Tuesday, July 8, 2008

စကားပင်ရဲ့အရိပ်

ခရမ်းရောင်အပွင့်တွေ ကြွေကျလို့ အရုဏ်စကားပွင့်ရဲ့ အရိပ်ဟာ ပါးလျားသေးငယ် သွားခဲ့ပြီး တစ်ခါတစ်ရံမှာ ပုစဉ်းရင်ကွဲတစ်ကောင် ဟိုအမြင့်ကြီးကနေပြီး တုန်တုန်ယင်ယင် မြည်နေလေရဲ့ ကလီဇီယာရေ အသံတွေ တစ်ညီတည်း ထွက်တဲ့ကာလ မဟုတ်လေဘူး သူ့သစ္စာရှိသူတွေကို ၀ါးမျိုပြီး သူတို့ကို သွေးပြန်သွင်းပေးမယ့် အနန္တဘုရားရှင်ရဲ့ ခေတ်ကာလ မဟုတ်ဘူးလေ။ ဆုံးရှုံးရတယ်ဆိုတာ လွယ်လှပါတယ် တောင်ပံလေး ပထမတစ်ချက် အခတ် ရန်သူနဲ့ ပထမအကြိမ် အတွေ့မှာ သေရတယ်ဆိုတာ ကလေးကစားသလို ဖြစ်နေတယ်။

ခုတော့ ခက်ခဲတဲ့လမ်းတွေ စပြီ ဒါပေမဲ့ သင်ကတော့ နေရဲ့ ၀ါးမျိုမှုကို ခံရသည့်တိုင် အမြစ်ခိုင်ခိုင်နဲ့ ရပ်တည်နိုင်လေးသေးရဲ့ သင့် မြစ်နဒီရဲ့ အေးမြတဲ့ ကမ်းသာများမှာ ပျံဝဲနေတဲ့ ငှက်ငယ်လို ချိုသာညွှတ်နူး နိုင်လေသေးရဲ့။ နှင်းခါးရဲ့ ခိုက်ခိုက်တုန် အအေးကလဲ သင့်ကို မညွတ်ကွေးနိုင် အို ... ဖျော့နွမ်းတဲ့ ဝရမ်းပြေး သင့်အဖို့ ဘဝဂ်ရယ်လို့လဲ မရှိ တောင်ယဉ်စွန်းတန်း မြောက်ယဉ်စွန်းတန်းရယ်လို့လဲ မရှိ။ စစ်ပွဲဟာ သင့်ကိုယ်တွင်းမှာ သင့်ကို မြတ်နိုးသူတွေရဲ့ ကိုယ်တွင်းမှာ ရှိတန်ကောင်းရဲ့ သင်ဟာ နှင်းခါးရဲ့ ခိုက်ခိုက်တုန် အအေးမှာလဲ ဒူးမထောက် တချို့ကတော့ ကျဆုံး တွန့်ကြေသွားကြပြီ သင့်ကို တိုက်စားနေတဲ့ တံစဉ်းဟာလဲ အသံတိတ်ဆိတ် သွားတော့မယ်။

တေးချင်းဆိုသူများရဲ့ ဟာလာဟင်းလင်း ဥခွံဟာလဲ မကြာခင် ခြေတောက်အောက်မှာ ဖုန်မှုန့်တွေ ဖြစ်သွားတော့မယ် အရိပ်က မည်းနက်လာပြီ အချိန်က ဆောင်းဦးရာသီ-ဆောင်းရာသီ သင့်ကို ခေါ်ဆောင်သွားပြီး ငါ ခုန်ချခဲ့တဲ့ အခြားတစ်ဖက်ကို မြင်ရပြီ။ ဆန်းစ လမင်းရဲ့အောက်မှာ မင်လယ်ငါးဟာ ရေထဲက ထ ခုန်ခဲ့ပြီ နေရစ်လေဦးတော့ စကားပင်ရိပ်ငဲ့။ ။

Eugenio Montale 'The Magnolia's Shade' (မြန်မာပြန်သူ မောင်သစ်တည်၊ ၁၉၇၅၊ ဒီဇင်ဘာလ ရှုမဝ)

2 comments:

Synchro 305 ~ said...

ကောင်းတယ်ဗျိုးးး

khin oo may said...

ကောင်းလေစွ.