Saturday, July 5, 2008

အမည်မသိပန်း၊ အမည်မသိ စေတီအို

မိုးဖွဲကလေး တစ်ပြိုက် နှစ်ပြိုက်ကျလျက် တိမ်တိုက်ကလည်း မညို့တညို့။ ၀ါဆိုပန်းခူး ထွက်လာကြသည်။ တောစပ်တွင် အလေ့ကျပန်းကလေးများ တဖွေးဖွေးနှင့်။ သူတို့၏ အမည်သည် မထင်းရှားလှ။ နန်းသုံးပန်းများကဲ့သို့ စာဖွဲ့ခံ ပန်းကလေးများ မဟုတ်။ အညတရမျှသာတည်း။ ဤအညတရ ပန်းကလေးများကို ရှိသည် ဟုပင် အမှတ်မပြုမိကြ။ သို့သော် သူတို့သည် ၀ါဆိုမီ ပွင့်နေကြ၏။ စေတနာကောင်း မွှေးကြ၏။ တေးကဗျာတို့ဖြင့် အရေးတယူ ဖွဲ့ဆို မခံရသော်လည်း ဝမ်းနည်းအားငယ်ခြင်း မရှိ။ အချိန်တန်လျှင် တောစပ်တစ်ခုလုံး ဖွေးနေအောင် ပွင့်ကြလေတော့သည်။

၀ါဆိုပန်းခူးသူတို့သည် တောပန်းကလေးများထံသို့ ဝမ်းသာအားရ လာရောက်ကြ၏။ ပန်မည် ခြွေမည်ဟူ၍ သဘောမထား။ ဗုဒ္ဓအတွက် ပူဇော်ရန် အလို့ငှာ ရည်သန်ကြကုန်၏။ ပန်းကလေးတို့လည်း ဝမ်းမြောက် ဝမ်းသာနှင့် ပန်းခူးသူတို့လက်တွင် လိုက်ပါကြလေသည်။ ထို့နောက် တောရကျောင်း အနီးရှိ စေတီအိုတစ်ဆူရှိရာသို့ ၀ါဆိုပန်းကပ်သူတို့ တပျော်တပါး တစုတဝေး သွားကြ၏။ စေတီအိုမှာ ရွှေလည်းမဝင်း။ တန်ဆောင်းလည်းမရှိ။ မျက်နှာငယ်ဖွယ်ပေတည်း။ အညတရဝါဆိုပန်းကလေးတို့ကား လူသူမသိရှာသည့် အညတရစေတီအိုအား ၀ါဆိုပန်းကပ်ခွင့်ရသဖြင့် အကျေနပ်ကြီး ကျေနပ်ကြကုန်၏။ သူတို့၏အလှဖြင့် အစွမ်းကန် ပူဇော်ပါအံ့။


ပိတောက်မှ သရဖီသို့ (တင်မိုး)

1 comment:

khin oo may said...

ဘယ်ကဖတ်မိပါလိမ်..ကိုယ်.ကိုကိုယ် စာအတော်ဖတ်တယ် ထင်ပေမဲ.အဲဒီစာ မဖတ်ဘူးဘူ.းချိးကျူးပါတယ်။