Friday, November 16, 2007

၉လမ်းက တရုတ်အရိုးအကြောဆရာ

ချောင်းသာအသွားရခဲ့တဲ့ ခြေတောက်ဒဏ်ရာက အကင်းမသေဘူးဖြစ်နေတယ်။ မပျောက်ဆို ကိုယ်ကလည်း နားနားနေနေကိုမနေဖြစ်သေး။ ချောင်းသာကပြန်လာပြီး သိပ်မကြာဘူး ဟနွိုင်းကို သွား။ အဲဒီကပြန်လာပြီး ပဲခူးက ရွာကိုထပ်သွားနဲ့ ငြိမ်ငြိမ်မှမနေတာကိုး။ မနေ့ညကတော့ ၉လမ်းက တရုတ်ဆရာကိုသွားပြဖြစ်တယ်။ ကိုမင်းဦးညွန်ပေးလို့လေ။ သူခြေခေါက်လဲတုန်းကလည်း အဲဒီဆရာဆီမှာ ဆေးစည်းတယ်တဲ့။ ကောင်းတယ်လို့ပြောဖူးလို့။ ၉လမ်း ရွှေပုဇွန်နှစ်ဆိုင်ကြားက လမ်းပေါ့။ ညာဖက်က သုံးလေးအိမ်မြောက်လောက်ပေါ့။ ဒုတိယထပ်ကိုတက်ရတယ်။ အခန်းလေးက ခပ်ကျဉ်းကျဉ်းရယ်။ ၁၅သာသာလောက်ပဲရှိမယ်။ 
.
အဲဒီတိုက်ခန်းလေးရဲ့ အရှေ့ဖက်နေရာလေးမှာကုတာ။ ကွပ်ပစ်လေးတစ်ခုချထားတယ်။ လူနာတွေက အဲဒီမှာထိုင်ခိုင်းပြီးကုတာ။ အလှည့်မကျသေးသူတွေအတွက် ခုံလေးတွေချပေးထားတယ်။ ကိုယ့်ရဲ့ တုံကင် နံပါတ်က ၁၆။ ကိုယ်ရောက်တော့ ဆရာက နံပါတ်၅ကိုကြည့်ပေးနေတုန်းပဲ။ လူနာတွေကတော့ စုံနေတာပဲ။ စက်ဘီးမှောက်ပြီး လက်ကျိုးသွားတဲ့ကလေး (ဘာလို့ဆေးရုံမသွားပဲ ဒီမှာလာကုလဲမသိဘူးဗျ)၊ ချော်လဲပြီး အရိုးအက်သွားတဲ့မိန်းမကြီး၊ ရေကဲ့ထည့်ရင်း ခါးမျက်သွားတဲ့ ခပ်ဝ၀ အမျိုးသမီးငယ်တစ်ဦး၊ ကြက်တောင်ရိုက်ပြီး တကောက်ကွေးနာသွားတဲ့ အမျိုးသားတစ်ဦး ... အဲ အတော်ကို စိတ်ဝင်စားစရာပဲ။ 
.
လူနာတိုင်းကို ဒဏ်ရာနေရာကို ကိုင်ကြည့်တယ် နှိပ်တယ်။ ပြီးရင်ဆေးစည်းပေးတယ်။ ဆေးက ဂွမ်းပေါ်မှာ ပွဲညှက်လိုအရောင်မျိုးဆေးတွေတင်ထားတာ။ ပြီးရင် ပတ်တီးစည်းပေါ့။ လက်ကျိုးတဲ့ကလေးကိုတော့ ၀ါးဒုတ်လေးသုံးချောင်းနဲ့ပါစည်းပေးလိုက်တယ်။ အခကြေးငွေကလည်း တစ်ထောင်ကျော်ပဲယူတယ်။ ပြီးရင် ပလပ်စတစ်နဲ့အရက်ထုတ်လေးပေးလိုက်တယ်။ ဆေးစည်းထားတဲ့အပေါ်လောင်းချဖို့တဲ့။ တစ်နေ့ကို သုံးကြိမ်လောက်လောင်းပေးပါတဲ့။ သူပြောတဲ့အတိုင်းလောင်းပြီးတဲ့အချိန်မှာ အနံကအတော်ပြင်းသားဗျ။ အရက်သီးသန့်ဆိုလဲ အဲဒီလောက်အနံမရှိဘူး။ ဆေးနံကလည်းသူ့ချည်းပဲသိပ်မထွက်ဘူး၊ ဆေးစည်းတဲ့အပေါ် အရက်လောင်းလိုက်မှ အနံက စူးကနဲထွက်လာတာ။ ပတ်တီးမဖြေရဘူး ရေမထိရဘူးလို့ မှာလိုက်တယ်။ တနင်္ဂနွေနေ့ထပ်ပြရဦးမယ်ဗျ။ ဆေးစည်းပြီးအပြန်မှာ အမေတို့အတွက် ရွှေပုဇွန်က ဖာလူဒါဝင်ဝယ်လိုက်သေးတယ်။ ဖာလူဒါက တစ်ခွက်ကို ၉ဝဝဖြစ်သွားပြီး ဖော့ခွက် သေးသေးလေးနဲ့ ဖြစ်သွာတယ်။ :D
 

No comments: