Monday, January 19, 2009

သားရဲ့ Weekend 17-18 Jan 09

17 Jan 09 (စနေနေ့) မနက်ပိုင်းမှာ သားသား ကန်တော်ကြီး မြေပဒေသာကျွန်းဖက်ရောက်တယ်။ သူ့မေမေ ရုံးကနိုင်ငံခြားသား တစ်ယောက် new year present အဖြစ် ပန်းပင်လေးတွေကို ဝန်ထမ်းတွေကို ပေးချင်လို့ဆိုလို့ သွားဝယ်ပေးရင်း ခေါ်သွားတာ။ 
.
အပင်တွေရွေးရင်း၊ ပန်းအိုးကြည့်ရင်း စျေးဆစ်ရင်းနဲ့ သူ့ကို သတိမထားမိလိုက်ကြဘူး။ ချီထားရင်းနဲ့ သူက ပန်းအိုးရောင်စုံလေးတွေကို စိတ်ဝင်တစားကြည့်ရင်း လှမ်းကိုင်နေတာကိုး။ အတော်လေးနေလို့ ခွမ်း ကနဲ ကွဲတဲ့အသံကြားမှ သားသားပန်းအိုးတစ်ခုကို လှမ်းဆွဲပြီး မနိုင်လို့ ပစ်ချလိုက်တာ သတိထားမိကြတယ်။ :D ပန်းအိုးဖိုး နှစ်ထောင့်ငါးရာမှာ လျှော့စျေးနဲ့ နှစ်ထောင် လျော်ခဲ့ရတယ်။ ငါးလသားပဲရှိသေးတယ် စလျော်ရပြီ။ 
.
18 Jan 09 (တနင်္ဂနွေနေ့) ဘကြီးဇော်မိုးအိမ်မှာ အိမ်တက်ဆွမ်းကျွေးရယ်၊ သမီးငယ် နံမည်ပေးကင်ပွန်းတတ်ရယ် ဖိတ်ထားတာကြောင့် သွားဖို့ပြင်ဆင်ရတယ်။ ညီလေးမောင်ဝင်းထိန်က ကားနဲ့ ဝင်ကြိုပေးမှာမို့ သားကိုလဲပြင်ဆင်ပြီး စောင့်နေ ကြတယ်။ သားသားအပြင်တစ်ခါထွက်ရင် (ကြာမယ်ဆိုရင်) ယူရတဲ့ပစ္စည်း ပစယတွေက မနည်းဘူးလေ။ ၈နာရီကျော်ကျော်မှာစထွက်ဖြစ်တယ်။ ဘကြီးအိမ်ရောက်တော့ မနေ့က ဝယ်ထားတဲ့ ပူးနဲ့ ပစ်ကလက် ဝက်ဝံနှစ်ရုပ်ကို သမီးနှစ်ယောက်ကို တစ်ယောက်တစ်ကောင်ဆီပေးလိုက်တယ်။ မွေးနေ့ရင် အငယ်မလေးကိုပဲ အများကပေးကြမှာဆိုတော့ အကြီးမလေးအတွက်ပါ ဝယ်လာခဲ့တာ။ 
.
ပြီးတော့ အင်မတန်မှ စားကောင်းလှတဲ့ ကြာဇံချက်ကို သုံးပန်းကန်လောက် ဆွဲလိုက်တယ်။ မနက်ကတည်းက ဘာမှမစားခဲ့ရသေးဘူးလေ။ ကလေးတွေများတော့ သားကလည်း တပြုံးပြုံးနဲ့ပေါ့။ အပြန်မှာ ၅၂လမ်းအမေတို့အိမ်ကို သွားလိုက်တယ်။ ဝင်းထိန်ပဲ ပတ်ပြီးပို့ပေးတယ်။ သားသားက သိပ်မရွှင်ဘူးဖြစ်နေတယ်။ ဝမ်းချုပ်နေတာလေ၊ ငိုပြီး အတင်းညှစ်ပါလိုက်တာ eတုံးကျစ်ကျစ်လေးတစ်တုံးပဲထွက်တယ်။ နို့လည်း မသောက်ချင်ဘူးဖြစ်နေတယ်။ ဒါနဲ့ သူငယ်ချင်းမိန်းမ ဆရာဝန်မကိုလှမ်းမေးရတယ်။ အသီးအနှံလေးကျွေးပါတဲ့။ ဝမ်းချူလိုက်ပါတဲ့။
.
 ဒါနဲ့ သူညွှန်တဲ့ City Mart မှာရောင်းတဲ့ Henz တံဆိပ်နဲ့ ကလေးကျွေးတဲ့ အသီးအနှံ ကျိတ်ထားတဲ့ပုလင်းလေးတွေ သွားဝယ်ရတယ်။ ဝမ်းချူပြီးတဲ့အချိန်မှာကလေးက တော်တော်နေသာ ထိုင်သာရှိသွားပုံရတယ်။ အစာလည်း ပြန်စားတယ်။ နို့လည်းစို့တယ်။ ပြုံးပြုံး ပြုံးပြုံးပြန်ဖြစ်လာတယ်။ ညနေ ၆နာရီလောက်မှာ ဗဟန်းအိမ်ပြန်ကြတယ်။ ညဖက်မှာ ဝမ်းပျော့ပျော့တစ်ခါထပ်သွားတယ်။ သားသား နေလို့ကောင်းသွားပြီ ...

No comments: