မနေ့က မြို့ထဲရောက်ရင်းနဲ့ Lucky Strike စီးကရက်တစ်ဗူး ဝယ်သောက်ဖြစ်တယ်။ ဆေးလိပ်စသောက်ခါစက Lucky ကိုပဲ စသောက်ဖြစ်တာ။ ပြီးတော့ တစ်ခါကလုပ်ခဲ့ဖူးတဲ့ ကြော်ငြာ စာရေးလေးဘဝကိုလဲ သတိတရ ဖြစ်သွားလို့ပါ။ ကျောင်းပြီးခါစအချိန်မှာ အိမ်ရဲ့စီးပွားရေးအချိန်အနေကြောင့် ကိုယ်ဝါသနာပါရာလုပ်နေတဲ့ ကွန်ပျူတာသင်တန်း စာသင်တဲ့အလုပ်လေးကို စွန့်ခွါလို့ Bates Advertising ဆိုတဲ့ ကြော်ငြာအေဂျင်စီတစ်ခုမှာ အလုပ် ဝင်လုပ် ဖြစ်တယ်။ အဖေ့ရဲ့ အဆက်အသွယ်နဲ့ပဲဆိုပါစို့။ Job Title က Account Executive ပါ။
.
စာရင်းကိုင်ပညာ Accounting မဟုတ်ပါဘူး။ သူတို့က Client တစ်ယောက်ကို Account တစ်ခုလို့ သတ်မှတ် ထားတော့ Client တစ်ယောက် အတွက် တောက်တိုမယ်ရ စာရေးလေးပေါ့။ ကိုယ့်အထက်မှာ Account Manager ရှိပါတယ်။ အဲဒီတုန်းက ကိုယ့်ရဲ့ Account Manager က ကိုမောင်မောင်ဦးပါ။ အင်မတန်ကို သဘောကောင်းပြီး ကိုယ့်လက်အောက်ငယ်သားကိုလဲ အလွန်ဖေးမတတ်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ပေါ့။ ရင်းနှီးသူများက ကိုဘဲလို့ ချစ်စနိုးခေါ်ကြတယ်။ ကိုယ်ကိုင်ရတဲ့ Accountက BAT လို့ခေါ်တဲ့ British American Tobaccoပါ။ 555, Bensen, Lucky Strike တို့ရဲ့ ပြည်တွင်းကြော်ငြာလှုပ်ရှားမှုများကို ဆောင်ရွက်ပေးရတာပေါ့။
.
ကိုယ့်အတွက် နိုင်ငံတကာ အဆင့်အတန်းရှိတဲ့ အဖွဲ့အစည်းတစ်ခုမှာ လုပ်ခဲ့ဖူးတဲ့ အင်မတန်မှလဲ အတွေ့အကြုံတွေရခဲ့တဲ့ ကာလတွေပေါ့။ Lucky Strike ဆိုင်ကယ်ကြီးတွေကို ကွန်တိန်နာကားပေါ်တင်လို့ ပဲခူး၊ ပြည်၊ မန္တလေး၊ တောင်ကြီးစတဲ့ မြို့တွေမှာ Road Show တွေလုပ်တယ်။ ဆိုင်ကယ်ကြီးတွေက အရှေ့မှာ projector screen ထားပြီး Amusement Park က ဂိမ်းကစားသလို တက်မောင်းလို့ရတယ်။ လက်ကိုင်ကွေ့တာတို့၊ လီဗာ၊ ဂီယာတို့ကိုသုံးပြီး မောင်း ကစားလို့ရတယ်။ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း၊ Road Safety ကို အကြောင်းပြလို့ ဆေးလိပ်ကြော်ငြာတာပေါ့။
.
သင်္ကြန်ဆိုရင်လဲ ဒီစီးကရက် Brand တွေနဲ့ မဏ္ဍပ်တွေဆောက်တယ်။ ရန်ကုန်ရော မန္တလေးရောပေါ့။ အဲဒီလိုအချိန်ဆိုရင် ကိုဘဲက မန်းလေးတက်သွားပြီး ကျွန်တော်က ရန်ကုန်ကို တာဝန်ယူရတယ်။ Benson ဆေးလိပ်ကြတော့ Golden Tone ဆိုပြီး Stage Show တွေလုပ်တယ်။ ရန်ကုန်မြို့ထဲက Night Club တွေမှာလဲ Promotion ပွဲတွေလုပ်ပေးရတယ်။ ဥပမာ 555 Nite ဆိုတာမျိုးတွေပေါ့။ အဲဒီအချိန်တွေက တစ်ပတ်ကို Night Club သုံးလေးခုလောက် အမြဲသွားရတယ်။ ည တစ်နာရီ တစ်နာရီခွဲမှ ပြန်ရလေ့ရှိတယ်။ လခအားဖြင့် အဲဒီတုန်းက တစ်လကို FEC100 ပေါ့။ လခရပြီး ပြန်ရောင်းရင် တစ်သောင်းကျော်ကျော်လေးပဲ ရသေးတဲ့ခေတ်ပေါ့။
.
တစ်လကို Lucky တစ်တောင့်ဆိုတာမျိုးလဲရတယ်။ လခထုတ်ပြီးရင် အတူလုပ်ကြတဲ့ ကိုကုလားမူးရယ် ကျွန်တော်ရယ် ဆိုင်သွားပြီး Red Label လောက်ထောင်ကြတာပေါ့။ သူက J&B အရက် Account ကို ကိုင်ရသူပေါ့။ Burmese Networker ကိုကျော်ကျော်ခိုင်ရဲ့ ဝမ်းကွဲအကိုလဲတော်တယ်။ အဲဒီအချိန်လောက်တုန်းက ငွေတစ်သောင်းကျော်ဆိုတာ တော်တော်သုံးရသလိုပဲ။ အိမ်ကိုလဲ လိုလေသေးမရှိ ထောက်ပံ့နိုင်ခဲ့တာပေါ့။
တစ်နှစ်လောက်လုပ်ပြီးတဲ့အချိန်မှာ Computer Master ဆက်တက်ဖို့လဲဖြစ်လာ အဖေ ကလည်း နိုင်ငံခြားအဖွဲ့အစည်းတစ်ခုမှာ Consultant ဆိုပြီး သုံးရာလေးရာလောက်ရလာတော့ အဲဒီအလုပ်ကထွက်ခဲ့တာ။ James Bond ကားတွေပြပြီး မေးခွန်းလေးတွေမေးလို့ 555 ဗူးခွံပေါ်မှာ ရေးပြီး ပြန်ဖြေကြရတဲ့ project က ကျွန်တော်နောက်ဆုံး ကိုင်ပေးခဲ့တာပဲ။ အလုပ်ကထွက်လာခဲ့ပေမဲ့ အချိန်တော်တော်ကြာကြာအထိ လမ်းသွားရင်း ကိုယ့်Brand ရဲ့ Bill Board တွေ မီးမလင်းတာမျိုးတွေ့ရင် ပျက်စီးနေတာတွေ့ရင် Magazine တွေထဲက ကြော်ငြာတွေမှာ Brand အရောင်မမှန်တာ မှားယွင်းနေတာမျိုးတွေ တွေ့ရင် ငါ့အလုပ်ပဲဆိုတာမျိုးတွေးမိနေတုန်း။ အလုပ်သံယောဇဉ်လို့ပဲ ခေါ်ရမှာပေါ့။
2 comments:
Nice memories... I met you there.
yes Aunty Su, Long time no see :)
I remember the PanSoeDan Office with big pile of 555 empty packs with James Bond movie answers on them ....
Post a Comment