Sunday, April 8, 2007

Shall we dance?

အေးမြတ်သူရဲ့ဆိုးရွားလှတဲ့ဆံပင်နဲ့မျက်နှာအပြင်အဆင်၊ မယ်လိုဒီရဲ့ လက်မောင်းက ပတ်တီး၊ တင်မိုးလွင်ရဲ့ နွေရာသီဖက်ရှင်ပွဲတင်ဆက်သူ ဆိုတဲ့ စတိုင်လ်နဲ့မလိုက်ဖက်တဲ့ ကုတ် ...အဲ မထင်မှတ်ပဲ သွားကြည့်ဖြစ်တဲ့ စနေနေ့နေလည်က ဖက်ရှင်ပွဲတစ်ခုပေါ့ဗျာ ..... သူငယ်ချင်းမတစ်ယောက်ရဲ့ရုံးခန်းကို အလည်သွားရင်း သူတို့နဲ့ အတူမျက်စိလည် လမ်းမှားလိုက်သွားဖြစ်ခဲ့တာ။ ဘော့စနီတံဆိပ်အဝတ်အစားတွေရဲ့ နွေရာသီ ဖက်ရှင်ရှိုးပါ။ အခုလို တံဆိပ်တစ်ခုရဲ့သီးသန့် ဖက်ရှင်ရှိုးကို ကြည့်ဖူးတာ ဒါပထမဦးဆုံးအကြိမ်ပါ။ Traders Hotel မှာလုပ်တာပါ။ 
.
ပွဲအကြောင်းတော့ အသေးစိတ်ထပ်မပြောတော့ပါဘူး။ စိတ်တိုင်းကျပြီး ကျေနပ်မိတာလေးတစ်ခု ပြောပြချင်လို့ပါ။ ဖက်ရှင်ပွဲ round တစ်ခုနဲ့ တစ်ခုကြားမှာ ဖျော်ဖြေမှုအစီအစဉ်လေးထည့်ထားပါတယ်။ (မော်ဒယ်တွေ အဝတ်အစားလဲချိန်ရအောင် ဖြစ်မယ်) အဲဒီအထဲက ယူရေနီယမ်ဆိုတဲ့အက အဖွဲ့က အမျိုးသမီးငယ်လေးတစ်ဦးကို ထူးထူခြားခြား သတိပြုမိတယ်။ အနက်ရောင်ဝတ်စုံလေးနဲ့ အရပ်ခပ်မြင့်မြင့်လေး။ သူတို့ သုံးခါလောက်ကသွားတယ်။ သူတို့အဖွဲ့ သီးသန့်တစ်ခါ NOအဖွဲ့က ရည်မွန်နဲ့တွဲပြီးနှစ်ခါ။ တာဝန်အရ ပိုက်ဆံရလို့ ငှားတဲ့သူရှိလို့ လာကနေတာမျိုးမဟုတ်ပဲ သူမကိုယ်တိုင် စိတ်ပါလက်ပါ စိတ်ဝင်တစား ပျော်ရွှင်စွာကနေတယ်လို့ ခံစားမိတယ်။ ကျွန်တော်တို့တတွေ ကိုယ်လုပ်ချင်တာကို လုပ်ပြီး စိတ်ပျော်ရွှင် နေသလိုမျိုးပေါ့ ....
.
တကယ့်ကို စိတ်ပါလက်ပါကနေတာပါ။ ကြည့်နေရင်းနဲ့ (Shall we dance?)ဆိုတဲ့ ရုပ်ရှင်လေးကိုတောင်ပြန်သတိရမိတယ်။ ဘဝမှာ သူများနဲ့ မတူ ထူးချွန်ပြောင်မြောက် လာသူတွေဟာ ဒီလိုပဲ အလုပ်ကို ဝတ်ကျေတန်းကျေ လို့သဘောမထားပဲ အကောင်းဆုံးဖြစ်အောင် စိတ်ဝင်တစား ကြိုးစားအားထုတ်ပြီး ပျော်ပျော်ရွှင်ရွှင်လုပ်ကိုင်နိုင်သူတွေပဲ မဟုတ်ပါလား .... ငွေရဖို့ လခရဖို့ လုပ်နေရတယ်ဆိုတာမျိုးမဟုတ်ပဲ ပျော်ပျော်ရွှင်ရွှင်နဲ့ လုပ်ချင်လို့ကို လုပ်နေတယ် ဆိုတာမျိုးပေါ့ဗျာ .. အဲဒီနေ့လည်က အဲဒီကလေးမကနေတာကြည့်ရင်း ကိုယ့်ဖာသာတောင် Motivation တွေတက်လာသလို ခံစားရတယ်။ ကျေးဇူးပါ မိန်းကလေး ...

No comments: