သင်္ကြန် ... တစ်နှစ်တစ်ခါ မြန်မာတွေ နှစ်သစ်ကူးတဲ့အချိန်အခါ။ မင်္ဂလာရှိတဲ့အချိန်အခါ။ ပျော်မြူးကြတဲ့ အချိန်အခါ။ ပျော်ပျော်ပါးပါးရေပက်ကစားကြရင်း နှစ်ဟောင်းက အညစ်အကြေးတွေ (စိတ်အညစ်အကြေးတွေလဲ ပါပေမပေါ့)ကို အတာရေနဲ့ဆေးကြောပြီး နှစ်သစ်ကို ကြိုဆိုကြတယ်။ အင်မတန်ကောင်းတဲ့ ဓလေ့စရိုက်လေးပါ။ ဒါပေမဲ့ အခုနှစ်ပိုင်းသင်္ကြန်မှာ ပျော်ပါးကြပုံတွေကို ဘဝင်မကျဖြစ်လာမိတယ်။ အဟောသိကံ ဖြုန်းတီး နေကြတယ်လို့ စိတ်ထဲမှာ ခံစားရတယ်။ ကိုယ့်လက်ရှိ စီးပွားရေးအခြေအနေနဲ့ အင်မတန်မှ မလိုက်ဖက်ဘူးလို့ ထင်မိတယ်။ တစ်ဦးချင်းအနေနဲ့ရော တိုင်းပြည်အနေနဲ့ရောပဲ။ သောက်သောက်လဲကုန်လိုက်တဲ့ငွေတွေ။ ကုန်တာနဲ့ ရတဲ့ အပျော်နဲ့ တန်ရဲ့လားမသိ။
.
ဥပမာပဲဆိုပါတော့ အင်းယားလမ်းမှာတင် မဏ္ဍပ်ပေါင်း သုံးဆယ်လောက်ရှိမယ်ဆိုပါစို့ (ကျော်တော်ကျော်ဦးမယ် ထင်တယ်)။ တစ်ခုတစ်ခုရဲ့ သင်္ကြန်လေးရက်စာ စရိတ်က သိန်းတစ်ရာကနေ တစ်ရာ့ ငါးဆယ်လောက် အထိရှိမယ်။ သိန်းသုံးထောင် သိန်းလေးထောင်လောက် ပိုက်ဆံတွေကို သုံးလေးရက်လောက်အတွင်းမှာ အလဟသ ဖြုန်းပစ်ကြတယ်။ Money Circulation ဖြစ်စေတယ်လို့ ပြောလို့ရပေမဲ့။ တော်တော်များများ ပိုက်ဆံတွေဟာ အင်းယားလမ်းမပေါ် အိုင်ပြီး စီးနေတဲ့ ရေတွေနဲ့အတူ မြောင်းထဲကို ပါသွားတာပါပဲ။
.
ဘန်ကောက်က သင်္ကြန်ပွဲတောင် ကိုယ်တို့တိုင်းပြည်လောက်ငွေသုံးဖြုန်းကြရဲ့လားမသိ။ လေ့လာကြည့် ချင်သေးရဲ့။ လက်မှတ်တစ်စောင် သုံးလေးသောင်းနဲ့ ဝယ်ပက်ကြတဲ့သူတွေကလဲအပြည့် မဏ္ဍပ်အားလုံး ပြည့်ကြပ်နေတာပဲ။ ကိုယ်လဲ ဒီနှစ်တစ်ရက်ရောက်သေးတယ်။ အင်းယားလမ်းက EMBA မဏ္ဍပ်ကို။ ပြည့်ကြပ်ပြီး ဘုရား ပွဲစျေးတန်းလို လျှောက်နေကြတဲ့ လူတွေကို ပိုက်ကလေးတွေနဲ့ စင်ပေါ်ကနေ ပက်နေကြလေရဲ့။ သီချင်းသံတွေကလဲ စင်တစ်ခုတစ်မျိုး နဲ့ ဆူညံပွက်နေရော။ DJ နဲ့ Sound System ငှားရတာတင် မနဲဘူး။ စင်သုံးလေးခုကို Sound System တစ်ခုနဲ့ တစ်ပြိုင်နက်ဖွင့်ပေးထားရင် အတော် စရိတ်သက်သာမယ်လို့ တွေးမိသေး။ ကိုယ်တို့လင်မယားနှစ်ယောက်အတွက် တစ်ရက်စာ လက်မှတ်ဖိုး နှစ်သောင်း ထွက်သွားလေရဲ့။
.
ကိုယ့်အိမ်မှာပဲ ဖြစ်ဖြစ် သူငယ်ချင်းတစ်ယောက်အိမ်မှာဖြစ်ဖြစ် ချက်ပြုတ်စားသောက်ကြရင်၊ ရွှေရင်အေးလို မုန့်တစ်ခုခုလုပ်ပြီး အိမ်နီးချင်းတွေဝေရရင်၊ ဝီစကီတစ်လုံးဝယ်ပြီး အိမ်မှာအေးအေးဆေးဆေး ဇိမ်ခံသောက်ရင် .... မျက်မှန်ပါ အဆစ် ကျပျောက်လို့ အသစ်လုပ်ခငွေထပ်ကုန်သေး။ ကလေးတွေ ကလေးမတွေကလည်း ဆင်ခြင်တုံတရားမရှိ။ သောက်မယ် ပျော်မယ်ဆိုတာကြီးပဲ။ မနက် ၁၁နာရီလောက်ပဲရှိသေးတယ်။ မူလို့အန်နေတဲ့ ကလေးမတစ်ယောက်ရယ်၊ ၀ိုင်းပြီးနှိပ်ပေးနေကြတဲ့ သူ့ သူငယ်ချင်းမလေးတွေရယ် တွေ့မိသေးရဲ့။ ပျော်စရာမရှိတဲ့ဘဝမှာ ငွေကို ခင်းပြီးလို့ မဲတင်းပြီး ရှာကြံပျော်နေကြတာလားမသိ။ ကိုယ့်အတွက်တော့ သူငယ်ချင်းများနဲ့ မဏ္ဍပ်အနောက်ဖက်မှာ ခုံလေးခင်းပြီး အရက်ထိုင်သောက် စကားစမြီပြောတာလေးကမှ ပျော်စရာကောင်းသေး။ အင်း.... ရင်ခုန်သံမတူတော့တာလဲဖြစ်နိုင်သည်။ ကိုယ်အသက်ကြီးသွားတာလဲ ဖြစ်နိုင်သည်။
2 comments:
မန်းလေးသင်္ကြန်လောက်ပဲ ကြီးကြီးမားမားကြုံဖူးတော့..
ရန်ကုန်သင်္ကြန်တွေအကြောင်း နားမလည်ဖူး..
မေမြို့ရဲ့ ခြောက်ခြောက်ကပ်ကပ်သင်္ကြန်တော့
ဆင်နွဲဖူးတာ.အများဆုံးပေါ့..
အခုတော့..သင်္ကြန်ဆိုတာနဲ့ဝေးနေတာ..ကြာပေါ့..
တော်တော့ကိုကြာခဲ့ပါပြီ..
ဟုတ်တယ်. . သူအသက်ကြီးသွားပြီ..။
Post a Comment