Saturday, January 31, 2009

Old family photos


အဖေနဲ့အမေရဲ့ မင်္ဂလာဆောင် ဓါတ်ပုံလေးပါ။ သူတို့မင်္ဂလာဆောင်က Strand Hotel မှာလုပ်တာတဲ့။ ကော်ဖီ လဘက်ရည်တိုက် မုန့်ကျွေးပေါ့။ အဲဒီခေတ်က ငွေထောင်ဂဏန်းလောက်ပဲကုန်ကျသတဲ့။

 

  ဒါက ကျွန်တော်တို့ မောင်နှမလေးယောက်ရဲ့ပုံပေါ့။ လွိုင်ကော်ကို အမေက အလုပ်တာဝန်နဲ့ မပြောင်းရခင်အချိန်လောက်မှာ ရိုက်ထားတာ။ ကျွန်တော်က နှစ်တန်းရောက်ပြီထင်တယ်။ အခုအချိန်မှာ မောင်နှမတွေ တစ်ယောက်တစ်နေရာရောက်ကုန်ပြီ။ ညီမအကြီးဆုံးက မော်လမြိုင်မှာ NGO တစ်ခုမှာအလုပ်လုပ်တယ်။ အလတ်မက တရုတ်ပြည် ကွေးမိန်မှာ။ အငယ်ဆုံးညီမပဲ ရန်ကုန်မှာ အဖေအမေတို့နဲ့ကျန်တယ်။ 





လွိုင်ကော်တောင်ကွဲစေတီကို နောက်ခံထားတဲ့ မိသားစုပုံပေါ့။ အမေက အဲဒီတုန်းက စာရင်းစစ်ရုံးမှာပေါ့



 

 ဒါက ကျွန်တော် ပထမဆုံးအကြိမ် ရဟန်းခံတုန်းက။ ကွန်ပျူတာတက္ကသိုလ် ပထမနှစ်ရောက်နေပြီ။ ဟာမစ်တစ်က မဟာစည်သာသနရိပ်သာမှာပါ။ ကျွန်ပျူတာထဲက ဖိုင်တွေရှင်းရင်း ဒီပုံလေးတွေ ပြန်တွေ့လို့။

Tuesday, January 27, 2009

Australina Open Quarter Final, Sefina vs. Dokic











Australian Open Tennis ပွဲရဲ့ အမျိုးသမီး quarter final ပွဲဖြစ်ပါတယ်။ အခု ဒီပို့စ် စရေးနေချိန်မှာ သူတို့နှစ်ယောက် တစ်ယောက်တစ်ပွဲစီနိုင်ပြီး နောက်ဆုံး set ကို ရိုက်နေကြပါတယ်။ အတော့်ကို အကြိတ်အနယ် ရှိပုံရတယ်။ ပွဲချိန် နှစ်နာရီ ဆယ့်ငါးလောက် ရှိနေပြီ။ (ရုံးချိန်ကြီး ဖြစ်နေတာ နာလိုက်တာ။ ညကြမှ highlight လေးပြန်ကြည့်ရတာပေါ့။) 
.
ရုရှားတင်းနစ်မယ်လေး Safina ကတော့ လက်ရှိ WTA အဆင့်၃ပါ။ သူ့ကို စပြီးသတိထားမိတာကတော့ မနှစ်က ပြင်သစ်တံခွန်စိုက် မြေစေးကွင်း ပြိုင်ပွဲမှာ နံမည်ကြီးတွေကို တစ်ယောက်ပြီး တစ်ယောက် အနိုင်ယူပြီး ဗိုလ်လုပွဲအထိ တက်လှမ်းခဲ့တဲ့အချိန်မှာပါ။ အဲဒီပွဲတုန်းက Ana Ivanovic ကို ရှုံးပြီး ဒုတိယပဲရခဲ့ပါတယ်။ အခုဒီပွဲစဉ်တစ်လျှောက်မှာ လက်ရည်မှန်မှန်နဲ့ တစ်ဆင့်ပြီး တစ်ဆင့် တက်လှမ်းလာတာပါ။ 4th round မှာတော့ Alize Cornet (FRA, 15) ကို နောက်ဆုံး set မှာ 5-2 နဲ့ ဆိုးဆိုးရွားရွား လက်ပျက်ပြီး ရှုံးနေရာက 7-5 နဲ့ နိုင်လာခဲ့တာပါ။ ကံကြမ္မာက မျက်နှာသာပေးခဲ့တယ် ဆိုရင်းလဲမမှားပါဘူး။ ကျွန်တော့်အနေနဲ့ Safinaကို အခုဒီနှစ် Australian Open ချန်ပီယံဖြစ်လိမ့်မယ်၊ ပြီးရင်း ဒီနှစ်အတွင်းမှာပဲ Sony WTA Ranking 1 ဖြစ်လာမယ်လို့ လို့ ခန့်မှန်းထားပါတယ်။ 
.
Australian တင်းနစ်မယ်လေး Jelena Dokic ကတော့ WTA ranking 187 ပဲရှိပါတယ်။ ဒါပေမဲ့ ထူးထူးခြားခြား ဒီနှစ်ပွဲစဉ်မှာ quarter final ပွဲအထိ တက်လှမ်းလာခဲ့ပါတယ်။ 2nd round ပွဲ အနိုင်ရ ကတည်းက စပြီးသတိထားမိခဲ့ပါတယ်။ အဆင့် ၁ရရှိ ရုရှာတင်းနစ်မယ် Ana Chakvetdzeကို သုံးပွဲ အကြိတ်အနယ်ရိုက်ခဲ့ပြီး နှစ်ပွဲ တစ်ပွဲနဲ့နိုင်ခဲ့တာပါ။အနိုင်ရိုက်ခဲ့တာပါ။ 3rd round မှာ အဆင့် ၁၁ Caroline Wozniacki ကိုလည်း သုံးပွဲ ရေကုန်ရေခမ်းရိုက်ပြီး နိုင်လာခဲ့ပြန်ပါတယ်။ 4th round မှာတော့ Ana Ivanovic ကို ဖြုတ်ချပြီး တက်လာခဲ့တဲ့ ရုရှားတင်းနစ်မယ်လေး Alisa Kleybanova (အဆင့် ၂၉) ကိုလည်း တော်တော်လေးကို ပင်ပင်ပန်းပန်း သုံးပွဲဆက်ရိုက်ခဲ့ရပါတယ်။ နောက်ဆုံးset မှာ ခြေကျဉ်းဝတ်လိမ်သလိုဖြစ်ပြီး နာသွားသော်လည်း ဆက်ကစားပြီး အနိုင်ရခဲ့တာပါ။ Australian ပရိသတ်တွေကတော့ ဂုဏ်ယူမဆုံး တပြုံးပြုံးနဲ့ ပေါ့။  အခု Quarter မှာ Sefina နဲ့တွေ့တာပါ။ ပွဲကစားချိန် နှစ်နာရီခွဲလောက်ရိုက်ပြီး Safina က 6-4, 4-6, 6-4 နဲ့အနိုင်ရသွားပါတယ်။ စိတ်ဓါတ်အပြည့်နဲ့ ပင်ပင်ပန်းပန်းကြိုးစားရိုက်လာခဲ့တဲ့ Jelana Dokic အတွက်တော့ စိတ်မကောင်းပါဘူး ...


Friday, January 23, 2009

Bonsai ရောဂါ

ကိုယ်က သစ်ပင် ပန်းပင်လေးတွေစိုက်တာ ၀ါသနာပါတယ်။ အရင်အိမ်တွေတုန်းက သစ်ခွတွေ ပန်းပင်တွေ တော်တော်လေးစိုက်ဖူးတယ်။ လွိုင်ကော်မှာ ၅နှစ်နီးပါးနေခဲ့တဲ့ကာလကတည်းက ကျွန်တော်တို့ မိသားစုက စိုက်တာပျိုးတာနဲ့ အကျွမ်းဝင်ပြီးသားဗျ။ အခုလဲ အိမ်နဲ့ ကန်တော်ကြီးမြေပဒေသာနဲ့ နီးနေတော့ မကြာခဏ ရောက်ဖြစ်တယ်။ ဒါနဲ့ အယားပြေ စိုက်ဖို့ Bonsai လေးနှစ်ပင်ဝယ်ဖြစ်သွားတယ်။ တစ်ပင်က အိမ်မှာထားဖို့၊ တစ်ပင်က ရုံးမှာထားဖို့။ ဒါက အိမ်မှာထားတဲ့အပင်







 

ဒါက ရုံးကအပင် ဘာပင်တွေလဲလို့တော့မမေးနဲ့ မသိဘူး။ မျောက်ပေပင်ပေါ့ ..... :D ဒီ Bonsai နှစ်ပင် မဝယ်ခင်က (သားသားမမွေးခင်) အိမ်မှာ သစ်ပင်စိုက်ကြမယ်ဆိုပြီး ကျွန်တော်တို့ လင်မယား နှစ်ယောက် ကွက်ကြားကွက်ကြား ဂမုန်းပင်တစ်ပင်ရယ်၊ lucky ဆိုပြီး ရောင်းတဲ့ အရွက်ရှည်ရှည် အပင် သုံးပင်ပါတဲ့ အိုးတစ်အိုးရယ် ဝယ်ထားပြီးသား။ 
.
ဘာရယ်မဟုတ်ဘူး Bonsai စိုက်ချင်တဲ့ ရောဂါ ပြန်ပေါ်လာလို့။ အရင်ကလည်း Bonsai ပင်လေးတွေဖြစ်အောင် စိုက်ကြည့်ဖူးတယ်။ ပထမဦးဆုံးတစ်ခါက ထင်းရှူးပင် လိုလိုအပင်လေး။ အဖေ့မိတ်ဆွေ ဗိုလ်မှူးရင်မောင်လက်ဆောင်ပေးထားတာ။ အဲဒါလေးကို ဘွန်ဆိုင်း လုပ်ဖြစ်သွားတာ။ သစ်ခွပန်တွေစိုက်တာ၊ ဘွန်ဆိုင်းပင်လုပ်တာတွေကို ဦးရင်မောင်က သင်ပေး တယ်လေ။ အဲဒီထင်းရှူးလိုလိုအပင်လေးက ၁ဝနှစ်လောက်ကျော်မှ အိုးထဲ ပုရွက်ဆိတ်တွေဝင်ပြီး သေသွားတာ။
.
 နောက်တစ်ခါ .. ညီမအလတ် ပန်းအိုးတစ်ခုထဲမှာစိုက်ထားတဲ့ မန်ကျည်းပင်လေးကို ဘွန်ဆိုင်းလုပ်တာ။ ပန်းအိုးထဲကနှုတ်၊ ရေသောက်မြစ်ကို ဖြတ်၊ အမြစ်တွေ အကိုင်းတွေထဲက အချို့ကို ဖြတ်၊ ကြေးနန်းကြိုးနဲ့ ပင်စည်၊ အကိုင်းတွေကို ပုံသွင်း.. လုပ်ထားလိုက်တာ။ ၄၊၅ နှစ်သက်တမ်းရှိလာတယ်။ ဘွန်ဆိုင်းဆိုပေမဲ့ အပင်က သိပ်မပုတော့ မပုဘူး။ အမြင့်တစ်ပေလောက်တော့ရှိတယ်။ ပင်စည်ကလည်း အခါက်တွေ၊ အပွေးတွေနဲ့ တော်တော့်ကို လှလာပြီ။ 
.
ဒါပေမဲ့ ကံဆိုးစွာနဲ့ အဲဒီအပင်လဲသေသွားတယ်။ အမေ အငြိမ်းစားယူတော့ အကောက်ခွန်အရာရှိရိပ်သာကနေ ခေတ္တငှားနေရတဲ့ ၅၁လမ်းကတိုက်ခန်းလေးကို အပြောင်းမှာ Customs တိုက်က အမေ့တပည့်တစ်ယောက်အိမ်မှာ ခဏအပ်ထားခဲ့တာ။ ကိုယ်တွေကလည်း အပြောင်းအရွှေ့နဲ့ ဝယ်ထားတဲ့ တိုက်ခန်း ပြင်ဆင်တဲ့ကိစ္စတွေနဲ့ ရှုပ်ပြီး မန်ကျည်းပင်ကို သတိမေ့သွားတယ်။ သူတို့ကလည်း ဝရံတာမှာထားပြီး လုံးဝကိုမေ့ထားပါသတဲ့။ သေပါလေရော ...နှမျောလိုက်တာ။ Bonsai စိုက်ရတဲ့ feeling က မိုက်တယ်။ စိတ်ရှည်ဖို့လိုတယ်။ long term ကို ကြည့်ရတယ်။ Sustain လုပ်တဲ့ ability ကိုယ့်မှာ ကျင့်ယူကြည့်တဲ့ပုံစံမျိုးလဲခံစားရတယ်။ စိတ်ကူးပေါက်တုန်းထလုပ် ပြီးရင် ပစ်ထားလို့ ရတဲ့ဟာမျိုး မဟုတ်ဘူး။ အမြဲပုံမှန်နဲ့ ရေရှည်လုပ်ရတဲ့ဟာမျိုး။ စိတ်ဝင်စားဖို့ကောင်းတယ်။ အစေ့ကနေပျိုးပြီး Bonsai မန်ကျည်းပင်လေး သုံးလေးပင်လောက် ထပ်စိုက်ကြည့်ဦးမယ်။ :)

Jelena Dokic

 

Australian Open ပြိုင်ပွဲဝင်နေတဲ့ အခု 3rd Round ကို ရောက်ရှိလာတဲ့ တင်းနစ်မယ် Jelena ပါ။ သူဟာ Sony WTA ranking အရဆိုရင်တော့ ၁၈၇ ပဲရှိပါတယ်။ Australian Open ကို 1999မှာ 3rd round သို့ရောက်ရှိခဲ့ဖူးပြီး အခုမှနောက်တစ်ခါထပ်ရောက်တာပါ။ 3rd round မှာ C.Wozniaski(11) ကိုရင်ဆိုင်ရမှာပါ။ နိုင်ခဲ့မယ်ဆိုရင်တော့ Semi မှာ Safina(3) နဲ့ တွေ့နိုင်ခြေ ရှိပါတယ်။

Thursday, January 22, 2009

U Thant's 100th Birthday

ဒီနေ့ ဇန်နဝါရီလ (၂၂)ရက်နေ့က ဦးသန့်ရဲ့မွေးနေ့ပါ။ U Thant Institute ကနေ နှစ်(၁၀၀)ပြည့်မွေးနေ့ အခမ်းအနားလေးကို ဒီနေ့ညနေမှာ အင်းယားလိပ်ဟော်တယ်မှာ လုပ်မယ်ဆိုတဲ့ ဖိတ်စာလေးကိုတွေ့လို့။ ကိုယ့် မိန်းမကို ဖိတ်ထားတာလေ။ သူက NGO မှာလုပ်တဲ့သူဆိုတော့ UNအသိုင်းအဝိုင်းက activity လေးတွေကို သွားရလေ့ရှိတယ်။  ဦးသန့်လို့ပြောလိုက်ရင် ယနေ့ခေတ်လူငယ်တွေ သိကြဦးပါ့မလားမသိဘူး။ ကျွန်တော့်အဖေပြောခဲ့ဖူးတာ သတိရမိတယ်။ သူအမေရိကားကို ပညာတော်သင်သွားတုန်းက Burma ဆိုတာဘယ်နိုင်ငံလဲ ဘယ်နားမှာလဲ ဆိုပြီး မေးကြလို့ရှိရင် "Do you know the current General Secretary of UN?" ဆိုပြီး တစ်ခွန်းပဲ ပြန်မေးလိုက်ရင် ပွဲပြီးရောတဲ့။ 
.
အဲဒီလို မော်ကြွားနိုင်ခဲ့တဲ့ခေတ်။ အာရှတိုက်သားတွေအတွက် ဂုဏ်ယူစရာ၊ မြန်မာနိုင်ငံသားတွေအတွက် မော်ကြွားစရာ အတုယူစရာ ပုဂ္ဂိုလ်ဖြစ်ခဲ့တယ်။ ကိုးရီးယားနိုင်ငံတောင် ဦးသန့်တာဝန်ထမ်းဆောင်ပြီးနောက် ဆယ်စုနှစ်သုံးခုလောက်ကြာမှ ဒီရာထူးကို ထမ်းဆောင်ရတာ။ ဒီနေ့ခေတ်မှာ မြန်မာကိုသိလားမေးလိုက်ရင် ဘယ်လိုအဖြေမျိုးတွေရမလဲ ... စင်ကာပူက အိမ်ဖေါ်ကြော်ငြာတွေ၊ မလေးရှားက သံချည်သံကွေးအလုပ်သမားတွေ၊ ထိုင်းနယ်စပ်မြို့လေးတွေက တရားမဝင်အလုပ်သမားတွေ.... ဒါတွေကို စပြီးမြင်ယော်မိကြမယ်ထင်တယ်။ 
.
နာဂစ်ကျေးဇူးကြောင့် ... ဟိုးတလောတုန်းက မုန်တိုင်းဝင်သွားတဲ့နိုင်ငံလို့ ညွှန်းစရာတစ်ခုပိုလာတာပေါ့ .... :D ဦးသန့်အကြောင်းကို အခုခေတ်ကလေးတွေကို အခုထက်ပိုသိစေချင်တယ်။ ဦးသန့်တစ်ယောက်တည်းရယ် မဟုတ်ပါဘူး။ ဗိုလ်ချုပ်အောင်ဆန်းအကြောင်း... အခြားအခြား အတုယူစရာ လေးစားဂုဏ်ယူစရာပုဂ္ဂိုလ်တွေ အများကြီးပါ။ ဒါပေမဲ့ ဒီအကြောင်းတွေဟာ စာမေးပွဲအောင်ရုံ အလွတ်ကျက်ရတဲ့ စာတစ်ပုဒ်နှစ်ပုဒ်လောက်ပဲ ဖြစ်နေတာက အင်မတန်ဝမ်းနည်းစရာ။ ဗိုလ်ချုပ်ပြတိုက်ဆိုတာလဲ ဖုန်တက်ရုံမက ဆွေးမြေ့ပြီး ပြိုကျ သွားပြီလားတောင်မသိ .... ရွှေတိဂုံဘုရားလမ်းမှာ ဦးသန့်ဗိမာန်သချိုင်းရှိတယ်ဆိုတာရော ကလေးတွေ သိကြရဲ့လား... 
.
နယူးဒေလီရောက်ခဲ့တုန်းကဆိုရင် ဂန္ဓီကြီးရဲ့ အာဇာနည်ဗိမာန်သင်းချိုင်းမှာ မူလတန်းအရွယ်ကလေးတွေ လေ့လာရေးလာကြရင်း သူတို့ ဆရာမက အားတက်သရောရှင်းပြနေတာကို ဘေးကနေ ငေးကြည့်ခဲ့ဖူးတယ်။ ကုလားလိုပြောနေတော့ နားမလည်ပေမဲ့ ဘယ်လိုလေးစားစရာ အတုယူစရာကောင်းတဲ့ ပုဂ္ဂိုလ်ကြီးပဲဆိုပြီး ကလေးတွေရဲ့ စိတ်ထဲကို အားမာန်သတ္တိတွေသွင်းပေးနေတာ စိတ်ဓါတ်တွေမြှင့်တင်ပေးနေတာဆိုတာမျိုး ခံစားမိတယ်။ 
.
ဗီယက်နမ် ဟနွိုင်းရောက်တုန်းကလည်း ဟိုချီမင်းကို ဘုရားတစ်ဆူလို လေးစားကိုးကွယ် အမွန်းတင်ထားကြတာ တွေ့မြင်ခံစားခဲ့ရတယ်။ ခေါင်းဆောင်ဆိုတာဘာလဲ .... အဓိပ္ပါယ်ရောသိကြရဲ့လား ... Servant Leader ဆိုတဲ ့သဘောတရားတွေ ကိုရော ကြားဖူးကြရဲ့လား ..အားလုံးကိုသိရက်နဲ့ အသိခေါက်ခက် အဝင်နက်နေကြတာလား။ ကိုယ့်ပုခုံးပေါ်ကို ကြယ်နောက်တစ်ပွင့်ထပ်တင်တိုင်း ကိုယ့်ရင်ဘတ်ပေါ် တံဆိပ်တစ်ခု ကိုယ်ဘာသာထွင်ပြီး ထပ်ချိပ်တိုင်း ပိုပြီးလေးစားစရာ ကြည်ညိုစရာကောင်းလာတယ်လို့များ မြင်နေကြသလား။ သတင်း မီဒီယာတွေကို ချုပ်ကိုင်ထားတိုင်း ရေးချင်တဲ့စာအုပ်တွေ သတင်းတွေ ဆောင်းပါတွေ ရေးပြီးထုတ်တိုင်း သမိုင်းကိုပြင်ပြီး နံမည်ကောင်း ကျန်ခဲ့မယ်ထင်ကြလားမသိ .... ဟိုးအရင်ကတည်းက လေးစားအားကျခဲ့ရတဲ့ ဦးသန့်ရဲ့ နှစ်(၁၀၀)ပြည့်မွေးနေ့ကို ကို ဒီပို့စ်လေးနဲ့ ဂုဏ်ပြုပါတယ်။

Wednesday, January 21, 2009

Australian Open, day(4)

မနေ့ကနဲ့ ဒီနေ့မှာ2nd Round ပွဲတွေ ရိုက်ကြပါတယ်။ မနက်ဖန်မနက်ကစလို့ 3rd Round စပါပြီ။ 2nd Round ပွဲတွေမှာ အမျိုးသာ အမျိုးသမီး ထိပ်သီးတင်းနစ်သမားတွေ အားလုံးနီးပါး အောင်ပွဲရခဲ့ပါတယ်။ ထူးခြားပြီး ကြည့်ကောင်းခဲ့တဲ့ ပွဲလေးတစ်ပွဲကတော့ တရုတ်တိုင်ပေက တင်းနစ် သမား Yen-Hsun Lu က အဆင့်(၁၀)ရှိတဲ့ အာဂျင်တီးနားက David Nalbandian ကို ငါးပွဲအပြည့် အကျိတ်အနယ်ကစားပြီး အနိုင်ယူသွားတဲ့ပွဲပါ။  မနေ့ညကမှ replay ပြန်ပြလို့ ကြည့်လိုက်ရတာ။ တကယ့်ကို အရှုံးမပေးတဲ့ စိတ်ဓါတ်အပြည့်နဲ့ အားကြိုးမာန်တက် ကစားသွားတာ။ ကောင်းမှကောင်းပဲ။ 
.
သူ့အနေနဲ့ 3rd round မှာ T.Robredo(21) ကို ဖြတ်ကျော်နိုင်ခဲ့ရင် 4th round မှာ Murray နဲ့ ကစားရမယ်။ ဒီနေ့မနက် ပြိုင်ပွဲရလဒ်တွေတဲ့ ပွဲစဉ်ဇယားကို ကြည့်ရင်း ပြိုင်ပွဲလမ်းကြောင်းကို မှန်းကြည့်နေမိတယ်။ Federer အနေနဲ့ တတိယအဆင့်မှာ Safin(26) ကို အနိုင်ရိုက်ပြီးရင် Quarter မှာ အာဂျင်တီးနားက J.DelPotdro(8) ကို တွေ့နိုင်တယ်။ Semi မှာ Roddick(7) သို့မဟုတ် Djokovic(3) နဲ့ ဆုံမယ်လို့ ခန့်မှန်းရတယ်။ 
.
လက်ရှိချန်ပီယံDjokovic အတွက် လမ်းကြောင်းကတော့ သိပ်မချောင်ဘူး။ Quarter မှာ Roddick, Semi မှာ Federer, Final မှာ Nadal .... ဒီလိုကျော်ဖြတ်နိုင်မှ ချန်ပီယံသရဖူကို ကာကွယ်နိုင်မှာ။ Nadal အနေနဲ့ Quarter ရောက်ခဲ့ရင် G.Simon(6) သို့မဟုတ် MonFils(12)နဲ့ တွေ့နို်င်ပြီး Semi မှာ A.Murray(4) နဲ့ ရင်ဆိုင်ရနိုင်တယ်။ 
---------------------------------------------------------------------------------------------- 

အမျိုးသမီးပွဲတွေအနေနဲ့ လက်ရှိနံပါတ်တစ် Jankovic က Quarter မှာ ရုရှားတင်းနစ်မယ် နှစ်ယောက်ဖြစ်တဲ့ N.Petrava(10) သို့မဟုတ် V.Vannareva(7) ကို ရင်ဆိုင်ရမယ်။ Semi မှာ D.Sefina(3) သို့မဟုတ် A.Ivanovic(5) နဲ့ တွေ့နိုင်တယ်။  Ana Ivannovic အနေနဲ့ Quarter မှာ Safina(3), Hantuchova (19), A.Cornet(15)တို့ထဲက တစ်ယောက် ယောက်နဲ့ တွေ့နိုင်တယ်။ တကယ်လို့ 4th round မှာ Wozniaski(11) ဒါမှမဟုတ် Australia က Jelena Dokic ကို ဖြတ်ကျော်နိုင်ခဲ့ရင်ပေါ့။ 

မနှစ်က Wimbledon တုန်းကလို Williams ညီအမ Final မှာတွေ့ဖို့မရှိပါဘူး။ Semi ကို နှစ်ယောက်လုံး တက်လာခဲ့ရင် သူတို့နှစ်ယောက် semi မှာ ဆုံကြပါမယ်။ မနှစ်က Wimbledon Semi final မှာ Williams အငယ်မကို အရှုံးပေးခဲ့ရတဲ့ တရုတ်တင်းနစ်မယ် J.Zheng အနေနဲ့ Quarter ရောက်ခဲ့ရင်တော့ ရှုံးကြွေးပြန်ဆပ်နိုင်ဖို့ အခွင့်အရေးရမှာပါ။ William အငယ်မနဲ့ တွေ့နိုင်ပါတယ်။ ဘယ်လိုပဲခန့်မှန်း ခန့်မှန်းမထင်မှတ်ထားတဲ့ ရလဒ်တွေကတော့ ထွက်စမြဲပါ။ မနှစ်က J.Zheng က ကမ္ဘာ့အဆင့်(၁) Ana Ivanovic ကို နှစ်ပွဲပြတ်အနိုင်ရိုက်သွားသလိုပွဲမျိုးတွေပေါ့။ ရင်ခုန်စွာနဲ့ ဆက်ပြီး ကြည့်ကြတာပေါ့ .....

Monday, January 19, 2009

funny photos...












Australian Open 09 စပါပြီ ...



ဒီနေ့မနက်မှာ Australian Open Tennis 09 စပါပြီ။ မဲလ်ဘွန်းမှာ မနက် ၁၁နာရီစရိုက်တာ။ ကျွန်တော်တို့အချိန်က မနက်ခြောက်နာရီခွဲ။ ဒီမနက် နှိုုးစက်လေးပေးပြီး အိပ်ယာစောစောထ၊ Premier Coffee လေးဖျော်၊ ပဲမုန့်လေးနဲ့ စားရင်း တင်းနစ်ပွဲကို စကြည့်တယ်။ Star Sport TV Line ကနေ live လွှင့်ပေးတယ်လေ။ ပထမဆုံး ပွဲဦးထွက်က USA က Roddick နဲ့ Sweden ကတစ်ယောက်နဲ့ပွဲပါ။ ဒီပွဲမှာ Roddick က သုံးပွဲပြတ်နဲ့ သိပ်ပြီး အကြိတ်အနယ်ကြီးမရိုက်လိုက်ရပဲနိုင်သွားပါတယ်။ 
.
သူတို့ပွဲပြီးတော့ကို ၈နာရီခွဲလောက်ရှိပြီ။ နောက်ထပ် တစ်ပွဲက လက်ရှိ နံပါတ်တစ် Jankovic ရဲ့ပွဲပါ။ အဲဒီပွဲမပြခင် Ana Ivanovic နဲ့ ဂျာမန် အမျိုးသမီး တစ်ယောက်ရဲ့ပွဲကို Highlight သဘော ပြန်ပြပေးလို့ ကြည့်လိုက်ရသေးတယ်။ 1st Set မှာ 5-5 ဖြစ်နေရာကနေ အသည်းအသန်ရိုက်ရင်း 7-5 နဲ့ Ana နိုင်ပါတယ်။ သက်တောင့်သက်သာတော့မဟုတ်ဘူး။ နောက်တစ်ပွဲမှာတော့ 6-3 နဲ့နိုင်ပါတယ်။ ပွဲသိမ်းမှာ ace နှစ်လုံး ဆက်တိုက်ရိုက်ပြီး အနိုင်ယူသွားတယ်။ Jankovic ကလည်း အော်ဇီတင်းနစ်မယ်ကို နှစ်ပွဲပြတ်အနိုင်ရိုက်သွားပါတယ်။ ဒါပေမဲ့ နိုင်ချင်စိတ်များနေတာရယ်၊ ရိုက်တာမသပ်ရပ်တာရယ်ကြောင့် ဘေးထွက်ဘောတွေများပြီး ကိုယ့်ကြောင့် ပြိုင်ဖက်က အမှတ်တွေရလို့ Duce တွေ အများကြီးရိုက်လိုက်ရတယ်။
.
 သူတို့ပွဲပြီးတော့ အမျိုးသားနံပါတ်သုံး Djokovic ရဲ့ပွဲဆက်လာဖို့ရှိတယ်။ ဒါပေမဲ့ မနက်၁ဝနာရီခွဲနေပြီမို့ သံယောဇဉ်ဖြတ်ပြီး ရုံးကို ထွက်လာခဲ့ရတယ်။ ဘာပဲဖြစ်ဖြစ် မနက် ခြောက်နာရီခွဲစရိုက်တာမို့လို့ တစ်နေ့ နှစ်ပွဲလောက်တော့ ကြည့်လို့ရမှာပါ။

သားရဲ့ Weekend 17-18 Jan 09

17 Jan 09 (စနေနေ့) မနက်ပိုင်းမှာ သားသား ကန်တော်ကြီး မြေပဒေသာကျွန်းဖက်ရောက်တယ်။ သူ့မေမေ ရုံးကနိုင်ငံခြားသား တစ်ယောက် new year present အဖြစ် ပန်းပင်လေးတွေကို ဝန်ထမ်းတွေကို ပေးချင်လို့ဆိုလို့ သွားဝယ်ပေးရင်း ခေါ်သွားတာ။ 
.
အပင်တွေရွေးရင်း၊ ပန်းအိုးကြည့်ရင်း စျေးဆစ်ရင်းနဲ့ သူ့ကို သတိမထားမိလိုက်ကြဘူး။ ချီထားရင်းနဲ့ သူက ပန်းအိုးရောင်စုံလေးတွေကို စိတ်ဝင်တစားကြည့်ရင်း လှမ်းကိုင်နေတာကိုး။ အတော်လေးနေလို့ ခွမ်း ကနဲ ကွဲတဲ့အသံကြားမှ သားသားပန်းအိုးတစ်ခုကို လှမ်းဆွဲပြီး မနိုင်လို့ ပစ်ချလိုက်တာ သတိထားမိကြတယ်။ :D ပန်းအိုးဖိုး နှစ်ထောင့်ငါးရာမှာ လျှော့စျေးနဲ့ နှစ်ထောင် လျော်ခဲ့ရတယ်။ ငါးလသားပဲရှိသေးတယ် စလျော်ရပြီ။ 
.
18 Jan 09 (တနင်္ဂနွေနေ့) ဘကြီးဇော်မိုးအိမ်မှာ အိမ်တက်ဆွမ်းကျွေးရယ်၊ သမီးငယ် နံမည်ပေးကင်ပွန်းတတ်ရယ် ဖိတ်ထားတာကြောင့် သွားဖို့ပြင်ဆင်ရတယ်။ ညီလေးမောင်ဝင်းထိန်က ကားနဲ့ ဝင်ကြိုပေးမှာမို့ သားကိုလဲပြင်ဆင်ပြီး စောင့်နေ ကြတယ်။ သားသားအပြင်တစ်ခါထွက်ရင် (ကြာမယ်ဆိုရင်) ယူရတဲ့ပစ္စည်း ပစယတွေက မနည်းဘူးလေ။ ၈နာရီကျော်ကျော်မှာစထွက်ဖြစ်တယ်။ ဘကြီးအိမ်ရောက်တော့ မနေ့က ဝယ်ထားတဲ့ ပူးနဲ့ ပစ်ကလက် ဝက်ဝံနှစ်ရုပ်ကို သမီးနှစ်ယောက်ကို တစ်ယောက်တစ်ကောင်ဆီပေးလိုက်တယ်။ မွေးနေ့ရင် အငယ်မလေးကိုပဲ အများကပေးကြမှာဆိုတော့ အကြီးမလေးအတွက်ပါ ဝယ်လာခဲ့တာ။ 
.
ပြီးတော့ အင်မတန်မှ စားကောင်းလှတဲ့ ကြာဇံချက်ကို သုံးပန်းကန်လောက် ဆွဲလိုက်တယ်။ မနက်ကတည်းက ဘာမှမစားခဲ့ရသေးဘူးလေ။ ကလေးတွေများတော့ သားကလည်း တပြုံးပြုံးနဲ့ပေါ့။ အပြန်မှာ ၅၂လမ်းအမေတို့အိမ်ကို သွားလိုက်တယ်။ ဝင်းထိန်ပဲ ပတ်ပြီးပို့ပေးတယ်။ သားသားက သိပ်မရွှင်ဘူးဖြစ်နေတယ်။ ဝမ်းချုပ်နေတာလေ၊ ငိုပြီး အတင်းညှစ်ပါလိုက်တာ eတုံးကျစ်ကျစ်လေးတစ်တုံးပဲထွက်တယ်။ နို့လည်း မသောက်ချင်ဘူးဖြစ်နေတယ်။ ဒါနဲ့ သူငယ်ချင်းမိန်းမ ဆရာဝန်မကိုလှမ်းမေးရတယ်။ အသီးအနှံလေးကျွေးပါတဲ့။ ဝမ်းချူလိုက်ပါတဲ့။
.
 ဒါနဲ့ သူညွှန်တဲ့ City Mart မှာရောင်းတဲ့ Henz တံဆိပ်နဲ့ ကလေးကျွေးတဲ့ အသီးအနှံ ကျိတ်ထားတဲ့ပုလင်းလေးတွေ သွားဝယ်ရတယ်။ ဝမ်းချူပြီးတဲ့အချိန်မှာကလေးက တော်တော်နေသာ ထိုင်သာရှိသွားပုံရတယ်။ အစာလည်း ပြန်စားတယ်။ နို့လည်းစို့တယ်။ ပြုံးပြုံး ပြုံးပြုံးပြန်ဖြစ်လာတယ်။ ညနေ ၆နာရီလောက်မှာ ဗဟန်းအိမ်ပြန်ကြတယ်။ ညဖက်မှာ ဝမ်းပျော့ပျော့တစ်ခါထပ်သွားတယ်။ သားသား နေလို့ကောင်းသွားပြီ ...

Friday, January 16, 2009

အေးချမ်းလာပါပြီ ...

ရာသီဥတုက ဒီတစ်ရက် နှစ်ရက်လောက်မှာ သိသိသာသာအေးလာတယ်။ မိုးလေဝသ သတင်းတွေ အပူချိန်ဘယ်လောက်ရှိနေတယ်ဆိုတာတော့ မကြည့်ဖြစ်ပါဘူး။ တိုက်တဲ့လေတွေကလဲ အေးစိမ့်နေတာပဲ။ နွေဆိုအင်မတန်ပူအိုက်တဲ့ ဘေးပြူတင်းပေါက်လုံးဝမရှိတဲ့ ကျွန်တော်တို့ တိုက်ခန်းလေးတောင် အတော်အေးနေတယ်။ ညဖက်ဆို လက်ရှည်တို့ ဘောင်းဘီရှည်တို့ ဝတ်မအိပ်မိရင် ချမ်းစိမ့်ပြီး နိုးလာရော။ 
.
အေးလို့ထင်တယ် မနေ့ကတောင် သားလေးက ကိုယ်လေး နည်းနည်းနွေးပြီး အစာမကြေသလိုဖြစ်ပြီး နို့တွေ ပြန်အန်တယ်။ ဒါနဲ့ ပါရာစီတမောအရည်လေးတိုက်ထားပြီး နွေးနွေးထွေးထွေးလေး ဝတ်ပေးထားရတယ်။ အခုမနက်တော့ ပြန်ပြီး ပြုံးပြုံးရွှင်ရွှင်နဲ့ ဆော့ကစားနေပါပြီ။ ကိုယ် ကိုယ်တိုင်လည်း မနေ့ညနေပိုင်းအိမ်ပြန်ရောက်ပြီး ကိုယ်လက်တွေညောင်းကိုက်နေတာနဲ့ ဆေးသောက်ပြီး စောစောအိပ်လိုက်ရတယ်။ အခုမနက်လည်း နှာရည်တွေ တရွှတ်ရွှတ်နဲ့ ဖြစ်နေပြီး ချမ်းစိမ့်စိမ့်နဲ့ရယ် ....

Wednesday, January 14, 2009

Happy 2009???

အခု ၂၀၀၉ကတော့ ထူးခြားတဲ့နှစ်တစ်နှစ်ဖြစ်မှာပါ။ ကမ္ဘာ့စီးပွားရေးပျက်ကပ်ကြီးက ကျွန်တော်တို့နိုင်ငံကိုလည်း မသိမသာနဲ့တဖြေးဖြေး ထိခိုက်လို့လာပါပြီ။ Seminar တွေမှာ ပညာရှင်များကပြောသလို (၁) Export တွေ ထိခိုက်မယ်။ (၂) Tourism လုပ်ငန်းတွေထိခိုက်မယ်။ (၃) နိုင်ငံရပ်ခြားမှာသွားရောက်လုပ်ကိုင်နေတဲ့ ကိုယ့်နိုင်ငံသား အလုပ်သမားတွေနဲ့ သူတို့ရဲ့ဝင်ငွေတွေ လွှဲငွေတွေထိခိုက်မယ်။ (၄) အခစားလုပ်တဲ့လုပ်ငန်းတွေ ဥပမာ အထည်ချုပ်လုပ်ငန်းတွေထိခိုက်မယ်။ 
.
ပထမဆုံး စထိတာကတော့ အိန္ဒိယဝယ်တဲ့ဖက်က ပဲစျေးတွေကျတော့ လေပါကားနဲ့ ရောင်းဝယ်ဖေါက်ကား စျေးကစားခဲ့ကြတဲ့ ပဲကုန်သည်များအတော်ကို အထိနာကုုန်ကြတယ်။ ဆန်တွေ၊ ငါး၊ ပုဇွန်တွေ export စျေးကျတယ်။ တောင်သူတွေ စိုက်ပျိုး မွေးမြူခဲ့ရတဲ့ဆီမှာ ကုန်ကျတဲ့စရိတ်တောင်မကာမိတဲ့ စျေးအထိ ကျသွားရင်တော့ နောက်နှစ် စိုက်ပျိုးမွေးမြူဖို့အတွက် အရင်းမရှိတော့လို့ ဒုက္ခရောက်နိုင်ပါသတဲ့။ 
.
ခရီးသွားလုပ်ငန်းကို ကြည့်ရင်လဲ အရင်နှစ်က ဘုန်းကြီးအရေးအခင်း၊ ပြီးတော့ နည်းနည်းလေး တည်ငြိမ်မယ် မရှိသေးဘူး နာဂစ်နဲ့ကြုံပြန်ရော၊ အခုတစ်ခါ စီးပွားပျက်ကပ် .... ခရီးသွားလုပ်ငန်း ကုမ္ပဏီတွေ၊ လေယာဉ် လက်မှတ်အေးဂျင့်တွေ၊ ဟော်တယ်တွေ၊ ခရီးသွားကားတွေ စားသောက်ဆိုင်တွေ၊ ဧည့်လမ်းညွှန်တွေ ... တော်တော်အလုပ်ပါးကုန်ကြတယ်တဲ့။ နိုင်ငံခြားခရီးသည်ကလည်းအရမ်းကိုနည်းနေပါသတဲ့။ ဗေထိ..ဆိုရင် ခရီးသွားလုပ်ငန်းကအရင်ထိတာပါပဲတဲ့။ ဒါကြောင့် ချောင်းဆိုးနှာချီတာတောင် ကျယ်ကျယ်မလုပ်ဝံ့ဘူး ...ဧည့်သည်မလာမှာစိုးလို့ ဆိုပြီး ဟော်တယ်ခရီးသွားလုပ်ငန်းရှင်အသင်းက အကြီးအကဲက UMFCCIဟောပြောပွဲတုန်းက အရွှန်းဖောက်ပြောတာလေး သတိရမိသေးတယ်။ 
.
ကိုယ်တွေ့သလောက်တော့ အခြေခံစားကုန် ဆန်၊ဆီကအစ စျေးတွေကသွားတယ်။ လူသုံးကုန်ပစ္စည်း ရောင်းတဲ့သူတွေလည်း အရောင်းထိုင်းလို့ ငြီးနေကြတယ်။ ကွန်ပျူတာပစ္စည်းတွေ လျှပ်စစ်ပစ္စည်းတို့ ဇိမ်ခံပစ္စည်းတို့ဆိုရင်တော့ စျေးက တော်တော့်ကို ကျသွားတယ်။ ပရိုမိုးရှင်းတွေ Discount တွေ အတင်းပေးပြီး ရောင်းနေရတဲ့အခြေအနေပဲ။ 
.
ကိုယ်တို့ အပျော့ထည် ရေးရောင်းတဲ့လုပ်ငန်းဆိုလဲ နှစ်လလောက်ရှိပြီ။ သိသိသာသာကို အရောင်းကျသွားတယ်။ ဒီကြားထဲ မီးတွေကလည်း အလှည့်ကျ ပြန်ပျက်နေပြီဆိုတော့ မီးစက်အတွက် ဆီဖိုးကလည်း ပိုကုန်သေးတယ်။ တော်သေးတာက ဆီစျေးကအရမ်းကြီးမတက်သေးတာပဲ။ Strategy တွေပြောင်းရတာပေါ့။ ဂျပန်နည်း စဉ်းစားရ တာပေါ့။ TQM ထဲကလိုပေါ့ ရေလျှော့သွားလို့ ကျောက်ဆောင်တွေပေါ်လာမှ ကိုယ့်အဖွဲ့အစည်းကို Efficient ဖြစ်အောင် Effective ဖြစ်အောင် ဘယ်လိုလုပ်မယ်၊ Waste တွေကို ရှာပြီးဘယ်လိုလျှော့မယ် ဆိုတာမျိုးတွေ စဉ်းစားလာရပြီ။ သူဌေးစျေးရောင်းဆိုတာမျိုး လုပ်လို့မရတော့ဘူး။ 
.
အရင်ကလို ဒီ Software တစ်ခုကို ငါးသိန်းရမှရောင်းနိုင်မယ်ဆိုတဲ့ attitude မျိုးကနေ သုံးသိန်းပဲပေးနိုင်တော့တဲ့ Customer ကို ကိုလည်း မရှုံးအောင် ဘယ်လိုရောင်းရမလဲ၊ မြန်မြန်ပြီးအောင် Quality လည်းမကျအောင် စရိတ်စက လည်း ကုန်သင့်တာထက်ပိုမကုန်အောင် ဆိုတာမျိုးတွေကို ခေါင်းပူလောက်အောင်ကို စဉ်းစားနေရပြီ။ ၀ါသနာပါလို့ တန်ဖိုးထားပြီး ငတ်တစ်လှည့် ပြတ်တစ်လှည့် လုပ်လာခဲ့တာ ဆယ်နှစ်တောင်ကျော်ပေါ့။ ဒီစီးပွားပျက်ကပ်ဆိုတာကြီကြောင့်တော့ ကိုယ်တို့အဖွဲ့အစည်းလေးကို အပျက်မခံနိုင်ပါဘူး။ အကြောက်လွန် နေတာတော့ မဟုတ်ပါဘူး။ နာဂစ်တုန်းကလို သတိထားပြင်ဆင်ချိန်ရခဲ့ရက်နဲ့ ပေါ့ဆပြီး အလေးမထား မိတာမျိုး နောက်တစ်ခေါက်ထပ်မဖြစ်ချင်တာပါ။

Monday, January 12, 2009

ထွန်းလင်းထွန်း 11th Jan 09

 


တရုတ်ပြည်ရောက်နေတဲ့ သူ့အဒေါ်လတ်ရဲ့ ဝက်ဝံရုပ်တွေနဲ့ သားသားက သဘောတွေကျလို့  



ဖွားဖွားနဲ့အတူ

 ...  

တီတီလေးနဲ့ကစားမယ် ....

Friday, January 9, 2009

Ana is still struggling...




























Top seed Ana Ivanovic of Serbia was upset by Amelie Mauresmo 6-3 6-2 in the Brisbane International quarterfinals.

Wednesday, January 7, 2009

Lucky Strike နဲ့ တစ်ခါက ကြော်ငြာစာရေးလေးဘဝ

မနေ့က မြို့ထဲရောက်ရင်းနဲ့ Lucky Strike စီးကရက်တစ်ဗူး ဝယ်သောက်ဖြစ်တယ်။ ဆေးလိပ်စသောက်ခါစက Lucky ကိုပဲ စသောက်ဖြစ်တာ။ ပြီးတော့ တစ်ခါကလုပ်ခဲ့ဖူးတဲ့ ကြော်ငြာ စာရေးလေးဘဝကိုလဲ သတိတရ ဖြစ်သွားလို့ပါ။ ကျောင်းပြီးခါစအချိန်မှာ အိမ်ရဲ့စီးပွားရေးအချိန်အနေကြောင့် ကိုယ်ဝါသနာပါရာလုပ်နေတဲ့ ကွန်ပျူတာသင်တန်း စာသင်တဲ့အလုပ်လေးကို စွန့်ခွါလို့ Bates Advertising ဆိုတဲ့ ကြော်ငြာအေဂျင်စီတစ်ခုမှာ အလုပ် ဝင်လုပ် ဖြစ်တယ်။ အဖေ့ရဲ့ အဆက်အသွယ်နဲ့ပဲဆိုပါစို့။ Job Title က Account Executive ပါ။ 
.
စာရင်းကိုင်ပညာ Accounting မဟုတ်ပါဘူး။ သူတို့က Client တစ်ယောက်ကို Account တစ်ခုလို့ သတ်မှတ် ထားတော့ Client တစ်ယောက် အတွက် တောက်တိုမယ်ရ စာရေးလေးပေါ့။ ကိုယ့်အထက်မှာ Account Manager ရှိပါတယ်။ အဲဒီတုန်းက ကိုယ့်ရဲ့ Account Manager က ကိုမောင်မောင်ဦးပါ။ အင်မတန်ကို သဘောကောင်းပြီး ကိုယ့်လက်အောက်ငယ်သားကိုလဲ အလွန်ဖေးမတတ်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ပေါ့။ ရင်းနှီးသူများက ကိုဘဲလို့ ချစ်စနိုးခေါ်ကြတယ်။ ကိုယ်ကိုင်ရတဲ့ Accountက BAT လို့ခေါ်တဲ့ British American Tobaccoပါ။ 555, Bensen, Lucky Strike တို့ရဲ့ ပြည်တွင်းကြော်ငြာလှုပ်ရှားမှုများကို ဆောင်ရွက်ပေးရတာပေါ့။
.
ကိုယ့်အတွက် နိုင်ငံတကာ အဆင့်အတန်းရှိတဲ့ အဖွဲ့အစည်းတစ်ခုမှာ လုပ်ခဲ့ဖူးတဲ့ အင်မတန်မှလဲ အတွေ့အကြုံတွေရခဲ့တဲ့ ကာလတွေပေါ့။ Lucky Strike ဆိုင်ကယ်ကြီးတွေကို ကွန်တိန်နာကားပေါ်တင်လို့ ပဲခူး၊ ပြည်၊ မန္တလေး၊ တောင်ကြီးစတဲ့ မြို့တွေမှာ Road Show တွေလုပ်တယ်။ ဆိုင်ကယ်ကြီးတွေက အရှေ့မှာ projector screen ထားပြီး Amusement Park က ဂိမ်းကစားသလို တက်မောင်းလို့ရတယ်။ လက်ကိုင်ကွေ့တာတို့၊ လီဗာ၊ ဂီယာတို့ကိုသုံးပြီး မောင်း ကစားလို့ရတယ်။ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း၊ Road Safety ကို အကြောင်းပြလို့ ဆေးလိပ်ကြော်ငြာတာပေါ့။ 
.
သင်္ကြန်ဆိုရင်လဲ ဒီစီးကရက် Brand တွေနဲ့ မဏ္ဍပ်တွေဆောက်တယ်။ ရန်ကုန်ရော မန္တလေးရောပေါ့။ အဲဒီလိုအချိန်ဆိုရင် ကိုဘဲက မန်းလေးတက်သွားပြီး ကျွန်တော်က ရန်ကုန်ကို တာဝန်ယူရတယ်။ Benson ဆေးလိပ်ကြတော့ Golden Tone ဆိုပြီး Stage Show တွေလုပ်တယ်။ ရန်ကုန်မြို့ထဲက Night Club တွေမှာလဲ Promotion ပွဲတွေလုပ်ပေးရတယ်။ ဥပမာ 555 Nite ဆိုတာမျိုးတွေပေါ့။ အဲဒီအချိန်တွေက တစ်ပတ်ကို Night Club သုံးလေးခုလောက် အမြဲသွားရတယ်။ ည တစ်နာရီ တစ်နာရီခွဲမှ ပြန်ရလေ့ရှိတယ်။ လခအားဖြင့် အဲဒီတုန်းက တစ်လကို FEC100 ပေါ့။ လခရပြီး ပြန်ရောင်းရင် တစ်သောင်းကျော်ကျော်လေးပဲ ရသေးတဲ့ခေတ်ပေါ့။ 
.
တစ်လကို Lucky တစ်တောင့်ဆိုတာမျိုးလဲရတယ်။ လခထုတ်ပြီးရင် အတူလုပ်ကြတဲ့ ကိုကုလားမူးရယ် ကျွန်တော်ရယ် ဆိုင်သွားပြီး Red Label လောက်ထောင်ကြတာပေါ့။ သူက J&B အရက် Account ကို ကိုင်ရသူပေါ့။ Burmese Networker ကိုကျော်ကျော်ခိုင်ရဲ့ ဝမ်းကွဲအကိုလဲတော်တယ်။ အဲဒီအချိန်လောက်တုန်းက ငွေတစ်သောင်းကျော်ဆိုတာ တော်တော်သုံးရသလိုပဲ။ အိမ်ကိုလဲ လိုလေသေးမရှိ ထောက်ပံ့နိုင်ခဲ့တာပေါ့။ 

တစ်နှစ်လောက်လုပ်ပြီးတဲ့အချိန်မှာ Computer Master ဆက်တက်ဖို့လဲဖြစ်လာ အဖေ ကလည်း နိုင်ငံခြားအဖွဲ့အစည်းတစ်ခုမှာ Consultant ဆိုပြီး သုံးရာလေးရာလောက်ရလာတော့ အဲဒီအလုပ်ကထွက်ခဲ့တာ။ James Bond ကားတွေပြပြီး မေးခွန်းလေးတွေမေးလို့ 555 ဗူးခွံပေါ်မှာ ရေးပြီး ပြန်ဖြေကြရတဲ့ project က ကျွန်တော်နောက်ဆုံး ကိုင်ပေးခဲ့တာပဲ။ အလုပ်ကထွက်လာခဲ့ပေမဲ့ အချိန်တော်တော်ကြာကြာအထိ လမ်းသွားရင်း ကိုယ့်Brand ရဲ့ Bill Board တွေ မီးမလင်းတာမျိုးတွေ့ရင် ပျက်စီးနေတာတွေ့ရင် Magazine တွေထဲက ကြော်ငြာတွေမှာ Brand အရောင်မမှန်တာ မှားယွင်းနေတာမျိုးတွေ တွေ့ရင် ငါ့အလုပ်ပဲဆိုတာမျိုးတွေးမိနေတုန်း။ အလုပ်သံယောဇဉ်လို့ပဲ ခေါ်ရမှာပေါ့။

Monday, January 5, 2009

သားမောင်ကတုံး

အရင်အပတ်က သားသားကတုံးပြန်ဖြစ်သွားတယ်။ မွေးပြီးတော့ တစ်ခါပဲခေါင်းရိတ်ရသေးတာ။ သူ့ဆံပင်တွေက သန်တယ်။ ရှည်လာတာလဲမြန်တယ်။ ရှည်လာတော့ သူယားတယ်ထင်တယ် ခေါင်းကို ခဏခဏ ကုတ်ကုတ်နေတယ်။ ဒါနဲ့ သူ့ဆံပင်ကို ညှပ်ပေးဖို့ စီစဉ်ကြတာပေါ့။ သူ့အမေက အရင်းမှာ ဓါးပါတဲ့ ဘီးလေးဝယ်လာပြီး ဖြတ်ပေးဖို့ စမ်းကြည့်ကြတယ်။ သိပ်အဆင်မပြေဘူး။ ဒါနဲ့ ကျွန်တော်က ကပ်ကြေးလေးယူပြီး ဖြတ်ကြည့်တယ်။ သူကလည်းမငြိမ်တော့ သတိထားဖြတ်ရင်းနဲ့ ပြန်ကြည့်လိုက်တဲ့အချိန်မှာ ကလေးခေါင်းက ကြွက်ကိုက်ထားသလိုဖြစ်သွားရော။ ဒါနဲ့ယောက်ခမက ငါ့မြေးကို ဒီလိုပုံပျက်ပန်းပျက်ကြီးတော့မထားပါနဲ့ဆိုပြီး ခေါင်းရိတ်ပေးကြပါလေရော။ ဒီတစ်ခါခေါင်းရိတ်တော့ ကိုယ်တော်က ငိုလိုက်တာမှာ အာပြဲနေတာပဲ။ ဒါနဲ့ပဲ ဆံပင်တွေအားလုံး ပြောင်အောင် စင်အောင် မရိတ်လိုက်ရပါဘူး။ ဟိုနည်းနည်း ဒီနည်းနည်းကျန်နေတာတွေနဲ့ပဲ ရပ်လိုက်ရတယ်။ :D

လွတ်လပ်ရေးနေ့ 09

ဒီနှစ်လွတ်လပ်ရေးနေ့က တနင်္ဂနွေကြီးဖြစ်သွားတော့ ရုံးသူရုံးသားတွေ ပိတ်ရက်တစ်ရက်နာသွားတာပေါ့။ ထူးထူးခြားခြား ဘယ်မှမသွားဖြစ်ပါဘူး။ ဒီလိုနေ့ဆို လမ်းတွေက ဟိုပိတ်ဒီပိတ်ဆိုတော့ သွားရလာရခက်တယ်။ ပျော်ပွဲရွှင်ပွဲတွေ အားကစားပြိုင်ပွဲလေးတွေလုပ်ပေးတာတော့ ကောင်းပါတယ်။ ဒါပေမဲ့ သွားရေးလားရေးမှာ အဓိကကျတဲ့ လမ်းကြီးတွေကို ပိတ်ဆို့ပြီး ကစားကြတာကတော့ သူများတကာကို အနှောက်အယှက်ဖြစ်သလိုပဲ။ လွတ်လပ်ရေးနေ့ဆိုတာ လမ်းတွေကို ပိတ်ပြီးလွတ်လွတ်လပ်လပ် ကစားကြရမယ်လို့ ဘယ်တုန်းကစပြီး ဘယ်လိုအတွေးဝင်သွားကြလဲမသိဘူး။ 
.
ထုံးစံအတိုင်း ပိတ်ရက်ဆိုတော့ တော်တော်နေမြင့်မှထတယ်။ အောက်ဆင်းပြီး လမ်းနည်းနည်းလျှောက်လို့ ဂျာနယ်လေးဝယ်တယ်။ ပြီးတော့ မစားဖြစ်တာကြာနေတဲ့ တိုဟူးနွေးစားချင်စိတ်ပေါ်လာတာနဲ့ (၃)လမ်းထဲက ရှမ်းဆိုင်လေးမှာ သွားစားလိုက်သေးတယ်။ ပြီးတော့ အိမ်ပေါ်ပြန်တက် ..ကော်ဖီလေးသောက်ရင်း ဂျာနယ်လေးဖတ်ရင်း ဇိမ်ယူတာပေါ့။ ပြီးတော့ တရေးပြန်အိပ်ပေါ့ ....
.
 ညတုန်းက Liverpool ပွဲကြည့်လိုက်တာ ညနက်သွားတယ်။ ပြီးတော့ သားလေးက ညဆို ၁၂နာရီ တစ်ချက်အထိ မအိပ်သေးတော့ သူ့နဲ့ကစားပေးရ သေးတယ်။ နေ့ခင်းပိုင်းမှာ အမကြီးမငြိမ်းတို့ လင်မယားလာလည်ကြတယ်။ မတွေ့တာကြာပြီဖြစ်တဲ့သူတို့နဲ့ ထွေရာလေးပါး ပြောကြဆိုကြပေါ့။ ညဖက်ရောက်တော့ သားလေးပါခေါ်ပြီး ရပ်ကွက်ထဲက ပျော်ပွဲရွှင်ပွဲလေးတွေ လျှောက်ကြည့်ဖြစ်တယ်။ အသက်၁၄နှစ်အောက် မော်ဒယ်ရှိုးတဲ့ ကလေးတွေ စင်ပေါ်မှာ ထင်ရာကြဲနေကြတာကို အောက်က ပရိသတ်က တဝါးဝါးနဲ့ပေါ့။ ကလေးတွေကို ဒီအရွယ်ထဲက လူစုလူဝေးကို မကြောက်အောင် ပရိသတ်ကို မကြောင်အောင် လုပ်ပေးထားတာမျိုးက ကောင်းတယ်ထင်တာပဲ။

Thursday, January 1, 2009

Happy New Year 2009m


အားလုံးပဲ မင်္ဂလာပါ။ နှစ်သစ်မှာ အားလုံး လူသစ် စိတ်သစ်နဲ့ အင်အားတွေမွေးလို့ ပျော်ရွှင်ချမ်းမြေ့နိုင်ကြပါစေ။ အလုပ်အကိုင် စီးပွားများလဲတိုးတက်ကြပါစေဗျာ။ ကျွန်တော်မျိုးကြီးကတော့ လက်ရှိအလုပ်ဟောင်း၊ ရုံးခန်းအဟောင်းမှာပဲ။ လက်ရှိကွန်ပျူတာအဟောင်းလေးနဲ့ပဲ အခု ဘလော့ရေးနေပါတယ်။ ဟုတ်ကဲ့ ... ၂၀၀၉နှစ်ဦးမှာလဲ လက်ရှိမိန်းမအဟောင်းနဲ့ပါပဲ :P 
.
နှစ်သစ်ကူးအစီအစဉ်ကို ဒီနှစ်မှာ သိပ်ထူးခြားပြီးမလုပ်ဖြစ်ပါဘူး။ အသက်တွေကြီးလာလိ်ု့လားတော့မသိဘူး။ သိပ်ပြီး feeling မလာတော့သလိုပဲ။ နောက်ပြီး 31st December Night ဆိုရင် ရှုပ်ယှက်ခပ်ပြီး အာရုံနောက်လွန်းလို့ သိပ်မထွက်ဖြစ်တာ။ 30th night မှာတော့ Gathering လေးလုပ်ဖြစ်တယ်။ ထုံးစံအတိုင်း ကိုနဗန၊ ကိုသူရ၊ ကိုသက်..တို့နဲ့ပေါ့။ ဘကြီးဇော်မိုးနဲ့ ဆရာရဲတို့လဲပါတယ်လေ။ မရိုးနိုင်သော Friendship ဆိုင်မှာပဲပေါ့။ အားလုံးကြိုက်တဲ့ Jack ကိုခံစားကြတာပေါ့။ ဆရာရဲနဲ့အတူ ဆရာကတော် မသင်းလဲပါလာတော့ အိမ်က မိန်းမကို ဖုန်းဆက်ပြီး လာခိုင်းလိုက်တယ်။ မသင်းလဲမပျင်းရအောင် မိန်းမလဲ ကိုယ့်ကို နောက်ကျနေပြီ ပြန်မလာသေးဘူးလားဆိုပြီး အာရုံမနောက်ရလေအောင်ပေါ့။ Jack ကုန်သွားတော့လဲဘီယာဆက်သောက်ပေါ့။ 
.
Friendship ကထတော့ သီချင်းဆိုချင်ကြလို့ နီးနီးနားနား လမ်းကူးပြီး Relax ကို ဝင်ကြတယ်။ ခေတ်ဟောင်းသီချင်းကအစ ဟစ်ပ်ဟော့ အဆုံး မျိုးစုံအောင် အော်ကြဟစ်ကြနဲ့။ နောက်ထပ် Jim Bean တစ်လုံးထပ်သောက်ဖြစ်တယ်။ ပြန်ကြတော့ သန်းခေါင်ကျော်လောက်ရှိပြီ။ 31st Dec (မနေ့က)တော့ အမေတို့အိမ်မှာ ဘက်ထရီအိုးပျက်နေပြီဖြစ်လို့ အသစ်တစ်လုံးဝယ်သွားပြီး သွားတပ်ပေးတယ်။ မီးချောင်းလေးတွေ အဆင်ပြေအောင်နေရာချပေးလိုက်သေးတယ်။ အမေတို့အိမ်ဖက်က အလှည့်ကြမီးပျက်နေပြီ။ ကိုယ်တို့ ဗဟန်းဖက်ကတော့ ဘုရားနားနီးလို့လားမသိ မီးမပျက်သေးဘူးရယ်။ 
.
အပြန်မှာ CityMart ဝင်ပြီး စက္ကူဗူးနဲ့ Red Wine တစ်ဗူးဝယ်တယ်။ New year eve မို့လားမသိ စျေးဝယ်သူတွေ များလိုက်သည့်ဖြစ်ချင်း။ ဝယ်တဲ့ပစ္စည်းတွေကလဲ ညဖက် အပျော်ချက်ကြပြုတ်ကြကင်ကြဖို့ ဟာတွေများတာကို သတိထားမိတယ်။ ငွေရှင်းဖို့ မိနစ်နှစ်ဆယ်လောက် စောင့်လိုက်ရတယ်။ အိမ်ရောက်တော့ သားလေးနဲ့ဆော့ရင်း ယောက်ခမရဲ့ ငါးမြင်းကြော်လေးတွေ နိုက်စားရင်း ၀ိုင်လေးကို ခံစားတာပေါ့။ မိန်းမလာရင် အသင့်သောက်ရအောင် ၀ိုင်ခွက်တစ်ခွက်အသင့်ထုတ်ပေးထားတယ်။
.
 ဒါပေမဲ့ သူက Year End စာရင်းတွေ ပိတ်နေရလို့ တော်တော်မိုးချုပ်မှပြန်ရောက်တယ်။ ၂လမ်းထိပ်က ရှမ်းဘုန်းကြီးကျောင်းထဲမှာလဲ ပလုံပလုံနဲ့ ရှမ်းအိုးစည်တီးပြီး အဲဒီမှာနေတဲ့လူငယ်တွေနဲ့ အပြင်ကလာကြတဲ့ ဧည့်သည်တစ်ချို့ ပျော်ပွဲရွှင်ပွဲလုပ်နေကြလေရဲ့။ သူတို့ရဲ့ ပလုံပလုံ နောင်နောင် နောင်. .ဆိုတဲ့တီးသံတွေက အကြာကြီးကြားနေရရင် အာရုံနောက်လာရော။ မတတ်နိုင်ပါဘူး။ ကိုယ့်ဘာသာ TVလေးကြည့်ရင်း သားနဲ့ကစားရင်း Red Wine လေးသောက်ရင်းနဲ့ 2008 က ကုန်ဆုံးသွားခဲ့တယ် ....