Tuesday, January 19, 2010

အဖေ့ဒိုင်ယာရီထဲက ကျွန်တော် (၃)

၁၉.၃.၇၂ ဒီနေ့ သားနံမယ်ပေးပွဲလုပ်သည်။ မနေ့က နေ့လည် အိမ်ပြန်ရောက်သောအခါ မော်လမြိုင်က အဖွားက သား ကိုယ်လက် အနည်းငယ် နွေးသည်ဆိုကာ စောင်များ ခြုံပေးကာ တအိမ်လုံး တံခါးတွေ ပိတ်ထားသည်။ သားတကိုယ်လုံး ချွေးများစိုရွှဲနေသည်။ စောင်များ ဖယ်ခိုင်း အကျႋလဲခိုင်းရသည်။ သူ့အမေရောက်သောအခါ ရေချိုးပေးသည်။ သားသည် လန်းလန်းဆန်းဆန်းပင် ရှိသည်။ စနေနေ့တစ်နေ့လုံး အိမ်ကို ရှင်းလင်းရင်းဖြင့် အချိန်ကုန်သည်။ ညနေဘက်တွင် ခင်မောင်ဆွေက ဆေးရုံတက်နေရာမှ တွေ့ချင်သည်ဆိုသဖြင့် သွားခဲ့ရသေးသည်။
.
 ဒီနေ့မနက် သားနံမည်ပေးပွဲကို ညွှန်ကြားထားသည့်အတိုင်း လုပ်သည်။ အီကြီးတို့မနက်သုံးနာရီလောက်မှထ၍ အုန်းဆွမ်းချက်သည်။ ငါးနာရီမထိုးမီ ကိုစုရောက်လာသည်။ ညွှန်ကြားချက်များကို ဖတ်ပြီး ငါးနာရီ ကျော်သောအခါ ဘုရားနှင့်တကွ ဆရာသမားများကို ဆွမ်းကပ်သည်။ ငါးနာရီကျော်ကျော်လေးတွင် သားအိပ်ယာမှ နိုးလာသည်။ ငါးနာရီခွဲခန့်ဆွမ်းကပ်ပြီးသောအခါ သားအား သူ့အဘိုးက နံမည်ပေးသည်။ ငါ့မြေးအား မောင်ထွန်းခိုင်ဟု အမည်ပေးသည်ဟု ပြောလိုက်သည်နှင့် တပြိုင်နက် သားက ရွှန်းရွှန်းပပ ပြုံးလေသည်။ အဖေဖြစ်သူက သား၏ညာလက်မောင်းကိုကိုင်၍ အမည်ကို သုံးခါ ခေါ်ရမည်ဟုဆိုထားသည်ကို စိတ်က စောလွန်းနေပြီး ဘယ်လက်မောင်းကို ကိုင်၍ ခေါ်မိသေးသည်။ အသန်းက မှားကြောင်းပြော၍ ပြန်ပြင်ခေါ်ရသည်။ မနက်ကိုးနာရီခန့်မှစ၍ ဧည့်သည်များ တဖွဲဖွဲရောက်လာကြသည်။ မျှော်လင့်ထားသည်ထက် ဧည့်သည်များ အများကြီးပိုပေသည်။ အစားအသောက်များ လောက်မှ လောက်ပါလေမည်လားဟု ပူမိသေးသည်။ ဧည့်သည်များကုန်သောအခါ ပိုပင်ပိုပေသေးသည်။ 
.
ဧည့်သည်များကြောင့် သားတနေ့လုံး ပင်ပန်းလှသည်။ ဖြောင့်ဖြောင့်တန်းတန်းကို မအိပ်ရရှာပေ။ ၂နာရီလောက် ရေချိုးပေးပြီး အိပ်ပျော်သွာသည်။ အိပ်ပျော်သွားမှအင် ခေါင်းရိပ်ပေးရသည်။ ညနေ၅နာရီကျော်မှ နိုးတော့သည်။ ၂၂.၃.၇၂ ဒီကနေ့မနက် ဆယ်နာရီကျော်ကျော်တွင် မမြင့်ကြည်ရုံးသို့ ဖုန်းဆက်သည်။ မော်လမြိုင်မှအဖွား ဒီမနက်လေယာဉ်ဖြင့်မကွေးသို့သွားသည့်ကိစ္စ လေယာဉ်ကွင်းတွင် ချောမောမှု ရှိ မရှိ မေးရန်ဖြစ်သည်။ မမြင့်ကြည် ခလေး နေမကောင်း၍ ရုံမလာဟုဆိုသည်။ နေ့လည်ထမင်းစားပြီးပြီးခြင်း အိမ်သို့ ပြန်သွားသည်။ မောင်ထွန်းခိုင် အိမ်တွင်မရှိ ညက တက်၍ နံနက် ၂နာရီလောက်တွင် ကိုဂျော်နီတို့အိမ် သွားကြသည်ဟု ဆိုသည်။ 
.
မနေ့ညနေကပင် နေကောင်းလျှက်ရှိပေသည်။ ည ၉နာရီလောက်တွင် စ၍တက်သည်ဟုဆိုသည်။ ၁၂နာရီလောက်တွင်လည်း တက်ပြန်သည်။ သို့ဖြင့် ၂နာရီခန့်တွင် သုံးဘီးကားဖြင့် ကိုဂျော်နီတို့အိမ် သွားကြခြင်းဖြစ်သည်။ မနေ့ညနေက အကောင်းပကတိရှိသည်။ နို့အနည်းငယ် အန်ခြင်းနှင့် လျှာ ထုတ်ထုတ် နေသည်ကို အလေးမထားလိုက်မိပေ။ ဝမ်းမှန်သော်လည်း လေမလည်သည်မှာ ၂ရက်လောက်ရှိပြီဖြစ်သည် ကိုလည်း သတိမထားမိကြပေ။ မနေ့ကနှင့် တနေ့က ၂ရက်လောက် ပတ်ဝန်းကျင်မှ ကြော်လှော်ကြသော ငရုတ်သီးကျော် ဆီကြော်လည်း အနည်းငယ် မိသွားသည်။ ၁၉ရက်နေ့က ဆံပင်ရိတ်ပေးပြီးနောက်လည်း ခေါင်းကို အလုံထားရန် ဂရုမထာမိလိုက်။ နံမည်ပေးပွဲအပြီး သိမ်းဆည်းနေကြ၍ ဂရုစိုက်မှု အနည်းငယ် ရော့နည်းသွားသည်။ အိမ်မှာလည်း ကြည်ကြည်တို့သားအမိ ရောက်နေကြသည်ဖြစ်၍ မောင်ထွန်းခိုင်အား ခါတိုင်းလောက် သတိမထားမိကြ။ နို့အန်သည်မှာလည်း ခါတိုင်းအနည်းငယ်အန်နေကျဖြစ်၍ အလေးမထားမိ။ ၁၉ရက်နေ့ကလည်း သားတနေ့လုံး ပင်ပန်းရှာသည်။ သည်အကြောင်းကြောင်းများစု၍ ယခုကဲ့သို့ ရုတ်တရက် ထဖြစ်ပုံရသည်။ 
.
တော်ရုံတန်ရုံ နာကျင်ပင်ပန်းမှု မနေမထိုင်သာဖြစ်မှုများဖြစ်၍သားသည် တစုံတရာ ခံစားနေရပုံ ဘယ်တော့မှမပြ။ အနည်းအပါးခံစားရမှုကို ဘယ်တော့မှ ငိုကြွေး ဟစ်အော်ခြင်းပြု၍မပြ။ အေးလွန်းကောင်းလွန်းလှသည်။ သို့ဖြစ်၍လည်း နေမကောင်းထိုင်မသာဖြစ်နေရော့လားဟု ဂရုမထားမိခြင်းဖြစ်သည်။ မေးပြီးစ တပါတ်တွင် ကာကွယ်ဆေးထိုးရာတွင်လည်း လုံးဝမငိုဟု ဆိုသည်။ မနက်က ဆေးထိုးရာတွင်လည်း လုံးဝမငိုဟုဆိုသည်။ ၁၉ရက်နေ့က ဧည့်သည်များ ချီပိုးမွှေ့ရမ်းခြင်းများ ပြုခံရခြင်း ခါတိုင်းကဲ့သို့ အိပ်စက်ရခြင်းများ မပြုရသော်လည်း ဟစ်အော်ငိုကြွေးခြင်းမရှိ။ ဆေးတိုက်ရခက်ခြင်းသာရှိသည်။ ဆေးဆို ချိုချို ခါးခါး ဘယ်ဟာမျိုးမှ မသောက်ချင်။ Vitazone ပင်ထွေးထွေးထုတ်နေ၍ မနည်း တိုက်ရသည်။ 29.3.72 မနေ့က ရုံးစတက်သည်။ ရုံးရောက်ရောက်ခြင်း ဒုမှုးကြီးအား ခလေးကောင်းစွာနေမကောင်း၍ ခွင့်သုံးရက်ခန့် ယူလိုကြောင်းပြောသည်။ .
.
ယူပါဟုဆိုသဖြင့် ခွင့်တိုင်စာတင်လိုက်သည်။ မောင်ထွန်းခိုင်အတွက် တပ်တွင် စာရင်းဝင်ရန် စခန်းချုပ်ရုံး၌ လိုအပ်သော ပုံစံများ သွားယူခဲ့သည်။ မွေးလက်မှတ်နှင့် တင်ရမည်ဖြစ်သည်။ ရုံးပြန်တက်မှ ဆက်လုပ်ရမည်။ ညနေရုံးမှအိမ်ပြန်ရောက်သောအခါ တအိမ်သားလုံး အောက်ထပ်တွင်ရောက်နေကြသည်။ ယခုပင် မောင်ထွန်းခိုင် တက်သည်ဟုဆိုသည်။ သားကတော့ ပုံဟန်မပျက် လန်းဆန်းလျက် တွေ့ရသည်။ သူ့အမေရောက်သောအခါ တိုင်ပင်ကြပြီးနောက် အရပ်ထဲရှိ သဘာဝဓမ္မဆရာထံ သွားပြသည်။ အုပ်ဆေး တိုက်ဆေး ပေးလိုက်သည်။ ၈ကျပ်ပေးရသည်။ ကိုဂျော်နီအိမ်သို့ သွားရောက် အကျိုးအကြောင်းပြောသည်။ ဆေးပေးလိုက်ပြီးနောက် စိတ်မချက အိပ်ဟုဆိုသဖြင့် မှုးအောင်ခင်ထံ ကားတောင်းပြီး သွားကြသည်။ ကိုဂျော်နီအိမ်ရောက်သောအခါ တစုံတရာ ဆေးမတိုက်ဘဲ စောင့်ကြည့်သည်။ တညလုံး ဘာမှမဖြစ်။ မမြင့်ကြည်နှင့် ၂ယောက်သား မောင်ထွန်းခိုင်ကို စောင့်ကြည့်ရင်း တညလုံးကုန်သည်။ နှစ်နှစ်ခြိုက်ခြိုက် တရေးမျှ မအိပ်လိုက်ရ။ 
.
နောက်နေ့မနက် အိမ်သို့ပြန်လာကြသည်။ မောင်ထွန်းခိုင်သည် လန်းဆန်းလျက် ရွှင်မြူးလျက်ရှိသည်။ 29.3.72 မနက်စောစော ၈းဝဝနာရီခန့် ထမင်းစားပြီး ဒပ်ဖရင်ဆေးရုံ ဆေးဆိုင်တွင် ကိုဂျော်နီဝယ်ခိုင်းသော Valium 2 အရည်ဆေးသွားဝယ်သည်။K 81 05 ပေးရသည်ဆိုမှ ဘဏ်သို့သွား၍ ငွေထုတ်သည်။ ငွေရသောအခါ ဂျာနယ်ကျော် မမလေးဆီသွားစုံစမ်းသည်။ နေ့လည် တနာရီနှင့် သုံးနာရီကြားလာနိုင်သည်ဟုဆိုသည်။ အိမ်ပြန်လာပြီး မှုးအောင်ခင်ထံဖုန်းဆက်၍ ကားတောင်းသည်။ မရှိ။ အစည်းအဝေးသွားသည်ဟုဆိုသည်။ ဗကမြဘူးထံ ဖုန်းဆက်ရာတွင်လည်း ရုံးတွင်မရှိ။ ဗကတင်ဝင်းအား ကားလိုချင်ကြောင်းပြောသည်။ နေ့လည် ၁နာရီကျော်ကျော်တွင် ကားရောက်လာသည်။ မမလေးက သားမောင်ထွန်းခိုင်သည် နေသမားဖြစ်ကြောင်းပြောသည်။ အမေက လသမားဖြစ်၍ နို့မတိုက်ရန် ပုခက်နှင့်မတည့်၍ ပုခက်မဆင်ရန် တတ်နိုင်က နို့ဆီတိုက်ရန်ပြောသည်။ သားသည် ငယ်လွန်း၍ သောက်ဆေးမပေး လိမ်းဆေးပေးလိုက်သည်။ ၄င်းလိမ်းဆေးနှင့် သနပ်ခါး နံသာရှောက်ရည်လိမ်းရန်။ စံပယ်ပန်းအနံ့ လှိုင်လှိုင်ပေးရန် တက်သောအခါ ခြေဖဝါးကို ရှောက်သီးနှင့်ဆားနှင့်တိုက်ရန် မှာသည်။ တက်သောအခါ မော်တော်ကားလျှောက်မောင်းရန် မှာသည်။ 
.
အိမ်ပြန်ရောက်သောအခါ ပုခက်ဖြုတ်သည်။ အမေနို့ဆက်မတိုက်ရန် ဆုံးဖြတ်ကြသည်။ နို့ဆီပြောင်းတိုက်သည်။ စံပယ်ပန်းများဝယ်၍ သားအား အနံ့ပေးသည်။ နေုာက်ဆက်မတက်ရန် ဆုတောင်းမိကြသည်။ 30.3.72 ည ၂နာရီခန့်တွင် သားတက်သည်။ မမလေးမှာသည့်အတိုင်လုပ်ကြသည်။ သူခိုင်းသမျှလုပ်ရာမှ ယခုလို တက်လာခြင်းဖြစ်သည်။ မနက်၉နာရီခန့် ညှော်နံ့များရသည်။ မနေ့က တနေ့လုံးသူ့အဖွား ဝင်းထဲအိမ်တွင်သွားချုပ်ထားသော ပိတ်ခြင်ထောင်ထဲဝင်နေသည်။ အညှော်နံ့ပျောက်ပျောက်ခြင်း အပြင်မထွက်မိဘဲ ခဏနေမိသည်။ သားသည် မှေးမှေးလေး အိပ်နေရာမှ တက်လာသည်။ မမလေးမှာသည့်အတိုင်း လုပ်ကြသည်။ သူ့အဖွားက ကြက်သွန်ဖြင့် မှုတ်ခြင်းက အကျပို၍ မြန်သည်ဟုဆိုကာ ကြက်သွန်ဖြင့်မှုတ်သည်။ ကြက်သွန်ကြောင့်လား မမလေးဆေးကြောင့်လားမသိ အတက်ကျသွားသည်။ သူမှာသည့်အတိုင်း သုံးဘီးကားခေါ်၍ ကန်တော်ကြိး ၂ပတ်လိုက်မောင်းပြီး ပြန်လာခဲ့သည်။ အပြန် မမလေး ရုံးသို့ဝင်သည်။ မရောက်သေး။ အိမ်ပြန်ရောက်ပြီး ထမင်းစားသောက်ပြီးနောက် မမလေးရုံးသို့ ထပ်သွားသည်။ မရောက်သေး။ တနာရီကျော်မှရောက်မည်ဟုဆိုသည်။ အိမ်ပြန်ရောက်ပြီး နောက်ထပ်သွားမှ တွေ့သည်။ ညကနှင့် ဒီမနက် ၂ကြိမ်တက်ကြောင်း ပြောပြရာ သူမှာထားသည့်အတိုင်းပင်လုပ်ရန်ပြောသည်။
.
 ဝမ်းချုပ်ကြောင်း မနေ့က ဝမ်းမသွား၍ Baby Lex တိုက်ရာ မနက်တက်ပြီးတုန်းက ဝမ်းသွားကြောင်း ပြောပြသည်။ တခြားဘာဆေးမှ မတိုက်ရန် သူမှာသည့်အတိုင်းလုပ်က ဝမ်းသွားမည်ဖြစ်ကြောင်းပြောသည်။ အိမ်ပြန်ရောက်ပြီးနောက် သူမှာခဲ့သည်များကို ပြောပြသည်။ လောလောဆယ် ဘာဆေးမှ မတိုက်သေးရန် ပြောသည်။ ညနေ လေးနာရီခန့်တွင် အိပ်ယာမှ နိုးလာရာမှ တက်ပြန်သည်။ ခါတိုင်းထက် နည်းနည်းပိုကြာသည်။ မျက်ဖြူလန်လွန်း၍ မမလေးမှာသည့်အတိုင်း မျက်စိထဲသို့ ရှောက်ရည်အနည်းငယ် ခပ်လိုက်မိသည်။ ဒီတခေါက်တက်ပြီးနောက် ဒီအိမ်တွင် ပူ၍လှောင်၍ ဖြစ်မည်ဟုထင်၍ ဝင်းထဲအိမ်သို့သွားကြသည်။ 
.
တအိမ်လုံး ဝမ်းသာကြသည်။ ကိုစုရောက်လာသည်။ အကျိုးအကြောင်းပြောပြသောအခါ ကိုစု အိမ်ခဏ ပြန်သွားသည်။ ပြန်လာသောအခါ ယခုလိုဖြစ်ခြင်းသည် မိဘမောင်နှမများ စိတ်တွင်ထင်သလို အပ ပရာဂ တစုံစရာကြောင့် မဟုတ်ကြောင်း အားလုံးကောင်းသွားအောင် ၁.၄.၇၂ စနေနေ့ညနေဖက်နေဝင်ချိန်တါင် ရွှေတိဂုံဘုရာ်း စနေဒေါင့်၌ ဆီမီးပူဇော်ရန်ပြောသည်။ ဖယောင်းတိုင်တထုတ်ကိုလည်းပေးသည်။ ဘိုးဘိုးများက ပေးလိုက်သည်ဟု ဆိုသည်။ ကိုစုက ဤသို့ဆို၍ အားလုံး စိတ်လက်ပေါ့ပါးသွားကြသည်။ သားအားစိတ်မချနိုင်ပဲ ၂ယောက်လုံး စောင့်ကြည့်နေမိသည်။ ည ၁ဝနာရီခန့်တွင် တခါတက်ပြန်သည်။ မမလေး မှာသည့်အတိုင်းပင် လုပ်ကြသည်။ ခဏအကြာတွင်ကောင်းလာသည်။ ယခုဆိုလျှင် ၁၈.၃.၇၂ ရက်နေ့မှစက စုစုပေါင်းတက်သည်မှာ ၅ကြိမ်ရှိပြီဖြစ်သည်။ တကြိမ်တက်ပြီးတိုင်း သားသည် သိသိသာသာ ပင်ပန်း နွမ်းနယ်ပုံပေါ်သည်။ သားလေးလုံးဝကောင်းလာပါစေ .....

5 comments:

amk said...

ကလေးနာမည်ပေးတဲ့ အခမ်းအနားလုပ်တာ မိုက် (ကောင်း)တယ်ဗျာ

မီယာ said...

သားဦးဖြစ်ရတာ ကံကောင်းလိုက်တာနော်...

မေဇင် said...

ဖတ်လို့ ကောင်းတယ်....ဘာများဖြစ်မလဲလို့....ဆက်ဖတ်ချင်နေတယ်....။ ဂုဏ်လဲ ယူပါတယ်..။

Anonymous said...

ဖတ်လို့ကောင်းလိုက်တာ..
ဂျာနယ်ကျော်မမလေးစာအုပ်အမြဲဖတ်နေလို့..
သူ့ဆီသွားကုတာပါတော့..ပိုစိတ်ဝင်စားသွားတယ်..


ပေါက်

http://www.unblockedyoutube.org/ said...

Best Unblockyoutube Website
I came to your site and got a lot of information. I will wait for further post in