Thursday, January 22, 2009

U Thant's 100th Birthday

ဒီနေ့ ဇန်နဝါရီလ (၂၂)ရက်နေ့က ဦးသန့်ရဲ့မွေးနေ့ပါ။ U Thant Institute ကနေ နှစ်(၁၀၀)ပြည့်မွေးနေ့ အခမ်းအနားလေးကို ဒီနေ့ညနေမှာ အင်းယားလိပ်ဟော်တယ်မှာ လုပ်မယ်ဆိုတဲ့ ဖိတ်စာလေးကိုတွေ့လို့။ ကိုယ့် မိန်းမကို ဖိတ်ထားတာလေ။ သူက NGO မှာလုပ်တဲ့သူဆိုတော့ UNအသိုင်းအဝိုင်းက activity လေးတွေကို သွားရလေ့ရှိတယ်။  ဦးသန့်လို့ပြောလိုက်ရင် ယနေ့ခေတ်လူငယ်တွေ သိကြဦးပါ့မလားမသိဘူး။ ကျွန်တော့်အဖေပြောခဲ့ဖူးတာ သတိရမိတယ်။ သူအမေရိကားကို ပညာတော်သင်သွားတုန်းက Burma ဆိုတာဘယ်နိုင်ငံလဲ ဘယ်နားမှာလဲ ဆိုပြီး မေးကြလို့ရှိရင် "Do you know the current General Secretary of UN?" ဆိုပြီး တစ်ခွန်းပဲ ပြန်မေးလိုက်ရင် ပွဲပြီးရောတဲ့။ 
.
အဲဒီလို မော်ကြွားနိုင်ခဲ့တဲ့ခေတ်။ အာရှတိုက်သားတွေအတွက် ဂုဏ်ယူစရာ၊ မြန်မာနိုင်ငံသားတွေအတွက် မော်ကြွားစရာ အတုယူစရာ ပုဂ္ဂိုလ်ဖြစ်ခဲ့တယ်။ ကိုးရီးယားနိုင်ငံတောင် ဦးသန့်တာဝန်ထမ်းဆောင်ပြီးနောက် ဆယ်စုနှစ်သုံးခုလောက်ကြာမှ ဒီရာထူးကို ထမ်းဆောင်ရတာ။ ဒီနေ့ခေတ်မှာ မြန်မာကိုသိလားမေးလိုက်ရင် ဘယ်လိုအဖြေမျိုးတွေရမလဲ ... စင်ကာပူက အိမ်ဖေါ်ကြော်ငြာတွေ၊ မလေးရှားက သံချည်သံကွေးအလုပ်သမားတွေ၊ ထိုင်းနယ်စပ်မြို့လေးတွေက တရားမဝင်အလုပ်သမားတွေ.... ဒါတွေကို စပြီးမြင်ယော်မိကြမယ်ထင်တယ်။ 
.
နာဂစ်ကျေးဇူးကြောင့် ... ဟိုးတလောတုန်းက မုန်တိုင်းဝင်သွားတဲ့နိုင်ငံလို့ ညွှန်းစရာတစ်ခုပိုလာတာပေါ့ .... :D ဦးသန့်အကြောင်းကို အခုခေတ်ကလေးတွေကို အခုထက်ပိုသိစေချင်တယ်။ ဦးသန့်တစ်ယောက်တည်းရယ် မဟုတ်ပါဘူး။ ဗိုလ်ချုပ်အောင်ဆန်းအကြောင်း... အခြားအခြား အတုယူစရာ လေးစားဂုဏ်ယူစရာပုဂ္ဂိုလ်တွေ အများကြီးပါ။ ဒါပေမဲ့ ဒီအကြောင်းတွေဟာ စာမေးပွဲအောင်ရုံ အလွတ်ကျက်ရတဲ့ စာတစ်ပုဒ်နှစ်ပုဒ်လောက်ပဲ ဖြစ်နေတာက အင်မတန်ဝမ်းနည်းစရာ။ ဗိုလ်ချုပ်ပြတိုက်ဆိုတာလဲ ဖုန်တက်ရုံမက ဆွေးမြေ့ပြီး ပြိုကျ သွားပြီလားတောင်မသိ .... ရွှေတိဂုံဘုရားလမ်းမှာ ဦးသန့်ဗိမာန်သချိုင်းရှိတယ်ဆိုတာရော ကလေးတွေ သိကြရဲ့လား... 
.
နယူးဒေလီရောက်ခဲ့တုန်းကဆိုရင် ဂန္ဓီကြီးရဲ့ အာဇာနည်ဗိမာန်သင်းချိုင်းမှာ မူလတန်းအရွယ်ကလေးတွေ လေ့လာရေးလာကြရင်း သူတို့ ဆရာမက အားတက်သရောရှင်းပြနေတာကို ဘေးကနေ ငေးကြည့်ခဲ့ဖူးတယ်။ ကုလားလိုပြောနေတော့ နားမလည်ပေမဲ့ ဘယ်လိုလေးစားစရာ အတုယူစရာကောင်းတဲ့ ပုဂ္ဂိုလ်ကြီးပဲဆိုပြီး ကလေးတွေရဲ့ စိတ်ထဲကို အားမာန်သတ္တိတွေသွင်းပေးနေတာ စိတ်ဓါတ်တွေမြှင့်တင်ပေးနေတာဆိုတာမျိုး ခံစားမိတယ်။ 
.
ဗီယက်နမ် ဟနွိုင်းရောက်တုန်းကလည်း ဟိုချီမင်းကို ဘုရားတစ်ဆူလို လေးစားကိုးကွယ် အမွန်းတင်ထားကြတာ တွေ့မြင်ခံစားခဲ့ရတယ်။ ခေါင်းဆောင်ဆိုတာဘာလဲ .... အဓိပ္ပါယ်ရောသိကြရဲ့လား ... Servant Leader ဆိုတဲ ့သဘောတရားတွေ ကိုရော ကြားဖူးကြရဲ့လား ..အားလုံးကိုသိရက်နဲ့ အသိခေါက်ခက် အဝင်နက်နေကြတာလား။ ကိုယ့်ပုခုံးပေါ်ကို ကြယ်နောက်တစ်ပွင့်ထပ်တင်တိုင်း ကိုယ့်ရင်ဘတ်ပေါ် တံဆိပ်တစ်ခု ကိုယ်ဘာသာထွင်ပြီး ထပ်ချိပ်တိုင်း ပိုပြီးလေးစားစရာ ကြည်ညိုစရာကောင်းလာတယ်လို့များ မြင်နေကြသလား။ သတင်း မီဒီယာတွေကို ချုပ်ကိုင်ထားတိုင်း ရေးချင်တဲ့စာအုပ်တွေ သတင်းတွေ ဆောင်းပါတွေ ရေးပြီးထုတ်တိုင်း သမိုင်းကိုပြင်ပြီး နံမည်ကောင်း ကျန်ခဲ့မယ်ထင်ကြလားမသိ .... ဟိုးအရင်ကတည်းက လေးစားအားကျခဲ့ရတဲ့ ဦးသန့်ရဲ့ နှစ်(၁၀၀)ပြည့်မွေးနေ့ကို ကို ဒီပို့စ်လေးနဲ့ ဂုဏ်ပြုပါတယ်။

2 comments:

:P said...

သေသေချာချာဖတ်သွားပါတယ်..။

JulyDream said...

နယူးဒေလီ ရောက်တုန်းက ဂန္ဓီအုတ်ဂူကို တကူးတက လိုက်ပို့ပေးလို့ သွားဖြစ်ခဲ့တယ်။ အုတ်ဂူပေါ်က ဆီမီးလေးကို မငြိမ်းအောင် တောက်လျှောက် ထွန်းထားပေးတဲ့ ဂရုစိုက်မှုလေးက အားကျစရာပါပဲ။ ပန်းတွေကလည်း ဝေေ၀ဆာဆာပါပဲဗျာ။

ဒီမှာများတော့... ဖုံတက်နေသလား ပင့်ကူအိမ်ပဲ တွယ်နေပြီလား။ ကြွက်သိုက်ပဲ ဖြစ်နေပြီလားပဲ။