Thursday, July 31, 2008

Amaury Bischoff set for Gunners


Arsenal အသင်းက ၂၁နှစ်အရွယ် ပေါ်တူဂီ လူငယ်ကစားသမာလေးကို ခေါ်ယူလိုက်ပါပြီ။ ဂျာမန် Werder Bremen club ကနေ ခေါ်ယူခဲ့တာပါ။ သူဟာ ဗဟိုကွင်းလယ် ကစားသမား အဖြစ် ကစားနိုင်သလို ညာတောင်ပံကနေလည်း ကစားနိုင်ပါတယ်။

ပြင်သစ်နိုင်ငံမှာ မွေးဖွား ခဲ့ပြီး Werder Bremen ကို မရောက်ခင် ပြင်သစ် ကလပ်နှစ်ခုမှာ ကစား ခဲ့ဖူးပါတယ်။ Bremem မှာ ၂၃နှစ်အောက် လူငယ်အသင်းမှာ ကစား ရပါတယ်။


ပွဲကြီးအဖြစ် UEFA Cup Celta Vego နဲ့ ပြိုင်ပွဲမှာ လူစား ဝင်ကစားခဲ့ရပါတယ်။ ပြင်သစ် ၁၈နှစ်အောက် လက်ရွေးစင် အသင်းမှာ လည်း ကစားပေးခဲ့ဖူးပါတယ်။ ဒါပေမဲ့နောက်ပိုင်းမှာ မိခင်ဖက်က ပေါ်တူဂီ နိုင်ငံသား အဖြစ်ခံယူပြီး ပေါ်တူဂီ ၂၁နှစ်အောက် အသင်းမှာ အရွေးခံရပြီး ကစားပေးခဲ့ပါတယ်။ ဒါပေမဲ့ ပေါင်က ဒဏ်ရာကြောင့် ခွဲစိပ်ကုသခဲ့ရပြီး နားနေရတာကြာပါပြီ။

Arsenal manager Winger က သူ့ကို ခေါ်ယူရတာ အလောင်းအစားလုပ်သလို စွန့်စားရတာပါလို့ ဆိုထား ပါတယ်။ အာဆင်နယ်မှာ ကျောနံပါတ် ၂၈ နဲ့ ကစားရမှာပါ။ ဒါပေမဲ့ ပုံမှန် ကြံ့ခိုင်မှု့ အနေအထားကို ရောက်ဖို့ နှစ်လလောက် စောင့်ရဦးပါမယ်။ Arsenal အသင်းကို မနှစ်က အသင်းရဲ့ ဗဟိုချက် အဓိက ကစားသမားတွေ ထွက်ခွာသွားလို့ အောင်မြင်ဖို့ မလွယ်တော့ဘူးလို့ မြင်ကြပေမဲ့ လတ်တလော ခြေစမ်းပွဲလေးတွေကို ကြည့်ရင် အသစ်ခေါ်ထားတဲ့ Nasri, Aron Ramsay နဲ့ အငှားချရာက ပြန်ရောက်လာတဲ့ Calos Vela တို့ လျှင်လျှင် မြန်မြန်ကို အတွဲမိပြီး ခြေစွမ်းတွေ ပြနေကြတယ်။

လာမဲ့ စနေနဲ့ တနင်္ဂနွေမှာ ကျင်းပမဲ့ Emirate Cup မှာ သူတို့ ခြေစွမ်းကို ဆက်လက် စောင့်ကြည့်ရပါမယ်။ Arsen Wenger ကြီးကတော့ ဘယ်သူတွေ ဘာပြောပြော သူ့လမ်းစဉ် အတိုင်း လုပ်ခနည်း ပြောင်းရွှေ့ခပေါတဲ့ ရွက်ပုန်းသီး လူငယ်ခြေထက် လေးတွေကို ဆက်လက ်ရှာဖွေဆဲ လေ့ကျင့်ပေးဆဲပါ။ သမင်မွေးရင်း ကျားစားရင်း ဆိုသလို သူကပြုစု ပျိုးထောင်ပေးလိုက် သူများက ခေါ်သွားလိုက်ဆိုသလိုဖြစ်နေပါတယ်။

Barcelona ကိုဆိုရင် တောက်လျောက် ခေါ်ယူခဲ့တဲ့ Arsenal အသင်းသားတွေ များလွန်းလို့ Ar-celona လို့ခေါ်ရမလိုတောင် ဖြစ်နေပြီ။ ဘာပဲဖြစ်ဖြစ် ကျားစားလို့မကုန်အောင် သမင်တွေကို တောက်လျောက်မွေးရင်း ၃နှစ်တာ ပျောက်ဆုံးနေခဲ့တဲ့ ဆုဖလားတွေရအောင် ဘယ်လို ကြိုးစားမယ်ဆိုတာ ယုံယုံကြည်ကြည်နဲ့ ဆက်လက်စောင့်ကြည့်ရင်း အားပေးကြပါစို့လား ...

Wednesday, July 30, 2008

ရောက်လာတော့မယ့် သားသားလေး

မကြာခင်မှာ ကလေးလေး ရတော့မယ်။ သားလေးပေါ့။ OG ကအရင်တနင်္ဂနွေပြပြီချိန်မှာ ပြောပုံအရာ နည်းနည်းစောမွေးနိုင်တယ်။ သြဂုတ်လထဲလောက်မှာပေါ့။ မိန်းမကတော့ လိုအပ်တဲ့ပစ္စည်းတွေ လိုက်ဝယ်နဲ့ အလုပ်ရှုပ်နေလေရဲ့။ ကလေးရေချိုးတဲ့ဇလုံ၊ ကလေးပုခက်၊ နို့ဗူး .... စုံနေတာပဲ။ ယောက်ခမကလည်း ဆေးရုံတက်ရင် ယူသွားဖို့ဆိုပြီး ခြင်းလေးနဲ့ ပြင်ဆင်ပေးထားလေရဲ့။ အနှီးလေးတွေ၊ ကလေးအမေဝတ်ဖို့ လုံချည်၊ ရေခွက်...စုံနေတာပဲ။ ကျေးဇူးတင်စရာပဲ။ Market ထွင်ပြီး ရောင်းတတ်လိုက်ကြတာ။ ရေချိုးတဲ့ ပလပ်စစ်ဇလုံလေးကတင် သုံးသောင်းကျော်တဲ့။ အရုပ်လေးတွေပါတဲ့ ဒီဇိုင်းလှလှလေးနဲ့ပေ့ါ။

ပိုက်ဆံနှမြောလို့တော့မဟုတ်ပါဘူး။ ပိုက်ဆံကို နှိုက်ယူတတ်တဲ့ စျေးရောင်းနည်းလေးတွေကို သဘောကျလို့။ EMBA မှာ ဆရာမကြီး ဒေါ်ခင်စမ်းရီ သင်ခဲ့သလို့ wants တွေကို needs တွေလို့ ယုံကြည်စေပြီး စျေးကွက်ရှာပုံတွေ။ ဒီလို ဇလုံနဲ့မှ မချိုးပေးရင်ပဲ မိဘတာဝန် မကျေတော့မလို ကလေးပဲ ရေချိုးလို့ မရတော့မလိုလို ... မှတ်မိသေးတယ် ငယ်ငယ်က ညီမအငယ်ဆုံးကို အဖွားက ထိုင်လျှက်မှာ သူ့ခြေတောက်ပေါ် အသာလေးချလို့ ရေလောင်းချိုးပေးတာကို။ မွေးတာကိုလည်း ခွဲမွေးမယ် ရိုးရိုးမွေးမယ်နဲ့ ဟိုလိုလို ဒီလိုလို စဉ်းစားရင်းက ဖြစ်နိုင်ရင် ရိုးရိုးပဲမွေးဖို့ ဆုံးဖြတ် ကြတယ်။

ဒါပေမဲ့ အခက်အခဲတွေအများကြီးပဲ။ ဗိုက်နာလာတဲ့အချိန်မှာ ဆေးရုံမှာ အခန်းမရမှာ၊ ကိုယ့် OGက အချိန်မီ ရောက်မလာမှာ .. တစ်ချို့ OG ကို ပေါ်တင်ပဲ။ Normal Labour ဆိုရင် လက်ကိုမခံတာ။ တော်သေးတယ် SSC က ကိုယ့်ရုံးက software သုံးနေတာဆိုတော့ အထိုက်အလျောက်ရင်းနှီးတယ်။ သူတို့ကိုပဲ အကူအညီ တောင်းရတာပေါ့။ ဗိုက်နာချိန်မှာ အခန်းလေးတစ်ခန်းရနိုင်အောင်။ OG အန်တီကတော့ သူလာပေး ပါမယ်တဲ့။ မွေးတဲ့အချိန်တော့မသိဘူး ပုံမှန် ဆေးခန်းတစ်ပတ် တစ်ခါပြချိန်မှာတောင် စောင့်ရတာ ဖင်ဂျွတ်တက်လိုက် သေသွားနိုင်တယ်။ ဝယ်ဖတ်တဲ့ အားကစားဂျာနယ်ကို ရေးထားသမျှ cover to cover ဖတ်ပြီးတာတောင် ရောက်မလာသေးဘူး :D

ဒါပေမဲ့ သူက သဘောတော့ကောင်းတယ်။ ဂရုလဲစိုက်ပါတယ်။ အိမ်မှာလည်း ပစ္စည်းတွေ ဟိုရွှေ့ဒီရွှေ့ပေါ့။ အခုငှားနေတဲ့ တိုက်ခန်းက ခပ်ကျဉ်းကျဉ်းဆိုတော့။ အိပ်ခန်း (ဝင်လိုက်တာနဲ့အိပ်လို့ပဲရတယ် ... အဲလောက် ကျဉ်းကျဉ်းလေး) ကလေးမွေးပြီးခါစဆို ခေါ်ထားရမဲ့ Nurse၊ အကူ ခဏလာနေပေးမဲ့ ယောက်ခမ၊ မွေးလာမဲ့ကလေး ... သူတို့တွေအတွက် ဒီခပ်ကျဉ်းကျဉ်းအိမ်ထဲမှာ အကောင်းဆုံးလေး စိတ်ကူးနေရာချရတာပေါ့။

ဟိုတစ်ရက်က မိန်းမက သူ့အိမ်က နှစ်ထပ်ကတင်ကြီးကို သယ်ခိုင်းလိုက်တယ်။ လှေခါးပါနေတော့ ခြင်ထောင်ထောင်ရအဆင်မပြေသလိုပဲ။ အဲဂလို အဲဂလိုနဲ့ ကျေးဇူးရှင်လေးကို ကြိုဆိုဖို့ လုံးပမ်းနေရကြောင်းပါ။

Tuesday, July 29, 2008

Breakfast for birds

မနက်ဆို ပုံမှန် ခုနစ်နာရီလောက် အိပ်ယာထဖြစ်တယ်။ တနင်္ဂနွေနဲ့ ညနက်နက်မှ အိပ်ဖြစ်တဲ့ ရက်တွေက လွဲလို့ပေါ့။ hand phone မှာ နှိုးစက်လေးပေးထားတာပေါ့။ အိပ်ယာကထပြီး နောက်ဖေး မီးဖိုအခန်းကို ဝင်လိုက်ပြီ ဆိုတာနဲ့ ကျွန်တော့် ဖောက်သည်များက ဝရံတာ လက်ရမ်းပေါ်တွေမှာ အသင့်စောင့်နေကြပါပြီ။ အများစုကတော့ ခိုတွေပေါ့။ ကျီးကန်းရယ် စာကလေးရယ်လည်းပါတယ်။ တစ်ခါတစ်ရံ ဆက်ရက်လေးတွေ လည်း လာတယ်ဗျ။

သူတို့ကို မနက်တိုင်း ဆန်ကျွေးဖြစ်ပါတယ်။ ဝရံတာ လက်ရမ်း တလျှောက် ဆန်လေးတွေ ချထားပေးရင် သူတို့လာစားကြတယ်။ စကျွေးဖြစ်တုန်းက ပိုနေတဲ့ ထမင်းကြမ်းတွေ သိပ်အနံ့အသက် မကောင်းတော့တာနဲ့ ရေစင်စင်ဆေးပြီး ငှက်တွေစားပါစေ ဆိုပြီး ကျွေးထားဖြစ်တယ်။ အဲဒီလို တစ်ခါနှစ်ခါကျွေးပြီးတော့ ဆန်နေ့တိုင်းကျွေးမယ်ဆိုပြီး ဆန်ဝယ်ကျွေး ပါတယ်။ သူတို့ဆန်က တစ်ပြည် ရဝဝကျပ်ဗျ။ တစ်ပြည်ဝယ်ထားရင် လေးငါးရက်တော့ ကျွေးရတယ်။ စကျွေးဖြစ်တုန်းက လေးငါး ခြောက်ကောင်ပေါ့။ အခု ငှက်သတင်း ငှက်ချင်းဆောင်ပြီး ခိုချည်းပဲ အကောင် နှစ်ဆယ် အစိတ်လောက်လောက် လာစားတယ်။

ခိုတွေက အုပ်စုတောင့်တော့ သူတို့အရင်စားကြတယ်။ ပြီးရင် ကျီးကန်း ... နောက်ဆုံးကတော့ စာကလေးပေါ့ ရှေ့က အကောင်ကြီးတွေစားပြီး ကျန်တာလေးတွေ အောက်ကြမ်းပြင် ကိုကျနေတာလေးတွေ လာစားကြတယ်။ တစ်ခါတစ်လေလဲ ခိုတွေက အများကြီးစားသွားလို့ စာကလေးတွေအတွက် မကျန်ရင်လဲ သူတို့အတွက် လိုက်ပွဲထပ်ချပေးရတာပေါ့။ :D

ညနေဖက် စောစော အိမ်ပြန်ရောက်တဲ့ရက်တွေဆိုလည်း မမှောင်ခင် သူတို့ရှိသေးရယ် တစ်ခေါက်ကျွေးတယ်။ ဒါကတော့ ပုံမှန် မဟုတ်ဖူးပေါ့။ ဘာရယ်မဟုတ်ပါဘူး ဒါလည်း အလှူလေးတစ်ခုပေါ့။ Bird Flu ဖြစ်တဲ့ အချိန်မျိုးဆိုရင်တော့ ကိုယ့်အတွက် အန္တရယ် အထိုက်အလျောက် ရှိနိုင်မယ်ထင်တယ်။ အခုထိတော့ နေ့တိုင်း ကျွေးနေတာပဲ ....

Cuil search engine












Google ကထွက်လာခဲ့တဲ့ ထိပ်တန်း engineer တွေစုပြီး လုပ်ထားတဲ့ search engine လေးပါ။ TeraGoogle search index ရဲ့ chief architect Anna Patterson ဦးဆောင်ပါတယ်။ သူ့ရဲ့ search algorithm က 120 billion web pages လောက်ကို scan လုပ်ရှာပေးတယ်လို့ ဆိုပါတယ်။ ဒါဟာ Google ထက် သုံးဆလောက်ရှိပါတယ်။ search result တွေကို column သုံးခုမှာ text ရော picture ပါပေါင်းပြပေးပါတယ်။ 2 column ကြည့်ချင်ရင်လဲ ရတယ်ဗျ။

ရိုက်ထဲ့လိုက်တဲ့ key word ပေါ် မူတည်ပြီး category နဲ့ ပြပေးတာလေးတွေ Drill down ဆက်လုပ်လို့ရတာတွေ ကတော့ မဆိုးပါဘူး။ ဘယ်လောက်ပဲ ဝေဝေဆာဆာ ပြောထားပေမဲ့ တကယ်တမ်း စမ်းကြည့်တဲ့အခါ Google, Yahoo နဲ့ Microsoft တို့ကို ဘယ်လိုမှာ မယှဉ်နိုင်သေးတာကို တွေ့ရပါတယ်။ Cuil မှာ ရှာချင်တဲ့စကားလုံးကို အတိအကျနီးပါး ရိုက်ပေးမှ ရပါတယ်။ similar spelling နဲ့ suggestion ပေးတာမျိုးမရှိဘူး။

ဥပမာ ကျွန်တော်က Porsche ဆိုတဲ့ ကားကို ရှာမလို့ ဒါပေမဲ့ စာလုံးပေါင်းမသိဘူးဆိုပါစို့ poche နဲ့ရှာလိုက်ရင် Cuil မှာ မတွေ့ဘူး။ Google မှာဆို အလိုက်တသိ မင်းရှာချင်တာ ဒါလားဆိုပြီး suggest လုပ်ပေးတယ်။ Cuil အနေနဲ့ ဒီလို featureမျိုး မပါတာ တစ်ချက်တည်းနဲ့တင် အောင်မြင်ဖို့ အတော်ခဲယဉ်းသွားပြီ။ ရှာချင်တဲ့ စာလုံးပေါင်း အတိအကျတော့ ဘယ်သိနိုင် ပါ့မလဲ။ အဲဒီလို သိမှ ရှာပေးတယ် ဆိုရင်လဲ ဘာသွားသုံးရမှာတုန်း။

အဟက်.... နားခိုရာ လို့ မြန်မာလိုရိုက်ပြီး ရှာကြည့်ရင် Google, Yahoo, Microsoft live, Altavista တို့က ရှာပေးပေမဲ့ Cuil ကမတွေ့ပါဘူး။ အင်္ဂလိပ်လို narkhoyar လို့ရှာတာတောင်မတွေ့ဘူး။ ဒီလို အထင်ကရ နာမည်ကြီးဘလော့ကိုတောင် ရှာမတွေ့တဲ့ search engine ဘယ်လိုသုံးစားလို့ ရမှာတုန်း :P
 
References- Cuil launch... new Cuil search engine sucks Cuil not a google killer yet

Monday, July 28, 2008

Cheer up!

ပုံလေးကြိုက်လို့ တိုလာတာ။ ဘလော့သို့ကြွလာ မိတ်သဟာအပေါင်း စိတ်နှလုံးရွှင်လန်းစေရန်အတွက်ပါ။ အဟက် 

(မှတ်ချက်။ အမခင်ဦးမေရဲ့ စတိုင်နဲ့ ရယ်လိုက်ခြင်းဖြစ်ပါသည် :P )

 

 

Nadal won Rogers Cup

ဒါဟာ Nadal အတွက် ဒုတိယ အကြိမ်မြောက် Rogers Cup ကို ရရှိခြင်း ဖြစ်ပါတယ်။ ၂၀၀၅မှာ တစ်ကြိမ် ရခဲဖူး ပါတယ်။

သူ့အနေနဲ့ အကျဉ်းအကျပ် အခြေအနေနဲ့ ကြုံတဲ့အခါ အရှုံးနဲ့ အောက်က လိုက်ကစား ရတဲ့ အချိန်တွေမှာ စိတ်တည်ငြိမ်စွာ ကြံကြံခံပြီး ကစားနိုင် ခဲ့ပါတယ်။

ဥပမာ Gusquet နဲ့ Quarter မှာဆိုရင် ပထမ set မှာ tie-break နဲ့ရှုံးတယ်။ 12-12 ကျော်အာင် ရေကုန်ရေခမ်း ကစားရတာ ...(ဘယ်လောက်နဲ့ ပြီးသွားလဲတော့မသိဘူး..... ကြည့်ရင်းမီးပျက်သွားလို့) ဒါပေမဲ့ ဒုတိယ set နှစ်ခုကို အနိုင်ပြန်ကစား နိုင်ခဲ့ပါတယ်။

Murray နဲ့ Seminal Final မှာတုန်းကလည်း ပထမ set မှာ ရှုံးတော့မလို အခြေအနေကနေ tie-break ရောက်ပြီး အနိုင်ကစားခဲ့ပါတယ်။ Physical Fitness လည်း အကောင်းဆုံး အခြေအနေမှာ ရှိနေတဲ့ပုံပါပဲ။ Federer က No.1 မှာ လက်ရှိ ရပ်တည်နေသေးပေမဲ့ လက်ရည်အရ ဒီနှစ်မှာ Nadal က အများကြီးသာနေပါတယ်။

Final ပွဲတော့မကြည့်လိုက်ရဘူး။ ညက သူငယ်ချင်းတွေနဲ့ အပြင်ထွက်နေလို့။ မိန်းမက Nadal နိုင်သွားကြောင်း SMS ပို့ပေးတယ်။ :P ကျွန်တော် tennis ပွဲတွေကြည့်ကြည့်နေတော့ သူလဲ ပိုးကူးသွားပုံံရတယ်။ :D

Saturday, July 26, 2008

Rogers Cup Quarter final

Rogers Cup Tennis ပြိုင်ပွဲက quarter final တွေပြီးသွားပြီ။ မနက်ဖန် (တနင်္ဂနွေ)မှာ semi ကစားကြမယ်။ quarter 4 ပွဲမှာ 3 ပွဲကို သေသေချာချာ ကြည့်ဖြစ်တယ်။ မနေ့ညက ... ခရိုအေးရှားက ဒေါင်ရှည် Cilic နဲ့ ပြင်သစ်က Simon တို့ပွဲ ... ပထမ set မှာ အရပ်အားကိုနဲ့ serving ပြင်းပြင်း တွေရိုက်ပြီး Cilic နိုင်သွားတယ်။ ဒါပေမဲ့ နောက် set 2 ခုလုံးမှာ Simon ကအနိုင်ကစားသွားတယ်။ Simon က N0.1 Federer ကို အနိုင်ကစားခဲ့သူပေါ့။

နောက်တစ်ပွဲ ဂျာမဏီက Kiefer နဲ့ US က ကတုံး Blakeရဲ့ပွဲ ... သူတို့နှစ်ယောက်လုံးကို သိပ်မကြည့်ဖူးဘူးဗျ ... အရမ်းကို အိပ်ငိုက် လာတာနဲ့ ပထမset ပဲကြည့်ဖြစ်တယ်။ Kiefer နိုင်သွားတယ်။

ဒီနေ့မနက်စောစာနိုးနေတာနဲ့ တီဗွီလေးဖွင့်ကြည့်တော့ Djokovic (No. 3) နဲ့ Murry (No.8) တို့ပွဲစနေပြီ။ အတော်ပဲပေါ့ ကော်ဖီလေးသောက်ရင်း ကြည့်ဖြစ်တယ်။ Djokovic ဘယ်လိုဖြစ်နေတယ် မသိ။ အမှားတွေ အများကြီးလုပ်တယ်။ 2 ပွဲပြတ် straight set နဲ့ ရှုံးတယ်။ ဒုတိယ set က tie-break ဖြစ်သွားသေးတယ်။

သူတို့ပြီးတော့ Nadal နဲ့ Gasquet ရဲ့ ပွဲဆက်လာဦးမယ်ဆိုတာနဲ့ ရုံးမသွားသေးပဲ ဆက်ကြည့်ဖြစ်တယ်။ ပထမ set ကတော့ အကျိတ်အနယ်ပဲ tie-break ဖြစ်သွားတာ 12-12 အထိရောက်သွားတယ်။ ပွဲကောင်းပါတယ်ဆိုမှ မီးက ပျက်ပါလေရော :( မီးပြန်လာတော့ ဒုတိယ set ကိုတော်တော်တောင်ရိုက်ပြီးနေပြီ။ ပထမset မှာ Nadal ရှုံးသွားတယ်။ ဒါပေမဲ့ 2nd and 3rd set တွေမှာ Nadal ကပဲ လက်စွမ်းပြပြီး အပေါ်စီးက ကစားပြီး အနိုင်ယူသွားတယ်။

ကြည့်ရတဲ့ ပွဲတွေနဲ့ လက်ရည်တွေအရ ဒီ Rogers Cup ကို Nadal ပဲ ရသွားမယ် ထင်မိတယ်။

Friday, July 25, 2008

မှာခဲ့မည်မောင်

အချစ်ဆုံးငယ်လေ ...ကျွန်မရယ် သေကာသွားမှဖြင့်၊ လွမ်းစရာ့တေးတွေကို မောင်မဆိုနေနှင့် ... နော်။ 

သြော်... နှင်းဆီပင်ဖြစ်စေ အရိပ်ဝေဝေသက်ပေးတဲ့၊ ဆိုင်းပရက်စ်ပင်ပဲဖြစ်ဖြစ် ဘယ်သစ်ပင်တွေကိုမှ၊ ကျွန်မရဲ့ မြေပုံဦးမှာ အထူး မစိုက်နှင့် ရှင်ရယ် ... နော်။

သြော် .. မိုးဖွဲလေးတွေ၊ နှင်းဥလေးတွေနှင့်ပဲ ကျွန်မမြေပုံထက်က မြက်ခင်းလေး စိမ်းမြမြ သဘာဝအတိုင်း စိုနေပါစေ ... နော်။ သြော် ... ပြီးတော့လည်းရှင် သတိရချင်လဲ ... သတိရပေါ့ ....နော်။ မေ့ချင်တော့လည်း .... မေ့သာပစ်လိုက်တော့မောင် ...နော်။

အရိပ်တွေကို ကျွန်မ မြင်ရတော့မှာ မဟုတ်ဘူးလေ။ မိုးရေမြမြကိုလည်း၊ ကျွန်မခံစားရမယ် မဟုတ်ဘူးရှင် နာကျင်မှုနှင့် ညည်းသလို မပြတ်တမ်း တေးဆိုနေတဲ့ နိုက်တင်ဂေးလေးကိုလည်း ဘယ်တော့မှကျွန်မ ကြားရတော့မှာ မဟုတ်ဘူး။

ပျို့ဦးပြီးလည်း တက်မလာ၊ ငုတ်ကာလည်း သက်မဆင်း သည်သဘောတွေက ကင်းတဲ့ အရုဏ်မလင်းတင်းလေး တစ်ကြော့ မြောအိမ်မက် မက်ရင်းက ကျွန်မလည်း ... သြော်။ ပျော်ပျော်ကြီး သတိရချင်ရနေမယ် ပျော်ပျော်ကြီး မေ့ချင်လဲ မေ့နေမယ်မောင် ... နော် (ဘာသာပြန်ခံစားမှု -တက္ကသိုလ်ဘုန်းနိုင်)

When I am Dead, My Dearest ..by Christina Rossetti Christina Rossetti ရဲ့ ဒီကဗျာလေးကို အထက်တန်းကျောင်းသားဘဝ လောက်ကတည်းကနှစ်သက်ခဲ့တာ။ မှတ်မှတ်ရရ တစ်ရက်မှာ ရှုမဝမဂ္ဂဇင်းရဲ့ ဟိုတုန်းက ရှုမဝဆိုတဲ့ ကဏ္ဍမှာ ဒီကဗျာလေးကို အမျိုးသား တစ်ယောက်ရယ် အမျိုးသမီးတစ်ယောက်ရယ် ခံစားဘာသာပြန်ထားတာလေးကို နှစ်ပုဒ်စလုံး ယှဉ်လျက် ထည့်ပေး ထားတယ်။

စကားစပ်လို့ အဖေနဲ့ဒီကဗျာလေးတွေအကြောင်းပြောတော့ အဖေက သူ့စာအုပ်ပုံကြားက ကဗျာ စာအုပ်လေးတစ်အုပ်ထုတ်လာပြီး original ကဗျာလေးကို ပြပါတယ်။ ဟုတ်တယ် အဲဒီကတည်းက အရမ်းကို ကြိုက်ခဲ့တဲ့ကဗျာလေးပေါ့။ အခုရိုက်တင်ထားက ဆရာတက္ကသိုလ်ဘုန်းနိုင်ရဲ့ တမ်းတမိခြင်း ဘာသာပြန်ကဗျာများစာအုပ်ထဲကပါ။ အခုညနေ ရုံးကစာအုပ်စင်ကို မွှေနှောက်ရင်း ဒီစာအုပ်လေးကို ပြန်တွေ့လို့ ဟိုလှန်ဒီလှန် လျှောက်ဖတ်နေရင်း ဒါလေးကို ဘလော့ပေါ်တင်လိုက်ပါတယ်။

Zawgyi font official site

ဇော်ဂျီအဖွဲ့ရဲ့ web site လေး ပြန်တက်လာ ပါပြီ။ ကာလအတော်ကြာ online ပေါ်က ပျောက်ကွယ်နေတဲ့ site လေးပါ။ ဇော်ဂျီ အဖွဲကို ဆက်သွယ် ချင်ရင်ဖြစ်စေ၊ မေးမြန်းစရာ ဆွေးနွေး အကြံပြုစရာများ ရှိသည် ဖြစ်စေ အဲဒီမှာ ဆောင်ရွက် နိုင်ပါတယ်။


ဇော်ဂျီကို onlineမှာ အမျာစုက သုံးစွဲ နေကြပြီ ဖြစ်လို့ ဇော်ဂျီ site down နေတဲ့ အချိန်တွေ တုန်းကလည်း download လုပ်ယူစရာ နေရာ မရှားခဲ့ပါဘူး။ Mandalay Alpha site ကရယူနိုင်သလို ဘလော်ကာ တော်တော်များများရဲ့ဘလော့များမှလည်း အလွယ်တကူ ရယူ နိုင်ခဲ့ကြပါတယ်။ ဇော်ဂျီရဲ့ site down ဖြစ်နေစဉ်ကာလမှာ zawgyi.org ဆိုပြီး Font အကြောင်း unicode အကြောင်းရေးတဲ့ site တစ်ခုပေါ်လာလို့ အဲဒါကို ဇော်ဂျီအဖွဲ့ရဲ့ siteလို့ အသုံးပြုသူများ ထင်ယောင်ထင်မှားဖြစ်ကြပါသေးတယ်။

အခု ဇော်ဂျီအဖွဲ့ကို ကိုယ်စားပြုတဲ့ www.zawgyi.net ပြန်တက်လာပါပြီ။ ဇော်ဂျီအဖွဲ့ကတော့ ဇော်ဂျီဖွန့်လေးကို ဆက်လက်ပြီး free သုံးစွဲခွင့် ပေးထားမှာဖြစ်ပြီး လိုအပ်သည်များကိုလည်း ဆက်လက် support လုပ်နေဦးမယ်လို့ ဆိုထားပါတယ်။

www.zawgyi.net

Thursday, July 24, 2008

Federer was kicked out from Rogers Cup

Roger Federer တစ်ယောက် Canada နိုင်ငံ Toranto မှာပြုလုပ်တဲ့ Rogers Cup Tennis ပြိုင်ပွဲမှာ 2nd round ကနေ ရှုံးနိမ့်ပြီး ထွက်ခွာ ခဲ့ရပါပြီ။

ဒါဟာ သူ့ရဲ့ တတိယမြောက် ရှုံးပွဲပါ။ French Roland မြေစေးကွင်းမှာ Nadal ကို ဗိုလ်လုပွဲမှာ ရှုံးနိမ့်ခဲ့ပါတယ်။

ဒါပြီးတဲ့ နောက်မှာ Wimbledon မြက်ခင်းကွင်းမှာ လဲ Nadal ကိုပဲ ရှုံးနိမ့်ပြီး ငါးနှစ်ဆက်ဆိုက် ထိန်းသိမ်းခဲ့တဲ့ မြက်ခင်းချန်ပီယံဘွဲ့ကို လက်လွှတ် ခဲ့ရပါတယ်။

မနေ့ကလည်း Rogers Master ပြိုင်ပွဲမှာ ပြင်သစ်က ၂၃နှစ်အရွယ် တင်းနစ် သမားလေး Simon ကို ရှုံးနိမ့်ပြီး ပြိုင်ပွဲက ထွက်လိုက်ရပါပြီ။ ပထမset မှာ Federer တစ်ယောက် 6-2 နဲ့ နိုင်လိုက်တော့ ပရိသတ်အများက 2nd set ကို သက်တောင့်သက်သာရိုက်ပြီး Straight set နဲ့ ပြီးသွားမယ်လို့ထင်ကြပါတယ်။ ဒါပေမဲ့ ဒုတိယ set မှာ Simon က အံဖွယ်လက်စွမ်းပြပြီး 7-5 နဲ့ ပြန်အနိုင်ယူသွားပါတယ်။

3rd set မှာ Federer တစ်ယောက် စိတ်ဖိစီး လာပုံရပြီး အမှားတွေများလာကာ ချန်ပီယံ လက်ရည်ပျောက်ခဲ့ရပါတယ်။ ဒါနဲ့ပဲ Simon က 6-4 နဲ့ အနိုင်ရကာ နောက်တစ်ဆင့်ကို တက်သွားပါပြီ။ ဒီမနက်စောမှာ StarSport နေ replay ပြန်ပြမှ ကျွန်တော်ကြည့်ရတာပါ။

Federer ကြည့်ရတာ မိမိကိုယ်ကို ယုံကြည်ချက် ပျောက်ဆုံးနေသလိုပါပဲ။ ပြိုင်ဖက်က အကျိတ်အနယ် ပြန်ကစားပြီး သူတင်ကိုယ်တင် ဖြစ်လာရင် ရှုံတော့မှာပဲဆိုတဲ့ ပူပန်စိတ်ဝင်နေတဲ့ပုံပါပဲ။ ဒီပွဲမှာ Federer ရဲ့ လက်ရည်ဟာ တော်တော်လေးကို ချာပါတယ်။ မကြာသေးမီက Wimbledon မှာ Nadal နဲ့ ရေကုန်ရေခန်းရိုက်ပြီး ရှုံးနိမ့်ခဲ့ရတဲ့ လက်ရည်ကတောင် အခုထက် အများကြီးသာသေးတယ်။

အခုလို ယုံကြည်ချက်မဲ့ပြီး ပူပန်စိတ်များနေရင် ရှုံးပွဲတွေဆက်ပြီးတွေ့ရဖို့များပါတယ်။ မကြာခင်ကာလမှာ Nadal က ကမ္ဘာ့နံပတ်(၁) ဆိုတဲ့ နေရာကို ယူသွားနိုင်တော့မယ် ထင်တယ်။ အမြင့်က ကျရင် အကျနာတယ် ဆိုတာ ဒီလိုများလားမသိ။

Tuesday, July 22, 2008

20th of July

 

ဇူလိုင်လ (၂၀)ရက်နေ့။ အာဇာနည်နေ့ပြီး နောက်တစ်နေ့ပေါ့။ အဲဒီနေ့မှာလဲ နိုင်ငံတော်အကြီးအကဲနဲ့ ထိပ်တန်း ခေါင်းဆောင်တွေကို လုပ်ကြံမှုတစ်ခု ရှိခဲ့ပါတယ်။ ကွာခြားတာ တစ်ခုကတော့ လုပ်ကြံတဲ့သူက တိုင်းပြည် ကောင်းစေချင်တဲ့ စေတနာနဲ့လုပ်ခဲ့တာပါ။ လုပ်ကြံမှု မအောင်မြင်ပါဘူး။ သူလဲနောက်ဆုံး အသတ်ခံခဲ့ရပါတယ်။

ဒါပေမဲ့ သမိုင်းစာမျက်နှာပေါ်မှာ (ဂျာမန်များကို ကိုယ်တိုင်ကကို) သူရဲကောင်းအဖြစ် သတ်မှတ်ကြပါတယ်။ အချိန်က 1944ခုနှစ်ပါ။ နေရာက ဂျာမဏီနာဇီခေါင်းဆောင်ကြီး ဟစ်တလာရဲ့ စစ်ဦးစီးချုပ်ရုံးမှာပါ။ နာဇီစစ်ဗိုလ်တွေထဲမှာလဲ တိုင်းပြည်ချစ်တဲ့ အမှန်မြင်တတ်တဲ့သူတွေ ရှိပါသေးတယ်။ ဂျာမဏီ စစ်ခေါင်းဆောင် တစ်စုက ဟစ်တလာ အာဏာဆက်လက် တည်မြဲနေရင် အကြွင်းမဲ့အာဏာနဲ့ ထင်ရာစိုင်းမှာမို့ လူတွေအသေအပြောက်လဲ ပိုများမယ် တိုင်းပြည်လဲ လုံးဝ ပျက်သုံးရေးလမ်းကြောင်းပေါ် ရောက်သွားမယ် ဒါကြောင့် ဟစ်တလာကို လုပ်ကြံမှကို ဖြစ်တော့မယ်ဆိုပြီး ကြံစည် ခဲ့ကြပါတယ်။

တကယ်တမ်း အစီအစဉ်ကို အကောင်အထည်ဖော်ဖို့ တာဝန် ယူသူ ကတော့ Colonel Stauffenberg ဖြစ်ပါတယ်။ အဲဒီ အချိန်မှာ အသက် ၃ရနှစ်ပါ။ ဥရောပ၊ ဆိုဗီယက်နဲ့ အာဖရိက စစ်မျက်နှာတို့မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ စစ်ခေါင်းဆောင် ကောင်းတစ်ဦးပေါ့။ နောက်ဆုံး တူနီးရှား သဲကန္တာရမှာ ထိခိုက် ဒဏ်ရာရခဲ့တယ်။ ဘယ်ဖက် မျက်လုံးကွယ်သွားတယ်။ ညာဖက် လက် ဖြတ်ပစ်ခဲ့ရတဲ့အပြင် ဘက်ဖက်လက်ရဲ့ လက်ချောင်းလေး နှစ်ချောင်း ပြတ်သွားတယ်။ German Cross ချီးမြှင့်ခံခဲ့ရတယ်။ (အဲဒါက Iron cross ထက်မြင့်ပြီး Knight Cross ထက်တော့ တစ်ဆင့်နိမ့်တယ်။ ဒီက အောင်ဆန်းသူရိယထက် တစ်ဆင့်နိမ့်တဲ့ သီဟသူရဘွဲလိုမျိုး ထင်တယ် )

ဆေးရုံက ပြန်ဆင်းချိန်မှာ သူ့ရဲ့ အတွေ့အကြုံနဲ့ အရည်အချင်းကြောင့် စစ်ဦးစီး ချုပ်ရုံးမှာ ဆက်လက် တာဝန်ပေး ထားခဲ့တာ။ ဟစ်တလာနဲ့တကွ ထိပ်တန်းစစ်ခေါင်းဆောင်များကို တိုက်ရိုက် ဆက်ဆံခွင့်ရတယ်။ 1944, July 20 နေ့မှာ ဟစ်တလာတက်ရောက်မဲ့ ထိပ်တန်းစစ်ဦးစီး အစည်းအဝေးကို ချိန်ကိုက်ဗုံးထည့်ထားတဲ့ briefcase နဲ့ရောက်လာခဲ့တယ်။ နေ့လည်၁၂နာရီကျော်မှာ အစည်းအဝေးစတယ်။ ၁ဝမိနစ်ကျော်ကြာတဲ့အခါ Stauffenberg အကြောင်းတစ်ခုပြပြီး အစည်းအဝေးခန်းကထွက်လာတယ်။

၁၂နာရီ ၄ဝမိနစ်မှာ ဗုံးပေါက်တယ်။ အစည်းအဝေးခန်းထဲကလူတွေ အသက်မရှင်လောက်တော့ဘူးလို့ ဆုံးဖြတ်ပြီး လေယာဉ်ကွင်းကို ထွက်သွား တယ်။ သူတို့ရဲ့ အစီအစဉ်တွေကို ဆက်ပြီး အကောင်အထည် ဖော်ဖို့ပေါ့။ ကျန်ရှိမဲ့ နာဇီ ခေါင်းဆောင်တွေ ဆီက အာဏာသိမ်းဖို့ပေါ့။ ဒါပေမဲ့ ဟစ်တလာမသေးဘူးဆိုတာကို သူည ၇ နာရီလောက်မှ သိတယ်။ အဲဒီမှာ ဧရာမ ဖမ်းဆီး သတ်ဖြတ်မှုတွေ စတော့တာပဲ။ သူတို့ရဲ့ အစီအစဉ် ကြီး ပျက်သွားတယ်။ Stauffenberg ပစ်သတ်ခံရတယ်။ ဒီလုပ်ရပ်ကြောင့် လူပေါင်း ခုနစ်ထောင်လောက် အဖမ်းခံရပြီး နှစ်ထောင် လောက် ကွပ်မျက်ခံခဲ့ရတယ်။

စစ်ခေါင်းဆောင်တော်တော်များများ အသတ်ခံ ခဲ့ရတယ်။ နံမည်ကြီး သဲကန္တာရ မြေခွေး ဗိုလ်ချုပ်ကြီး Rommel လဲ တစ်ယောက် အပါအဝင်ပေါ့။ ခုံရုံးအတင်ခံမလား ကိုယ့်ဖာသာ သတ်သေ မလားလို့ရွေးခိုင်းတော့ Rommel က ဒုတိယလမ်းကို ရွေးသွားတယ်။ ပြီးတော့ နိုင်ငံတော်အဆင့် အခမ်းအနားနဲ့ သဂြိုလ်တယ်။ ဟစ်တလာ ကိုယ်တိုင် တက်ရောက်သေးတယ်။ (သူမဟုတ်သလိုပဲ)။

အဲဒီ အဖြစ်အပျက် ကို ဂျာမန်စာရေးဆရာ H.H Kirst က The 20th of July ဆိုပြီး ဝတ္ထုဆန်ဆန် ဖြစ်ရပ်မှန်ရေးထားတဲ့ စာအုပ်ရှိတယ်။
------------------------------------------------------------------------------------------------------

အခုအချိန်အခါ ကျွန်တော်တို့ နိုင်ငံမှာလည်း လိုအပ်ချက်အရ Colonel Stauffenberg လို တိုင်းပြည်ကို တကယ်ချစ်တဲ့ ကိုယ်ကျိုးစွန့်ရဲတဲ့ စစ်ဗိုလ်တစ်ယောက် ပေါ်မလားဘူးလို့ ဘယ်သူပြောနိုင်လဲ .... :P

မြတ်ဆရာ

ငါတို့ဖျင်းအ၊ 

ပြစ်မြင်ကလည်း 

ဒေါသမပါ၊ 

မာနမဝင် 

ကြောင်းကျိုးယှဉ်၍ 

သင်ခဲ့ ပြခဲ့ ပြောခဲ့သူ .... 

 

(ဆရာဇော်ဂျီက ရန်ကုန်တက္ကသိုလ်က သူတို့ဆရာ J.S Funivall ကို ဂုဏ်ပြုရေးသားခဲ့တဲ့ ကဗျာတိုလေး တစ်ပုဒ်ပါ။ မူရင်းကဗျာမှာ ခေါင်းစဉ်ပါ မပါ မသိဘူးဗျ။ ကျွန်တော့်ဘာသာ ပိုစ့် ခေါင်းစဉ်ကို လိုက်ဖက်အောင် ပေးထားတာပါ။ )

Monday, July 21, 2008

ဗိုက်ပူအောင် ယာဂုဆွမ်းကပ်မယ် ...

၀ါတွင်းကာလရောက်လာပါပြီ။ ဗုဒ္ဓဘာသာမြန်မာတို့ရဲ့ ချစ်စရာကောင်းတဲ့ အစဉ်အလာလေးတွေထဲက တစ်ခုဖြစ်တဲ့ ဆွမ်းလောင်းအသင်းလေးတွေက ရပ်ကွက်တွေ လမ်းတွေထဲမှာ အသက်ဝင်လှုပ်ရှာနေကြပါပြီ။ လမ်းထိပ်လေးတွေ ဓမ္မာရုံတွေမှာ ....... နေ့တိုင်း အာရုဏ်ဆွမ်းကြွတော်မူပါဘုရား ... ဆိုတဲ့ ဆိုင်းဘုတ်လေးတွေ တွေ့နေရပါပြီ။ ဓမ္မာရုံလေးတွေမှာအာရုဏ်တက်ချိန် ဆွမ်းလောင်းနိုင်ဖို့ ချက်ကြ ပြုတ်ကြ တပျော်တပါး ဆွမ်းလောင်းကြနဲ့ သာဓုခေါ်စရာပါ။ အဲ ...အခုလို intro ဝင်နေတာက ရီစရာလေးတစ်ခုပြောပြချင်လို့။ ရုပ်တည်ကြီးနဲ့ ပေါက်ကရပြောတတ်တဲ့ အဖေ့ရဲ့ သူငယ်ချင်းတစ်ယောက်ပြောဖူးတာပါ။ ကျွန်တော် ခပ်ငယ်ငယ်တုန်းကပေါ့။ -------------------------------------------------------------------------------------------------------------------------------

ဦးဦး ။ ။ သားရဲ့ စေတနာက အဓိကပါကွာ။ စေတနာရှိရင် ဆန်နို့ဆီဘူးတစ်လုံးကို ယာဂု ကျိုပြီး သံဃာအပါးတစ်ရာကို ကပ်တာ အားလုံး ဗိုက်ပူသွားတာတောင် ယာဂုက မကုန်သေးဘူးကွ။ အဲဒီလို ကပ်လှူလို့ရတယ်ကွ ...

ကျွန်တော်။ ။ ဟာ ဟုတ်ပါ့မလား ဦးဦးရဲ့ ဆန်နို့ဆီဘူးတစ်လုံးထဲနဲ့ ... ဦးဦး ။ ။ မင်းကလဲကွာ ဘုရားခေတ်က ပုံဝတ္ထုတွေ မကြားဖူးဘူးလားကွ .... ဘုရားနဲ့တကွ သံဃာအားလုံးကို လှူတန်းပြီးတာတောင် ထမင်းအိုး ဟင်းအိုးတွေက မကုန်ဘူးဆိုတာ ..

ကျွန်တော်။ ။ အဲဒါက ဘုရားခေတ်လေဗျာ .... ဒါနဲ့ သူက ဆန်နို့ဆီဘူးတစ်လုံးနဲ့ သံဃာအပါးတစ်ရာ ဗိုက်ပူသွားတဲ့အထိ ဘယ်လို ကပ်လှူရမယ်ဆိုတာ ပြောပြပါတယ်။ သိချင်ကြလား ....... ?

(သူငယ်ချင်းတို့ ဘယ်လို ကပ်လှူကြမလဲဆိုတာ တွေးမိရင်လဲ comment ရေးပေးခဲ့ပေါ့) ပဲကိုင်လိုက်ဦးမယ် ... နောက်နေ့မှ ပြောပြမယ်။ ) 

------------------------------------------------------------------------------------------------------------------------------------

ကဲကဲ .... ဒီလိုပါဗျ ...(ဦးဦးပြောခဲ့တဲ့လေသံအတိုင်း) လွယ်ပါတယ်သားရယ် နို့ဆီတစ်ဗူးစာ ယာဂုကျိုကွာ .. ဟုတ်ပြီ .... သံဃာတော်တွေတန်းစီပြီး ကြွလာကြရော ...သားက ယာဂုအိုးဘေးမှာ ယောင်းမလေးတစ်ချောင်းနဲ့ စောင့်နေရုံပဲ (ဘယ်လိုကပ်ရမှာလဲဦးရဲ့) ... ယာဂုအိုးကို ယောက်းမနဲ့မွှေ ... ပြီးရင် အရှင်ဘုရား သင်္ကန်းလေး ခဏပင့်ပါဘုရားဆိုပြီး ဗိုက်ကို ယောက်မနဲ့ ကပ်လိုက် ...

ယာဂုတွေက အခုလေးတင် ပွက်ပွက်ဆူပြီးတာလေ ...အား.. ဗိုက်ပူသွားတာပဲ တကာကြီး .... တင်ပါ့ဘုရား ...နောက်တစ်ပါးကြွပါဘုရားပေါ့ .... ဒါနဲ့ သံဃာတော် အပါးတစ်ရာသာ ဗိုက်ပူသွားတယ် ယာဂုတွေက မကုန်ဘူးသားရဲ့

(ဦးဟာကလည်း ပေါက်ကရ ဆွမ်းကပ်တာဆို?) ဦးဦးလည်း ကပ်ပေးတယ်လေကွာ ယာဂုတွေကို ယောက်မနဲ့ ဗိုက်ကို ကပ်ပေးတယ်လေ ..... အော်ဖြစ်မှဖြစ်ရလေ.... အဟုတ်မှတ်လို့နားထောင်နေတာ :D ငယ်ငယ်တုန်းကပါ။

Friday, July 18, 2008

“Not The User’s Fault” Manifesto

1. Why do we code? For people, not for computers.

2. What do most people want? Not a computer.

3. Why does software fail? Its social effect is not what people want.

4. Why has Linux, which is free, not taken over the desktop? “Linux is only free if the value of my time is zero.”

5. Are users dumb? Never. Good UI design is humble.

6. Is UI design marketing? No.

7. What is the task of the UI designer? To make UI disappear.

8. Where is the science in UI design? Underutilized and unknown. It shouldn’t be.

9. Is change good or bad? It has a cost.

10. What is the evil of the bad interface? The sin of wasting the user’s time, breaking the user’s train of thought, and losing the user’s work.

------------------------------------------------------------------------------------------------

နည်းပညာဆိုင်ရာ blog တွေ လျှောက်မွှေရင်း တွေ့လာခဲ့တာလေးတစ်ခုကို ကူးယူပြီး မျှဝေပါတယ်။ ကိုယ်တို့တတွေ ခံယူထားတာနဲ့ တော်တော်လေးကို အပ်ကျမတ်ကျ ကိုက်ညီလို့ပါပဲ။

နည်းပညာဆိုတာ လူတွေအကျိုးရှိအောင်သုံးဖို့ပါ ခေါင်းပေါ်တင် ကိုးကွယ်ထားဖို့မဟုတ်ဘူး၊ ဒီအချက်လေးက သိပ်အရေးကြီးတယ်။ ရံဖန်ရံခါ တစ်ချို့တစ်ချို့တွေ နောက်ဆုံးပေါ်နည်းပညာတွေနောက်လိုက်ရင်း ချာလပတ်လည်ကာ ရည်ရွယ်ချက်ပျောက်နေတာကို တွေ့တွေ့နေရလို့ပါပဲ။

What is the task of the UI designer? To make UI disappear. ဒါလေးကို တော့ အကြိုက်ဆုံးပါပဲ။ အလွယ်ဆုံး အရိုးရှင်းဆုံး UI တစ်ခုဆိုတာ ဖန်တီးဖို့ အခက်ဆုံးပါပဲ။ 2U ဆိုတာလေးကို လက်ကိုယ်ထားဖို့ပါ။ Easy to Understand ရယ် easy to Use ရယ်ပါ။

http://azarask.in/blog/

Read original article at jonoscript.wordpress.com

Algorithm Ink နဲ့ ပုံလှလှဆွဲရအောင်


Alan Cooper ရဲ့ site မှာ UI Design Case Study လေးတွေ သွားဖတ်ရင်း အမှတ်မထင် ဒီ site ကို ရောက်သွားတာ။ အပျင်းပြေဆော့နိုင်သလို graphic နဲ့ programming ၀ါသနာပါသူတွေဆိုရင်လဲ လေ့လာဖို့ အတော် ကောင်းတယ်။ သူက Context Free Art ကို အခြေခံထားပါတယ်တဲ့။

ရိုးရှင်းတဲ့ programming code လေးတွေနဲ့ အပျံစား ပုံလေးတွေကို ဆွဲပြသွားတယ်။ Open web standard ကို ပဲသုံးထားတယ်။ Canvas သုံးပြီး ပုံဆွဲတယ်။

context free gramer ကို Javascript နဲ့ compile လုပ် interpret လုပ်တာတဲ့။ စမ်းကြည့် ဆော့ကြည့်ကြပါဦး .... http://azarask.in/projects/algorithm-ink/

 

အနုပညာခံစားမှု

အနုပညာခံစားမှုသည် ပြတိုက်များထဲတွင်သာ ရှိသည်ဟု ထင်ခြင်းသည် အမှားတစ်ခုဖြစ်ပါသည်။ ကျွန်တော်တို့ ပတ်ဝန်းကျင်ကို ပြန်ကြည့်လိုက်လျှင် ကျွန်တော်တို့တွင် အနုပညာတွေ တစ်နည်းပြောရလျှင် အနုပညာ စေတနာကြောင့် ပေါ်ထွက်လာသော ဝတ္ထုပစ္စည်းတွေ ပတ်လည်ဝိုင်းနေသည်ကို သဘောပေါက်ကြမည် မဟုတ်ပါ။

သမိုင်းမပေါ်မီကတည်းက ပင်လျှင် လူတို့သည် မိမိတို့မျက်စေ့ကို ပသာဒဖြစ်စေသော ပုံပန်းသဏ္ဍာန်၊ အရောင်အသွေးတို့ မပါသော အရာများကို ပြုလုပ်၍ ရောင့်ရဲတင်းတိမ်နေခဲ့ကြသည် မဟုတ်ပါ။ မကြာသေးမီအချိန်အထိ အသုံးကျရုံ သက်သက်မျှသာ ပြုလုပ်ထားသည့် အရာဝတ္ထုများသည် ရှားပါးခဲ့ပါသည်။ ယခုအခါတွင်မူ ဗိသုကာအရိုးခံဝါဒနှင့် ခြိုးခြံရေးဝါဒဟူသော အမွှာညီနောင်တို့ ကောင်းမှုကြောင့် (အလှအပကို ဦးစားမပေးပဲ) အသုံးကျရေးသက်သက်အတွက်သာ ပြုလုပ်ထားသည့် ပစ္စည်းတို့သည် များပြားစပြုလာခဲ့ပါပြီ။

သို့ရာတွင် ထိုသို့သော အောက်တန်းကျသည့် ပျူရီတန် အယူအဆသည် ပျောက်ကွယ်သွားရမည်သာ ဖြစ်ပါသည်။ ကျွန်တော်တို့၏အခန်းပတ်လည်၊ ကျွန်တော်တို့သွားရာ လမ်းတစ်လျှောက်နှင့် မီးရထားဘူတာရုံ စသည့်နေရာများကို ကြည့်လိုက်လျှင် မျက်စေ့ကို ပသာဒဖြစ်စေရန်ဟူသော မျှော်လင့်ချက်ဖြင့် ရှေးယခင်က မည်ကဲ့သို့ ကြိုးပမ်း အားထုတ်ခဲ့ကြပုံကို တအံ့တသြ တွေ့မြင်နိုင်ပါသည်။ အများအားဖြင့် ထိုမျှော်လင့်ချက်များသည် ပြည့်ဝခြင်း မရှိခဲ့ကြပါ။ ဥပမာအားဖြင့် ဘူတာရုံအမိုးတွင် တပ်ထားသည့် သံပန်းခက်ကြီးများ၏ ပုံစံသည် မျက်စေ့အမြင့်တွင် ပသာဒမဖြစ်ခဲ့သည်မှာ တော်တော်ကြာပါပြီ။

တစ်ခါက ကြည့်၍ ကောင်းခဲ့သည့် ပုံစံဒီဇိုင်းများကို ယူ၍ ပြုလုပ်ခဲ့ခြင်း ဖြစ်သည့်တိုင် ယခုအချိန်တွင်ကား မည်သူ၏ မျက်စေ့ ပသာဒတွင်မှ ကြည့်၍ မကောင်းတော့ပါ။ သို့ရာတွင် ယခုပျက်စီးနေသည့် အခြေအနေမျိုးတွင် မည်သူမျှလည်း မကြည့်ကြတော့ပါ။ ပုံစံထုတ်လုပ်သူနှင့် ထုတ်လုပ်သူတို့ ကိုယ်တိုင်ပင် ကြည့်ဖို့ စိတ်ကူးကြတော့မည် မထင်ပါ။ သို့ရာတွင် အနုပညာသည် ရှင်သန်နေသော အရာတစ်ခု ဖြစ်သည်ဆိုလျှင် ကျွန်တော်တို့သည် ကျွန်တော်တို့ ပတ်ဝန်းကျင်မှအရာများကို ဂရုဓမ္မစိုက်၍ ဝေဖန်ရေးသဘောဖြင့် ကြည့်သင့်ပါသည်။

ငြီးငွေ့စရာကောင်းအောင် နာရီပေါင်းများစွာ စောင့်ဆိုင်းရာဖြစ်သည့် ဘူတာရုံထဲမှ အသေးစိတ် မွမ်းမံပြင်ဆင်ထားမှုများကို ကျွန်တော်တို့ ဘယ်လောက်များ ပြောပြနိုင်ကြပါသနည်း။ သို့မဟုတ်လျှင်လည်း ကိုယ့်လမ်းထဲက မီးတိုင်အကြောင်းကို မည်သူမည်မျှ ပြောပြနိုင်ပါသနည်း။ ထိုသို့ မပြောပြနိုင်သေးသမျှ ထိုပစ္စည်းများ အရာဝတ္ထုများသည်လည်း ပုံစံကောင်းလာနိုင်ကြဦးမည် မဟုတ်ပါ။

ထိုသို့သော အနုပညာမျိုးသည် ထုတ်လုပ်သူ အနုပညာရှင်ပေါ်တွင် မတည်ပဲ မျက်စေ့ဖွင့်ထားသည့် စားသုံးသူ ကျွန်တော်တို့အပေါ်တွင် တည်သောကြောင့် ဖြစ်ပါသည်။ အရာတစ်ခုတော့ ရှိပါသည်။ ယင်းမှာ အဝတ်အစားဖြစ်ပါသည်။ ထိုသို့ သတိထားကြည့်ကြသည့်အတွက်ပင်လျှင် အဝတ်အစားဒီဇိုင်းများသည် (ဆိုပါတော့) ကော်ဇောပုံစံ ဒီဇိုင်းများထက် ကောင်းနေခြင်းဖြစ်ပါသည်။

(ဘာသာပြန်- ဆရာမြသန်းတင့်)

On Looking at Things

It is a mistake to suppose that the pleasure of art can only be had inside museums. Until we begin to look, we have no idea of the extent to which we are surrounded by art - or, perhaps I should say, by objects deriving their form from the artistic impulse.

Since prehistoric times human beings have seldom been content to make things without giving them some shape and colour which they think will please the eye. Until quite recently purely utilitarian objects were rare: now, with the twin blessings of functionalism and austerity, they have become commoner, but this phase of mean-spirited puritanism will pass.


If we look round our room, or walk down the street, or into a railway station, we are surprised to see how much was once designed in hopes of pleasing the eye. In most cases, I am afraid, these hopes are not fulfilled, the design of (shall we say?) the mental brackets in a station roof has long since ceased to please, and, in its present form, perhaps, never did please anyone, though it is probably made up of bits copied from other designs which once gave pleasure. But now, in its fallen state, no one ever looks at it, and I do not suppose the designer or the manufacturer ever thought they would.

But if art is to be a living thing we must look attentively and critically at everything which surrounds us.
How many of us cold describe the decoration details in our railway station where we have waited so many boring hours; or, for that matter, the lamps in your street?

But, until we can, they will not be any better designed, because that sort of art does not depend on artists, but on us, the consumers, keeping our eyes open. As a matter of fact, there is one thing that half of us do look at attentively, and that is each other's frocks; and in consequence, dress materials are much better designed than (shall we say?) carpets.
(by Sr Kenneth Clark)

Thursday, July 17, 2008

Arsenal နဲ႔ 2008-09 ဘောလုံးရာသီအစ

ကွင်းလယ်ကစားသမား Alex Hleb တစ်ယောက် Barcelona ကို ရောက်ရှိသွားပါပြီ။ Gilbeto Silva ကလည်း Panathinaikos ကို ပြောင်းသွားပြီ။ Nasri နဲ့ Ramsey ရောက်လာလို့ Hleb နေရာကို အစားထိုးနိုင်တယ်ထားဦး Flameni နဲ့ Gilbeto နှစ်ဦးလုံး မရှိတော့ဘူး ဆိုတော့ ကွင်းလယ် အဖျက်နေရာအတွက် တစ်ခုခု စီစဉ်ရဦးမှာပေါ့။

Song သို့မဟုတ် Diaby ကို Toure နဲ့ Gallas တို့ရဲ့ ရှေ့တက်ပြီး ကစား ခိုင်းရင်တော့ ဖြစ်နိုင်မယ်ထင်တယ်။ ဒီအတိုင်းဆိုရင် Adebayor လည်း ပြောင်းဖြစ်ဖို့များနေပြီ။

ဒီနှစ်ဟာ အာဆင်နယ်အတွက် အပြောင်းအလဲ တော်တော်များခဲ့တဲ့ နှစ်တစ်နှစ်ပါ။ ဝင်းဂါး ပြုစုပျိုးထောင် လာခဲ့တဲ့ ကစားသမားများ တွဲဖက်ညီအကွက်မိ ခြေစွမ်းထက်လာလို့ အမှတ်ပေးဇယားမှာ ငါးမှတ်အသာနဲ့ ဦးဆောင် နိုင်ခဲ့ပါသေးတယ်။ ဒါပေမဲ့ ဒဏ်ရာပြဿနာတွေကြောင့် နောက်ဆုံးမှာ ဖလားလက်မဲ့ ဖြစ်ခဲ့ရပါတယ်။ လာမဲ့ရာသီအသစ်အတွက် ပြင်ဆင်ရာမှာလဲ အသင်းရဲ့ အဓိက ကစားသမားတွေ အပြောင်းအရွှေ့အများကြီး ဖြစ်ခဲ့လို့ ခြေစွမ်းနဲ့ ကစားကွက် ဘယ်လိုဖြစ်သွားမယ်ဆိုတာ ပရိသတ်များက စိုးရိမ်မကင်းဖြစ်နေကြပါတယ်။

ဒါပေမဲ့ မန်နေဂျာ အာဆင်ဝင်းဂါးကြီးရဲ့ အရည်အချင်းကိုတော့ ဘယ်သူမှ လျှော့တွက်ကြမှာ မဟုတ်ပါဘူး။ ရာသီအကြို ခြေစမ်း ပွဲတွေကို စောင့်ကြည့်ရင်း အာဆင်နယ်အသင်းရဲ့ အခြေအနေကို အကဲခတ်ကြတာပေါ့။

Wednesday, July 16, 2008

Porsche 911

မနေ့ညက ဂျာမန် DW-TV ကလာတဲ့ Drive it ဆိုတဲ့ အစီအစဉ်မှာ ဒီကားလေးကို သွားရည်ယိုဖွယ် ပြနေတာနဲ့ တော်တော့်ကို ဖီလင် တက်သွားတယ်။ ဒါနဲ့ ဒီညနေအားတဲ့အချိန်မှာ internet ပေါ်တက်ရှာရင်း ကားကိုမဝယ်နိုင်သေးခင်မှာ ပုံလေးတွေ Brochure တွေ download လုပ်တာပေါ့။ သိပ်စျေးမကြီးပါဘူး။ US ရှစ်သောင်းနဲ့ တစ်သိန်းကြားလောက်ပါပဲ။ ပါးပါးလေးပါ :P ဒီဘဝမှာ မသေခင်တော့ ဒါမျိုးလေး တစ်စီးလောက် ဝယ်စီးနိုင်တဲ့ အခြေအနေ ရောက်ကောင်း ရောက်နိုင် ပါသေးတယ်။ 

အပြောမတတ်တော့

စကားလုံး အသုံးအနှုန်းလေးတွေနဲ့ ပတ်သက်ပြီး အကိုကြီး နဗနပြောပြခဲ့ဖူးတဲ့ ရီစရာလေးတစ်ခုပါ။ အပြောအဆို မတတ်ရင် ကိုယ်ပြောချင်တာက တစ်မျိုး တစ်ဖက်လူ သဘောပေါက်သွားတာက တမျိုးနဲ့ တခြားစီကို အဓိပ္ပါယ် ကွဲသွားတတ်တဲ့ အကြောင်းလေးပါ။

လူတစ်ယောက်က သူ့အိမ်ကို ထမင်းစားကြွဖို့ သုံးယောက်ကို ဖိတ်ထားပါသတဲ့။ အဲဒီမှာ ဖိတ်ထားတဲ့အထဲက လူနှစ်ယောက်က ရောက်လာပြီး နောက်တစ်ယောက်က ရောက်မလာသေးပါဘူး။ အိမ်ရှင်က လမ်းဖက်ကို မျှော် ကြည့်ရင်း အင်း ... လာစေချင်တဲ့သူကြတော့လည်း မလာဘူးနော်၊ လာစေချင်တဲ့လူကလည်း မလာဘူးနော် ဆိုပြီး ရေရွတ်နေပါသတဲ့။

ဧည့်သည်နှစ်ယောက်ထဲက တစ်ယောက်က အိမ်ရှင်ပြောနေတဲ့စကားကို ကြားတော့ စိတ်ဆိုးပြီး ထပြန် သွားပါသတဲ့။ အဲဒီမှာ အိမ်ရှင်က ထပ်ပြီး ရေရွတ်လိုက်တာကတော့ ဒုက္ခပါပဲနော် လာစေချင်တဲ့လူက မလာရတဲ့အထဲမှာ မပြန်စေချင်တဲ့သူကပါ ပြန်သွားပြီ..... တဲ့။ ကျန်ခဲ့တဲ့ ဧည့်သည်က ဘာဆက်လုပ်ရင် ကောင်းမလဲဟင် .... :D

Tuesday, July 15, 2008

New Arsenal Away Kit

Arsenal အသင်းအတွက် ယခုနှစ်ဘောလုံးရာသီအတွက် အဝေးကွင်းပွဲတွေမှာ ဝတ်ဆင်ကစားဖို့ ဝတ်စုံ ဒီဇိုင်းကို ထုတ်ပြန်လိုက်ပါပြီ။ ၁၉၈၉ခုနှစ် League Champion ဖြစ်ခဲ့တုန်းက ဝတ်စုံကို အခြေခံထားတယ်လို့ဆိုပါတယ်။ အဝါရောင်နဲ့ နက်ပြာရောင် စပ်ထားတာဖြစ်ပြီး လက်မှာ အနီရောင်လိုင်းလေးပါ ပါတယ်။ ဘောင်းဘီက နက်ပြာကို အနီရောင်လိုင်းအကွတ်နဲ့ပါ။ Nike က ထုတ်တာပါ။ 

Generation Gap

ကျွန်တော်သွားတုန်းက ...ကျွန်တော့်သားအငယ်ဆုံးက ၂လသား၊ ကျွန်တော်ပြန်ရောက်တဲ့ အခါကြတော့ ဒီကောင်က ရှစ်နှစ်ခွဲ။ စတုတ္ထတန်း ကျောင်းသားကြီးဖြစ်နေပြီ။ ရှစ်နှစ်ခွဲသူ့ကို ကြည့်တော့ ဆံပင်အရှည်နဲ့ ကုပ်ဝဲ၊ အင်္ကျီီကလည်း သတင်းစာ စက္ကူချပ် ဝတ်ထားသလို စာလုံးတွေက I love you ဘာညာ ပြည့်လို့။ ဘောင်းဘီကျတော့ ဒီကောင်က Bell တို့ Flay တို့ Bell bottom ခေါင်းလောင်းဘောင်းဘီ။ ...

ငါ့သားမှဟုတ်ရဲ့လားလို့ ကြည့်နေ၊ သူကလည်း ကျွန်တော့်ကို အကဲခပ်တယ်။ ငါ့အဖေမှ ဟုတ်ရဲ့လား။ အမေနဲ့ တိုးတိုး တိုးတိုး လုပ်နေတဲ့ ဘဲနာကြီးက ဘယ်က ဘဲနာကြီးလဲလို့ မသင်္ကာတဲ့ အကြည့်နဲ့။ ... သူကလည်း ကျွန်တော့်ကို အကဲခတ်၊ ကျွန်တော်ကလည်း သူ့ကို အကဲခပ် တစ်ပတ်လောက်ကြာတော့မှ သူကလည်း ကျွန်တော့်ကို အဖေလို့ အသိအမှတ်ပြုပါတယ်။

စကားပြောတော့ ကျွန်တော်က သူပြောတဲ့ စကားတွေကို နားမလည်ဘူး။ ကျွန်တော်ပြောတဲ့ စကားတွေကိုလည်း သူ နားမလည်ဘူး။ မြန်မာလိုတော့ ပြောနေကြတာ။ တစ်ယောက်နဲ့ တစ်ယောက် သားနဲ့ အဖကြားမှာ ဘာသာစကား ခြားနေတယ်။ ကျွန်တော်က သားရယ် အဖေ မော်စကိုသွားနေတာ နည်းနည်းကြာသွားတာပါ။ မျက်စိက အရင်ကထက် ပိုပြီး မှုန်လာတယ်။ ဟိုမှာ ကောင်လေးနဲ့ ကောင်မလေး တွဲလျှောက်သွားတယ်။ အဲဒီ ဘယ်ဘက်က ကောင်လေးလဲ ဘယ်ဖက်က ကောင်မလေးလဲဆို သူက ကျွန်တော့်ကို အောက်ကနေ လက်ပုတ်လိုက်တယ်။ ပေါင်ကို။ အဖေကလည်း လူတွေရှေ့မှာ သိပ်မမေးနဲ့ဗျာတဲ့၊ မှတ်ထားတဲ့ နောက်မမေးနဲ့တဲ့ ဒီဖက်က ဘဲ ဟိုဖက်က ဖလားတဲ့။

ဟာ ကျွန်တော်က သြော် ... ဟုတ်လားလို့။ စာရေးဆရာပီပီ မသိသော်လည်း သိဟန်ဆောင်လိုက် တာပေါ့။ .. ဘဲဆိုတာ ဘာပြောမှန်းမသိဘူး။ ဖလားဆိုတာ ဘာပြောမှန်းမသိဘူး။ နောက်ထပ် မမေးနဲ့ဗျာတဲ့။ ဒါပဲတဲ့။ ကျွန်တော်လည်း မမေးရဘူးပေါ့။ ဆက်လျှောက်သွားတော့ ရုပ်ရှင်ရုံရှေ့ ရောက်တဲ့အခါကြတော့ ဒီ့ပြင်မိန်းကလေးတွေနဲ့ မတူဘူး။ အလွန်အကျွံ ဝတ်စားထားတဲ့ ကောင်မလေးတစ်ယောက်ကို တွေ့တယ်။ ဒီတစ်ခါတော့ ကျွန်တော်က မမေးရဘူး ဘူကပြောတယ်။ ကျွန်တော့်ပေါင်ကို လက်တို့တယ် အဖေ အဖေတဲ့... ဘာလဲကွလို့၊ သူ့သိလား ရှေ့ကကောင်မလေးကို သိလား။ ဘယ်သိမလဲကွ လို့။ အဲဒါ ကြက်တဲ့၊ မင်းကြက်က ဖိနပ်ကြီး စီးလို့ပါလားလို့။ အဲဒါကို ဖိနပ်စီးတဲ့ ကြက်လို့ခေါ်တယ်တဲ့။

ကျွန်တော်နားမလည်ဘူး။ ဘာပြောမှန်း။ အော် ဟုတ်လားပေါ့။ ဆက်လည်း မမေးရဲဘူး။ မင်းတော်တော် ဂွကျတဲ့ ကောင်ပဲကွာလို့ မင်းပြောတဲ့စကားတွေ နားမလည်ဘူးကွာလို့ ပြောတော့ ... အဖေကလည်းဗျာတဲ့၊ ရှေ့နေတို့ ဘာတို့၊ ဝတ်လုံတို့ ဘာတို့ ဖြစ်နေသားပဲ၊ ရှေ့နေလိုက်ပေါ့၊ ဝတ်လုံလိုက်ပေါ့ဗျာတဲ့။ ဝက်ကလေး ဘာလေးထောတာပေါ့တဲ့။ ဝက်ခမ်းတာပဲတဲ့၊ဝက်ထောတာရယ်၊ ဝက်ခမ်းတာရယ်၊ ဘဲရယ်၊ ကြက်ရယ် ကျွန်တော်တစ်လုံးမှ နားမလည်ဘူး။ ဖလားရယ် ဂစ်တာရှိတ်ရယ် တစ်ခုမှ ကျွန်တော်နားမလည်ဘူး။ .. အဖေ သားတို့ခေတ်မှာ ဒီလိုပြောတာပဲတဲ့။

တစ်ခါတစ်လေ သူ့ကို ခိုင်းလိုက်တယ်။ စာရေးနေတဲ့နေရာကနေပြီးတော့ ထပြီးတော့ အရှိန်ဖြတ်ချိန်မှာ ဟေ့ မီးခြစ်ယူခဲ့စမ်းကွာဆိုတော့ သူက ကာတွန်းဖတ်နေတယ်။ ဟေ့ မီးခြစ်ယူခဲ့စမ်းကွာ ဆိုတော့ ကာတွန်းဖတ်နေတဲ့ နေရာကနေပြီးတော့ စိတ်ဓါတ်ပဲတဲ။ ဟာ တစ်ခါခိုင်းလိုက် စိတ်ဓါတ်ပဲတဲ့။ ကျွန်တော့်ပြောနေမှန်းမသိဘူး။ နောက်ကျတော့ ကျွန်တော့်မိန်းမကပြောတယ် ရှင့်ကို ပြောနေတာတဲ့။ သူ့ကို ခိုင်းတာ မကျေမနပ်ဖြစ်ပြီး ပြောနေတာတဲ့။ ဒါပေမဲ့ ငါ့ အဲဒီလို မပြောနဲ့ကွာ ငါမကြိုက်ဘူးလို့... မပြောဘူး။ သူ ဒီစကား မပြောတော့ဘူး။ သားရေ ဆေးလိပ်ယူခဲ့စမ်းကွာ ဆိုတော့.. အရစ်ပဲတဲ့။ နောက်ကျတော့ ကျွန်တော်ကလည်း ကျွန်တော့်ကို ပြောမှန်းသိတာပေါ့။ ဒီလောက်တော့ ဘယ် အ မလဲ။ ဟေ့ ငါ့ရှေ့ ဒီစကားမပြောနဲ့၊ စိတ်ဓါတ်ဆိုတဲ့ စကား မကြားချင်ဘူး။ အရစ်ဆိုတဲ့စကား မကြားချင်ဘူး။

သူမပြောတော့ပါဘူး။ ဒါပေမဲ့ ကျွန်တော်ခိုင်းတယ်၊ မီးခြစ်ယူခဲ့စမ်းကွာဆိုတော့ ကွိုင်ပဲတဲ။ ဟာ ... ကျွန်တော်ကလည်း ကျွန်တော့်ပြောမှန်း မသိသေးဘူး။ နောက်ကျတော့ ရှင်ကလည်း သူတို့စကားတွေက ပြောင်းပြောင်းနေတာတဲ့။ စိတ်ဓါတ်ရယ်၊ အရစ်ရယ်၊ ကွိုင်ရယ် ဆိုတာ အတူတူပဲတဲ့။ အဲဒီတော့မှ မင်း တော်တော် ဂွကျတဲ့ ကောင်ပဲ။ မင်းဒီစကားတွေကို မပြောရင် မနေနိုင်ဘူးလားလို့ မေးတော့ သားတို့ ဒီလိုပဲပြောတာပဲတဲ့။ :D ကဲ...

ဒီလောက်တောင် ရှိလှတဲ့ကောင် ပြောဦးကွာဆိုပြီးတော့ ကျွန်တော်လေ စိတ်ဆိုးဆိုးနဲ့၊ ဒီကောင့်ဆီမှာ သုံးလ ပုံမှန်သင်တန်း တက်ပါတယ်။ အဲဒီတော့ အခု သူ့ရဲ့ ဆုံးမ သြဝါဒအရ ကျွန်တော် ဒီစကားတွေကို နားလည်လာပြီ။ သူ့ရဲ့ အဆုံးအမ သြဝါဒအရ ဆံပင်အရှည် ထားပါတယ်။ သားသမီးစကား နားထောင်ငြားက သံပြား ကျောက်စောင်း ဂြိုဟ်ပေါ် ပြောင်း၏။ ........

ခေတ်ကြီးက ပြောင်းနေတယ်။ Beat က မြန်တယ်။ တစ်ခါတည်း ဒိုင်းဒိုင်း ဒိုင်းဒိုင်းဆို ခေတ်ကြီးက နေ့ချင်းညချင်း ပြောင်းနေတယ်။ ဒီ့ပြင်မကြည့်နဲ့၊ မိန်းမပိုးတာပဲကြည့်နော်။ ကျွန်တော်တို့ ခေတ်တုန်းက မိန်းမ ပိုးလို့ရှိရင် မယ်ဒလင်နဲ့ အင်းလျားတို့၊ သီရိတို့ရှေ့မှာ သွားပြီးတော့ ည လူချေတိတ်ချိန် သန်းခေါင်လောက်မှာ သုံးချက်စည်းနဲ့ (အိပ်ပြီလားကွာ သူ့အမူအယာ ဖြူပြာခင်ရယ်၊ အချစ်ရဲ့ ပြဿနာတွေကို ပြေလည်သွားအောင် မောင့်ကညာရယ် နားဆင်ပါကွယ်၊ မောင်သီချင်းလေးနဲ့ ခင့်ကို ဆိုပြမယ်) သုံးချက်နဲ့ သွားတာနော်။

အခု ဒီကောင် မရတော့ဘူး ဒိုင်းဒိုင်း ဒိုင်းဒိုင်း Beat က မြန်လာပြီ။ (ဂွေးရှိခဲ့လို့ ချစ်မိတာ မဆန်းပါဘူး) ကျွန်တော်ကမေးတယ် ကျွန်တော့်သားကို နေပါဦးကွယ် မင်းသီချင်းက ဘာသီချင်းလဲ မြန်မာသီချင်းလား ဂျပန်သီချင်းလား လို့မေးတော့ ဘယ်ကဟုတ်ရမှာလဲ အဖေကလည်း မြန်မာသီချင်းပါတဲ့။ အဓိပ္ပါယ်ဘာလဲကွလို့ ပြောစမ်းပါဦး ငါနားမလည်ဘူး (ဂွေးရှိခဲ့လို့ ချစ်မိတာ မဆန်းပါဘူး) တဲ့၊ သြော် ဖြစ်မှဖြစ်ရလေကွာလို့ ပီပီသသ ဆိုပါလားလို့။ မဟုတ်ဘူးဗျ အဖေရ ဒါမှ feel လာတာတဲ့။ ရင်ခေါင်းသံနဲ့ ဝူးရှိခဲ့လို့.... အဲဒီမှာ feel တက်တာ၊ feel နဲ့ သူတို့က ဆိုမှာ။ .....

ကျွန်တော်ပြောချင်တာက Generation ကျွန်တော်တို့ဆီမှာတင် မကဘူး ကမ္ဘာမှာလဲ မျိုးဆက် ကွာဟနေတယ်။ လူကြီးနဲ့လူငယ်၊ ကျွန်တော်တို့လူကြီးနဲ့ ကျွန်တော်လို့လူငယ် တစ်ယောက်နဲ့ တစ်ယောက် နားမလည်ဘူး၊ လူငယ်က လူကြီးကို အထင်သေးတယ်။ လူကြီးက လူငယ်ကို အထင်သေးတယ် စသည်ဖြင့်ပေါ့။

လူငယ်နှင့် စာပေ (ဆရာမြသန်းတင့်) ၁၉၉၄ မော်ကျွန်းစာပေဟောပြောပွဲ
ကြာညိုနံ့သင်းသော ရေဝတီမ စာအုပ်မှ ကောက်နှုတ်တင်ပြပါသည်။

eMule peer-to-peer file sharing

ဒီရက်ပိုင်းမှာ eMule ဆိုတဲ့ peer-to-peer file sharing client လေးကို စမ်းနေပါတယ်။ ဒါလေးနဲ့ လိုချင်တာ တော်တော်များများ ရှာပြီး download လုပ်ယူလို့ရပါတယ်။

အဓိကတော့ စာအုပ်တွေပေါ့။ သူ့မှာ ED2K နဲ့ Kad ဆိုပြီး source network 2ခုရှိတယ်။ Resource တွေက server တစ်ခုတည်းပေါ်မှာ ရှိနေတာမျိုး မဟုတ်ဘူး။ နေရာအနှံ့အပြားက eMule သုံးတဲ့ (သို့မဟုတ် အလားတူ client တစ်ခုသုံးတဲံ) computer တွေပေါ်မှာရှိနေတာ။

ကိုယ့်အနေနဲ့လည်း document တွေကို share လုပ်ပေးထားလို့ရတယ်။ တစ်ဦးဦး တစ်ယောက်ယောက်က file တစ်ခုခုကို လိုချင်လို့ ရှာရင်... သူလိုချင်တာ ကိုယ့်စက်မှာရှိရင် ကိုယ့်စက် ကလည်း ဖွင့်ထားပြီး online တက်နေရင် ကိုယ့်ဆီက ကူးသွားမယ်။ ကိုယ် download လုပ်ချင်လို့ search လုပ်တဲ့ အခါမှာလည်း ကိုယ်လိုချင်တဲ့ file ရှိတဲ့ server စက်က available မဖြစ်ရင် (သို့) အခြား လူတွေက ကိုယ့်ထက် အရင် request လုပ်ထားရင်တော့ စောင့်ရမှာပေါ့။

ဒီကနေ (မြန်မာပြည်တွင်းက) သုံးရင် eMule client အပြင် Your-freedom ကို OpenVPN နဲ့ တွဲသုံးပေးရတယ်။ your-freedom နောက်ဆုံး version လိုတယ်။ freedom ရဲ့ port ဆိုတဲ့ tab မှာ OpenVPN သုံးမယ်လို့ check ်ပေးလိုက်ရင်ရပြီ။ အဲဒီအခါမှာ your-freedom က ပုံမှန်တံခါးလေး ဟနေရုံ ပွင့်တာမျိုးမဟုတ်ပဲ တံခါး အကျယ်ကြီးပွင့်သွားပြီး မြက်ခင်းစိမ်းလေးရယ်၊ ကောင်းကင်ရယ် နေလုံးလေးပါ မြင်နေရမယ်။ OpenVPN ရဲ့ vitural NIC ကလည်း DHCP ကနေ address တစ်ခုရနေမယ်။ အဲဒီအခါကြမှ eMuleက သူလိုချင်တဲ့ TCP, UDP port သုံးလို့ရပြီး အလုပ်လုပ်တယ်။ Peer-to-Peer ဖြစ်တဲ့အတွက်ကြောင့်တော့ တစ်ဖက် server တွေရဲ့ availability ပေါ်မူတည်ပြီး တစ်ခါတစ်လေ စာအုပ်တစ်အုပ်ရဖို့ သုံးလေးရက် စောင့်ရင်လဲစောင့်ရတယ်။ စာအုပ်အပြင် ရုပ်ရှင်တို့ ပုံတို့ installer တို့လည်း ရှိတယ်

Sunday, July 13, 2008

Burmese Net Worker

Burmese Net Worker
ကြော်ငြာလိုက်ပါဦးမယ်။ ကျွန်တော့်သူငယ်ချင်းရဲ့ ဘလော့လေးပါ။ Networking အကြောင်း သိကောင်းစရာ လေးတွေ ရေးလေ့ရှိပါတယ်။ အဲ.. သူက တင်းနစ်လဲကြိုုက်တော့ တစ်ခါတစ်လေ တင်းနစ်အကြောင်းတွေ လည်း ဖတ်လို့ရတယ်။ အမေရိကားက အလုပ်သမားဘဝအကြောင်း အလုပ်တွေ အကြောင်းလေးတွေလဲ ရံဖန်ရံခါရေးတတ်သေးတယ်။ ပို့်စ်အရေအတွက်နည်းနေသေးပေမဲ့ ဗဟုသုတဖြစ်ဖွယ် ပို့စ်လေးတွေပါပဲ။ ဘလော့ ပိုင်ရှင်က ကိုကျော်ကျော်ခိုင်ပါ။ Networking ပိုင်းကို တကယ့်ကို ကျွမ်းကျင် ပိုင်နိုင်ပါတယ်။ လက်ရှိ New York မှာနေပါတယ်။

သူ့ကို ကွန်ပျူတာတက္ကသိုလ်ရောက်မှ စသိတာပါ။ ၁၉၈၉ လောက်မှာ ကွန်ပျူတာတက္ကသိုလ် ဝင်ခွင့်စာရင်းမှာ ကျွန်တော်က Computer Science က ခုံနံပါတ်-၁၊ ဘေးကပ်ရက်မှာက Computer Technology က ခုံနံပါတ်-၁ မောင်ကျော်ကျော်ခိုင် အဘအမည် ဦးထွန်းခိုင်... ထွန်းခိုင် (မြတ်ချွာဖျား...ငါ့နံမည်ကြီးပါလား) ဆိုပြီးတွေ့တော့ အဲဒီကတည်းက စိတ်ထဲသတိထားမိသွားတာပါ။ တိုက်တိုက်ဆိုင်ဆိုင်ရယ်။

ကျောင်းစတက်ပြီးနောက်ပိုင်းမှာ တော်တော်လေးကို ရင်းနှီးသွားကြပါတယ်။ သူက မိထ္ထီလာကဆိုတော့ ပင်းယဆောင်မှာနေရတယ်။ ဒုတိယနှစ်လောက်ကစပြီး ကျွန်တော်လည်း ရက်အတော်များများမှာ အဆောင်မှာ သွားနေဖြစ်တယ်။ သူ့အခန်းမှာပေါ့။ ဝတ်စရာအဝတ်အစားနဲ့ ပိုက်ဆံမရှိတော့မှ အိမ်တစ်ခေါက်ပြန်တယ်။ ကျောင်းသားဘဝကတည်းက အမေရိကားက သူ့ဦးလေးက ကွန်ပျူတာတွေ CDတွေပို့ပို့ပေးတော့ အဆောင် ကျောင်းသားများ သူ့ကျေးဇူးနဲ့ ပင်းယမှာ ကွန်ပျူတာဆော့ခွင့်ရကြပါတယ်။

တတိယနှစ် လောက်က စပြီး Athena ကိုစထောင်ကြတော့လည်း အလုပ်အတူလုပ်ခဲ့တာပေါ့။ လက်ရှိ iNTEGRA မှာ PC တစ်လုံး install လုပ်ပြီ ဆိုရင် အခုထိ default passward ကို KKK ဆိုပြီးပေးနေတုန်းပဲ။ ပြီးမှ ပြန်ပြောင်းပေါ့။ အဲဒါ မောင်ကျော်ခိုင်ရှိကတည်းက Server တွေ install လုပ်ရင် သူ့နံမည် သူထည့်ထားတာကို အခုထိ ကျွန်တော်တို့ဆက်သုံးနေမိတုန်းပဲ။ အဲဒီတုန်းကတော Windows NT 4.0 ပေါ့။

မှတ်မှတ်ရရ 1998 World Cup ဘောလုံးပွဲ အုပ်စုပွဲတွေ အပြီးလောက်မှာ ကျော်ခိုင် အမေရိကားကို ထွက်သွား တာပါ။ မသွားခင် ရန်ကုန်မှာ M.C.Tech ပြီးအောင် ယူသွားတယ်။ ဟိုရောက်ပြီး မကြာခင်ပဲ MCSE ရတယ်။ အဲဒီတုန်းက MCSE အရေအတွက်က ကအခုလောက် မပေါသေးဘူး။ အလုပ်လုပ်ရင်းနဲ့ Cisco လိုင်းဖက်လိုက်ပြီး CCIE ရပြီးသွားပြီ။ သူ့ဘလော့က ပို့စ်တွေကို သွားဖတ်ရင်း Networking နဲ့ ပတ်သက်ရင် အခမဲ့ အကြံဉာဏ်တွေလည်း တောင်းနိုင်ပါတယ်။ :) ။

Friday, July 11, 2008

Nasri's move completed

ဒီနေ့မှာပဲ Nasri ရဲ့ အာဆင်နယ်ကို ပြောင်းရွှေ့တဲ့ ကိစ္စ အပြီးသတ် သွားပါပြီ။ ပြောင်းရွှေ့တန်ဖိုးကတော့ပေါင် ၁၂သန်းလောက်ရှိမယ်လို့ goal.com ကဆိုပါတယ်။ ယူရိုပွဲမတိုင်မီကတည်းက သတင်းကြီးနေတဲ့ ဒီပြောင်းရွှေ့မှုက အခုမှပဲ အပြီးသတ်ပါတော့တယ်။ အာဆင်နယ်မှာ ကျောနံပါတ် 8 နဲ့ ကစားမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ယူရို ပွဲမှာတော့ Nasri တစ်ယောက် မျှော်လင့် ထားသလောက် ခြေစွမ်း မပြနိုင်ခဲ့ပါဘူး။ ရီဘာရီ နာသွားပြီး ဝင်ကစားရတဲ့ အီတလီနဲ့ ပွဲမှာလဲ အဘီဒယ် အနီကပ်ထိလို့ နည်းပြကြီးက နောက်တန်းအားဖြည့်ဖို့ Nasri ကို ပြန်ထုတ်ခဲ့ပါတယ်။ ဒါပေမဲ့မာဆေး Club အသင်းမှာတုန်းကတော့ အတော့်ကို ခြေစွမ်းထက်တယ်လို့ သိထားပါတယ်။
အခုလို Nasri ရောက်လာတဲ့အတွက် Hlub တစ်ယောက် အာဆင်နယ်က ထွက်ခွာ ဖြစ်ဖို့ များမယ် ထင်ပါတယ်။ Adebayor ကလည်း ခပ်လှုပ်လှုပ်ပါပဲ။ ဒါပေမဲ့ အကောင်းဖက်ကတွက်ရင် ရှေ့တန်း တိုက်စစ်မှုး အနေနဲ့ Carlos Vela ရှိနေပါပြီ။ WalCott တစ်ယော်လဲ တော်တော့်ကို အားကိုးနေရပြီလေ။ Van Persie ကလည်း ဒဏ်ရာရနေရာက ပြန်သက်သာလာပါပြီ။ ယူရိုမှာတောင် ခြေစွမ်းပြသွားသေးတယ်။ ခြေတောက်ကျိုးသွားတဲ့ Eduardo တစ်ယောက်လဲ မကြာခင် ကောင်းလာ တော့မှာပါ။

ထို့အတူ အလယ်တန်းမှာဆိုရင်လဲ Fabregas ရယ် အသစ်ရောက်လာတဲ့ Ramsay ရယ်၊ ပြန်ကောင်းလာမယ့် Rosicky ရယ်၊ အခုဆို Nasri ပါရောက်လာပါပြီ။ နောက်တန်းက နာသွားတဲ့ Sagna တစ်ယောက်လဲ ပြန်ကောင်းလာ တော့မှာပါ။ လူငယ် ဗဟိုခံစစ်သမားလေး Song ကလည်း ခြေစွမ်း တော်တော် ကောင်းလာပါတယ်။ ကစားကွင်းသစ် ဆောက်လိုက်လို့ စျေးကြီးတဲ့ နံမည်ကြီးတွေ မဝယ်နိုင်ပေမဲ့ ပြိုင်ဖက်အသင်းများ အထင်မသေးရဲတဲ့ အသင်းတစ်ခုအနေနဲ့ ဆက်လက်ရပ်တည် နေဦးမှာပါ။ အချိန်ယူမွေးထားတဲ့ အငှားချထားတဲ့ လူငယ် ကစားသမားတွေလဲ အများကြီးပါ။ (youngguns မှာ သွားဖတ်ကြည့်ရင် သိနိုင်ပါတယ်။) 

အရှက်တရားနဲ့ ကိုယ်ကျင့်သိက္ခာ

အခုလေးတင် မြန်မာတိုင်းမ်က သတင်းလေးတစ်ပုဒ်ကို ဖတ်နေတာ။ မြန်မာနိုင်ငံဓါတ်ပုံအသင်းက ခွင့်ပြုချက်မရပဲ သူများဓါတ်ပုံယူသုံးတဲ့ အသင်းဝင်တစ်ယောက်ကို ရာသက်ပန်ထုတ်လိုက်တယ်တဲ့။ တော်တော်ဆိုးရွားတဲ့လူပဲ။ သူများဓါတ်ပုံကို crop လုပ်ပြီး နိုင်ငံတကာပြိုင်ပွဲသွားဝင်သတဲ့။

ဓါတ်ပုံလေးက ဖုန်တလောင်းလောင်းထနေအောင် မောင်းလာတဲ့ နွားလှည်းတစ်စီးကို ရိုက်ထားတာ။ မူလဓါတ်ပုံမှာ ဘယ်ဖက် အပေါ်နားမှာ တဲအိမ်လေးပါတယ်။ ခိုးထားတဲ့ပုံမှာက နွားလှည်းကိုပဲ အနီးကပ် crop လုပ်ထားတာ။ ဓါတ်ပုံပိုင်ရှင်က နောက်မှတွေ့ရတာတဲ့။ ဘယ်လိုမျက်နှာနဲ့များ ဒီလိုလုပ်တာပါလိမ့်။

အရှက်တရားတို့ ကိုယ်ကျင့်သိက္ခာတို့ကို ဘယ်သွားထားသည်မသိ။ ကိုယ်တိုင် ဓါတ်ပုံပညာကို မြတ်နိုး တန်ဖိုးထားရင် သူများ ဖန်တီးမှုလက်ရာကို ဒီလို မလုပ်ကောင်းပါဘူးနော်။ အသင်းက ထုတ်ရုံတင်မကဘူး တရားစွဲပြီး တစ်ခုခု အရေးယူသင့်တယ်။ ရထားတဲ့ဆုဆိုတာကို ပြန်ရုပ်သိမ်းအောင် စာတင်သင့်တယ်ထင်တာပဲ။ မြန်မာတိုင်းမ်ကတော့ နံမည်ထည့်မရေးပါဘူး။ ဒါပေမဲ့ ဒီလို ကိစ္စဆိုတာ (ကျွန်တော့်အမြင်တော့) လူသိရှင်ကြား ထုတ်ဖော်ပြီး ရှုတ်ချရမှာ။ စိတ်ပျက်စရာ ...

Wednesday, July 9, 2008

GTalk Lab Edition

မနေ့က ကိုဇော်မိုးပြောပြတဲ့ GTalk Lab Edition လေးကို ဆော့နေပါတယ်။ ပုံမှန် GTalk ထက် ဘာတွေ ပိုပါလဲ ဆိုတော့ Group Chat ကို အသစ်ထပ်တိုးပေးထာပါတယ်။ စာရိုက်တဲ့ ညာဖက် အောက်ဒေါင့်မှာ emotion icon လေးတွေ ထည့်လို့ရအောင် button အသေးလေး ထားပေးပါတယ်။

message အတွက် status အနေနဲ့ available နဲ့ Busy အပြင် invisible ဆိုတာ ပိုလာပါတယ်။ ဒီ feature လေးလဲမဆိုးပါဘူး။ ကိုယ်က online ဖြစ်နေသူအားလုံးကို မြင်ရပြီး သူတို့ list မှာ ကိုယ်က မပေါ်ဘူး။ အလုပ်များနေတဲ့အချိန် log off လုပ်ထားဖို့ မလိုဘူးပေါ့။ ဒါပေမဲ့ setting တွေကို configure လုပ်ဖို့ menu မပေးထားသေးဘူး။ ကြည့်ရတာ install လုပ်တုန်းက လက်ရှိ GTalk ကနေ ယူလိုက်ပုံရတယ်။

offline ဖြစ်နေတဲ့လူတွေကို hide လုပ်ထားချင်တာ မရသေးဘူး။ စဝင်ချိန်မှာတော့ online ဖြစ်နေတဲ့လူတွေကိုပဲ ပြပါတယ်။ ဒါပေမဲ့ တစ်ယေက်ယောက် logout လုပ်သွားရင်လဲ သူ့နံမည်ကို offline ဆိုပြီး တွေ့နေရသေးတယ်။ log out လုပ်ဖို့ နေရာလဲမတွေ့သေးဘူး။ Status bar မှာ ပေါ်နေတဲ့ icon ကနေ right click လုပ်ပြီး ထွက်နေရတယ်။

Chat လုပ်ရင် အရင်ကလို လူတစ်ယောက် window တစ်ခုအစား main program window ပေါ်မှာပဲ Tab နဲ့ ပေါ်လာတယ်။ ပြောတဲ့လူတစ်ယောက် (သို့) Group Chat တစ်ခုကို Tab တစ်ခုပေါ့။ Group chat လုပ်ဖို့ (မြန်မာပြည်အတွင်းက ဆိုရင်) Your-freedom နောက်ဆုံး version နဲ့ OpenVPN software ပေါင်းသုံးရမယ်လို့ သိထားသော်လည်း ဒီမနက် ကိုယ့်ဆီမှာ connection speed နှေးလို့လားမသိ Your-freedom ကို မချိတ်ဘူး ဖြစ်နေတယ်။ OpenVPN ကတော့ run နေပြီ။ ဒါပေမဲ့ Group chat ရနေတယ်။

Grop Chat အတွက် Your-Freedom မလိုဘူးထင်ပါတယ်။ အသေးစိပ်တော့ ဆက်စမ်းကြည့်ရဦးမယ်။ တော်တော်ဆိုးသွားတဲ့ တစ်ချက်ကတော့ ဇော်ဂျီ မြန်မာစာနဲ့ ရိုက်မရတော့ဘူး ဖြစ်နေတယ်။ ပြီးတော့ text ကို စာရိုက်တဲ့နေရာမှာ paste လုပ်ရင် ctrl + v မှ ရတယ်။ shift + insert ဆို အလုပ်မလုပ်ဘူး။ ပြီးတော့ ပြောထားခဲ့တဲ့ chat လုပ်ထားခဲ့တဲ့ စာသားတွေထဲက select လုပ်ပြီး copy ပြန်လုပ်လို့မရဘူးဖြစ်နေသေးတယ်။ ဆက်ပြီး စမ်းကြည့်ရဦးမယ်။

Tuesday, July 8, 2008

စကားပင်ရဲ့အရိပ်

ခရမ်းရောင်အပွင့်တွေ ကြွေကျလို့ အရုဏ်စကားပွင့်ရဲ့ အရိပ်ဟာ ပါးလျားသေးငယ် သွားခဲ့ပြီး တစ်ခါတစ်ရံမှာ ပုစဉ်းရင်ကွဲတစ်ကောင် ဟိုအမြင့်ကြီးကနေပြီး တုန်တုန်ယင်ယင် မြည်နေလေရဲ့ ကလီဇီယာရေ အသံတွေ တစ်ညီတည်း ထွက်တဲ့ကာလ မဟုတ်လေဘူး သူ့သစ္စာရှိသူတွေကို ၀ါးမျိုပြီး သူတို့ကို သွေးပြန်သွင်းပေးမယ့် အနန္တဘုရားရှင်ရဲ့ ခေတ်ကာလ မဟုတ်ဘူးလေ။ ဆုံးရှုံးရတယ်ဆိုတာ လွယ်လှပါတယ် တောင်ပံလေး ပထမတစ်ချက် အခတ် ရန်သူနဲ့ ပထမအကြိမ် အတွေ့မှာ သေရတယ်ဆိုတာ ကလေးကစားသလို ဖြစ်နေတယ်။

ခုတော့ ခက်ခဲတဲ့လမ်းတွေ စပြီ ဒါပေမဲ့ သင်ကတော့ နေရဲ့ ၀ါးမျိုမှုကို ခံရသည့်တိုင် အမြစ်ခိုင်ခိုင်နဲ့ ရပ်တည်နိုင်လေးသေးရဲ့ သင့် မြစ်နဒီရဲ့ အေးမြတဲ့ ကမ်းသာများမှာ ပျံဝဲနေတဲ့ ငှက်ငယ်လို ချိုသာညွှတ်နူး နိုင်လေသေးရဲ့။ နှင်းခါးရဲ့ ခိုက်ခိုက်တုန် အအေးကလဲ သင့်ကို မညွတ်ကွေးနိုင် အို ... ဖျော့နွမ်းတဲ့ ဝရမ်းပြေး သင့်အဖို့ ဘဝဂ်ရယ်လို့လဲ မရှိ တောင်ယဉ်စွန်းတန်း မြောက်ယဉ်စွန်းတန်းရယ်လို့လဲ မရှိ။ စစ်ပွဲဟာ သင့်ကိုယ်တွင်းမှာ သင့်ကို မြတ်နိုးသူတွေရဲ့ ကိုယ်တွင်းမှာ ရှိတန်ကောင်းရဲ့ သင်ဟာ နှင်းခါးရဲ့ ခိုက်ခိုက်တုန် အအေးမှာလဲ ဒူးမထောက် တချို့ကတော့ ကျဆုံး တွန့်ကြေသွားကြပြီ သင့်ကို တိုက်စားနေတဲ့ တံစဉ်းဟာလဲ အသံတိတ်ဆိတ် သွားတော့မယ်။

တေးချင်းဆိုသူများရဲ့ ဟာလာဟင်းလင်း ဥခွံဟာလဲ မကြာခင် ခြေတောက်အောက်မှာ ဖုန်မှုန့်တွေ ဖြစ်သွားတော့မယ် အရိပ်က မည်းနက်လာပြီ အချိန်က ဆောင်းဦးရာသီ-ဆောင်းရာသီ သင့်ကို ခေါ်ဆောင်သွားပြီး ငါ ခုန်ချခဲ့တဲ့ အခြားတစ်ဖက်ကို မြင်ရပြီ။ ဆန်းစ လမင်းရဲ့အောက်မှာ မင်လယ်ငါးဟာ ရေထဲက ထ ခုန်ခဲ့ပြီ နေရစ်လေဦးတော့ စကားပင်ရိပ်ငဲ့။ ။

Eugenio Montale 'The Magnolia's Shade' (မြန်မာပြန်သူ မောင်သစ်တည်၊ ၁၉၇၅၊ ဒီဇင်ဘာလ ရှုမဝ)

Monday, July 7, 2008

Nardal beats Federer, 2nd time

မနေ့ညက Wimbledon Tennis အမျိုးသားတစ်ဦးချင်း ဗိုလ်လုပွဲမှာ ကမ္ဘာ့အဆင့်၂ Nadal က အဆင့် ၁ Federer ကို အနိုင်ယူပြီး ပထမဆုံးအကြိမ်အဖြစ် Wimbledon Champion ဆုကို ရရှိခဲ့ပါတယ်။

လက်ရှိချန်ပီယံ Federer အနေနဲ့ Wimbledon မှာ ငါးနှစ် ဆက်တိုက် ချန်ပီယံဖြစ်ခဲ့ပြီး ဒီနှစ် ရခဲ့ရင်တော့ ပထမ ဦးဆုံးသော ခြောက်ကြိမ် ဆက်တိုက် ချန်ပီယံဆိုတဲ့ စံချိန်ကို ချိုးမှာဖြစ်ပါတယ်။

ငါးကြိမ် ဆက်တိုက် အဖြစ် B.Borg ရရှိခဲ့ပြီးနောက်ပိုင်းမှာ Federer အနေနဲ့ ဒုတိယမြောက် ရရှိသူဖြစ်ပါတယ်။ (ခြောက်ကြိမ်မြောက် နှစ်မှာ B.Borg ကို အမေရိကန် J.McEnroe အနိုင်ယူသွားခဲ့တာပါ) Nadal အနေနဲ့ ပြင်သစ် အိုးပင်းမှာ Federer ကို အနိုင်ယူခဲ့ပြီး အခု Wimbledon မှာ ထပ်မံ အနိုင်ကစားနိုင်ခဲ့တာပါ။ မနှစ်က Wimbledon မှာတော့ ဗိုလ်လုပွဲမှာ Federer ကို အရေးနိမ့်ခဲ့တာပါ။

ပထမ set နှစ်ခုကို Nadal က 6-4, 6-4 နဲ့ အနိုင်ရ နေခဲ့ပါတယ်။ ဒါပေမဲ့ မိုးရွာလာလို့ ပွဲနားလိုက်ရပါတယ်။ ပြန်ကစားချိန် တတိယ set မှာ Nadal အနေနဲ့ ပွဲသိမ်းဖို့ straight set ရအောင် မရိုက်နိုင်ခဲ့ဘူး။ tie-break ဖြစ်ပြီး Federer က ပြန်ပြီး အနိုင်ယူသွားပါတယ်။ စတုတ္ထ set မှာလည်း tie-break ထပ်ဖြစ်ပြီး Nadal နေနဲ့ champion point ( ချန်ပီယံဖြစ်ရန် တစ်မှတ်အလို) အခြေအနေကို ရောက်ရှိခဲ့ပေမဲ့ Federer ကပဲ ထပ်မံအနိုင်ယူသွားပါတယ်။ ပွဲက အကြိတ်အနယ်နဲ့ အရမ်းကို ကြည့်လို့ ကောင်းနေ ပါတယ်။ 2 set စီ ဖြစ်နေလို့ ပဥ္စမ set ကအဆုံးအဖြတ်ပါပဲ။

Wimbledon ထုံးစံအရ နောက်ဆုံး set ကို tie-break မရိုက်ပါဘူး။ ကစားလို့ 3-3 ဖြစ်ချိန်မှာ မိုးထပ်ရွာလို့ ပွဲကို ထပ်မံရပ်ဆိုင်းလိုက်ရပြန်ပါတယ်။ အဲဒ ီအချိန်မှာ မနက် ၂နာရီထိုးခါနီးနေပြီ။ ဒါပေမဲ့ ပွဲကောင်းနေလို့ ကျွန်တော်လည်း အိပ်ချင်စိတ်နဲ့ မျက်စိက မဖွင့်နိုင်တော့သော်လည်း အားတင်းပြီး စောင့်ကြည့်ပါသေးတယ်။ မိုးကတော်ရုံနဲ့ မတိတ်... ဒါနဲ့ လက်လျှော့ပြီး ဝင်အိပ် လိုက်ရပါတယ်။

ဒီပွဲမှာ Federer ရဲ့ serving တွေအရမ်းကောင်းပါတယ်။ point တော်တော်များများကို serving ကယူသွာတာပါ၊ ကျွန်တော်ကြည့်နေချိန်မှာကိုပဲ ace အလုံး ၂၀ လောက်ရိုက်သွားတယ်။ Nadal တော့ ပြေးလွှားပြီး အပြန်အလှန် back and forth ရိုက်ကစားကြပြီဆိုရင်ပိုကောင်းပါတယ်။ မနက်နိုးမှ German DW TV က အားကစားသတင်းမှာ Nadal နိုင်သွားကြောင်းကြည့်လိုက်ရပါတယ်။

နောက်ဆုံးset မှာလည်း လက်ရည်ညီနေလို့ 9-7အထိ ရိုက်လိုက်ရပါတယ်။ စုစုပေါင်းကစားချိန် ငါးနာရီနီးပါးလောက်ရှိခဲ့ပါတယ်။ Nadal အနေနဲ့ ဒီချန်ပီယံဆုကို ထိုက်ထိုက်တန်တန် ရရှိသွားတာပါ။ ကျွန်တော်ကလည်း Nadal ကို အနိုင်ရစေချင်တာ 3rd နဲ့ 4th set တွေမှာ အနိုင်ရိုက်ဖို့အခွင့်အရေးရခဲ့ပေမဲ့ Federer ကပဲ အနိုင်ယူသွားတော့ 5th set မှာလဲ ရှုံးသွားနိုင်တယ် ဆိုပြီး စိတ်ပူနေခဲ့တာ။ မနက် TV သတင်းကြည့်ပြီး စိတ်ကျေနပ်ဘဝင်ကျသွားခဲ့တယ်။

Sunday, July 6, 2008

Williams take it all

၂၀၀၈ခုနှစ် Wimbledon Tennis အမျိုးသမီး ပြိုင်ပွဲများ အတွက်ဆုတွေကို Williams ညီအမကပဲ သိမ်းကျုံး ယူသွားပါတယ်။ တစ်ဦးချင်းပြိုင်ပွဲ ဗိုလ်လုပွဲကို Williams ညီအမ နှစ်ယောက်လုံးတက် ရောက်လာပြီး အကြိတ်အနယ် ယှဉ်ပြိုင် ကစားကြကာ အကြီးမ Venus က အနိုင်ရသွားပါတယ်။ သူက Wimbledon လက်ရှိ ချန်ပီယံလည်း ဖြစ်ပါတယ်။
ဒါဟာ Venus အတွက် ငါးကြိမ်းမြောက်ရတဲ့ Wimbledon Chimpion ဆုလည်း ဖြစ်ပါတယ်။ အမျိုးသမီးနှစ်ယောက်တွဲပွဲမှာလည်း သူတို့ ညီအမနှစ်ယောက်ကပဲ ဗိုလ်စွဲသွားပါတယ်။ အမျိုးသားတစ်ဦးချင်းဗိုလ်လုပွဲကတော့ ဒီည ရှစ်နာရီခွဲပါ (မြန်မာစံတော်ချိန်)။ Federer နဲ့ Nardal တွေ့ကြတော့ ပွဲကြီးပွဲကောင်းပေါ့။


Saturday, July 5, 2008

အမည်မသိပန်း၊ အမည်မသိ စေတီအို

မိုးဖွဲကလေး တစ်ပြိုက် နှစ်ပြိုက်ကျလျက် တိမ်တိုက်ကလည်း မညို့တညို့။ ၀ါဆိုပန်းခူး ထွက်လာကြသည်။ တောစပ်တွင် အလေ့ကျပန်းကလေးများ တဖွေးဖွေးနှင့်။ သူတို့၏ အမည်သည် မထင်းရှားလှ။ နန်းသုံးပန်းများကဲ့သို့ စာဖွဲ့ခံ ပန်းကလေးများ မဟုတ်။ အညတရမျှသာတည်း။ ဤအညတရ ပန်းကလေးများကို ရှိသည် ဟုပင် အမှတ်မပြုမိကြ။ သို့သော် သူတို့သည် ၀ါဆိုမီ ပွင့်နေကြ၏။ စေတနာကောင်း မွှေးကြ၏။ တေးကဗျာတို့ဖြင့် အရေးတယူ ဖွဲ့ဆို မခံရသော်လည်း ဝမ်းနည်းအားငယ်ခြင်း မရှိ။ အချိန်တန်လျှင် တောစပ်တစ်ခုလုံး ဖွေးနေအောင် ပွင့်ကြလေတော့သည်။

၀ါဆိုပန်းခူးသူတို့သည် တောပန်းကလေးများထံသို့ ဝမ်းသာအားရ လာရောက်ကြ၏။ ပန်မည် ခြွေမည်ဟူ၍ သဘောမထား။ ဗုဒ္ဓအတွက် ပူဇော်ရန် အလို့ငှာ ရည်သန်ကြကုန်၏။ ပန်းကလေးတို့လည်း ဝမ်းမြောက် ဝမ်းသာနှင့် ပန်းခူးသူတို့လက်တွင် လိုက်ပါကြလေသည်။ ထို့နောက် တောရကျောင်း အနီးရှိ စေတီအိုတစ်ဆူရှိရာသို့ ၀ါဆိုပန်းကပ်သူတို့ တပျော်တပါး တစုတဝေး သွားကြ၏။ စေတီအိုမှာ ရွှေလည်းမဝင်း။ တန်ဆောင်းလည်းမရှိ။ မျက်နှာငယ်ဖွယ်ပေတည်း။ အညတရဝါဆိုပန်းကလေးတို့ကား လူသူမသိရှာသည့် အညတရစေတီအိုအား ၀ါဆိုပန်းကပ်ခွင့်ရသဖြင့် အကျေနပ်ကြီး ကျေနပ်ကြကုန်၏။ သူတို့၏အလှဖြင့် အစွမ်းကန် ပူဇော်ပါအံ့။


ပိတောက်မှ သရဖီသို့ (တင်မိုး)

၀ါဆိုလ

ငှက်ကလေးက စိုးစီစိုးစီ 

ဝင်းပေါက်မှာမြည်။ 

ချိန်တန်ပြီ ညီမထွေးရဲ့ 

ဆွမ်းချက်စို့လေး။ 

(မင်းသုဝဏ်)

Friday, July 4, 2008

Ph.D. ဆိုတာ...... :P

PPh.D.. ဆိုတာ မြန်မာလို နားလည်တာကတော့ ဒေါက်တာဘွဲ့ပေါ့။ ဘာသာရပ်တစ်ခု အစိတ်အပိုင်းတစ်ခုမှာ တစ်ဖက်ကမ်းခတ်လောက်အောင် ကျွမ်းကျင်ပိုင်နိုင် နှ့ံစပ်သူလို့ပဲခေါ်ရမလား။ ဘွဲ ဒီဂရီမှာ အမြင့်ဆုံးဘွဲ့ပေါ့။

တစ်နေ့က ကိုဇော်မိုးနဲ့ စကားစမြည်ပြောဖြစ်ရင်း ဒီအကြောင်းလေး ရောက်သွားရာက ရေးချင်စိတ်လေး ပေါ်လာလို့။ လွန်ခဲ့တဲ့ လေးငါးနှစ်လောက်က software development management နဲ့ ပတ်သက်ပြီး ၂ရက်ကြာ workshop လေးတစ်ခုတက်ဖူးတယ်။ ဒီရန်ကုန်မှာပဲလုပ်တာပါ။ လာပြောတဲ့သူက မလေးရှားကပါ။ အဲဒီမှာ သူက ပညာသင်ကြားခြင်းရယ် ဘွဲ့ဒီဂရီတွေရဲ့ အကြောင်းကို ဟာသလေးနှောပြီး ပြောပြသွားတာလေး ပြန်သတိရလို့။

သူပြောခဲ့တာက .... ပညာသင်ကြားခြင်းဆိုတာ အဆင့်ပိုမြင့်လာလောလော scopeက ပိုကျဉ်းသွားလေလေ ပဲတဲ့။ ဥပမာကွာ မင်းတို့ မူလတန်းမှာ အထွေထွေသိပ္ပံဆိုပြီး သင်ကြားရတယ်။ အဲ အထက်တန်းလောက်လဲ ရောက်ရော Physics, Chemistry, Maths, Biology ဆိုပြီးကွဲထွက်လို့ အသေးစိတ်တွေထပ်သင်ရတယ်။ 

တက္ကသိုလ် နှစ်စလောက်မှာ မင်းက Biologyကို သင်ရတယ်။ အဲဒီအထဲကမှ မင်းက အပင်တွေထက် အကောင်တွေကို မင်းက ပိုစိတ်ဝင်စားလို့ Zoology ကို မေဂျာအဖြစ်ဆက်လေ့လာပြီး B.Sc ရတယ်။ Master တန်းမှာမင်းက Insets တွေအကြောင်းအထူးပြုလေ့လာလို့ M.Sc ထပ်ရတယ်။

ပြီးတော့ရော Doctorate တန်းဆက်တက်တယ်။ အဲဒီမှာ မင်းက Sexual behavior of ants ဆိုပြီး အသေးစိတ် စုံစုံစိစိ မွှေနှောက် လေ့လာပြီး စာတမ်းတင်လို့ Ph.Dဆိုတဲ့ အမြင့်ဆုံး degree ကြီးရပါရော။ နောက်ဆုံးစာကြောင်းလေးကိုတော့ အင်္ဂလိပ်လိုမှတ်မိနေသေးတယ်။ After you got the highest degree Ph.D, you know nothing expect how the ants f**k....တဲ့

ဟီးဟီး တိုက်ဆိုင်မှုရှိရင် ခွင့်လွှတ်ကြပါ။ အကယ်၍ Ph.D တက်နေသူများ (သို့) ရရှိပြီးသူများ ဤပို့စ်ကို ဖတ်မိပါလျှင် ထိုသူတို့ကိုသာ တိုက်ရိုက်ရည်ညွှန်းပါကြောင်း .... :D

Thursday, July 3, 2008

Nikon D700

ဘာရယ်မဟုတ်ပါဘူး ကင်မရာမဝယ်နိုင်သေးတော့ ရသေ့စိတ်ဖြေ ပုံလေးတင်ထားတာပါ။ ကိုသူရကြီး မနေ့ကလာပြောလို့သိရတာ။ D700 ထွက်ပြီတဲ့ mini D3 တဲ့။ Full frame ပေါ့။ ဒီဟာကြီးတော့ ဝယ်ဆော့နိုင်လောက်အေင် မချမ်းသာပါဘူးဗျာ။ စျေးက သုံးထောင်လောက်ရှိမှာ။ 
 
လွန်ခဲ့တဲ့ ၂နှစ်လောက်ကတည်းက ကိုသူရတို့ သခင်ကြီးတို့ကို အားကျပြီး Nikon D Series တစ်လုံလောက် ဝယ်မယ်ဆိုပြီး စိတ်ကူးနေတာ အခုထိ မဝယ်ဖြစ်ပါဘူး။ ကိုသူရရဲ့ D200ကြီးကို ယူယူရိုက်ကြည့်ရင်း feel တက်နေတာ။ သခင်ကြီးကတော့ အားပေးရှာပါတယ်။ ခင်ဗျား လက်လောက်နဲ့တော့ D40လောက်ပဲဝယ်ကိုင်ပါဗျာတဲ့။ အဲဒီ D40 လောက်တောင် မဝယ်ဖြစ်သေးပါဘူး။

ဖွတ်ဂလိ ဒင်္ဂါးကလည်း ရှားသကိုးဗျ။ ဝယ်ရင်လဲ Camera အပြင် Lens တို့ တခြား တန်ဆာပလာတွေလဲ ဝယ်ရဦးမှာကိုး။ အခု D Series က 700 ရောက်နေပြီဆိုတော့ D3500 4000 လောက်ရောက်တဲ့ အချိန်လောက်ဆိုတော့ ဝယ်နိုင်လောက်ပြီထင်ပါတယ် :D

Brocher PDF Nikon D700 plus hands-on preview

Wednesday, July 2, 2008

Shochu IIchiko ..... great !

Shochu ဆိုတာက အရက်အမျိုးအစား၊ IIchiko ဆိုတာက Brand လား နံမည်တခုခုဖြစ်မယ်ထင်တယ်။ (သိပ်နားမလည်ဘူး သိသူများ comment ရေးပေးခဲ့မယ်ဆိုရင် thank you ပါခင်ဗျာ..) ဂျပန် အရက်ဖြူပဲဆိုကြပါစို့။

ကိုရဲ့နဲ့ မောင်ဝင်းထိန်တို့ အစည်းအဝေးကအပြန် ဝယ်ပြီး တကူးတက သယ်လာပေးတာ။ Packing လုပ်ထားတာလေးကလည်း သဘောကျစရာ။ စက္ကူဗူးဆိုတော့ ၂လီတာဆန့်ပေမဲ့ သိပ်ဝန်မကျယ်ဘူးပေါ့။ သူတို့၂ယောက်က အခုပြောတဲ့ Shochu IIchikoရယ်၊ အရသာခပ်ပျော့ပျော့ ဆာကေးတစ်လုံးရယ် နှစ်လုံးဝယ်လာတာ။ ဒါနဲ့ ထုံးစံအတိုင်း စုပြီးသောက်ကြတာပေါ့။

နေရာကလည်း ထုံးစံအတိုင်းပဲ မရိုးနိုင်သော Friendship ပေါ့။ ဆာကေးကတော့ ဒီက ခပ်ပျော့ပျော့ ခေါင်ရည်အရသာမျိုး။ ဒါပေမဲ့ အနံ့လေးက သင်းသင်းလေးရယ်။ Shochu ကိုစသောက်တဲ့ အချိန်မှာ တစ်ငုံတည်းနဲ့ တော်တော်သဘောကျသွားတယ်။ အရက်ဖြူပါပဲ။ ဒါပေမဲ့ ကောက်ညှင်းလိုလိုအနံ့လေးက သင်းလို့။ လည်ချောင်းထဲအဝင်ကလည်း ခပ်ပြင်ပြင်းလေးနဲ့ ။ ဒါပေမဲ့ သိပ်ပြီး ဆိုးဆိုးရွားရွားကြီးတော့ မဟုတ်ဘူး။ ကျွန်တော်ကလည်း နဂိုကတည်းက ဘီအီးကြိုက်တဲ့ကောင်ဆိုတော့ ဘာပြောကောင်းမလဲ။

ဒီမှာထုတ်တဲ့ ဘိန်းအစားထိုး ပန်းဂျုံနဲ့ချက်တဲ့ ဆိုဘာရှုးဆိုလား အဲဒါနဲ့ ခပ်ဆင်ဆင် တူပေမဲ့ အနံ့နဲ့ အရသာကတော့ တစ်ခြားစီပဲ။ သူကအများကြီး ပိုကောင်းတာပေါ့။ ဘာမှမရောပဲ ရေခဲလေးနဲ့ သောက်ရုံပဲ။ ဒါနဲ့ပဲ ကျွန်တော်တို့တစ်သိုက်လဲ မာန်တက်ပြီး ကုန်အောင်ဆော်မဟဲ့ဆိုပြီး သောက်ကြပါလေရော။

စာရင်းချုပ်လိုက်တော့ ညအိမ်ပြန်အရောက်မှာ ရုံးက ပြန်ယူလာတဲ့ DVDအထုတ် ဘယ်နားရောက်သွားမှန်း မသိတော့ဘူး။ ကောင်းရော။ Hero season 2 ရယ် အသစ် ၃ခွေရယ် ...နှမြောလိုက်တာလွန်ပါရော။ အဲဒီညက ဆာကေးက ကုန်သွားပေမဲ့ Shochu က သုံးလေးခွက်စာလောက်ကျန်ပါတယ်။ ကျန်တဲ့ စက္ကူဗူးလေးက အပြန်မှာ ကျွန်တော်အိမ်ပါလာရော။ ဒါနဲ့ နောက်နေ့ညနေမှာ Tennis ပွဲကြည့်ရင်း ဆက်သောက်တာပေါ့။ သုံးလေးခွက်စာလောက် ကျန်သေးတယ်။ ဒီတစ်ခါတော့ စက္ကူဗူးလေးကို ရေခဲသေတ္တာထဲ အေးစိမ့် နေအောင် အအေးခံပြီးသောက်တာဗျ။ oops.... အခုရေးနေရင်းတောင် ထပ်သောက်ချင်လာရော။ ရန်ကုန်မှာတော့ နည်းနည်း ရှာရခက်မလားမသိ။ အင်းယားလမ်းက Jyanko မှာတော့ ရနိုင်လောက်မလားမသိ ဘူး ....

Tuesday, July 1, 2008

La Prophetie d'Avignon












မနေ့ညက Wimbledon tennis ပွဲတွေကြည့်ပြီးတော့ မအိပ်ချင်သေးတာနဲ့ ၈ပေ စလောင်းကလာတဲ့ တီဗွီ လိုင်းတွေကို ဟိုဟိုဒီဒီ လျှောက်ကြည့်နေမိတယ်။ ပြင်သစ် TV5Mondre လိုင်းမှာ ကြည့်လို့ကောင်းတဲ့ ရုပ်ရှင်လေးတွေ လာတတ်တာနဲ့ TV5ကို ပြောင်းကြည့်လိုက်တယ်။ ကံကောင်းချင်တော့ အဲဒီမှာ စိတ်ဝင်စားစရာ ရုပ်ရှင် တစ်ကား လာနေတာနဲ့ ည၁၂နာရီခွဲလောက်က စကြည့်လိုက်တာ ၂နာရီမှပြီးတယ်။


စကြည့်တုန်းကတော့ တစ်ကားတည်း ရုပ်ရှင်မှတ်နေတာ မဟုတ်ဘူးဗျ Series ဖြစ်နေတယ်။ မနေ့က အပိုင်း တစ်နဲ့ နှစ် ၂ပိုင်းပြသွားတာ။ ကားနံမည်က La prophetie d'Avignon တဲ့။ ကျွန်တော် စကြည့်ဖြစ်တော့ ပထမပိုင်းရဲ့ တစ်ဝက်လောက် ရောက်နေပြီ။ တော်တော်စိတ်ဝင်စားသွားမိလို့ ဒီနေ့အားတဲ့ အချိန််လေးမှာ internet မှာလိုက်ပြီး ရှာဖွေရတော့တာပေါ့။ ဒီကားက အပိုင်း ၈ပိုင်းပါတဲ့ ဇာတ်လမ်းတွဲပေါ့။ TV5 အစီအစဉ်အရ ဒီနေ့ နောက်နှစ်ပိုင်းထပ်ပြဦးမယ်။ ဒီနေ့တော့ ည ၁၁နာရီလောက်စလာမယ်။


၁၄ရာစုနှစ်လောက်က ပြင်သစ်လူမျိုး ပုတ်ရဟန်းမင်း ခုနစ်ပါး ရုံးစိုက်နေထိုင်ခဲ့တဲ့ Avignon က Papal Palace ကို နောက်ကြောင်း ခံထားတယ်။ ဇာတ်ကောင်မင်းသမီး Estelle ကအဲဒီက Assistant Curator ပါ။ သူ့ရဲ့အဖိုးက ဟိုးအရင်ခေတ်ကချန်ထားခဲ့တဲ့ ရှေ့ဖြစ်ဟောစတမ်း (Notradumus ရဲ့ ရှေ့ဖြစ်ဟောဆန်ဆန်မျိုး) အကြောင်းကို လေ့လာရင်း Brother of Judus ဆိုတဲ့ လျှို့ဝှက်အဖွဲ့ရဲ့ အသတ်ခံရတယ်။ အဲဒီရှေ့ဖြစ် အဟောကလည်း ကမ္ဘာကြီးရဲ့ စတုတ္ထမြောက်ထောင်စုနှစ်အထိ အကျုံးဝင် တယ်တဲ့။



ထူးဆန်း အံ့သြစရာတွေလည်း တစ်ခုပြီး တစ်ခုဖြစ်လာတယ်။ Estelleနဲ့လဲ အဲဒီကိစ္စက ပတ်သက်လာပြီး သူ့ဘဝလဲ တမျိုးတဖုံ ပြောင်းလဲသွားတယ်။ သူ့အဖိုးက မသေခင် သူရှာဖွေစုဆောင်း မှတ်တမ်းတင်ထားတဲ့ သူ့ရဲ့ notebook စာအုပ်လေးကို Estellen ကိုပေးသွားတယ်။ ဒါနဲ့ပဲ ဒီကိစ္စကို ဆက်လက်စုံစမ်းဖို့ ဖြစ်လာတယ်။ စိတ်လှုပ်ရှားစရာတွေ၊ စွန့်စားခန်းတွေ သဲထိတ်ရင်ဖို တွေနဲ့ တော်တော် ကြည့်လို့ကောင်းတယ်ဗျ။

ပြင်သစ်စကားပြောဆိုပေမဲ့ English စာတန်းထိုးတော့ အဆင်ပြေ ပါတယ်။ DVD အခွေရှိရင်တောင် ဝယ်သိမ်းထားချင်တာ။ ဒါပေမဲ့ တရုတ်နယ်စပ်ကနေ ဒီကိုဝင်တဲ့ Series ဇာတ်ကားတွေက အမေရိကန် နဲ့ ကိုးရီးား Series တွေပဲများတယ်။ ပြင်သစ်ဇာတ်ကားဆိုတာတောင် တစ်ခါတစ်လေမှ ရှားရှားပါးပါး ဝယ်လို့ရတာ။

ဒီတော့ အခုဇာတ်လမ်းတွဲလေးကို ပြင်သစ် TV5မှာ ပြမဲ့ ရက်လေးတွေမှာပဲ ပြီးအောင် စောင့်ကြည့် ရတော့မှာပေါ့။

TV5Monde အစီအစဉ်

Wimbledon Ladies' Qtr. Final

Wimbledon 08 Tennis ပြိုင်ပွဲရဲ့ အမျိုးသမီး တစ်ဦးချင်း Quarter Final ပွဲများ ဒီညနေ ကစားမှာ ဖြစ်ပါတယ်။ ကမ္ဘာ့အဆင့်၁ Ana Ivanovic, အဆင့်၂ Shaparapova တို့ ရှုံးနိမ့်ထွက်ခွာသွားရတဲ့နောက်မှာ အဆင့်၃ Jankovic နဲ့ အဆင့်၄ Kuznetsova တို့လည်း 4th round မှာ ရှုံးနိမ့်သွားကြပါပြီ။ (တော်သေးတာပေါ့ Ana တစ်ယောက် အဆင့်၁ နေရာက မကျသေးဘူး ) Willams ညီအမ နှစ်ယောက်လုံး လက်ရည်မှန်မှန်နဲ့ Quarter final ကို ရောက်ရှိလာပါတယ်။

 1) Elena Dementieva vs. Nadia Petrova  Dementieva က ကမ္ဘာ့အဆင့်၅ပါ။ အသက်က ၂ရနှစ်၊ ရုရှားနိုင်ငံသားပါ။ အဆင့်၁ကနေ ၄ အထိ အားလုံး ပြုတ်ကျန်ခဲ့ပြီး သူက Quarter ရောက်လာပါတယ်။ 2006 ခုနှစ်က Wimbledon ပြိုင်ပွဲမှာ Qtr. Final အထိရောက်ခဲ့ဖူးတယ်။  Petrova က အသက် ၂၆နှစ်အရွယ် ရုရှားတင်းနစ်မယ်ပါ။ အမြင့်အဆုံးအနေနဲ့ 2005 Wimbledon မှာ Qtr. Final အထိ ရောက်ခဲ့ဖူးပါတယ်။  

 2) Agnieszka Radwanska vs. Serena Williams Radwanska က အသက် ၁၉နှစ်ပဲရှိသေးတဲ့ ပိုလန်က တင်းနစ်မယ်ပါ။ အလားအလာရှိတဲ့ တက်သစ်စ လေးပေါ့။ 4th round မှာ အဆင့်၄ Kuznetsova ကို အနိုင်ယူခဲ့တာပါ။ 2006 ခုနှစ်က အဆင့် ၅ရပဲ ရှိခဲ့ပေမဲ့ လက်ရှိသူ့အဆင့်က ၁၄ပါ။ မနှစ်က Wimbledon ပြိုင်ပွဲမှာ 3rd round အထိ ရောက်ခဲ့ဖူးတယ်။  Serena က Wimbledon Champion ဆုကို 2002, 2003 တို့မှာ နှစ်ကြိမ်ဆက်တိုက် ရဖူးပါတယ်။ လက်ရှိ ကမ္ဘာ့အဆင့်၆နေရာမှာပါ။ အသက်၂ရနှစ်ရှိပါပြီ။ USကပါ။ 2002ခုနှစ် တုန်းက ကမ္ဘာ့အဆင့်၁ ဖြစ်ခဲ့ဖူးပါတယ်။ ဒီနှစ် ပြိုင်ပွဲမှာလည်း လက်ရည်မှန်မှန်လေးနဲ့ Qtr. Final အထိရောက်လာခဲ့ပါပြီ။

3) Venus Williams vs. Tamarine Tanasugarn  Venus - Williams ညီအမနှစ်ယောက်မှာ သူကအကြီးမပေါ့။ အသက် ၂၈နှစ်ပါ။ 2002ခုနှစ်က အမြင့်ဆုံး အနေနဲ့ ကမ္ဘာ့အဆင့်၁ ဖြစ်ခဲ့ဖူးတယ်။ Wimbledon ချန်ပီယံ ၄ကြိမ်တောင် ဖြစ်ဖူးတယ်။ (2000, 2001, 2005, 2007) လက်ရှိချန်ပီယံပေါ့။
Tanasugarn - ထိုင်းတင်းနစ်မယ်ပါ။ Wimbledon ကို ၁၂ကြိမ် ပြိုင်ခဲ့ဖူးရာမှာ ၆ကြိမ်က 4th round အထိ အမြင့်ဆုံး ရောက်ခဲဖူးပါတယ်။ အသက် ၃၁နှစ်ရှိပါပြီ။ 1994 ကတည်းက Pro. ပြိုင်ပွဲတွေ ဝင်ရိုက်နေတာပါ။ လက်ရှိအဆင့်က ၆ဝပါ။ အဆင့်၄ Jankovic ကို အနိုင်ရိုက်ပြီး တက်လာတာပါ။ အဲဒီပွဲမှာ Jankovicတစ်ယောက် ဘယ်ဖက်ဒူး ဒဏ်ရာကြောင့် ကောင်းကောင်း လက်စွမ်းမပြနိုင်ခဲ့ဘူး။

 4) Jie Zheng vs. Nicole Vaidisova Zheng - Ana ကို 3rd round မှာ straight sets နဲ့ အနိုင်ယူခဲ့တဲ့ တရုတ်တင်းနစ်မယ်ပါ။ တည်ငြိမ်ပြီး တိကျ သပ်ရပ်စွာ ကစားတတ်သူပါ။ အသက် ၂၅နှစ်ရှိပါပြီ။ Wimbledon ပြိုင်ပွဲတွေမှာ တစ်ဦးချင်းပြိုင်ပွဲမှာတော့ 3rd round အထိသာ ရောက်ခဲ့ဖူးပြီး နှစ်ယောက်တွဲ ပြိုင်ပွဲမှာတော့ 2006ခုနှစ် ချန်ပီယံဖြစ်ပါတယ်။ လက်ရှိ ကမ္ဘာ့အဆင့် ၁၃၃ပါ။ Vaidisova - Chez ကပါ။ အသက် ၁၉နှစ်ပဲရှိပါသေးတယ်။ လက်ရှိကမ္ဘာ့အဆင့် ၂၂ပါ။ မနှစ်က Wimbledon ပြိုင်ပွဲမှာလဲ Qtr. Final ရောက်ခဲ့ပါတယ်။ သူလဲ အလားအလာရှိတဲ့ တက်သစ်စ လေးပေါ့။