Friday, November 23, 2007

ဘိုင့်ဘိုင် အင်္ဂလန်

အင်္ဂလန်ဘောလုံးအသင်းကြီးတော့ နံမည်ကြီး ထမင်းငတ် ဖြစ်လေပြီ။နောက်ဆုံးအချိန်အထိ ကံကြမ္မာက မျက်နှာသာ ပေးခဲ့ပါသေးတယ်။ နောက်ဆုံးပွဲ အိမ်ကွင်းမှာ သရေကန်ရင်တောင် ခြေစစ်ပွဲအောင်နေတဲ့ အနေအထားမှာ ခရိုအေးရှားရဲ့ နောက်ဆုံးမိနစ်ပိုင်း အနိုင်ဂိုးကြောင့် အင်္ဂလိပ်တွေ အိမ်မက်က လန့်နိုး ခဲ့ကြရပါပြီ။ နဂိုကတည်းက ပရီးမီးယားလိဒ်မှာ အင်္ဂလိပ်လူငယ်ဘောလုံးသမားများ နေရာမရဖြစ်နေလို့ နိုင်ငံခြားသား ဘောလုံးသမား အရေအတွက် ကို ကန့်သတ်ဖို့ FA က အသံတွေ တညံညံထွက်နေတဲ့ အချိန်မှာ အခုလို ခြေစစ်ပွဲမအောင်တော့ ဘယ်လိုဖြစ်လာဦးမယ်ဆိုတာ အတော့ကို စိတ်ဝင်စားစရာ ကောင်းနေပါပြီ။

အဲဒီနောက်ဆုံံးပွဲကန်မဲ့ညက ဘာလို့မှန်းမသိ အင်္ဂလန်ကို ရှုံးပြီးထွက်သွားစေချင်စိတ်တွေ ပေါ်နေမိတယ်။ သရေကန်ရင်တောင် တက်ပြီဆိုပေမဲ့ စိတ်ထဲမှာ သူတို့ ခြေစစ်ပွဲမအောင်သင့်ဘူး မထိုက်တန်ဘူးလို့ ခံစားနေရလို့ပဲ။ နောက်နေ့မနက်စောစော ဂျာနယ်ဝယ်ဖတ်ပြီးတော့ ရလဒ်ကို သိလိုက်ရတဲ့အချိန်မှာ စိတ်ထဲမှာ ဘဝင်ကျသွားသလိုပဲ။

သိပ်တော့မဆိုင်ပေမယ့် ဒီအပတ်သောကြာက Eleven ဂျာနယ်မှာ ထူးထူးခြားခြား သတင်းတိုလေးတစ်ပုဒ်ကို ဖတ်လိုက်မိတယ်။ ခြေစစ်ပွဲကစားရန်လာတဲ့ ခရိုအေးရှားအသင်းမှ တာဝန်ရှိသူတစ်ဦးအား အင်္ဂလန်လေဆိပ်မှ ပစ္စည်းအလစ်သုတ် မသင်္ကာမှုနဲ့ ခေတ္တ ထိန်းသိမ်းပြီး စစ်ဆေးမေးမြန်းတယ်တဲ့။ အဲဒီအချိန်မှာ ကစားသမားများလဲ ရှိနေတယ်တဲ့။ မနေ့ညကသူငယ်ချင်းတွေ ဆုံကြတော့ တစ်ယောက်က ဒီသတင်းလေးအကြောင်းပြောပြီး ခရိုအေးရှားတွေ သောက်မြင်ကတ်ပုဒ်မနဲ့ အင်္ဂလန်ကို အနိုင်ကစားသွားတာ ဖြစ်မယ်တဲ့။ ခရိုအေးရှားတွေက ရှုံးရင်တောင် ဘာမှဖြစ်ဘူးလေ။ ခြေစစ်ပွဲက အောင်ပြီးသားကိုး။

အခုလိုခြေစစ်ပွဲမအောင်တဲ့အတွက် ယူရိုပွဲကြီးကရမဲ့ ဆုကြေး၊ ရုပ်သံလွှင့်ခ၊ ခရီးသွားလုပ်ငန်းများ၊ လောင်းကစားဒိုင်များ စသည် စသည်ဖြင့် စုစုပေါင်း ဒေါ်လာနှစ်ဘီလီယံလောက်တန်တဲ့ စီးပွားရေး အခွင့်အလန်းတွေကို လက်လွှတ်လိုက်ရပြီ ဖြစ်ပါတယ်။

No comments: