Sunday, May 6, 2007

စွဲစွဲမြဲမြဲ

Gold Stain ရဲ့ Meditation အကြောင်းစာအုပ်တစ်အုပ်ထဲမှာ ဖတ်ခဲ့ဖူးတယ်။ ရွာသားတွေ မျောက်ထောင် ဖမ်းတဲ့နည်းပါ။ အုန်းသီးကို မျောက်ရဲ့ လက်လျှိုသွင်းပြီး နှိုက်လို့ရအောင် အပေါက်ဖောက်တယ်။ ပြီးတော့ အထဲမှာ မျောက်ကြိုက်မဲ့ သကြားခဲလိုဟာတွေထည့်ထားတယ်။ အဲဒီအုန်းသီးတွေကို မျောက်တွေလာတတ်တဲ့ နေရာတွေမှာ ချထားသတဲ့။ မျောက်တွေရောက်လာတဲ့အခါ အုန်းသီးထဲ လက်နှိုက်သွင်း သကြားခဲကို ဆုပ်ကိုင် ပြီး လက်ကို ပြန်ထုတ်ဖို့ ကြိုးစားသတဲ့။ သကြားခဲတွေကို အတင်းဆုပ်ထားတော့ လက်ကပြန်ထုတ်လို့မရပဲ တန်းလန်းကြီးဖြစ်နေပါရော။ ဒီလိုနဲ့ ရွာသားတွေ လာဖမ်းတဲ့အထိ မျောက်က သကြားခဲကို ပြန်မလွှတ်ဖူး။ အဲဒီတော့ အဖမ်းခံကြရတာပေါ့။ 
.
စာရေးသူက ၀ိပသာတရားအားထုတ်ခြင်းနဲ့ စပ်လျဉ်းပြီး ပေးထားတဲ့ ဥပမာလေးတစ်ခုပါ။ ဒါပေမဲ့ နေ့စဉ် လူ့ဘဝထဲမှာလဲ သုံးတတ်မယ်ဆိုရင် အများကြီး အပ်စပ်အသုံးတည့်ပါတယ်။ ဒီမျောက်ဥပမာလေးကို ကိုယ့်ရဲ့အဖြစ်နဲ့ ယှဉ်ပြီးတွေးကြည့်နေမိတယ်။ ဘယ်လိုမှမဖြစ်နိုင်တော့တဲ့ ရှေ့ဆက်လို့ မရတော့တဲ့၊ နှစ်ဦးနှစ်ဖက်စလုံးအတွက် အကျိုးမဲ့စေတဲ့ အခြေအနေတစ်ခုကို ရောက်လာပြီဆိုပါတော့ဗျာ။ အဲဒီလို အချိန်မှာ ကိုယ်ဟာ သကြားခဲကို လွှတ်ပြီး အုန်းသီးထဲက လက်ကို ပြန်ထုတ်လို့ နောက်မဆုတ်သင့် ဘူးလား။ စွဲစွဲမြဲမြဲရှိသင့်တာပေါ့တဲ့။ ယူ့စိတ်ကအပြောင်းအလဲမြန်တယ်တဲ့။ ကိုယ့်ရဲ့စိတ်တွေအပြောင်းအလဲရှိခဲ့တာတွေကို ကိုယ်လက်ခံပါတယ်။ ဒါပေမဲ့ ဒီစွဲစွဲမြဲမြဲဆိုတဲ့ အကြောင်းလေးကို စဉ်းစားနေမိတာပါ။ 
.
ကိုယ့်ဘာသာ စိတ်ဒုက္စတွေကို ရင်ဝယ်ပိုက်လို့ ကိုယ်လဲ စိတ်မချမ်းသာ တစ်ဖက်သားလဲ စိတ်အနှောင့်အယှက်ဖြစ်ရ... ကိုယ် ကိုယ်ကို ပျက်စီးရာပျက်စီးကြောင်းရောက်သည်အထိ တွန်းပို့သင့်သလား။ မှားနေပြီ၊ မသင့်တော်တော့ဘူး၊ တရားသဖြင့်မဟုတ်တော့ဘူးလို့ တကယ်ကို စိတ်ထဲက သဘောပေါက်လိုက်လို့ ပြောင်းလဲလိုက်တာကို စွဲစွဲမြဲမြဲမရှိဘူး စိတ်ဓါတ်မခိုင်မာဘူး၊ ကိုယ်ယုံကြည်ရာကို ဆုံးသည်အထိ ခံယူရပ်တည် နိုင်စွမ်းမရှိဘူးဆို့ပြောကြမှာလား။ ဆရာသော်တာဆွေရဲ့ စာလေးတစ်ပုဒ်ကို သွားသတိရမိတယ်။ မှန်ကန်ခြင်းနဲ့ ရဲရင့်ခြင်းဟာ တိုက်ရိုက်အချိုးက ဆက်သွယ်နေတယ်။ မှန်ကန်တယ် တရားမျှတတယ်လို့ ကိုယ့်စိတ်က တကယ်ယုံကြည်နေမှ ရဲရဲရင့်ရင့်နဲ့ ရပ်တည်ဆောင်ရွက်နိုင်လိမ့်မယ်လေ။

No comments: