ဒီနှစ်လွတ်လပ်ရေးနေ့က တနင်္ဂနွေကြီးဖြစ်သွားတော့ ရုံးသူရုံးသားတွေ ပိတ်ရက်တစ်ရက်နာသွားတာပေါ့။ ထူးထူးခြားခြား ဘယ်မှမသွားဖြစ်ပါဘူး။ ဒီလိုနေ့ဆို လမ်းတွေက ဟိုပိတ်ဒီပိတ်ဆိုတော့ သွားရလာရခက်တယ်။ ပျော်ပွဲရွှင်ပွဲတွေ အားကစားပြိုင်ပွဲလေးတွေလုပ်ပေးတာတော့ ကောင်းပါတယ်။ ဒါပေမဲ့ သွားရေးလားရေးမှာ အဓိကကျတဲ့ လမ်းကြီးတွေကို ပိတ်ဆို့ပြီး ကစားကြတာကတော့ သူများတကာကို အနှောက်အယှက်ဖြစ်သလိုပဲ။ လွတ်လပ်ရေးနေ့ဆိုတာ လမ်းတွေကို ပိတ်ပြီးလွတ်လွတ်လပ်လပ် ကစားကြရမယ်လို့ ဘယ်တုန်းကစပြီး ဘယ်လိုအတွေးဝင်သွားကြလဲမသိဘူး။
.
ထုံးစံအတိုင်း ပိတ်ရက်ဆိုတော့ တော်တော်နေမြင့်မှထတယ်။ အောက်ဆင်းပြီး လမ်းနည်းနည်းလျှောက်လို့ ဂျာနယ်လေးဝယ်တယ်။ ပြီးတော့ မစားဖြစ်တာကြာနေတဲ့ တိုဟူးနွေးစားချင်စိတ်ပေါ်လာတာနဲ့ (၃)လမ်းထဲက ရှမ်းဆိုင်လေးမှာ သွားစားလိုက်သေးတယ်။ ပြီးတော့ အိမ်ပေါ်ပြန်တက် ..ကော်ဖီလေးသောက်ရင်း ဂျာနယ်လေးဖတ်ရင်း ဇိမ်ယူတာပေါ့။ ပြီးတော့ တရေးပြန်အိပ်ပေါ့ ....
.
ညတုန်းက Liverpool ပွဲကြည့်လိုက်တာ ညနက်သွားတယ်။ ပြီးတော့ သားလေးက ညဆို ၁၂နာရီ တစ်ချက်အထိ မအိပ်သေးတော့ သူ့နဲ့ကစားပေးရ သေးတယ်။ နေ့ခင်းပိုင်းမှာ အမကြီးမငြိမ်းတို့ လင်မယားလာလည်ကြတယ်။ မတွေ့တာကြာပြီဖြစ်တဲ့သူတို့နဲ့ ထွေရာလေးပါး ပြောကြဆိုကြပေါ့။ ညဖက်ရောက်တော့ သားလေးပါခေါ်ပြီး ရပ်ကွက်ထဲက ပျော်ပွဲရွှင်ပွဲလေးတွေ လျှောက်ကြည့်ဖြစ်တယ်။ အသက်၁၄နှစ်အောက် မော်ဒယ်ရှိုးတဲ့ ကလေးတွေ စင်ပေါ်မှာ ထင်ရာကြဲနေကြတာကို အောက်က ပရိသတ်က တဝါးဝါးနဲ့ပေါ့။ ကလေးတွေကို ဒီအရွယ်ထဲက လူစုလူဝေးကို မကြောက်အောင် ပရိသတ်ကို မကြောင်အောင် လုပ်ပေးထားတာမျိုးက ကောင်းတယ်ထင်တာပဲ။
1 comment:
Good Blog, I think I want to find me, I will tell my other friends, on all
Post a Comment