မှ အနံက စူးကနဲထွက်လာတာ။ ပတ်တီးမဖြေရဘူး ရေမထိရဘူးလို့ မှာလိုက်တယ်။ တနင်္ဂနွေနေ့ထပ်ပြရဦးမယ်ဗျ။

ဆေးစည်းပြီးအပြန်မှာ အမေတို့အတွက် ရွှေပုဇွန်က ဖာလူဒါဝင်ဝယ်လိုက်သေးတယ်။ ဖာလူဒါက တစ်ခွက်ကို ၉၀၀ဖြစ်သွားပြီး ဖော့ခွက်သေးသေးလေးနဲ့ဖြစ်သွာတယ်။ :D

poverty line **

The poverty threshold/ poverty line, is the minimum level of income deemed necessary to achieve an adequate standard of living.

ဒါက ၀ီကီပီဒီယာထဲက poverty lineရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ပါ။ UN က statement ထုတ်တော့ ဦးစိုးသာက ရှင်းလင်းပွဲတစ်ခုလုပ်ပြီး statement မှာပါတဲ့အချက်အလက်တွေဟာ မှန်ကန်မှုမရှိကြောင်း ပြန်လည် ဖြေကြားပါတယ်။ အဲဒီထဲမှာပါတဲ့တစ်ချက်က 2004ခုနှစ် survery အရ မြန်မာနိုင်ငံရဲ့ poverty line ဟာ ၁၆၂၀၀၀ကျော် ရှိပါတယ်တဲ့။ ဒါပေမဲ့ တစ်ဦးချင်းရဲ့ ပျမ်းမျဝင်ငွေက ၁၆၇၀၀၀ ကျော်ရှိတဲ့အတွက် poverty line ကို ကျော်ပါတယ်တဲ့။ သူကတော့ ဘာကိုဆိုလိုပြီးရှင်းသွားတယ်မသိ။ ကျွန်တော့်မှာ တွေးစရာတွေ အများကြီးဖြစ်သွားလို့။ သူပြောတဲ့ငွေပမာဏက တစ်နှစ်စာပါ။ တစ်နှစ်မှာ ၃၆၅ရက်ဆိုတော့ တစ်ဦးချင်းရဲ့ တစ်ရက် ပျမ်းမျဝင်ငွေက ၄၅၀ကျော်လေးပေါ့။ လူတစ်ယောက်က ငွေ၄၅၀နဲ့ တစ်နေ့စာဘာလုပ်လို့ရသလဲ။ စားဝတ်နေရေးဆိုတဲ့ အခြေခံလိုအပ်ချက်တွေမှာ စားလို့လောက်ရုံလေး (ဒါတောင်အတော်ချို့ချို့ငဲ့ငဲ့စားရမှာ) ၀တ်ဖို့နေဖို့ဆိုတာဝေးရော။

အဲဒီတော့ poverty lineရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ထဲက adequate standard of living ဆိုတဲ့အထဲမှာ ဘာတွေပါပြီး ဘာတွေမပါဘူးလဲ။ ထမင်းကို မသေရုံနပ်မှန်ရုံလေးစား၊ အရှက်လုံရုံဝတ်ပြီး ဇရပ်မှာခိုကပ်နေရမှာလား။ August လတုန်းက Tokyo သွားရင်း အဲဒီမှာ ကျောင်းတက်နေတဲ့ ၀မ်းကွဲညီမငယ် နဲ့ဆုံဖြစ်တယ်။ ကျောင်းအားချိန်တွေမှာ သူ part-time အလုပ်လုပ်ရတာပေါ့။ စားပွဲထိုးပေါ့ဗျာ။ တစ်နာရီ ယမ်း ၉၀၀ ရတယ်။ Tokyo ကို စရောက်တဲ့ နေ့လည်က ဟိုတယ်ကိုသူလာပြီး အနားက ဈေးတန်းလေးမှာ ခေါက်ဆွဲပြုတ်လိုက်ကျွေးတယ်။ နှစ်ယောက်စာ အအေးပါသောက်ပြီး (အသားကင်လေးတစ်ခုတောင် ကျွန်တော်ယူစားလိုက်သေးတယ်) ယမ်းတစ်ထောင်လောက်ကျတယ်။ ဗိုက်ပြည့်တယ် စားလို့လည်း ကောင်းတယ်။ ပြောချင်တာက ဂျပန်မှာ အနိမ့်ဆုံးအလုပ်သမားရဲ့တစ်နာရီလစာဟာ ထမင်းတနပ် ကောင်းကောင်း စားလို့ရတယ်။ ပိုတောင်ပိုသေးတယ်။


အဲဒါနဲ့ ဆက်ပြီးတွေးနေမိတယ်။ အခုကျွန်တော့ကုမ္ပဏီက ပုံမှန် Programmer တစ်ယောက် ... တစ်လကို အခြေခံလစာ သုံးသောင်းခွဲလေးသောင်း၊ ရက်မှန်ကြေး၊ performance bonus စတာတွေပေါင်းလိုက်ရင် ငါးသောင်းခွဲ ခြောက်သောင်းပဲထားပါ။ အလုပ်လုပ်ရက်က ၂၅ရက်မှာ တစ်ရက် ရှစ်နာရီဆိုရင် တစ်နာရီကို ၃၀၀ကျပ်လောက်ရတယ်။ ရုံးနားကဆိုင်သေးသေးလေးမှာ ခပ်ပေါပေါစားရင်တောင် ဘဲဥချဉ်ရည်ဟင်း လောက်နဲ့ကို ငါးရာ ခြောက်ရာလောက်ရှိနေပြီ။

သက်ဆိုင်ရာက ထုတ်ပြန်တဲ့ poverty line အပေါ်မှာရှိတဲ့ တစ်ဦးချင်း ပျမ်းမျှဝင်ငွေ တစ်နှစ်ကို တစ်သိန်းခြောက်သောင်းခုနစ်ထောင်နဲ့ ဘယ်လို adequate standard of living တွေနေနိုင် စားနိုင်မယ်ဆိုတာ ကျွန်တော်တွေးကြည့်ရင်း ဥာဏ်မမီဘူးဖြစ်နေပြီ။