Saturday, April 25, 2009

သင်္ကြန်နဲ့ အဟောသိကံအဖြုန်းတွေ

သင်္ကြန် ... တစ်နှစ်တစ်ခါ မြန်မာတွေ နှစ်သစ်ကူးတဲ့အချိန်အခါ။ မင်္ဂလာရှိတဲ့အချိန်အခါ။ ပျော်မြူးကြတဲ့ အချိန်အခါ။ ပျော်ပျော်ပါးပါးရေပက်ကစားကြရင်း နှစ်ဟောင်းက အညစ်အကြေးတွေ (စိတ်အညစ်အကြေးတွေလဲ ပါပေမပေါ့)ကို အတာရေနဲ့ဆေးကြောပြီး နှစ်သစ်ကို ကြိုဆိုကြတယ်။ အင်မတန်ကောင်းတဲ့ ဓလေ့စရိုက်လေးပါ။ ဒါပေမဲ့ အခုနှစ်ပိုင်းသင်္ကြန်မှာ ပျော်ပါးကြပုံတွေကို ဘဝင်မကျဖြစ်လာမိတယ်။ အဟောသိကံ ဖြုန်းတီး နေကြတယ်လို့ စိတ်ထဲမှာ ခံစားရတယ်။ ကိုယ့်လက်ရှိ စီးပွားရေးအခြေအနေနဲ့ အင်မတန်မှ မလိုက်ဖက်ဘူးလို့ ထင်မိတယ်။ တစ်ဦးချင်းအနေနဲ့ရော တိုင်းပြည်အနေနဲ့ရောပဲ။ သောက်သောက်လဲကုန်လိုက်တဲ့ငွေတွေ။ ကုန်တာနဲ့ ရတဲ့ အပျော်နဲ့ တန်ရဲ့လားမသိ။ 
.
ဥပမာပဲဆိုပါတော့ အင်းယားလမ်းမှာတင် မဏ္ဍပ်ပေါင်း သုံးဆယ်လောက်ရှိမယ်ဆိုပါစို့ (ကျော်တော်ကျော်ဦးမယ် ထင်တယ်)။ တစ်ခုတစ်ခုရဲ့ သင်္ကြန်လေးရက်စာ စရိတ်က သိန်းတစ်ရာကနေ တစ်ရာ့ ငါးဆယ်လောက် အထိရှိမယ်။ သိန်းသုံးထောင် သိန်းလေးထောင်လောက် ပိုက်ဆံတွေကို သုံးလေးရက်လောက်အတွင်းမှာ အလဟသ ဖြုန်းပစ်ကြတယ်။ Money Circulation ဖြစ်စေတယ်လို့ ပြောလို့ရပေမဲ့။ တော်တော်များများ ပိုက်ဆံတွေဟာ အင်းယားလမ်းမပေါ် အိုင်ပြီး စီးနေတဲ့ ရေတွေနဲ့အတူ မြောင်းထဲကို ပါသွားတာပါပဲ။ 
.
ဘန်ကောက်က သင်္ကြန်ပွဲတောင် ကိုယ်တို့တိုင်းပြည်လောက်ငွေသုံးဖြုန်းကြရဲ့လားမသိ။ လေ့လာကြည့် ချင်သေးရဲ့။ လက်မှတ်တစ်စောင် သုံးလေးသောင်းနဲ့ ဝယ်ပက်ကြတဲ့သူတွေကလဲအပြည့် မဏ္ဍပ်အားလုံး ပြည့်ကြပ်နေတာပဲ။ ကိုယ်လဲ ဒီနှစ်တစ်ရက်ရောက်သေးတယ်။ အင်းယားလမ်းက EMBA မဏ္ဍပ်ကို။ ပြည့်ကြပ်ပြီး ဘုရား ပွဲစျေးတန်းလို လျှောက်နေကြတဲ့ လူတွေကို ပိုက်ကလေးတွေနဲ့ စင်ပေါ်ကနေ ပက်နေကြလေရဲ့။ သီချင်းသံတွေကလဲ စင်တစ်ခုတစ်မျိုး နဲ့ ဆူညံပွက်နေရော။ DJ နဲ့ Sound System ငှားရတာတင် မနဲဘူး။ စင်သုံးလေးခုကို Sound System တစ်ခုနဲ့ တစ်ပြိုင်နက်ဖွင့်ပေးထားရင် အတော် စရိတ်သက်သာမယ်လို့ တွေးမိသေး။ ကိုယ်တို့လင်မယားနှစ်ယောက်အတွက် တစ်ရက်စာ လက်မှတ်ဖိုး နှစ်သောင်း ထွက်သွားလေရဲ့။ 
.
ကိုယ့်အိမ်မှာပဲ ဖြစ်ဖြစ် သူငယ်ချင်းတစ်ယောက်အိမ်မှာဖြစ်ဖြစ် ချက်ပြုတ်စားသောက်ကြရင်၊ ရွှေရင်အေးလို မုန့်တစ်ခုခုလုပ်ပြီး အိမ်နီးချင်းတွေဝေရရင်၊ ဝီစကီတစ်လုံးဝယ်ပြီး အိမ်မှာအေးအေးဆေးဆေး ဇိမ်ခံသောက်ရင် .... မျက်မှန်ပါ အဆစ် ကျပျောက်လို့ အသစ်လုပ်ခငွေထပ်ကုန်သေး။ ကလေးတွေ ကလေးမတွေကလည်း ဆင်ခြင်တုံတရားမရှိ။ သောက်မယ် ပျော်မယ်ဆိုတာကြီးပဲ။ မနက် ၁၁နာရီလောက်ပဲရှိသေးတယ်။ မူလို့အန်နေတဲ့ ကလေးမတစ်ယောက်ရယ်၊ ၀ိုင်းပြီးနှိပ်ပေးနေကြတဲ့ သူ့ သူငယ်ချင်းမလေးတွေရယ် တွေ့မိသေးရဲ့။ ပျော်စရာမရှိတဲ့ဘဝမှာ ငွေကို ခင်းပြီးလို့ မဲတင်းပြီး ရှာကြံပျော်နေကြတာလားမသိ။ ကိုယ့်အတွက်တော့ သူငယ်ချင်းများနဲ့ မဏ္ဍပ်အနောက်ဖက်မှာ ခုံလေးခင်းပြီး အရက်ထိုင်သောက် စကားစမြီပြောတာလေးကမှ ပျော်စရာကောင်းသေး။ အင်း.... ရင်ခုန်သံမတူတော့တာလဲဖြစ်နိုင်သည်။ ကိုယ်အသက်ကြီးသွားတာလဲ ဖြစ်နိုင်သည်။

Friday, April 24, 2009

သားသား မတ်တတ်စရပ်ပြီ


























သားလေးက မတ်တတ်စမ်းရပ်နေပြီ။ ဘယ်သူ့ကမှ ကိုင်မပေးထားပဲ သူ့ဖာသာရပ်နေရင် စက္ကန့်သုံးဆယ် တစ်မိနစ် နီးပါးရပ်နေလေရဲ့။ ပြီးရင်တော့ သူ့ဘာသာ အသာလေး ပြန်ထိုင်ချလိုက်လေ့ရှိတယ်။ လိမ့်မကျတော့ဘူး။ ကိုင်စရာတွေရှိရင် ဘေးတိုက်လေး လမ်းလျှောက်တယ်။ သွားက လေးချောင်းပေါက်နေပြီ။ အောက်ဖက်က နှစ်ချောင်း အပေါ်ဖက်ကနှစ်ချောင်း။ အောက်သွားနှစ်ချောင်း ပေါက်နေတာကတော့ ခြောက်လသား လောက်ကတည်းကပဲ။ အပေါ်သွား နှစ်ချောင်းမှာ တစ်ချောင်းက အရင်စပေါက်ပြီး နောက်တစ်ချောင်းက အခုရက်ပိုင်းမှ ထွက်လာတာ။ အစားအသောက်ကလည်း မှန်နေတာပဲ။ ငါး၊ ကြက်သားတို့နဲ့ ဆန်ပြုတ်စားတယ်။ ဖီးကြမ်းငှက်ပျောသီးစားတယ်။ နို့ဗူးသောက်တယ်။ အခုဆို ၁၉ပေါင် ပေါင်နှစ်ဆယ်လောက်ရှိပြီပေါ့။ အခုလာမဲ့ မေလ ၆ရက်နေ့ဆိုရင် ကိုးလ ပြည့်ပြီ။

Wednesday, April 22, 2009

Long time no blog

တစ်လခွဲလောက်ရှိပြီထင်တယ်။ အကြောင်းကြောင်းတွေကြောင့် ဘလော့ရေးရန် အခွင့်မသာခဲ့တာ။ မရေးဖြစ်ပေမဲ့ Reader နဲ့ သူများရေးတာတွေတော့ မကြာခဏ ဝင်ဖတ်ဖြစ်ပါတယ်။ သိကြတဲ့အတိုုင်းပဲ ဖန်ကြိုးမျှင်ကြီးကို ပြင်နေတယ်ဆိုကတည်းက connection တွေက လိပ်လိုနှေးပြီး ဘလော့ ရေးဖို့ နေနေသာသာ အီးမေးတောင် မနည်း စစ်ရတာ။ ဖုတ်လှိုက်ဖုတ်လှိုက်ပေါ့။ ဒီကြားထဲ သားလေးက အထက်လှန် အောက်လျှောဖြစ်ပြီး ဆေးရုံတစ်ပတ်လောက်တင်လိုက်ရသေးတယ်။ တော်သေးတယ် အချိန်မီလေးတင်။ စိတ်ပူလိုက်ရတာ။ အခုတော့ ကျန်းကျန်းမာမာပဲ ရှစ်လကျော်ကျော်မှာ လေးဖက်သွားတာ ကတော့ အရမ်း မြန်နေပြီ။ မတ်တပ်စမ်းရပ်နေပြီ။ စက္ကန့် ၂၀၊ ၃ဝလောက် သူ့ဖာသာ ရပ်နိုင်နေပြီ။ နောက်မှ သူ့ပုံလေးတွေ တင်ဦးမယ်။ 
.
သင်္ကြန်တွင်းကတော့ ထူးထူးခြားခြားရယ်လို့ ဘာမှ မလုပ်ဖြစ်ပါဘူး။ အကျနေ့က ညီလေးဝင်ထိန်အိမ်မှာ မိသားစုလိုက်သွားပြီး ချက်ပြုတ်စားသောက်ကြတာပေါ့။ ကိုရဲတို့လင်မယားရယ်၊ ကိုဇော်မိုးနဲ့ သူ့သမီးလေးရယ် ကိုယ့်တို့ မိသားစုသုံးယောက်ရယ်။ အကြတ်နေ့မှာတော့ ကိုသူရကြီးခေါ်တာနဲ့ လင်မယားနှစ်ယောက် အင်းယားလမ်းက EMBA မဏ္ဍပ်ကို သွားဖြစ်တယ်။ ရေမပက်ဖြစ်ပါဘူး မဏ္ဍပ်အနောက်ဖက်မှာ ခုံလေးခင်းပြီး တောက်လျောက်ပဲ အရက်သောက်ဖြစ်ကြတယ်။ မိန်းမနဲ့ အင်းယားလမ်းပေါ် မဏ္ဍပ်တွေ ငေးမယ်ဆိုပြီး ညနေဖက်လျှောက်လိုက်မိပါတယ် လူတိုးလို့ မီးသတ်ပိုက်နဲ့ လှမ်းထိုးလို့ရယ်နဲ့ ကိုယ့်မျက်မှန် ပျောက်ခဲ့တယ်။ ကောင်းရော။ အသစ်ရတာပေါ့ :) 
.
အင်တာနက်အထိုက်အလျောက် ပြန်ကောင်းလာပေမဲ့ ဘလော့ကို ဘယ်လိုမှ ဝင်မရတာ ဒီနေ့မှပဲ ရတော့တယ်။ တိုက်တိုက်ဆိုင်ဆိုင် မနက်က အမကြီးခင်ဦးမေ ရုံးနားက ကော်ဖီဆိုင်ကို လာပြီး အအေးတိုက် မုန့်ကျွေး သွားလေရဲ့။ ကျွန်တော်ကျွေးပါရစေ ဆိုတာတောင်လက်မခံဘူးရယ်။ ဒါနဲ့ ကိုနဗနရယ် အသင့်ရောက်နေတဲ့ မောင်ကေ(စမ်းချောင်း)ရယ် အမကြီး ကျွေးသမျှ နင်းကန် စားကြလေသတည်းပေါ့ :D အပြန်မှာ သူ့ကားပေါ်ပါလာတဲ့ သရက်သီးတွေပါ ပေးသွားလေရဲ့ ကောင်းလေစွ။ နောက်လဲ မကြာမကြာ ရန်ကုန်ကို ပြန်လာလည်ပါလို့ မှာလိုက်သေးတယ်။ အမကြီး မုန့်လာကျွေးသွားလို့ဖြစ်မယ် ဒီနေ့ ဘလော့ထဲဝင်လို့ရသွားတယ် .....