Wednesday, April 11, 2007

theory and application

စာတွေသင်တယ်ဆိုတာ ဘာလုပ်ဖို့လဲဗျာ ၊ လက်တွေ့ဘဝမှာ အကျိုးရှိရှိ အသုံးချဖို့ပဲမဟုတ်လား ... စာသင်ကြား ပေးနေတဲ့ သူတစ်ယောက်အနေနဲ့ ကိုယ်သင်ကြားနေတာတွေကို ကိုယ် ကိုယ်တိုင် ယုံယုံကြည်ကြည် မသုံးရဲရင် ရောဗျာ ....ကိုယ် ကိုယ်တိုင် မကျင့်သုံးနိုင် အသုံးမချနိုင် မယုံကြည်နိုင်တာတွေကို သူများကို တခမ်းတနား သင်ကြားပေးတာ ဘာအဓိပ္ပါယ်ရှိဦးမှာလဲ။ Empower လုပ်ပါ တစ်ဖက်လူကို လေးစားပါ Respect ထားပြီးဆက်ဆံပါ ဘာညာ နေကြာကွာစိ ပေါ့ဗျ
.
ာManagement ဆိုင်ရာသင်ခန်းစာတွေ ...အဲဒါတွေသင်ကြားပေးနေတဲ့ ကျွန်တော်တို့ရဲ့ သင်တန်းမှုး ဆရာမကြီး ကိုယ်တိုင်က သူ့တပည့်သင်တန်းသားတွေကို နိုင်ငံခြားမှာအလုပ်လုပ်ခိုင်းဖို့ ခေါ်သွားတဲ့ သံချည်သံကွေး အလုပ်သမားတွေ အလုပ်ကြမ်းသမားတွေလို ဆက်ဆံတယ်ဗျာ .... တကယ်ဆို အသက် သုံးဆယ်ကျော်ပြီး မန်နေဂျာနဲ့အထက်အဆင့်ရှိသူတွေ... ကိုယ်ပိုင်လုပ်ငန်းရှင်တွေပါဗျာ နိုင်ငံခြား ဆိုတာလဲ မကြာခဏဆိုသလို သွားနေရတဲ့ ကျွန်တော်တို့တတွေကို ဒီလိုတော့ မဆက်ဆံသင့်ပါဘူးဗျာ ... 
.
အဖြစ်ကဒီလို ..... အခုတက်နေတဲ့ စီမံခန့်ခွဲမှုညနေပိုင်းသင်တန်းက လေ့လာရေးအဖြစ် ဟောင်ကောင်နဲ့ တရုတ်ပြည်ကို တစ်တန်းလုံးသွားဖို့ အကြောင်းဖန်လာတယ်။ ကိုယ့်စားရိတ်နဲ့ကိုယ်ပါဗျာ ... ဗီဇာဝင်၊ လေယာဉ်လက်မှတ်ဝယ် စသည်ဖြင့် လိုအပ်တာတွေလုပ်ကြပေါ့ဗျာ .... အတန်းသားတော်တော်များများမှာက Passport လက်ရှိတွေ များတယ်။ သင်္ကြန်အပြီးသွားကြမှာဗျ။ ထားတော့။ ပြောချင်တာက မနေ့က ကျောင်းကနေ ကျွန်တော့်ဆီ ဖုန်းဆက်လာတယ်။ ညနေသင်တန်းလာရင် Passport ယူလာပါတဲ့။ အဲဒီညနေ ကျောင်းလာတဲ့ ကျောင်းသားတွေဆီက Passportတွေကို သိမ်းယူ လိုက်တယ်။ D-Form တွေရောပဲ။ လေယာဉ်လက်မှတ်ဆိုတာ ဝယ်ပြီးကတဲ့က ကျွန်တော်တို့ လက်ထဲ တောင်မရောက်ဘူး။ 
.
အဲဒီညနေမှာ ကျွန်တော်တို့ ဆရာမကြီးက Briefing ပေးပါတယ်။ Passport တွေကို လေယာဉ်အတက်ဆင်း ခရီးသွားချိန် လိုအပ်တဲ့အချိန်တွေကလွဲရင် သိမ်းထားပါမယ်တဲ့။ ဘာရယ်တော့ မဟုတ်ပါဘူးတဲ့ .... ဘာရယ်မဟုတ်ဘူးသာဆိုတယ် အားလုံးကတော့ သဘောပေါက်လိုက်ပါတယ် ... ထွက်ပြေးမှာ ပြန်မလိုက်မှာ ကြောက်လို့ဆိုတာကို ....ဆရာမကြီးအနေနဲ့ ကိုယ်ကိုယ်တိုင်Selection ရွေးထားတဲ့ ကိုယ့်တပည့် အတန်းသား တွေကို မယုံဘူးတဲ့ဗျာ ...အဲဒီညနေမှာ ကျွန်တော်သေသေချာချာ သိလိုက်ရပါတယ်။ 
.
ဆရာမကြီးအနေနဲ့ ကိုယ်သင်ကြားနေတဲ့ Management Theory တွေကို အကယ်ကိုယ့်အတွက်ကြတော့ ယုံယုံကြည်ကြည် မသုံးရဲဘူးဆိုတာလဲ ကျွန်တော်ရှင်းရှင်းကြီးသဘောပေါက်သွားပါတယ်။ ဒီသင်တန်းသားတွေအဆင့်က ဘယ်သူက ဟောင်ကောင်နဲ့တရုတ်ပြည်မှာ ပန်းကန်ဆေးဖို့ အလုပ်ကြမ်းလုပ်ဖို့ ခိုးပြီးနေခဲ့မှာလဲ .... ပြီးတော့ သူများနိုင်ငံမှာ သွားလာနေတဲ့အချိန်မှာ ကိုယ့်လက်ထဲမှာ Identity ပြစရာDocument တစ်ခုခု မရှိပဲ သွားလာနေရမှာ တော်တော်လေး စိတ်မလုံခြုံသလို ခံစားရတယ်ဗျာ ... တကယ်ဆိုရင် ဒေါ်လာ (၇၀၀)ဝန်းကျင်လောက်ကုန်မဲ့ ဒီခရီးစဉ်ကို ဆရာမကြီးကို ကြောက်လို့ မလွန်ဆန်ချင် ကြလို့ မပြောရဲကြလို့သာ ... မသွားချင်သူက ခပ်များများ ....ဒေါ်လာ(၇၀၀)လောက် မတတ်နိုင်ကြသူတွေရော တတ်နိုင်ရင်တောင် ဒီလိုခရီးစဉ်လောက်နဲ့ ဒီလောက်ငွေကြေးမသုံးချင်ကြသူတွေများတယ်။ 
.
ဒါပေမဲ့ ခရီးက နောက်ဆုံးမှာ သွားဖြစ်ကြတယ်။ ဒါပေမဲ့ဗျာ ပိုက်ဆံကုန် အချိန်လဲကုန်သေးတယ် ပြီးတော့ အောက်တန်းစား အလုပ်ကြမ်းသမားကို ဆက်ဆံသလို မယုံသင်္ကာနဲ့လည်း ဆက်ဆံခံရသေးတယ် .ခရီးစဉ်တလျောက် ထားရာနေ စေရာသွား ခိုင်းသလိုလုပ်ဆိုတဲ့ အချိုးနဲ့ပေါ့ဗျာ .. အုပ်စုနဲ့သွားရင် စည်း စံနစ် နဲ့ အထိုက်အလျှောက် လုပ်ရတယ် စည်းကမ်း လိုက်နာရမယ်ဆိုတာတော့ နားလည်ပြီးသားပါ ... ဒါပေမဲ့ အလွန်အကျွံကြီးကတော့ .မကောင်း ပါဘူးဗျာ .... ဆရာမကြီးအနေနဲ့ အတန်းကို မယုံကြည်ရင်လဲ ဒီခရီးကို ဘာလို့ရအောင် သွားဖြစ်အောင် အတင်းအားထုတ်သလဲ ၊ ဖင်မနိုင်ပဲ ပဲကြီးဟင်းစားချင်လို ဖြစ်မနေဘူးလား ... 
.
ပကာသနတွေပါဗျာ .... ဒီသတင်တန်းနဲ့ ဌာနရဲ့ Popularity အတွက် ကျွန်တော်တို့တတွေက ငွေစိုက်ထုတ်ပေးလိုက်ရသလိုပါပဲ ....ဒီသုံးလေးရက်လေး သွားလေ့လာတော့ ဘာများသိရမှာလဲ ဘယ်လောက်အသုံးချနိုင်မှာလဲ တကယ်တော့ အပျော်ခရီးသက်သက်လိုပါပဲဗျာ ....ဟိုမရောက်ဒီမရောက် ကျွန်တော့်မှာ စုထားတဲ့ ဒေါ်လာလေးတွေ ကုန်တဲ့အပြင် ့Hand Phone ဝယ်ဖို့ စုထားတဲ့ ပိုက်ဆံလေးတွေတောင် ပဲ့ပါသွားပါရောလား .... တကယ်နှမြောတယ်ဗျာ ...I know that she has heavy responsibility and she has to cover her ass. ဒါပေမဲ့ဗျာ ..ဒေါသနဲ့ ရင်ထဲမှာ မခံချင်စိတ်က တနုံ့နုံ့နဲ့ပေါ့ဗျာ။ ဆရာမကြီးရဲ့ ကျွန်တော်တို့ အပေါ်ထားတဲ့ သဘောထားအမှန်ကို သိလိုက်ရတာပေါ့။ ကိုယ်ဖေါ်တဲ့ဆေး ကိုယ်ရောင်းတဲ့ဆေး ကိုယ်မစားရဲတဲ့သူလိုပေါ့။ ထားလိုက်ပါလေ ...နောက်ဆုံးတော့ ပြောင်မြောက်တဲ့ ဟာသတစ်ပုဒ်ဖတ်လိုက်ရသလိုပဲ ကျွန်တော် နှစ်နှစ်ချိုက်ချိုက် ရီမောလိုက်ပါတယ်။

Sunday, April 8, 2007

Shall we dance?

အေးမြတ်သူရဲ့ဆိုးရွားလှတဲ့ဆံပင်နဲ့မျက်နှာအပြင်အဆင်၊ မယ်လိုဒီရဲ့ လက်မောင်းက ပတ်တီး၊ တင်မိုးလွင်ရဲ့ နွေရာသီဖက်ရှင်ပွဲတင်ဆက်သူ ဆိုတဲ့ စတိုင်လ်နဲ့မလိုက်ဖက်တဲ့ ကုတ် ...အဲ မထင်မှတ်ပဲ သွားကြည့်ဖြစ်တဲ့ စနေနေ့နေလည်က ဖက်ရှင်ပွဲတစ်ခုပေါ့ဗျာ ..... သူငယ်ချင်းမတစ်ယောက်ရဲ့ရုံးခန်းကို အလည်သွားရင်း သူတို့နဲ့ အတူမျက်စိလည် လမ်းမှားလိုက်သွားဖြစ်ခဲ့တာ။ ဘော့စနီတံဆိပ်အဝတ်အစားတွေရဲ့ နွေရာသီ ဖက်ရှင်ရှိုးပါ။ အခုလို တံဆိပ်တစ်ခုရဲ့သီးသန့် ဖက်ရှင်ရှိုးကို ကြည့်ဖူးတာ ဒါပထမဦးဆုံးအကြိမ်ပါ။ Traders Hotel မှာလုပ်တာပါ။ 
.
ပွဲအကြောင်းတော့ အသေးစိတ်ထပ်မပြောတော့ပါဘူး။ စိတ်တိုင်းကျပြီး ကျေနပ်မိတာလေးတစ်ခု ပြောပြချင်လို့ပါ။ ဖက်ရှင်ပွဲ round တစ်ခုနဲ့ တစ်ခုကြားမှာ ဖျော်ဖြေမှုအစီအစဉ်လေးထည့်ထားပါတယ်။ (မော်ဒယ်တွေ အဝတ်အစားလဲချိန်ရအောင် ဖြစ်မယ်) အဲဒီအထဲက ယူရေနီယမ်ဆိုတဲ့အက အဖွဲ့က အမျိုးသမီးငယ်လေးတစ်ဦးကို ထူးထူခြားခြား သတိပြုမိတယ်။ အနက်ရောင်ဝတ်စုံလေးနဲ့ အရပ်ခပ်မြင့်မြင့်လေး။ သူတို့ သုံးခါလောက်ကသွားတယ်။ သူတို့အဖွဲ့ သီးသန့်တစ်ခါ NOအဖွဲ့က ရည်မွန်နဲ့တွဲပြီးနှစ်ခါ။ တာဝန်အရ ပိုက်ဆံရလို့ ငှားတဲ့သူရှိလို့ လာကနေတာမျိုးမဟုတ်ပဲ သူမကိုယ်တိုင် စိတ်ပါလက်ပါ စိတ်ဝင်တစား ပျော်ရွှင်စွာကနေတယ်လို့ ခံစားမိတယ်။ ကျွန်တော်တို့တတွေ ကိုယ်လုပ်ချင်တာကို လုပ်ပြီး စိတ်ပျော်ရွှင် နေသလိုမျိုးပေါ့ ....
.
တကယ့်ကို စိတ်ပါလက်ပါကနေတာပါ။ ကြည့်နေရင်းနဲ့ (Shall we dance?)ဆိုတဲ့ ရုပ်ရှင်လေးကိုတောင်ပြန်သတိရမိတယ်။ ဘဝမှာ သူများနဲ့ မတူ ထူးချွန်ပြောင်မြောက် လာသူတွေဟာ ဒီလိုပဲ အလုပ်ကို ဝတ်ကျေတန်းကျေ လို့သဘောမထားပဲ အကောင်းဆုံးဖြစ်အောင် စိတ်ဝင်တစား ကြိုးစားအားထုတ်ပြီး ပျော်ပျော်ရွှင်ရွှင်လုပ်ကိုင်နိုင်သူတွေပဲ မဟုတ်ပါလား .... ငွေရဖို့ လခရဖို့ လုပ်နေရတယ်ဆိုတာမျိုးမဟုတ်ပဲ ပျော်ပျော်ရွှင်ရွှင်နဲ့ လုပ်ချင်လို့ကို လုပ်နေတယ် ဆိုတာမျိုးပေါ့ဗျာ .. အဲဒီနေ့လည်က အဲဒီကလေးမကနေတာကြည့်ရင်း ကိုယ့်ဖာသာတောင် Motivation တွေတက်လာသလို ခံစားရတယ်။ ကျေးဇူးပါ မိန်းကလေး ...