Monday, November 12, 2007

ရွာသို့တစ်ခေါက်

 

 

 

 

 

 

 

 

တနင်္ဂနွေနေ့က ပဲခူးနားကရွာလေးကို တစ်ခေါက်ထပ်သွားဖြစ်တယ်။ ကထိန်အတွက် ရန်ကုန်က လူတွေလှူတဲ့ပိုက်ဆံတွေသွားပေးဖို့ရော ဘုရားကုန်းပေါ်မှာထာမဲ့ ရုပ်တုတွေရယ်ကိစ္စအတွက်ပေါ့။ ရန်ကုန်ကအထွက်က သမိုင်းလမ်းဆုံကနေ Hilux လိုင်းကားစီးသွားတာပေါ့။ ပဲခူးအဝင်ကတံတားတစ်ခုက ပြန်ဆောက်ဖို့ ဖျက်ထားတဲ့အတွက် အဲဒီနားမှာ ကားတွေ ဆိုင်ကယ်တွေ မြင်းလှည်းတွေ စက်ဘီးတွေ ရှုပ်ရှက်ခပ်နေတာပဲ။ တစ်ကြိမ်ကို တစ်ဖက်ကယာဉ်တွေကိုပဲပေးသွားတယ်။ နောက်တစ်ဖက်က လာတဲ့ယာဉ်တွေက စောင့်ပေါ့။

ပဲခူးလိုင်းကားကလဲ အရင်ကလို ရွှေမော်ဓေါဘုရားစျေးအထိမသွားပေးတော့ဘူး။ တံတားအဆင်းနားမှာ ဂိတ်ဆုံးပြီဆိုပြီးရပ်ရော။ ဒါနဲ့ သုံးဘီးဆိုင်ကယ်လေး (သူတို့အခေါ် တုတ်တုတ်)ထပ်စီးပြီး ဘုရားခြေရင်းကိုသွား အဲဒီကနေမှ ရွာကြီးဖက်ကမ်းအထိ လေးဘီးကားလေးငှားသွားတယ်။ ကိုယ်တစ်ယောက်ထဲဆိုရင် ဆိုင်ကယ်ကယ်ရီပဲစီးသွားလေ့ရှိတယ်။ အခုက အသက်ကိုးဆယ်ကျော် ဘဘ ပါနေတော့ ကားနဲ့ပဲသွားတယ်။ ဒီတစ်ခေါက်သွားတာကလဲ ဘဘကို လိုက်ပို့တာ။ သူက အသက်ကိုးဆယ်ကျော်ပြီဆိုသော်လည်း သန်တုန်းမြန်တုန်းဗျ။ တစ်ခါတစ်လေ ရွာကို တစ်ယောက်တည်းသွားတာ။ ကျွန်တော်အားရင်တော့ လိုက်ပို့ပေးပါတယ်။ ရွာကိုသွားတဲ့ ဂဝံခင်းလမ်းလေးက ခပ်ဆိုးဆိုးရယ်။ ဖုန်ကလဲထူသေး။ ခုနစ်မိုင်လောက်ရှိမယ်ဗျ။

ရွာရောက်တော့ ဦးတင်ဝင်းတို့ ဒေါ်နုရီတို့မိသားစုက ဝမ်းသာအရကြိုကြတယ်။ သူတို့က ဘုရားကိစ္စအတွက် ဘဘကို မျှော်နေကြတာ။ သူတို့သားနှစ်ယောက်ကတော့ လယ်ထဲရောက်နေလေရဲ့။ မိုးစပါးရိတ်ပြီးတော့ အခု နွေစပါးပြန်စိုက်ဖို့ပြင်ဆင်နေကြတာလေ။ နောက်တစ်နေ့ဆို မျိုးကြဲတော့မှာတဲ့။ သမီးလေး သုံးယောက်ကတော့ ထုံးစံအတိုင်း ဆေးလိပ်လိပ်နေကြတယ်။ ဒါနဲ့ သူတို့ဆီက တစ်လိပ် ယူသောက်တယ်။ ရန်ကုန်မှာက ဆေးပေါ့လိပ် သိပ်မသောက်ဖြစ်ဘူး။ ရွာကမိန်းကလေးအများစုက ဆေးလိပ်လိပ်ကြတယ်လေ။ လိပ်ခကတော့ တစ်ထောင်ကို ငွေ ရှစ်ရာကနေ တစ်ထောင်လောက်ပဲရတယ်။ ဂျိုးသိန်းတံဆိပ်တွေ။ သူတို့ညီအမသုံးယောက် သုံးရက်လိပ်ရင် အလိပ်တစ်သောင်းလောက်ရတယ်တဲ့။ လုပ်အားခက နည်းတော့နည်းတယ်။ သုံးယောက်ကို သုံးရက်မှ ရှစ်ထောင် တစ်သောင်းပဲရတယ်။

နေ့လည်ပိုင်းမှာ အလံနီဖက်က (ကွန်မြူနစ်အလံနီနေခဲ့တဲ့နေရာကို စွဲပြီးခေါ်တာလားတော့မသိ သူတို့လဲ အသေအချာမပြောနိုင်ဘူး။) ပျားရည်လာရောင်းတာနဲ့ ငါးပုလင်းဝယ်ပြီး ဒေါ်နုရီတို့ဆီက Alpine 5liter ရေသန့်ဘူးကိုတောင်းပြီး ထည့်လာတယ်။ ပျားရည်စစ်တယ်လို့တော့ထင်ရတာပဲ။ .75L လောက်ပုလင်းနဲ့ ထည့်ထားတာကို ၁ရဝဝကျပ်ပေးရတယ်။ နေနည်းနည်းအေးတော့ ဘုရားကုန်းကိုသွားကြည့်ကြတယ်။ ဆရာတော်တွေ ပုဂ္ဂိုလ်တွေရဲ့ရုပ်တုတွေကတော့ပြီးနေပြီ။

အချောသပ်ဆေးချယ်ဖို့ကျန်သေးတယ်။ အဆောင်လေးတွေ ဆောက်ဖို့ကျန်တယ်။ မနှစ်ကပဲ လုပ်ပြီးခဲ့တဲ့ နှစ်ကျိပ်ရှစ်ဆူဘုရားတွေက တစ်ချို့အဆူတွေမှာ ဆေးတွေ နည်းနည်းကွာပြီး အမဲကွက်လေးတွေ ဖြစ်ချင်နေပြီ။ ဒါတွေကြည့်ပြီး ဘဘရယ် ဦးတင်ဝင်းရယ်နဲ့ ဘာတွေဘာတွေ အရင်လုပ်မယ် တိုင်ပင်ကြတယ်။ ဘဘကနေခဲ့ပြီး ဆက်လုပ်နေဦးမှာ။ ကျွန်တော်က ဒီနေ့မနက် စောစောပဲပြန်လာတာ။ ရုံးအလုပ်တွေရှိသေးတယ်လေ။

ညဖက်ထမင်းစားတော့ မိန်လိုက်တာ။ ရွာရောက်တိုင်းထမင်းစားလို့ကောင်းတယ်။ ရန်ကုန်မှာထက် ပိုပြီးစားဖြစ်တယ်။ ငါးဘတ်ကို ခရမ်းချဉ်သီးနဲ့ချက်တယ်။ ပြီးတော့ ချဉ်ပေါင်ဟင်းရည်၊ ငါးပြေမကို အရည်လေးနဲ့ချက်ထားတယ်။ ငါးပိရည်နဲ့ တို့စရာက ဒညင်းသီးမီးဖုတ်။ အိုး ကောင်းမှကောင်း။ စားပြီးတော့ ရေနွေးကြမ်းလေးနဲ့ ဂျိုးသိန်းလေးဖွာလို့။

ဒီမနက်မပြန်ခင်မနက်စောစော ကလေးမတွေ လိပ်ပြီးသားဆေးလိပ်တွေကို ရေတွက် ကြိုးနဲ့စည်း စသည်ဖြင့် သွားပို့ဖို့စီစဉ်နေကြတယ်။ ဆေးလိပ်ရေတွက်ပုံကလည်းအဆန်းသား။ တစ်လိပ်ချင်းမရေဘူး။ ပုံလိုက်ပြီး လက်နဲ့လိုက်ညှိတယ် အမြင့်ကဘယ်နှစ်လိပ် အပေါ်တန်းကဘယ်နှစ်လိပ်စသည်ဖြင့် စီလိုက် ပိုတာထုတ် လိုတဲ့တစ်လိပ်နှစ်လိပ်ထည့်လိုက် ဒါဆိုငါးဆယ်တဲ့။ ကျွန်တော်က မေးတယ် နင်တို့ဟာက သေချာလို့လား ဆိုတော့ သူတို့က ကိုထွန်း ရေကြည့်လေတဲ့။ အဟုတ်ပဲငါးဆယ်အတိ။ နောက်တစ်ခေါက်သွားလို့ အားရင် ဘယ်လို ပုံပြီးရေတွက်တယ်ဆိုတာသင်ထားဦးမှ။


No comments: