Wednesday, January 14, 2009

Happy 2009???

အခု ၂၀၀၉ကတော့ ထူးခြားတဲ့နှစ်တစ်နှစ်ဖြစ်မှာပါ။ ကမ္ဘာ့စီးပွားရေးပျက်ကပ်ကြီးက ကျွန်တော်တို့နိုင်ငံကိုလည်း မသိမသာနဲ့တဖြေးဖြေး ထိခိုက်လို့လာပါပြီ။ Seminar တွေမှာ ပညာရှင်များကပြောသလို (၁) Export တွေ ထိခိုက်မယ်။ (၂) Tourism လုပ်ငန်းတွေထိခိုက်မယ်။ (၃) နိုင်ငံရပ်ခြားမှာသွားရောက်လုပ်ကိုင်နေတဲ့ ကိုယ့်နိုင်ငံသား အလုပ်သမားတွေနဲ့ သူတို့ရဲ့ဝင်ငွေတွေ လွှဲငွေတွေထိခိုက်မယ်။ (၄) အခစားလုပ်တဲ့လုပ်ငန်းတွေ ဥပမာ အထည်ချုပ်လုပ်ငန်းတွေထိခိုက်မယ်။ 
.
ပထမဆုံး စထိတာကတော့ အိန္ဒိယဝယ်တဲ့ဖက်က ပဲစျေးတွေကျတော့ လေပါကားနဲ့ ရောင်းဝယ်ဖေါက်ကား စျေးကစားခဲ့ကြတဲ့ ပဲကုန်သည်များအတော်ကို အထိနာကုုန်ကြတယ်။ ဆန်တွေ၊ ငါး၊ ပုဇွန်တွေ export စျေးကျတယ်။ တောင်သူတွေ စိုက်ပျိုး မွေးမြူခဲ့ရတဲ့ဆီမှာ ကုန်ကျတဲ့စရိတ်တောင်မကာမိတဲ့ စျေးအထိ ကျသွားရင်တော့ နောက်နှစ် စိုက်ပျိုးမွေးမြူဖို့အတွက် အရင်းမရှိတော့လို့ ဒုက္ခရောက်နိုင်ပါသတဲ့။ 
.
ခရီးသွားလုပ်ငန်းကို ကြည့်ရင်လဲ အရင်နှစ်က ဘုန်းကြီးအရေးအခင်း၊ ပြီးတော့ နည်းနည်းလေး တည်ငြိမ်မယ် မရှိသေးဘူး နာဂစ်နဲ့ကြုံပြန်ရော၊ အခုတစ်ခါ စီးပွားပျက်ကပ် .... ခရီးသွားလုပ်ငန်း ကုမ္ပဏီတွေ၊ လေယာဉ် လက်မှတ်အေးဂျင့်တွေ၊ ဟော်တယ်တွေ၊ ခရီးသွားကားတွေ စားသောက်ဆိုင်တွေ၊ ဧည့်လမ်းညွှန်တွေ ... တော်တော်အလုပ်ပါးကုန်ကြတယ်တဲ့။ နိုင်ငံခြားခရီးသည်ကလည်းအရမ်းကိုနည်းနေပါသတဲ့။ ဗေထိ..ဆိုရင် ခရီးသွားလုပ်ငန်းကအရင်ထိတာပါပဲတဲ့။ ဒါကြောင့် ချောင်းဆိုးနှာချီတာတောင် ကျယ်ကျယ်မလုပ်ဝံ့ဘူး ...ဧည့်သည်မလာမှာစိုးလို့ ဆိုပြီး ဟော်တယ်ခရီးသွားလုပ်ငန်းရှင်အသင်းက အကြီးအကဲက UMFCCIဟောပြောပွဲတုန်းက အရွှန်းဖောက်ပြောတာလေး သတိရမိသေးတယ်။ 
.
ကိုယ်တွေ့သလောက်တော့ အခြေခံစားကုန် ဆန်၊ဆီကအစ စျေးတွေကသွားတယ်။ လူသုံးကုန်ပစ္စည်း ရောင်းတဲ့သူတွေလည်း အရောင်းထိုင်းလို့ ငြီးနေကြတယ်။ ကွန်ပျူတာပစ္စည်းတွေ လျှပ်စစ်ပစ္စည်းတို့ ဇိမ်ခံပစ္စည်းတို့ဆိုရင်တော့ စျေးက တော်တော့်ကို ကျသွားတယ်။ ပရိုမိုးရှင်းတွေ Discount တွေ အတင်းပေးပြီး ရောင်းနေရတဲ့အခြေအနေပဲ။ 
.
ကိုယ်တို့ အပျော့ထည် ရေးရောင်းတဲ့လုပ်ငန်းဆိုလဲ နှစ်လလောက်ရှိပြီ။ သိသိသာသာကို အရောင်းကျသွားတယ်။ ဒီကြားထဲ မီးတွေကလည်း အလှည့်ကျ ပြန်ပျက်နေပြီဆိုတော့ မီးစက်အတွက် ဆီဖိုးကလည်း ပိုကုန်သေးတယ်။ တော်သေးတာက ဆီစျေးကအရမ်းကြီးမတက်သေးတာပဲ။ Strategy တွေပြောင်းရတာပေါ့။ ဂျပန်နည်း စဉ်းစားရ တာပေါ့။ TQM ထဲကလိုပေါ့ ရေလျှော့သွားလို့ ကျောက်ဆောင်တွေပေါ်လာမှ ကိုယ့်အဖွဲ့အစည်းကို Efficient ဖြစ်အောင် Effective ဖြစ်အောင် ဘယ်လိုလုပ်မယ်၊ Waste တွေကို ရှာပြီးဘယ်လိုလျှော့မယ် ဆိုတာမျိုးတွေ စဉ်းစားလာရပြီ။ သူဌေးစျေးရောင်းဆိုတာမျိုး လုပ်လို့မရတော့ဘူး။ 
.
အရင်ကလို ဒီ Software တစ်ခုကို ငါးသိန်းရမှရောင်းနိုင်မယ်ဆိုတဲ့ attitude မျိုးကနေ သုံးသိန်းပဲပေးနိုင်တော့တဲ့ Customer ကို ကိုလည်း မရှုံးအောင် ဘယ်လိုရောင်းရမလဲ၊ မြန်မြန်ပြီးအောင် Quality လည်းမကျအောင် စရိတ်စက လည်း ကုန်သင့်တာထက်ပိုမကုန်အောင် ဆိုတာမျိုးတွေကို ခေါင်းပူလောက်အောင်ကို စဉ်းစားနေရပြီ။ ၀ါသနာပါလို့ တန်ဖိုးထားပြီး ငတ်တစ်လှည့် ပြတ်တစ်လှည့် လုပ်လာခဲ့တာ ဆယ်နှစ်တောင်ကျော်ပေါ့။ ဒီစီးပွားပျက်ကပ်ဆိုတာကြီကြောင့်တော့ ကိုယ်တို့အဖွဲ့အစည်းလေးကို အပျက်မခံနိုင်ပါဘူး။ အကြောက်လွန် နေတာတော့ မဟုတ်ပါဘူး။ နာဂစ်တုန်းကလို သတိထားပြင်ဆင်ချိန်ရခဲ့ရက်နဲ့ ပေါ့ဆပြီး အလေးမထား မိတာမျိုး နောက်တစ်ခေါက်ထပ်မဖြစ်ချင်တာပါ။